စီးပွားရေး

ရွှေလုပ်ငန်း ၇ ခု အရေးယူခံရပြီး ရွှေလုပ်ငန်းရှင်ကြီး ၅ ဦး အဖမ်းခံရ

ရွှေတစ်ကျပ်သား ၄၅ သိန်းကျော် ထိုးတက်သွားချိန်တွင် စစ်ကောင်စီက ရွှေလုပ်ငန်းရှင် ၅ ဦးကို ဖမ်းဆီးလိုက်သည်။

​ရွှေတစ်ကျပ်သား ကျပ် ၄၅ သိန်းကျော် ထိုးတက်သွားချိန်တွင် ခွင့်ပြုချက်လက်မှတ်မရှိဘဲ ရွှေရောင်းဝယ်မှုအပါအဝင် ညွှန်ကြားချက်များလိုက်နာရန် ပျက်ကွက်မှု စွဲချက်ဖြင့် ရွှေဆိုင်နှင့် ရွှေလုပ်ငန်း ၇ ခု အရေးယူခံရပြီး လုပ်ငန်းရှင် ၅ ဦး ဖမ်းဆီးခံထားရသည်ဟု စုံစမ်းသိရှိရသည်။

စစ်ကောင်စီ ဗဟိုဘဏ်က ၎င်းတို့ ဦးဆောင်ဖွဲ့စည်းထားသည့် ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီက ကွင်းဆင်းစစ်ဆေးကာ ရန်ကုန်နှင့် မန္တလေးမှ ရွှေဆိုင်နှင့် လုပ်ငန်းများကို အရေးယူခြင်းဖြစ်သည်ဟု ယမန်နေ့(ဧပြီ ၂) တွင် သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ပါဝင်သည့် နယူးတိုင်စင်ရွှေဆိုင်ပိုင်ရှင်အပါဝင် ရန်ကုန်မြို့မှ ရွှေလုပ်ငန်းရှင် ၅ ဦးကို ယမန်နေ့(မတ် ၂) တွင် ဖမ်းခေါ်သွားသည်ဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် ရွှေလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။ အခြား ဖမ်းဆီးခံရသည့် ၄ ဦး မည်သူမည်ဝါဖြစ်သည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးအပေါ် အခြေခံ၍ ဈေးဖွင့်ရသော်လည်း ရွှေဈေးနှုန်းမြင့်တက်လာမှုကို မလိုလားခြင်းကြောင့် စစ်ကောင်စီက ထိုသို့ ဖမ်းဆီးခြင်းဖြစ်သည်ဟု အထက်ပါ ရွှေလုပ်ငန်းရှင်က ပြောသည်။ ဖမ်းဆီးမှုများကြောင့် ရွှေဈေးအနည်းငယ် ပြန်ကျသွားသည်ဟုလည်း သူက ဆိုသည်။

“ရွှေဈေး အခုက နည်းနည်းပြန်ကျသွားတယ်လေ။ ဈေးတော့ပြောနေတယ်၊ အရောင်းအဝယ် ဘယ်သူမှ မလုပ်ရဲကြဘူးလေ။ ငြိမ်ကျသွားတယ်။ မလုပ်တာက အကောင်းဆုံးပဲလေ။ လုပ်လိုက်တာနဲ့ ဆွဲစိသွားရင် (ဖမ်းသွားရင်) ဘယ်လိုလုပ်မလဲ” ဟု သူက ဆိုသည်။

ရန်ကုန်မှ မောင်ကိန်း၊ ခရမ်းသုံးခွ၊ နယူးတိုင်စင်၊ မန္တလေးမှ ရွှေစင်ဝင်း၊ မြန်မာရွှေ၊ ရွှေမင်းသား၊ မန်းစံပယ် ရွှေလုပ်ငန်းများကို သတိပေးခြင်း၊ ယာယီလုပ်ငန်းရပ် ဆိုင်းခြင်း စသည့် အရေးယူမှုများပြုလုပ်ခဲ့သည်ဟု ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွှေဈေးကစားသူများကိုလည်း ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ယနေ့ (ဧပြီ ၃) တွင် အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း ၄၀ ခန့်ဖြင့် ဈေးဖွင့်သော်လည်း ပြင်ပရွှေဈေးကွက်တွင် ၄၄ သိန်းခန့် ဈေးပေါက်နေကြောင်း၊ ရန်ကုန်တိုင်းရွှေအသင်း၏ သတ်မှတ်ရွှေဈေးဖြင့် ရောင်းဝယ်သူမရှိဟု သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အမေရိကန်ဒေါ်လာဈေးကွက်ကို ထိန်းချုပ်ထားသည်။ ဒေါ်လာဈေးနှုန်းနှင့် တွက်ချက်ဈေးဖွင့်သည့် ရွှေဈေးကွက်ကို လွတ်လပ်စွာရောင်းချခွင့်မပြုသော်လည်း ဈေးကွက်ကို ထိန်းကျောင်းနိုင်စွမ်းမရှိသေးသည်ကို တွေ့ရသည်။

ပြည်တွင်း၌ ရွှေဈေးနှုန်းတက်လာပါက ကောလာဟလနှင့် ဈေးကစားသူများကြောင့်သာဖြစ်ကြောင်း စစ်ကောင်စီက ဆင်ခြေပေးလေ့ရှိသလို ရွှေလုပ်ငန်းရှင်များကို ဖမ်းဆီးလေ့ရှိကြောင်း ရွှေလုပ်ငန်းရှင်များက ဆိုသည်။

အခြားတစ်ဖက်တွင်လည်း မြန်မာကျပ်ငွေတန်ဖိုး ဇောက်ထိုးကျဆင်းကာ အထွေထွေကုန်ဈေးနှုန်း တစ်ဟုန်ထိုးမြင့်တက်လာချိန် ရွှေဝယ်ယူစုဆောင်းသူ များလာသည်။ ဈေးနှုန်းများလည်း ထိုးတက်လာပြီး ယခင် တစ်ကျပ်သား ကျပ် ၁၃ သိန်းကျော်သာရှိသည့် ရွှေဈေးမှာ အာဏာသိမ်းပြီး သုံးနှစ်ကျော်အကြာတွင် ကျပ်သိန်း ၄၅ ကျော်အထိ ခုန်တက်သွားသည်။

ခေတ်ပျက်ကာလ စီးပွားတက်သည့် ရွှေဆိုင်များ

မဲစာရင်းမှားခြင်းကို အကြောင်းပြကာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်သည့် အခြေအနေတွင် ပစ္စည်းဥစ္စာရွှေ့ပြောင်းရာတွင် ဝန်ကျဉ်းသကဲ့သို့ ငွေတန်ဖိုးကျဆင်းခြင်းကိုပါ ကာကွယ်နိုင်သဖြင့် ရွှေဝယ်ယူသူများပြားလာရာ ရွှေဆိုင်များသည် ခေတ်ပျက်တွင် စီပွားဖြစ်လာကြောင်း ရွှေဆိုင်ပိုင်ရှင်များက ပြောသည်။

ဗဟိုဘဏ်၏ ကြီးကြပ်မှုဖြင့် ရောင်းချသော နိုင်ငံခြားငွေအွန်လိုင်းဈေးကွက်တွင် ယမန်နေ့ (ဧပြီ ၂) က အမေရိကန်တစ်ဒေါ်လာ ၃,၃၃၅ ကျပ် ဈေးရှိသည်။ ပြင်ပတွင်မူ ၃၈၀၀ ကျပ်ဝန်းကျင်အထိ ရှိနေသည်၊ သို့သော် ဒေါ်လာကို လွတ်လပ်စွာဝယ်ယူခွင့်မရပေ။

ထို့အတူ ထိုင်းတစ်ဘတ်လျှင် စစ်ကောင်စီက ၆၇ ကျပ်သာ သတ်မှတ်ထားသော်လည်း ပြင်ပတွင် ၁၀၀ ကျော်အထိ ဈေးရှိနေသည်။

အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေလဲလှယ်နှုန်း အဆမတန်မြင့်တက်ကာ ‌ကျပ်ငွေတန်ဖိုးကျဆင်းလာရာ ရွှေကို သာမန်ပြည်သူများအပြင် ကုန်သည်များ၊ အိမ်ခြံမြေနှင့် ကားဝယ်ရောင်းများက ဝယ်ယူစုဆောင်းခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

နိုင်ငံခြားမှ ပစ္စည်းတင်သွင်းရောင်းချသူများသည် ပစ္စည်းဖိုးငွေကို ဘဏ်ငွေလွှဲစနစ်ဖြင့် လေးလကြာမှ လွှဲပို့ရခြင်းကြောင့်လည်း တစ်နေ့ရောင်းရငွေများကို ရွှေရနိုင်သလောက် ဝယ်စုဆောင်းထားကြောင်း၊ အိမ်ခြံမြေ၊ ကားရောင်းဝယ်သူများလည်း ငွေပေါ်လျှင် ရွှေဝယ်ကြကြောင်း ၎င်းက ဆိုသည်။

“ဈေးကွက်ထဲမှာ တက်ဈေးနဲ့ရောင်းလို့ရတာ ရွှေတစ်ခုပဲရှိတယ်။ အဲ့ဒါကြောင့်မို့လို့ ရွှေကို လူတွေက နည်းနည်းစိတ်ဝင်စားလာတဲ့ သဘောရှိတယ်” ဟု သူက ဆိုသည်။

ရွှေဝယ်ယူစုဆောင်းသူများသည် ၁၆ ပဲရည်အပြည့် အခေါက်ရွှေ အတုံးအခဲများကို ဦးစားပေးကြပြီး လက်ဝတ်ရတနာဝယ်လျှင် အလျော့တွက်နှင့် လက်ခသက်သာသည့် အုတ်ခဲပုံရိုးရိုးနှင့် နန်းကျစ်လက်ရာများ အဓိက ဝယ်ယူကြသည်ဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် ရွှေဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

ရွှေဆိုင်အကြီးအသေးနှင့် နာမည်ကျော်သည့်အပေါ် မူတည်ကာ အရောင်းအဝယ် ကွာခြားသွားသော်လည်း အခြားစီးပွားရေးလုပ်ငန်းများနှင့် ယှဉ်လျှင် ရွှေလုပ်ငန်းသည် အဆင်ပြေဆုံးဖြစ်ကြောင်း၊ ရွှေဈေးသည် အကျမရှိ တက်နေသလို​ ရောင်းမကုန်၍ ပုပ်သိုးသွားမည့် ပစ္စည်းမဟုတ်ကြောင်း ဆိုသည်။

“အမှန်တော့ ပိုက်ဆံလက်ထဲမှာရှိရင် ရွှေပဲ ဝယ်ထားတာ များတယ်။ အပြင်မှာ တစ်ခုခု အသံကြားတာနဲ့ ပိုက်ဆံရှိတဲ့သူက တခြားဟာတွေထက် ရွှေပဲ ဦးစားပေးဝယ်တယ်။ ဆိုင်ကြီး နာမည်ကြီးတွေပဲ ဝယ်တာ များတယ်” ဟု သူက ဆိုသည်။

အကယ်ဒမီ၊ အောင်သမာဓိ၊ ဇွဲထက် အစရှိသည့် ရွှေဆိုင်များသည် နာမည်ကြီးသရုပ်ဆောင်များငှား၍ အရောင်းမြှင့်တင်ရေးအစီအစဉ်မျိုးစုံဖြင့် အွန်လိုင်းပေါ်မှ ရောင်းချနေကြသည်။ ရန်ကုန်နှင့် အခြားမြို့များတွင် ဆိုင်ခွဲအများအပြားတိုးချဲ့ဖွင့်လာသည်။

အကယ်ဒမီရွှေဆိုင်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် ရွှေနှင့်ငွေကြေးဈေးကွက်၏ ဗဟိုချက်မဖြစ်သည့် ရန်ကုန်မြို့ ရွှေဘုံသာလမ်းတွင် ဆိုင်ခွဲအသစ်ဖွင့်လှစ်ခဲ့သည်။ ရွှေစုဆောင်းလိုသူများအနေဖြင့် ၄ ပဲမှစ၍ တစ်ဆယ်သားအထိ ဆန္ဒရှိသလောက်ဝယ်ယူနိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ၏ အဆိုအရ ရန်ကုန်တွင် လစဉ် ရွှေဆိုင်အသစ် တစ်ဆိုင်မှ နှစ်ဆိုင် ပုံမှန်တိုးဖွင့်နေပြီး ရွှေသင်တန်းတွင်လည်း တက်ရောက်သူ များပြားကြောင်း သိရသည်။

Show More

Related Articles

Back to top button