လူမှုရေးသတင်း

မန္တလေးတွင် မီးမလာ၊ ရေပြတ်သည့်ဒုက္ခ ကြုံတွေ့နေ

မန္တလေးမြို့ မြို့ပေါ်ရပ်ကွက်အချို့တွင် ယခုလ တတိယပတ်မှစ၍ လျှပ်စစ်မီး ပြတ်တောက်နေကာ ရေရရန်လည်း အခက်အခဲဖြစ်နေသည်ဟု မြို့ခံများနှင့် လူမှုရေးအသင်းအချို့ထံမှ သိရသည်။

မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ အောင်မြေသာစံမြို့နယ်များရှိ ရပ်ကွက်များတွင် ယခုလ ၂၀ ရက် နောက်ပိုင်းမှစ၍ ရေပြတ်နေခြင်းဖြစ်သည်။

မန္တလေးမြို့ နေထိုင်သူအများစုသည် အစိုးရရေမီတာကို သုံးစွဲသူ များပြားပြီး အစိုးရရေပိုက်လိုင်းကို လျှပ်စစ်စွမ်းအင်သုံး၍ ရေမော်တာစက်များဖြင့် ခုတ်မောင်းကာ သုံးစွဲကြသည်။ ယခုအခါ ရေပြတ်တောက်သည့်အတွက် မီးလာလျှင်ပင် စက်ဖြင့် ခုတ်မောင်းသော်လည်း ရေမရတော့ကြောင်း မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

“ရေက မီးလာမှ တင်ရတာဗျာ။ မီးကလည်း အတော်ပြတ်နေတော့ တော်တော်ကို အခြေအနေဆိုးတယ်။ အရင်က မီးလာရင် ညသန်းခေါင်လည်း ထတင်လို့ရတယ်။ အခု မီးလာလည်း ရေပါ မလာတော့တာ” 

မဟာအောင်မြေမြို့နယ် လန်ဒန်ဝင်းရပ်ကွက်နေထိုင်သူ အသက် (၃၅) အရွယ် အမျိုးသမီးကလည်း “ရေမလာတာ လေးရက်ရှိပြီ။ မီးကတော့ အရင်က တစ်ရက်ကို လေးနာရီ နှစ်ကြိမ်လာတယ်။ အခုရက်တွေမှာတော့ မမှန်တော့ဘူး။ ပိုပျက်လာတယ်။ မနေ့က တစ်ညလုံးနဲ့ ဒီနေ့ တစ်နေကုန်လည်း မလာဘူး။ မီးမလာတာထက် ရေမလာတာက ဒုက္ခပိုများတယ်။ ရာသီဥတုပူရတဲ့ကြား ချိုးစရာတောင် ရေမရှိဘူး” ဟု ပြောသည်။

ရေပြတ်တောက်မှုမှာ ယခုနှစ်တွင် အဆိုးရွားဆုံး ကြုံတွေ့ရခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့်ဟု မသိရကြောင်း ပရဟိတအသင်းတစ်ခုဖြစ်သည့် “နိဗ္ဗာန်သုခ” လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက Myanmar Now ကို ပြောသည်။

ရေအကူအညီပေးရန် မန္တလေးမြို့ ရပ်ကွက်များသာမက စစ်ကိုင်း မင်းဝံတောင်ရိုးဒေသတွင်ရှိသော ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ စဉ့်ကိုင်မြို့နယ်ဒေသတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းနှင့် မိဘမဲ့ဂေဟာများကလည်း အသင်းထံ အကူအညီတောင်းသော်လည်း ဝမ်းနည်းစွာ ငြင်းဆိုနေရကြောင်း နိဗ္ဗာန်သုခအသင်းက လူမှုကွန်ရက်တွင် ရေးတင်ထားသည်။

“ကျွန်တော်တို့အသင်းရဲ့ ရေဘောက်ဆာကားက တစ်လောက ရေပို့ရင်း တိမ်းမှောက်ထားတယ်။ အသင်းသားတစ်ဦးလည်း သေဆုံးထားတယ်။ အသင်းကားကို သက်ဆိုင်ရာက ထိန်းသိမ်းထားတော့ ဒီနှစ် ရေမပေးနိုင်ဘူး။ အကူအညီတောင်းခံနေသူတွေကိုလည်း ငြင်းဆန်နေရတာ စိတ်မကောင်းဘူး” ဟုလည်း အသင်းတာဝန်ရှိသူက ပြောသည်။

ရေအကူအညီတောင်းခံမှု များပြားနေသည့်အတွက် မနိုင်ဝန်ထမ်းနေရသည်ဟုလည်း မန္တလေးအခြေစိုက် ရေပေးဝေရေး ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူက Myanmar Now ကို ပြောသည်။

“မနေ့က (ဧပြီ ၂၃ ရက်) ဂါလန် ၂၀,၀၀၀ ကျော်အထိ ရေပေးခဲ့ရတယ်။ ကျွန်တော်တို့အသင်းမှာရှိတဲ့ ဂါလန် ၅၀၀၊ ဂါလန် ၁၀၀၀၊ ဂါလန် ၃၂၀၀ ဆံ့ ရေသယ်ယာဉ်တွေနဲ့ မနက် ၇ နာရီကနေ ည ၇ နာရီအထိ တောက်လျှောက် ရပ်ကွက်တွေထဲ လှည့်ပြီး ရေပေးခဲ့ရတယ်” ဟု ပြောသည်။

လတ်တလောတွင် မန္တလေးတိုင်းအတွင်း နေ့ပျမ်းမျှအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ရှိနေပြီး ရာသီဥတုပူပြင်းသည့်ဒဏ်ကို ပြင်းထန်စွာ ခံစားနေကြရပြီး ရေ၊ မီး ပြတ်တောက်မှုများကြောင့် ပိုမိုဒုက္ခများနေကြရခြင်းဖြစ်သည်။

“ရာသီဥတုက ပူပူ။ ရေနဲ့ မီးက မရ။ ပြည်သူတွေလည်း ဝဋ်ကြွေးပါပဲဗျာ”ဟု စိန်ပန်းရပ်ကွက်နေထိုင်သူ အမျိုးသားတစ်ဦးက ညည်းညူသည်။

(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button