နိုင်ငံရေးသတင်း

KNU တပ်မဟာ(၅)၏တိုက်စစ် မွန်ပြည်နယ်အထိရောက်လာ

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ၅ ၏ ထိုးစစ်သည် ကရင်ပြည်နယ်မြောက်ပိုင်း၊ ဖာပွန်ဒေသကို ကျော်လွန်၍ မွန်ပြည်နယ်အထိ ရောက်လာသည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ  စစ်ကောင်စီ၏ မဲပလီအမည်ရှိ ဗျူဟာကုန်းကို မကြာသေးသည့် ဖေဖော်ဝါရီ ၁ ရက်တွင် KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များနှင့်  KNLA တပ်မဟာ (၁) တပ်ဖွဲ့ဝင်များက အခြားတော်လှန်ရေး ပူးပေါင်းတပ်များနှင့် အတူ သိမ်းပိုက်လိုက်သည်။

မဲပလီ ဗျူဟာကုန်းတိုက်ပွဲကို KNLA ၏ စစ်ရေးဦးဆောင်မှုဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် Force for Federal Democracy (FFD) တို့က ဖော်ဆောင်ခြင်းဖြစ်ကြောင်း FFD ဘက်က သတင်းထုတ်ပြန်သည်။

မဲပလီဗျူဟာကုန်းသည် ဖာပွန်မြို့နှင့် ဘီးလင်းမြို့ကြား၊ ဘီးလင်းချောင်းဘေးတွင် တည်ရှိသည်။

မဲပလီဗျူဟာကုန်းကို နံနက် ၈ နာရီကျော်တွင် စတိုက်ပြီး နေ့လယ် ၁၁ နာရီတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ရန်အတွက် ၁ လခန့် အချိန်ယူ ပြင်ဆင်ခဲ့ရကြောင်း FFD ဒုတာဝန်ခံ ကိုအောင်အောင်က ပြောသည်။

မဲပလီဗျူဟာကုန်းမှ ဘီးတပ် ဟောင်ဝဇ်ဇာအမြောက်တစ်လက်၊ ၁၂၀ မမ စိန်ပြောင်း ၁ လက် ၊ စက်သေနတ်ကြီး ၁ လက်နှင့် လက်နက်ငယ်များရလိုက်သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦးကိုလည်း ပူးပေါင်းတပ်ဘက်က အရှင်ဖမ်းနိုင်ခဲ့သည်။

စစ်သုံ့ပန်းများထဲတွင် ဗျူဟာမှူးနှင့် တပ်ရင်းမှူးအဆင့် အရာရှိ ၂ ဦးပါဝင်ကြောင်း KNLA က ဖော်ဆောင်သည့် စစ်ရေးသတင်းများတင်လေ့ရှိသော Facebook အကောင့်အချို့က ရေးသားကြသည်။

တိုက်ပွဲသတင်းများကို ထုတ်ပြန်လေ့ မရှိသည့် စစ်ကောင်စီတပ်က ဘီးလင်းမြို့နယ်အတွင်းရှိ အဆိုပါစခန်း စွန့်လွှတ်လိုက်ရကြောင်းကို သတင်းအမှောင်ချထားသည်။ 

မဲပလီတိုက်ပွဲတွင် KNLA ဘက်က ၁ ဦး၊ FFD ၏ မြေပြင်ခြေမှုန်းရေးတပ်ခွဲမှ ဒုတပ်ခွဲမှူး မြင့်မိုရ် (ခ) နတ်မောက်တို့ ကျဆုံးသွားကြောင်း FFD ဒုတာဝန်ခံ ကိုအောင်အောင်က ပြောသည်။

“ဒီဒုတပ်ခွဲမှူးဟာဆိုရင် တိုက်ရည်ခိုက်ရည်ကောင်းရုံတင်မဟုတ်ဘဲနဲ့ သူ့ရဲ့ လက်အောက်ငယ်သားတွေအပေါ်မှာရော မဟာမိတ်တွေနဲ့ ဆက်ဆံရာမှာရော တော်တော်နူးညံသိမ်မွေ့စွာ ပြောတတ်၊ ဆိုတတ်တယ်။ သေသေချာချာ အပင်ပန်းခံပြီး လုပ်တတ်တယ်။ သူ့ရဲ့လက်အောက်ငယ်သားရဲဘော်တွေအပါအဝင် အကုန်လုံးက ဝမ်းနည်းကြေကွဲကြရတယ်” ဟု ကိုအောင်အောင်က ဆိုသည်။

KNLA တပ်မဟာ (၅) သည် ၂၀၂၄ ခုနှစ် မတ်လအကုန်တွင် ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်သည့် ဖာပွန်စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ပြီး ဖာပွန်မြို့ကို သိမ်းပိုက်ခဲ့သည်။

သို့သော် ဖာပွန်မြို့တောင်ဘက်ရှိ စစ်ကောင်စီ၏ စစ်ဗျူဟာ အခြေချ (စဗခ) အပါအဝင် ခြေမြန်တပ်ရင်းများဖြစ်သော ခမရ (၃၄၀) ၊ ခမရ (၃၄၁) တို့ကို မသိမ်းနိုင်ခဲ့ပေ။

ထိုအခါ တပ်မဟာ ၅ နှင့် ပူးပေါင်းတပ်များသည် ဖာပွန်ဗျူဟာ နှင့် တပ်ရင်း ၂ ရင်းကို ဝန်းရံပိတ်ဆို့ထားပြီး ဗျူဟာကို အထောက်အပံ့ပေးနေသည့် စစ်ကောင်စီတပ်စခန်းများကို တစ်ခုချင်းစီ ရှင်းလင်းတိုက်ခိုက်လာသည်။

ဖာပွန်တောင်ဘက်ရှိ စစ်ကောင်စီ၏ ခေါပုတ်စခန်း၊ ကူးဆိပ်စခန်း၊ မထောစခန်း ၊ ဆင်စွယ်စခန်း ၊ တောင်သုံးလုံးစခန်း အပါအဝင် KNU အတွက် သမိုင်းဝင်ဌာနချုပ်ဟောင်းနေရာဖြစ်သော ဖာပွန်အရှေ့တောင်ဘက် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ မာနယ်ပလောကိုပါ သိမ်းပိုက်ခဲ့သည်။

ဖာပွန်မြို့တောင်ဘက် ၃၁ မိုင်အကွာ ကမမောင်း-ဖာပွန် ကားလမ်းပေါ်ရှိ စစ်ကောင်စီ၏ ကတိုင်တိရွာ ဗျူဟာကုန်းစခန်းကိုလည်း ဇန်နဝါရီလ ၂၃ ရက်တွင် တပ်မဟာ ၅ နှင့် ပူးပေါင်းတပ်များ ထိန်းချုပ်နိုင်ခဲ့သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်မူ ဖာပွန်မြို့အနောက်တောင်ဘက် ၃၄ မိုင်အကွာက မဲပလီစခန်းကို တပ်မဟာ ၅ နှင့် ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်လာခြင်းဖြစ်သည်။

ယခင်က မဲပလီနှင့် ဖာပွန်ကြားက လှဂွန်းပျိုရွာတွင် စစ်ကောင်စီ၏ တပ်စခန်းတစ်ခုရှိခဲ့သော်လည်း အဆိုပါတပ်စခန်းမှ စစ်ကောင်စီတပ်သား ၁၆ ဦးသည် ဇန်နဝါရီလ ၁၀ ရက်တွင် KNLA နှင့် ပူးပေါင်းတပ်ထံ လက်နက်ချခဲ့သည်။

၎င်းတို့နှင့် အတူ စိန်ပြောင်း ၃ လက် ၊ စက်လက် ၁ လက်၊ စနိုက်ဘာရိုင်ဖယ်၁ လက်နှင့် ရိုင်ဖယ်များ ၊ စိန်ပြောင်းကျည်များ ရရှိခဲ့ကြောင်း NUG ၏ တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

မဲပလီဗျူဟာကုန်းကို KNLA နှင့် ပူးပေါင်းတပ်များ ရလိုက်သဖြင့် ဘီးလင်း – ဖာပွန်ကားလမ်းကို မဲပလီရွာ အထက်ပိုင်းကစ၍ KNLA နှင့် ပူးပေါင်းတပ်များ ထိန်းချုပ်ခွင့်ရသွားပြီ ဖြစ်သည်။

ဖာပွန်ဒေသတွင် ကျန်သည့် စစ်ကောင်စီ၏ စစ်ဗျူဟာကုန်းနှင့် တပ်ရင်း ၂ ရင်းအတွက်မူ အထောက်အပံ့ပေးနိုင်မည့် အထိုင်တပ်စခန်းများနှင့် အနည်းဆုံး မိုင် ၃၀ ကျော် ကွာဝေးသွားပြီး ပိုမိုအထီးကျန်လာမည်ဖြစ်ကြောင်း ပူးပေါင်းတပ်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ဆိုသည်။

“မဲပလီဘက်ဆိုရင် ဘီးလင်း ၊ ကျိုက်ထိုဘက်ကို စစ်မျက်နှာဖွင့် စစ်ဆင်ရေးထိုးဖောက်လို့ရသွားတယ်။ ကတိုင်တိဘက်ဆိုရင် အောက်ဘက် ဘားအံတို့ ၊ လှိုင်းဘွဲ့တို့ဘက်ကို တိုက်မယ်ဆိုရင် KNLA ဦးဆောင်မှုနဲ့ စစ်ဆင်ရေးဖွင့် ထိုးဖောက်လို့ရတာပေါ့” ဟု ပူးပေါင်းတပ်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

KNLA နှင့် ပူးပေါင်းတပ်များ တောင်ဘက်သို့ တိုက်စစ်ဆင်လာသည်နှင့်အမျှ ဖာပွန်တွင် ကျန်သည့် စစ်ကောင်စီ၏ စစ်ဗျူဟာနှင့် တပ်ရင်း ၂ ရင်းကို ပိတ်ဆို့ဖြတ်တောက်ထားမှု ပိုမိုအားကောင်းလာဖွယ် ရှိကြောင်း ပူးပေါင်းတပ်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက သုံးသပ်သည်။

Show More

Related Articles

Back to top button