လေ့လာသုံးသပ်ချက်

၂၀၂၃ ခုနှစ် နှစ်ချုပ်သုံးသပ်ချက်

ကမ္ဘာ့စစ်ရာဇဝတ်ကောင် ဖြစ်လာသော စစ်ခေါင်းဆောင် ဦးစီးသည့် စစ်တပ်သည် ၂၀၂၃ တွင် တိုင်းရင်းသားပေါင်းစုံပါဝင်သော နွေဦးတော်လှန်ရေး အင်အားစုကို ခံစစ်ဆင်လာရသည်။

၂၀၂၃ ခုနှစ်သည် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ “အရှုံးနိဒါန်းအစ” နှစ်၊ သို့မဟုတ် စစ်တပ်ပြိုလဲနိုင်ခြေရှိမှုကို စတင်မြင်တွေ့လာရသော နှစ်၊ သို့မဟုတ် နွေဦးတော်လှန်ရေးနှင့်အတူ တိုင်းရင်းသားပေါင်းစုံ၊ တော်လှန်ရေးတပ်ပေါင်းစုံ၏ မြို့သိမ်းတိုက်ပွဲ အောင်မြင်မှုများဖြင့် အဆုံးသတ်နိုင်ခဲ့သော နှစ် ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်များကို လက်မခံနိုင်သော မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်တစ်သိုက်သည် ယခင်အာဏာရှင်ဟောင်း နေဝင်းနှင့် သန်းရွှေ လမ်းစဉ်အတိုင်း အာဏာသိမ်းလိုက်လျှင် နိုင်ငံတော်အာဏာကို ဖြတ်လမ်းနည်းဖြင့် အလွယ်တကူရရှိပြီး၊ တိုင်းပြည်ကို စိတ်တိုင်းကျ စိုးမိုးအုပ်ချုပ်နိုင်မည်ဟု တထစ်ချ ယုံကြည်လျက် ၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းခဲ့ကြသည်။

သို့သော် အာဏာသိမ်းပြီး သုံးနှစ်အကြာ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း ရောက်ရှိလာချိန်တွင် အဆိုပါ ယုံကြည်ချက်များ မင်းအောင်လှိုင်၏ စိတ်သဏ္ဌာန်တွင် တစ်စစီ ပြိုကွဲပျက်စီးသွားခဲ့ပြီ ဆိုသည်မှာ သေချာလှပါသည်။ သို့သော် အာဏာရှင်ဆိုသည်မှာ နောက်ဆုံးအချိန်အထိ ၎င်းသာလျှင် ‘အောင်နိုင်သူ’ အဖြစ် စိတ်ရောဂါစွဲကပ်နေကြသူများ ဖြစ်သည့်အလျာက်၊ မင်းအောင်လှိုင်သည် တိုင်းပြည်ကို နောက်ဆုံးအချိန်ထိ ဖျက်ဆီးမည့်သူအဖြစ် တစ်နေ့တခြား ပေါ်လွင်ထင်ရှားလာပါသည်။

နေဝင်းနှင့် သန်းရွှေခေတ်က အာဏာသိမ်းရန် နိုင်ငံရေးအကြောင်းပြချက်ကောင်းများ ရှိနေခဲ့သည်။ သို့သော် ၎င်း၏အလှည့်တွင် မင်းအောင်လှိုင်သည် အာဏာသိမ်းတရားထူထောင်ရာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲ မနိုင်မည်စိုး၍ မဲခိုးသယောင် စွပ်စွဲချက်က မြန်မာပြည်သူများအကြားမှာသာမက နိုင်ငံတကာအသိုက်အဝန်းအကြားမှာပါ ယုတ္တိမတန်ဆုံးသော လိမ်ညာမှုတစ်ခု ဖြစ်ခဲ့ပြီး၊ ယင်းသည် မင်းအောင်လှိုင်၏ အာဏာသိမ်းမှု မအောင်မြင်ရသည့် အဓိကအကြောင်းတရား ဖြစ်လာပါသည်။

ရွေးကောက်ပွဲတွင် မဲခိုးမခိုး အသိဆုံးဖြစ်သော မဲပေးသူ ပြည်သူက ၎င်းတို့၏ လူ့ဂုဏ်သိက္ခာကို စော်ကားခံလိုက်ရသဖြင့် လွန်ခဲ့သော သုံးနှစ်လုံးလုံး တစ်နေ့မှ မနားဘဲ၊ စစ်အာဏာရှင်ချုပ်ငြိမ်းရေး “နွေဦးတော်လှန်ရေး” ကို နိုင်ငံအနှံ့ဆင်နွှဲနေရာ စစ်တပ်သည် ယခုအခါ အရှုံးနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

လက်နက်အားကိုး အာဏာသိမ်းခဲ့သော မင်းအောင်လှိုင်က ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပပြီး အာဏာလွှဲပေးမည်ဟု ဆိုပြန်ရာ တစ်လောကလုံးက မယုံကြည်ကြပါ။ ရွေးကောက်ပွဲစနစ်ကို စိတ်ကြိုက်ပြင်ဆင်၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေကို ပြင်ဆင်၊ ပြည်သူထောက်ခံမှုအများဆုံးရရှိထားသော NLD နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများကို ဥပဒေအသစ်အရ ပြန်လည်မှတ်ပုံမတင်၍ဟု အကြောင်းပြကာ ဖျက်သိမ်း၊ အီလက်ထရွန်နစ် မဲပေးစနစ်သို့ ပြောင်းလဲရန် ကြိုးပမ်း စသည့် လုပ်ရပ်များက စစ်တပ်ပါတီသာလျှင် အမြဲအနိုင်ရမည့် ရွေးကောက်ပွဲများ ဖန်တီးရန် အကွက်ချ ကြံစည်နေမှုများပင် ဖြစ်သည်။ ရာဇပလ္လင်ပေါ် ထိုင်ရန် မင်းအောင်လှိုင် စိတ်ကူးအိပ်မက်အား ပုံဖော်နေခြင်းကို သိရှိထားသော ပြည်သူများက စစ်တပ်စီစဉ်နေသော ရွေးကောက်ပွဲများ ဖြစ်မလာစေရန် တော်လှန်နေကြခြင်း ဖြစ်သည်။

နမ္မတူမြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၃၂၄ တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က ဒီဇင်ဘာ ၂၈ နံနက်တွင် အပြီးသတ်သိမ်းပိုက်ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ – မြတ်ပန်း/Myanmar Now)

အာဏာသိမ်း ၆ လ ပြည့်နေ့၊ ၂၀၂၁ ဩဂုတ် ၁ ရက်နေ့တွင် ရွေးကောက်ပွဲများကို ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း မဖြစ်မနေကျင်းပရမည်ဟု အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ကိုးကား၍ မင်းအောင်လှိုင် လူသိရှင်ကြား ပြောဆိုခဲ့သော်လည်း၊ “တစ်လှိုင်းပြီး တစ်လှိုင်း” လာသော နွေဦးတော်လှန်ရေးက ရွေးကောက်ပွဲသာမက ၎င်း၏နိုင်ငံရေးလမ်းပြမြေပုံ တစ်ခုလုံးကို တိုက်ချ ဖျက်ဆီးလိုက်ပြီ ဖြစ်သည်။

အာဏာသိမ်းခြင်းကိုပင် ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်သူအဖြစ် ပုံဖော်ခဲ့သေးသည်။ သို့သော် နိုင်ငံအနှံ့ ပြည်သူများက အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြကြသောအခါ ဒီမိုကရေစီအခွင့်အရေးများကို မဆိုထားနှင့်၊ လူသား၏ အခြေခံအခွင့်အရေးဖြစ်သော “အသက်ရှင်သန်ပိုင်ခွင့်” ကိုပင် မလေးစား၊ ထောင်နှင့်ချီသော ပြည်သူများကို ရက်ရက်စက်စက်သတ်ဖြတ် မီးရှို့သူ ကမ္ဘာ့စစ်ရာဇဝတ်ကောင်တစ်ဦး ဖြစ်လာသည်။ 

မင်းအောင်လှိုင်သည် အရှုံးနှင့် ရင်ဆိုင်လာရလေလေ ရက်စက်ကြမ်းကြုတ်လေလေ ဖြစ်သည်။

ဧပြီ ၁၁ တွင် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို ဗုံးကြဲရာ ကလေးငယ် ၄၀ အပါအဝင် အရပ်သား ၁၆၅ ဦး သေဆုံးမှု၊ အောက်တိုဘာ ၉ ညသန်းခေါင်းအချိန် တရုတ်နယ်စပ်မျဉ်းအနီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် ၂ မိုင်အကွာ မုန်လိုင်ခက် စစ်ပြေးဒုက္ခသည်စခန်းကို ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ် ၁၁ ဦး အပါအဝင် အရပ်သားပြည်သူ ၂၉ ဦး သေဆုံးမှုများက ၂၀၂၃ ခုနှစ်အတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများက မင်းအောင်လှိုင်၏ အရက်စက်အကြမ်းကြုတ်ဆုံး လုပ်ရပ်များ ဖြစ်သည်။ ထိုထက်ပို၍ ရက်စက်သောလုပ်ရပ်များ ထပ်မံကျူးလွန်ရန်လည်း ဝန်မလေးသူအဖြစ် မြင်တွေ့နေရပြီ ဖြစ်သည်။

ဒီဇင်ဘာလ ၂၄ နေ့လယ်ပိုင်းက ပျဉ်းမနားမြို့၊ စိန့်မိုက်ကယ် ကက်သလစ်ဘုရားကျောင်းတွင် ပြုလုပ်သည့် ခရစ်တော်မွေးနေ့ ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားသို့ တက်ရောက်သည့် စစ်ခေါင်းဆောင် မင်းလှိုင်အောင်နှင့် အပေါင်းပါများကို တွေ့ရစဉ်။ (ဓာတ်ပုံ – လူမှုကွန်ရက်)

ပြည်ပကျူးကျော်စစ် အန္တရာယ်မှ နိုင်ငံကို ကာကွယ်ရန် ရည်ရွယ်ပြီး ရုရှား၊ တရုတ်၊ အိန္ဒိယ စသည့် အင်အားကြီးနိုင်ငံများမှ ဝယ်ယူထားသော တိုက်လေယာဉ်များ၊ ဝေဟင်မှ မြေပြင်ပစ် ဒုံးလက်နက်များ၊ ပေါက်ကွဲအား ပြင်းထန်သော ဝေဟင်မှ ကြဲချရသည့် ဗုံးများ၊ အတွဲလိုက်ပစ် ဒုံးစနစ်များ၊ အဝေးပစ် ဟောင်ဝစ်ဇာ အမြောက်ကြီးများ စသည့် ဖျက်အားပြင်းလက်နက်များကို အလွန်အကျွံအသုံးပြုလျက် ပြည်သူများအပေါ် ပိုမိုရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်လာသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAO) က မနှစ်သက်ကြဟု သုံးသပ်ထားသော စစ်ခေါင်းဆောင်သည် ၎င်း၏အာဏာသိမ်းလုပ်ရပ်ကို EAO များက ထောက်ခံပြီး၊ စစ်တပ်နှင့် ပူးပေါင်းကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ခြိမ့်ခြိမ့်သဲကျင်းပ၊ တစ်တိုင်းပြည်လုံး ငြိမ်းချမ်းရေး အလျင်အမြန် ရရှိသွားလိမ့်မည်ဟု စိတ်ကူးယဉ်အိပ်မက်မက်ခဲ့ဟန်တူသည်။

ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးမရရှိသော နိုင်ငံတွင် သူသာလျှင် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရန် စွမ်းဆောင်နိုင်သူအဖြစ် သမိုင်းဝင် ကမ္ပည်းမော်ကွန်း ထိုးခံရလေမလား မင်းအောင်လှိုင် ဘဝင်မြင့်နေလေသည်။ ၎င်း၏ တပည့်ကျော် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းကပင် အရပ်သားအစိုးရနှင့် လွှတ်တော်များမရှိတော့သဖြင့်၊ “သူလိုလူ” တစ်ယောက်တည်းနှင့် စကားပြောရုံမျှဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်များ အလွယ်တကူ ရလိမ့်မည်ဟု ကြော်ငြာထိုး လော်ဘီလုပ်ပေးခဲ့ဖူးသည်။ သို့သော် သူ့ဆရာ မစွံမှန်း ယခုလောက်ဆိုရင် ဇော်မင်းထွန်းလည်း ကောင်းကောင်းသိနေလောက်ပြီ ဖြစ်သည်။

မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်တစ်သိုက် မသိသေးသည့်အချက်မှာ EAO များသည် ၎င်းတို့ကို မည်သည့်အခါကမျှ ထောက်ခံခဲ့ခြင်းမရှိဘဲ၊ လက်နက်ကိုင်သူအချင်းချင်း အနိုင်မတိုက်နိုင်၍သာ စားပွဲဝိုင်းပေါ်တွင် စကားပြောခဲ့ရခြင်း ဖြစ်သည်။ ယခုအခါ “၁၀၂၇ စစ်ဆင်ရေး” ၏ ထင်မှတ်မထားသော EAO များ၏ စစ်အောင်နိုင်ခြင်းကြောင့် အခြေအနေအရပ်ရပ် ပြောင်းလဲသွားပြီ ဖြစ်သည်။

နမ့်ဆန်မြို့ကို ဒီဇင်ဘာ ၁၅ ရက်နေ့တွင် သိမ်းပိုက်ပြီးနောက် TNLA တပ်ဖွဲ့ဝင်များကို မြို့အတွင်း တွေ့ရစဉ် (ဓာတ်ပုံ – Shwe Phee Myay News Agency)

၂၀၂၄ သို့ ကူးပြောင်းတော့မည့် အချိန်တွင် တိုင်းရင်းသားပေါင်းစုံ တော်လှန်ရေးအဖွဲ့အစည်းများက စစ်တပ်ကို နိုင်ငံအနှံ့ ဟန်ချက်ညီညီ အပြင်းအထန်ထိုးစစ်ဆင် တိုက်ပွဲဖော်လာမှုကြောင့် စစ်တပ်ပြိုလဲသွားနိုင်သော အလားအလာကို ပထမဆုံး မြင်တွေ့လက်ခံလာသော ‘နှစ်’ အဖြစ် စတင်မြင်တွေ့လာကြပြီ ဖြစ်သည်။

ပြိုလဲနေသော စစ်တပ်နှင့် အပစ်ရပ်သဘောတူ အနားပေးကြပြီး အင်အားတည်ဆောက်ခွင့် ပြန်ပေးမည်လား၊ သို့မဟုတ် တိုင်းရင်းသားပေါင်းစုံတော်လှန်ရေးအင်အားစုများ၏ စစ်ဆင်ရေးကို အရှိန်မြှင့်ဆင်နွှဲပြီး၊ စစ်တပ်ကို အပြီးဖြိုလှဲကာ ဆယ်စုနှစ်များစွာ ကြိုးပမ်းနေသော ဖက်ဒရယ်စနစ်ကို ထူထောင်မည်လား၊ EAO များအားလုံး ပြတ်သားစွာ စဉ်းစားဆုံးဖြတ်ကြရမည့် အချိန်အခါဖြစ်ပါသည်။ အခွင့်အခါကောင်းဆိုသည်မှာ မည်သည့်အခါမျှ နှစ်ကြိမ် မရတတ်ပါ။

၂၀၂၃ ခုနှစ်သည် တိုင်းရင်းသားပေါင်းစုံပါဝင်သော နွေဦးတော်လှန်ရေး၏ မြို့သိမ်းတိုက်ပွဲများနှင့်အတူ အောင်မြင်မှုရောင်နီကို စတင်မြင်တွေ့ခွင့်ရရှိခြင်းဖြင့် အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။ ဤနှစ်အတွင်း မြန်မာနိုင်ငံရေး ဖြစ်စဉ်တချို့ကို ပြန်လည်ခြေရာကောက် သုံးသပ်ဆင်ခြင်ကြည့်နိုင်ရန် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး စသည့် ဖြစ်ရပ်များကို ‘လ’ အလိုက် ရွေးချယ်ပြီး အကျဉ်းချုပ် ဖော်ပြလိုက်ပါသည်။

Show More

Related Articles

Back to top button