အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
စီးပွားရေးသတင်း

ကလေးမြို့နယ် အင်တာနက်ဖြတ်ခံရ၊ လုပ်ငန်းများ ကမောက်ကမဖြစ်

စစ်ဘေးဒဏ်ခံနေရသော စစ်ကိုင်းတိုင်းအတွင်းရှိ ခရိုင်မြို့ကြီးကို အာဏာသိမ်းတပ်က ဆက်သွယ်ရေးဖြတ်တောက်လိုက်သဖြင့် ဒေသခံတို့၏ စီးပွားရေး၊ ပညာရေးလုပ်ငန်းများ ထိခိုက်နေသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင်  အင်တာနက်နှင့် တယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်မှု ဆယ်ရက်ကျော်လာပြီဖြစ်သောကြောင့် ဒေသတွင်း စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများ ကမောက်ကမ ဖြစ်လာနေသည်။

အိန္ဒိယနယ်စပ်နှင့် နီးသော၊ ခရိုင်မြို့ကြီးလည်းဖြစ်သော ကလေးမြို့နယ်တွင် လုပ်ငန်း အများအပြားမှာ အင်တာနက်ဆက်သွယ်ရေးမရှိသဖြင့် ရပ်ဆိုင်းထားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

“အင်တာနက်လိုင်း ဖြတ်ခံရတော့ အွန်လိုင်းကနေ ကျောင်းတက်တဲ့သူတွေ၊ ငွေသွင်းငွေထုတ်လုပ်တဲ့ သူတွေပါ အခက်ခဲဖြစ်တယ်၊ ဘဏ်တွေကလည်း လိုင်းမရတော့ ငွေထုတ်မပေးတော့ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုဒေသခံက ပြောသည်။

လိုင်းအများစုကို သြဂုတ်လကတည်းက ဖြတ်တောက်ထားခြင်းဖြစ်ပြီး တစ်ခုတည်းသာကျန်သည့်  U9 (ယခင် အူရီဒူး) မှာလည်း  စက်တင်ဘာ ၁၂ ရက်ကစပြီး ကလေးမြို့နယ်တွင် ရ​ပ်ဆိုင်းသွားသည်။

Myanmar Now က  ဆက်သွယ်မေးမြန်းရာတွင် U9 တာဝန်ရှိသူတစ်ဦးက စစ်တပ်၏ ဆက်သွယ်ရေး ဝန်ကြီးဌာနက ပြန်လည်ခွင့်ပြုမှသာ  အင်တာနက်ဝန်ဆောင်မှု ပြန်ရနိုင်မည်ဟု အကြောင်းပြန်လာသည်။

အရပ်သားများ starlink ဂြိုဟ်တု အသုံးပြုမှုကိုလည်း အာဏာသိမ်းတပ်က တားမြစ်ပိတ်ပင်ထားသည်။  

၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း ၈၂ မြို့နယ်တွင် အင်တာနက် ဖြတ်တောက်မှု အကြိမ် ၁၃၀ ကျော် ကြုံတွေ့ခဲ့ရကြောင်း ဒီဂျစ်တယ် လွတ်လပ်ခွင့်ဆိုင်ရာ လေ့လာစောင့်ကြည့်သည့် အဖွဲ့အစည်း Myanmar Internet Project ၏ ဇန်နဝါရီလ ၇ ရက်နေ့  အစီရင်ခံစာက ဆိုသည်။

ကလေးမြို့နယ်အတွင်း ဆက်သွယ်ရေး ပိတ်ပင်မှုမှာ အာဏာသိမ်းတပ်၏ ထိုးစစ်ဆင်ရေး၊ စစ်သားသစ် စုဆောင်းရေးလုပ်ငန်းများကြောင့် ဖြစ်နိုင်သည်ဟု ဒေသတွင်း စစ်ရေးအခြေအနေများကို စောင့်ကြည့်နေသည့်၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ထားသည့် ဗိုလ်ကြီးကောင်းသူဝင်းက ပြောသည်။

“သူတို့  ထိုးစစ်အတွက် ပြင်ဆင်နေတယ်။ ကလေးကနေပြီးတော့ ချင်းပြည်နယ် တက်တဲ့ လမ်းကြောင်း၊ ကလေးကနေ တမူးဘက်သွားတဲ့ လမ်းကြောင်း ဒီလိုမျိုးလမ်းကြောင်းတွေကို စစ်ရေးအရ ဆောင်ရွက်မှုတွေ မလုပ်ခင်မှာ   သတင်းတွေကို မပေါက်ကြားရေးအတွက်၊ တော်လှန်ရေးတပ်ဖွဲ့ တွေ  လှုပ်ရှားသွားလာမှု နှောင့်နှေးစေဖို့ လုပ်ဆောင်ခြင်းဖြစ်တယ်” ဟု ဗိုလ်ကြီးကောင်းသူဝင်းက ပြောသည်။

“နောက်တစ်ခုက ဒီအချိန်မှာ (စစ်သားသစ်စုဖို့) ပေါ်တာဆွဲရာမှာ လွယ်လွယ်နဲ့ ဆွဲလို့မရတဲ့ အနေအထားမျိုး ဖြစ်လာတယ်၊ အင်တာနက်ဖြတ်လိုက်ချိန်မှာ လူငယ်တွေက ဂိမ်းကစားဖို့  အင်တာနက်ရတဲ့နေရာကို သွားတယ်၊ လူငယ်တွေ လူစုလူဝေးဖြစ်သွားတယ်၊ စစ်တပ်က သိသွားရင် လွယ်လွယ်ကူကူ ပေါ်တာဆွဲသွားတာလည်း ဖြစ်လာနိုင်တယ်”

ပိတ်ပင်ခံထားရသဖြင့် အင်တာနက် သုံးရမည့်သူများသည် starlink ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှု ရှိသည့်နေရာများကို အားကိုးနေရသည်၊ ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် အာဏာသိမ်းတပ် လှုပ်ရှားမှုမရှိသည့် ဒေသအထိ သွားရောက် သုံးစွဲကြသည်ဟု ဒေသခံတို့က ပြောသည်။ 

ကလေးမြို့နယ်တွင် တိုက်ပွဲများကြောင့် ဒေသခံ အများအပြားမှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲ ဖြစ်သည်။

စစ်တပ်ထိုးစစ်ကြောင့် မန္တလေးတိုင်းအတွင်း နေရပ်စွန့်ခွာရသူအချို့ကို မကြာသေးမီက တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button