တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များက အကြီးအကျယ် ထိုးစစ်ဆင်သဖြင့် စစ်ကောင်စီသည် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်ရာ နယ်စပ်ကုန်သွယ်ရေးစခန်း ၆ ခုထက်မနည်းကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစတင်ပြီး လက်လွှတ် ဆုံးရှုံးခဲ့ရသည်။
တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများဖြစ်ကြသည့် မူဆယ် ၁၀၅ မိုင်ကို မြောက်ပိုင်းမဟာမိတ်၊ လွယ်ဂျယ်ကို ကချင်တပ် KIA နှင့် ချင်းရွှေဟော်ကို ကိုးကန့်တပ် MNDAA တို့က တိုက်ယူထားသည်။
အလားတူ ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများဖြစ်ကြသည့် မယ်စဲ့ကို ကရင်နီတော်လှန်ရေးတပ်၊ မြဝတီကို KNU နှင့် မဟာမိတ်များ၊ အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းကို ချင်းတပ် CNA တို့က သိမ်းပိုက်ထားသည်။
ထိုစခန်း ၆ ခု၏ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄ ဘီလျံကျော်ရှိနေကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများတွင် တွေ့ရသည်။
ထိုပမာဏသည် ကာလတူအတွင်း နယ်စပ်ထွက်ပေါက်အားလုံး၏ ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၇ ဒသမ ၇ ဘီလျံကျော်၏ ၅၂ ရာခိုင်နှုန်းဖြစ်သည်။
စစ်ကောင်စီလက်ထဲတွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၁ ခု ကျန်နေသည်။
သို့သော်လည်း ကုန်သွယ်ရေးလမ်းကြောင်းတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ကုန်သည်တို့က ပင်လယ်ရေကြောင်းကုန်သွယ်မှုကို အားပြုလာကြကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ ထိပ်သီးကုန်သည်ကြီးတစ်ဦးက Myanmar Now ကို ပြောသည်။
“နယ်စပ်က မလုပ်နိုင်ရင် ရန်ကုန်ဆိပ်ကမ်းက ပြောင်းလုပ်ရမယ့်သဘောပဲရှိတယ်။ အခု မန္တလေးတို့၊ မူဆယ်တို့က ကုန်သည်တော်တော်များများက ရန်ကုန်ရောက်နေကြပြီ။ တရုတ်ကို အရင်ကတည်းက (ပင်လယ်ရေကြောင်းက) ဆန်တို့၊ ပဲတို့က ပို့နေသေးတယ်လေ” ဟု သူက ပြောသည်။
“အဲ့တော့ နယ်စပ်မှာလုပ်တဲ့ လုပ်ငန်းရှင်တော်တော်များများကလည်း ရန်ကုန်ဆိပ်ကမ်းကနေလာပြီး ကုန်သွယ်မှုလုပ်ဖို့အတွက် ပြင်ဆင်နေတာတော့ရှိတာပေါ့”
ကျွန်းသစ်၊ ကျောက်စိမ်း၊ သယံဇာတပစ္စည်းများအပြင် ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ ငါး၊ ပုဇွန် စသည့် စိုက်ပျိုးရေးနှင့် ရေထွက်ကုန်များကို နယ်စပ်မှ တင်ပို့နေပြီး စားသောက်ကုန်၊ လူသုံးကုန်နှင့် စက်မှုကုန်ကြမ်းပစ္စည်းများကို ပြန်လည်တင်သွင်းလျက်ရှိသည်။
နယ်စပ်ကုန်သွယ်မှု ကသောင်းကနင်းအခြေအနေကြောင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများထိခိုက်သလို သွင်းကုန်ပြတ်တောက်လာကြောင်း၊ အိမ်နီးချင်းကုန်သွယ်ဖက်နိုင်ငံများကိုလည်း ထိခိုက်မှုကြီးမားစေကြောင်း UMFCCI မှ ထိပ်သီးကုန်သည်က ပြောသည်။
“နယ်စပ်ကုန်သွယ်ရေးမလုပ်နိုင်တာက ကျွန်တော်တို့ထက် တရုတ်နဲ့ ထိုင်းနိုင်ငံက ပိုပြီးတော့ ထိခိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရောင်းတဲ့ပစ္စည်းက ပိုများတယ်။ ကျွန်တော်တို့ ရောင်းနိုင်တာ နည်းတယ်” ဟု သူက ထောက်ပြသည်။
သို့သော် ကုန်သွယ်ရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့်မတူဘဲ အချိန်တိုအတွင်း ပြောင်းလဲနိုင်၍ လမ်းကြောင်းတစ်ခုပိတ်ဆို့ပါက အခြားလမ်းကြောင်းသို့ ပြောင်းရွှေ့နိုင်သည်ဟု သိရသည်။
မန္တလေးနှင့် မူဆယ်မြို့မှ ကုန်သည်များသည် ရန်ကုန်တွင် အခြေချကာ ဝယ်လက်များနှင့် ချိတ်ဆက်နေသည်၊ ထိုင်းမြန်မာနယ်စပ်ကုန်သည်တို့မှာ သင်္ကြန်မတိုင်မီကာလတွင် တနင်္သာရီတိုင်း ကော့သောင်း – ရနောင်း နယ်စပ်မှ ရန်ကုန်ကို ကွန်တိန်နာကားပြေးဆွဲနိုင်ရန် ပြင်ဆင်နေသည်ဟု သူက ဆိုသည်။
မြန်မာနှင့် ထိုင်းနယ်စပ်တွင် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်နှင့် မယ်စဲ့ဟူ၍ နယ်စပ်ကုန်သွယ်ရေးစခန်း ၇ ခုရှိသည်။ မြိတ်မြို့မှ ပို့ကုန်သွင်းကုန်များတင်ပို့ရန် ကုန်သွယ်ရေးစခန်းကို တရားဝင်ဖွင့်ထားသော်လည်း နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မရှိပေ။
ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် အရေးအပါဆုံးမြို့ဖြစ်သည့် ကရင်ပြည်နယ် မြဝတီရှိ စစ်စခန်းများကို ယခုလ (ဧပြီ) လဆန်းတွင် သက်တမ်းရင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ကရင်အမျိုးသားအစည်းရုံး (KNU) ၏ တပ်များက တိုက်ခိုက်ကာ မြို့ကို စိုးမိုးထားသည်။
မြဝတီမြို့ကို ပြန်လည်သိမ်းပိုက်ရန် စစ်တပ်က စစ်ကူများစေလွှတ်နေပြီး ကော့ကရိတ်မြို့အရှေ့ဘက်ရှိ ကော့နွဲ့ရွာဝန်းကျင်တွင် စခန်းချကာ ဒေါနတောင်ပေါ်တက်ရန် ကြိုးပမ်းနေကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၆ ထံမှ သိရသည်။
ထိုင်းနယ်စပ် ကယား (ကရင်နီ) ပြည်နယ် မယ်စဲ့မြို့နယ်အတွင်းရှိ စစ်တပ်စခန်းများကို ဇွန် ၁၃ ရက်မှစ၍ တော်လှန်ရေးအင်အားစုက တိုက်ခိုက်သိမ်းပိုက်ကာ မြို့ကို ထိန်းချုပ်ထားသည်။ လွိုင်ကော်၊ ဖားဆောင်း၊ မယ်စဲ့လမ်း၏ အနောက်ဘက်နှင့် မယ်စဲ့မြို့မှ ၇ ဖာလုံအကွာတွင် ကုန်သွယ်ရေးစခန်းရှိသည်။ ၂၀၁၉-၂၀၂၀ တွင် ကုန်သွယ်မှု ဖြစ်ထွန်းခဲ့သော်လည်း အာဏာသိမ်းပြီးနောက် ကုန်သွယ်မှုမရှိတော့ပေ။
စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် အခြားကုန်သွယ်ရေးလမ်းကြောင်းများပေါ်တွင် တိုက်ပွဲများမကြာခဏဖြစ်နေ၍ ကုန်သွယ်မှုပြတ်တောက်နေသည်။
ဧပြီ ၁၅ တွင် တနင်္သာရီတိုင်း ထီးခီးမြို့အနီး ခလရ ၁၀၃ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းနှင့် တပ်ဖွဲ့ဝင် ၄၈ ဦး KNU ထံ လက်နက်ချလိုက်သည်။
ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်နယ်စပ်လမ်းကြောင်းတွင် တိုင်ပွဲငြိမ်နေသော်လည်း ထိုင်းနိုင်ငံနှင့် ရန်ကုန်၊ ပဲခူး စသည့်မြို့များနှင့် ချိတ်ဆက်၍ ကုန်သွယ်မှုပြုရန် အလှမ်းဝေးလွန်းကြောင်း ကုန်သည်များက ဆိုသည်။
ထို့အတူ တရုတ်-မြန်မာနယ်စပ်၌ ကုန်သွယ်ရေးစခန်း ၆ ခုရှိသည့်အနက် ကုန်သွယ်မှုပမာဏအများဆုံး မူဆယ်၊ ချင်းရွှေဟော်နှင့် လွယ်ဂျယ်တို့ကို စစ်ကောင်စီဆုံးရှုံးခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ် MNDAA က ချင်းရွှေဟော်နယ်စပ်မြို့ကို သိမ်းပိုက်ထားသလို တအာင်းတပ် TNLA ကလည်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို ထိန်းချုပ်ထားသည်။ MNDAA က ၎င်းတို့ထိန်းချုပ်မှုအောက်ရှိ ချင်းရွှေဟော်နှင့် ကြူကုတ် (ပန်ဆိုင်း) ဂိတ်ပေါက်နှစ်ခုကို ယခုနှစ် မတ် ၁၁ ရက်နေ့တွင် ပြန်ဖွင့်ပေးထားသည်။
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်းရှိ တရုတ်နယ်စပ် ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့ကိုလည်း ယခုလ (ဧပြီ) ၈ တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က အပြည့်အဝ ထိန်းချုပ်လိုက်ပြီးနောက် နယ်စပ်ကုန်သွယ်ရေးကို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
အိန္ဒိယနယ်စပ်ရှိ ရိဒ်ခေါဒါမြို့ကို ချင်းအမျိုးသားတပ်ဦး (CNF) က ထိန်းချုပ်ထားပြီး တိုက်ပွဲမပြတ်ဖြစ်နေသည့် စစ်ကိုင်းတိုင်းထဲရှိ တမူးနယ်စပ်ကုန်သွယ်မှုမှာလည်း ရပ်ဆိုင်းနေသည်မှာ ကြာပြီဖြစ်သည်။ နိုင်ငံအရှေ့ဘက်ပိုင်းရှိ လာအိုနိုင်ငံနယ်စပ်တွင် ကျိုင်းလပ်ဂိတ်ရှိသော်လည်း အမှန်တကယ်ကုန်သွယ်မှုမရှိပေ။
ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲများပြင်းထန်နေ၍ ဘင်္ဂလားဒေရှ်နှင့် ကုန်သွယ်သည့် မောင်တောနယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းနေသည်။
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများပြတ်တောက်သွားခြင်း၊ နိုင်ငံခြားသုံးငွေအကျပ်အတည်းနှင့် ပြည်တွင်းထုတ်လုပ်မှုကို ဦးစားပေးရန် ပြည်ပသွင်းကုန်များကို ကန့်သတ်ထိန်းကျောင်းရခြင်းကြောင့် ကုန်သွယ်မှုပမာဏကျဆင်းသွားသည်ဟု စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိကြီးတစ်ဦးက ဝန်ခံထားသည်။
“တင်သွင်းမှုမှာလည်း သွင်းကုန်တချို့ကို အကန့်အသတ်တွေနဲ့ လျှော့ချပြီးခွင့်ပြုရတဲ့အနေအထားမျိုး ရှိတယ်။ တစ်ဖက်မှာ တင်ပို့မှုမှာ ကုန်သွယ်မှုလမ်းကြောင်းအခြေအနေ အကန့်အသတ်လေးတွေကြောင့် တင်ပို့မှုလျော့နည်းတယ်” ဟု သူက ဆိုသည်။
တရုတ်နှင့် အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မူဆယ်နယ်စပ်နှင့် အခြားနယ်စပ်ဂိတ်များမှာ တိုက်ပွဲများကြောင့် အလုပ်မဖြစ်တော့ဘဲ ကုန်သွယ်ရာတွင် အကန့်အသတ်ရှိကြောင်း ၎င်းက ဆိုသည်။
ကုန်သွယ်ရေးဂိတ်များ ဆုံးရှုံးသွားရပြီးနောက် လမ်းကြောင်းပြောင်းကုန်သွယ်ရန် စီးပွားကူးသန်းက ညွှန်ကြားထားသည်။
နယ်စပ်ထွက်ပေါက်များပိတ်သွားသဖြင့် ကုန်သွယ်မှုကျဆင်းသွားပြီး စစ်ကောင်စီအတွက် အခွန်နှင့် နိုင်ငံခြားဝင်ငွေထိခိုက်နိုင်သည်၊ မှောင်ခိုဈေးကွက်ကြီးထွားနိုင်သည့်အပြင် စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်မှုကျဆင်း၍ ကုန်ရှားပါးနိုင်ကြောင်း အမည်မဖော်လိုသည့် စီးပွားရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
အခြားတစ်ဖက်တွင်မူ ကုန်သွယ်ရေးမြို့များကို ထိန်းချုပ်ထားသည့် တော်လှန်ရေးအင်အားစုက နိုင်ငံရေးနှင့် စီးပွားရေး အကျိုးအမြတ်နှစ်ခုစလုံးရနိုင်ကြောင်း သူက ဆိုသည်။
“ဒီဂိတ်တွေကို သူတို့ဖွင့်ပေးမှ လုပ်ရမှာဖြစ်တဲ့အတွက်ကို သက်ဆိုင်ရာနိုင်ငံတွေက ERO တွေပေါ်မှာ တည်မှီလာရတော့မယ်။ တည်မှီလာရမှာဖြစ်တဲ့အတွက် ERO တွေအပေါ်မှာ နိုင်ငံရေးအရ လက်သင့်ခံနိုင်လောက်တဲ့ အသိအမှတ်ပြုမှုတစ်ခုခုရနိုင်တယ်” ဟု သူက ဆိုသည်။
နယ်စပ်ဂိတ်များဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာနိုင်ငံများက တိုင်းရင်းသားအဖွဲ့များနှင့် ညှိနှိုင်းမှုများရှိနေသည်ဟု သိရသည်။
TNLA က ၎င်းတို့ထိန်းချုပ်ထားသည့် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးကို အမြန်ဆုံးပြန်ဖွင့်နိုင်ရန် တရုတ်အစိုးရနှင့် နှစ်ဖက်ညှိနှိုင်းနေသည်ဟု တအာင်းတပ် TNLA ၏ ပြောခွင့်ရ ဗိုလ်ယေဦးက ပြီးခဲ့သည့် မတ်လတွင် Myanmar Now ကို ပြောဆိုခဲ့သည်။
“ပြန်ဖွင့်နိုင်အောင် နှစ်ဖက်ညှိနှိုင်းနေတာမျိုးရှိပါတယ်။ အချိန်ကတော့ ကန့်သတ်ထားတာမျိုးမရှိဘူး။ အမြန်ဆုံးပြန်ဖွင့်နိုင်ဖို့ စီစဉ်ထားပါတယ်” ဟု သူက ပြောသည်။
ထိုင်းနယ်စပ်ရှိ မြဝတီမြို့နယ်စပ်နှင့်ပတ်သက်၍ ညှိနှိုင်းမှုရှိမရှိ မသိရသေးသော်လည်း ထိုင်းနိုင်ငံသည် ထွက်ပြေးလာသော စစ်ကောင်စီတပ်သားများ ပြန်နိုင်ရန် ပံ့ပိုးကူညီခဲ့သည်။
ထိုင်းသည် ၎င်း၏ အကျိုးစီးပွားကိုသာ စိုးရိမ်နေပြီး ဒေါ်လာဘီလျံချီ ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှ စီပွားရေးလုပ်ငန်းများကို အကာအကွယ်ပေးရန်ဖြစ်ကြောင်း Thai Enquirer ၏ အတွေးအမြင်ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။
နယ်စပ်ထွက်ပေါက်များပြတ်တောက်သွားချိန် ပို့ကုန်တိုးမြှင့်ရန်နှင့် သွင်းကုန်များတိုးမြှင့်တင်သွင်းနိုင်ရန် ကုန်သေတ္တာတင်သင်္ဘောများတိုးချဲ့ပြေးဆွဲမည်ဖြစ်ပြီး ယခုလတွင် ကုန်သေတ္တာတင်သင်္ဘော အစီး ၅၀ အထိ ပြေးဆွဲရန်ရှိကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ကြေညာထားသည်။