အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
စီးပွားရေးသတင်း

ဧရာဝတီနှင့် ပဲခူးရှိ ရေနံတွင်းဟောင်းများကို ပြည်တွင်းကုမ္ပဏီများ လုပ်ကိုင်ခွင့်ရ 

အာဏာသိမ်း လေး နှစ်ခွဲကာလအတွင်း နိုင်ငံအနှံ့တွင် စစ်မျက်နှာဖွင့်ထားရသည့် စစ်တပ်က ၎င်းတို့ဆုံးရှုံးနယ်မြေအတွင် ပတ္တမြား၊ ရွှေနှင့် ရေနံလုပ်ငန်းကဲ့သို့သော အဖိုးတန်သယံဇာတ လုပ်ကွက်များ လက်လွတ်ခဲ့ရသည်။

အာဏာသိမ်း စစ်ကောင်မရှင်က ဧရာဝတီနှင့် ပဲခူးတိုင်းအတွင်းရှိ ကုန်းတွင်းရေနံမြေများတွင် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့တို့ တူးဖော်ရန်အတွက် ယခုနှစ်ပိုင်းအတွင်း ပြည်တွင်းကုမ္ပဏီများအား လုပ်ပိုင်ခွင့်ဆက်တိုက်ချပေးခဲ့သည်။ 

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်၊ ပြည်ရေနံမြေရှိ IOR-4 လုပ်ကွက်နှင့် ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ မြန်အောင်ရေနံမြေ IOR-6 (ဧရိယာ-၃) လုပ်ကွက်ကို HNA Myanmar Oil & Gas Ltd ကိုချပေးလိုက်ပြီး မြန်အောင်မြိုနယ်၊ ရွှေပြည်သာရေနံမြေ IOR-7 လုပ်ကွက်ကို Future Engineering & Gold, Mining Co., Ltd  ကို ချပေးလိုက်ကြောင်း   ဩဂုတ်လ၊ ၇ ရက်နေ့ထုတ် စစ်တပ်ထိန်းချုပ်သတင်းစာတွင် ထုတ်ပြန်သည်။ 

ယခုနှစ်၊ ဇူလိုင်ကလည်း ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ မြန်အောင်ရေနံမြေရှိ လုပ်ကွက် IOR-6 (ဧရိယာ-၂) ကို Myanmar Kinsanar Co., Ltd ကို ချပေးခဲ့သည်။

စစ်တပ်၏ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) နှင့် ထိုကုမ္ပဏီများကြား ရေနံတိုးမြှင့်ထုတ်လုပ်ရန် စီစဉ်ခြင်းဖြစ်ပြီး ထုတ်လုပ်မှုခွဲဝေခံစားသည့် စာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ရေနံတိုးမြှင့်ထုတ်လုပ်ရန် သက်တမ်းရင့်ရေနံမြေများမှ လုပ်ကွက် ၁၀ ခုကို ပြည်တွင်းလုပ်ငန်းရှင်တို့ကို ချပေးရန် စီစဉ်ထားပြီး ယခုချပေးသည့် ပြည်ရေနံမြေ၊ မြန်အောင်ရေနံမြေနှင့် ရွှေပြည်သာရေနံမြေတို့မှာ ပြည်အနည်ကျ ချိုင့်ဝှမ်းအတွင်းရှိကာ အလားအလာကောင်းများရှိကြောင်း စစ်ကော်မရှင်၏ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုသည်။ 

ထိုလုပ်ကွက်များသည် MOGE လက်အောက်ရှိ အထွက်နှုန်းကျဆင်းနေသော တွင်းဟောင်းများဖြစ်ပြီး ပြည်တွင်းကုမ္ပဏီများက စွန့်စားရင်းနှီးမြှုပ်နှံကြခြင်းဖြစ်ကြောင်း ကုန်းတွင်းရေနံလုပ်ငန်းနှင့်နီးစပ်သည့် အမည်မဖော်လိုသူ အမျိုးသားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ 

“ရေနံမြေတွေက နှစ် ၆၀ ကျော်ပြီပေါ့နော်။ ရေနံမြေအဟောင်းတွေ ပြန်ပြီးတော့လုပ်ကိုင်ကြတာတော့ နိုင်ငံတကာမှာလည်းရှိပါတယ်။ အရှုံးအမြတ်ကတော့ မသေချာဘူး။ ပြည်တွင်းရေနံလုပ်ငန်းရှင်တွေရဲ့ အဆင့်ကိုလည်း မြှင့်တင်အောင်လို့ပေါ့” ဟု ၎င်းက ပြောသည်။

စစ်တပ်၏ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ထိုလုပ်ကွက်များ အလားအလာကောင်းသည် ဆိုသော်လည်း ယခုရေနံလုပ်ကွက်များသည် မန်းရေနံမြေ၊ ရေနံချောင်းရေနံမြေ၊ ချောက်ရေနံမြေတို့နှင့် နှိုင်းယှဉ်လျှင် အထွက်နှုန်းအလွန်နည်းပါးနေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။ 

ထိုရေနံလုပ်ကွက်များကို စစ်ကော်မရှင်ထိန်းချုပ်သော MOGE က ပိုင်ဆိုင်ပြီး ပြည်တွင်းကုမ္ပဏီများက ငှားရမ်းလုပ်ကိုင်ကြခြင်းဖြစ်သည်။ လာမည့်နှစ်အတွင်း မြေပြင်တူးဖော်သည့်လုပ်ငန်းများ စနိုင်ဖွယ်ရှိပြီး အကျိုးအမြတ်ခွဲဝေမှု အခြေအနေအသေးစိတ်ကိုမူ Myanmar Now က စုံစမ်းနေဆဲဖြစ်သည်။ 

ယခင်က ရေနံလုပ်ငန်းကို နိုင်ငံခြားကုမ္ပဏီများက အဓိကလုပ်ကိုင်ရာမှ ပြည်တွင်းလုပ်ငန်းများက ဝင်ရောက်လုပ်ကိုင်ခွင့်ရလာကြောင်း၊ ရေနံတူးဖော်ရေးလုပ်ငန်းသည့် ရင်းနှီးမြှုပ်နှံမှုကြီးမားသဖြင့် ကုမ္ပဏီများပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း အထက်ပါလုပ်ငန်းရှင်က ပြောသည်။ 

“MOGE ကတော့ သူ့ရဲ့ရေနံမြေတွေဖြစ်တဲ့အတွက် Regulator (စစ်ဆေးကြီးကြပ်သူ) ပေါ့နော်၊ သူ့ဆီက အိမ်ငှားပေါ်မှာ နေရတဲ့သဘောပါ။ MOGE ရဲ့လုပ်ကွက်တွေပဲလေ။ သူပိုင်တဲ့ဟာကို ဝင်ယူပေးရတာပေါ့” ဟု ၎င်းက ပြောသည်။ 

ထိုရေနံလုပ်ကွက်များသည် ၁၉၆၃ ခုနှစ်၊ BOC ကုမ္ပဏီကို မြန်မာအစိုးရ အပြီးတိုင်ဝယ်ယူခဲ့ပြီးနောက် ပြည်သူ့ရေနံမြေလုပ်ငန်း(People Oil Industry) အနေဖြင့် မြန်မာနိုင်ငံသားများ စတင်ရှာဖွေတွေ့ရှိခဲ့သည့် အစောဆုံး ရေနံမြေဖြစ်ကြောင်း စွမ်းအင်လုပ်ငန်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက Myanmar Now ကို ပြောသည်။

“စစ်ကောင်စီ အာဏာသိမ်းမှုကြောင့် နိုင်ငံတကာ ရေနံကုမ္ပဏီတွေ ဝင်ရောက်ရင်းနှီးမြှုပ်နှံသူတွေ မရှိတော့လို့ ပြည်တွင်း ပုဂ္ဂလိကကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့ပြီး  ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု မရှိတဲ့တွင်းများ(ယာယီ/အမြဲတမ်း)ကို ပြန်လည်လုပ်ကိုင်ဖို့ ခွင့်ပြုချက် ပေးတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ 

စီးပွားဖြစ် ထုတ်လုပ်နိုင်ခြေမရှိဘဲ   ရင်းနှီးမြှုပ်နှံမှုများ ဆက်ရှိနေကြောင်း ဝါဒဖြန့်ချိရန် ထုတ်ပြန်သည့်သဘောဖြစ်ကြောင်း ၎င်းက ပြောသည်။ 

ကုန်းတွင်ရေနံတွင်းဟောင်းများကို  ပြန်လည်ချပေးနေသလို မုတ္တမကမ်းလွန်ရှိ၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်တစ်ခုကို “မင်းရဲသူ” စီမံကိန်းအမည်ဖြင့် ထိုင်းနိုင်ငံသားပိုင် Gulf Petroleum Myanmar ကုမ္ပဏီနှင့် စစ်တပ်ထိန်းချုပ် မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း(MOGE) တို့ မေလတွင် လက်မှတ်ရေးထိုးခဲ့သည်။ 

စစ်ကောင်စီအမည်ပြောင်း စစ်ကော်မရှင်သည် အာဏာသိမ်း လေး နှစ်ခွဲကာလအတွင်း နိုင်ငံအနှံ့တွင် စစ်မျက်နှာဖွင့်ထားရပြီး နယ်မြေအမြောက်အများဆုံး ဆုံးရှုံးထားရကာ ၎င်းတို့ဆုံးရှုံးနယ်မြေအတွင် ပတ္တမြား၊ ရွှေနှင့် ရေနံလုပ်ငန်းကဲ့သို့သော အဖိုးတန်သယံဇာတလုပ်ကွက်များ လက်လွတ်ခဲ့ရသည်။ 

ဆန့်ကျင်သူများကို ဖိနှိပ်သတ်ဖြတ်နေပြီး အရပ်သားနေအိမ်များကို မီးရှို့ကာ အရပ်ဘက်ပစ်မှတ်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိသည့် စစ်တပ်သည် ထိုတိုက်ခိုက်မှုများအတွက် လိုအပ်သည့် လေယာဉ်ဆီနှင့် လက်နက်ခဲယမ်းများဝယ်ယူရန် ရေနံနှင့် သဘာဝဓာတ်ငွေ့ဝင်ငွေများကို သုံးစွဲနေကြောင်း တက်ကြွလှုပ်ရှားသူများက ထောက်ပြနေကြသည်။

ထို့ကြောင့် စစ်တပ်နှင့် ပူးပေါင်း၍ ရေနံထုတ်လုပ်နေသည့် ကုမ္ပဏီကြီးများသည် သွေးစွန်းနေသော ကြံရာပါကုမ္ပဏီများဖြစ်ကြောင်း Blood Money – သွေးစွန်းငွေအဖွဲ့က ပြောသည်။

Related Articles

Back to top button