အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံရေးသတင်း

KIA က စစ်ကိုင်းအထက်ပိုင်းတွင် တပ်သားသစ်စုနေကြောင်း ဒေသခံတို့ပြော

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ်ရှိ အင်းတော်၊ မော်လူး၊ ကသာ စသည့်မြို့များမှ ဒေသခံလူငယ်အချို့ကို ကချင်လွတ်မြောက်ရေးတပ်မ‌တော်(KIA) က ဖမ်းဆီးပြီး တပ်သားသစ်အဖြစ် စုဆောင်းနေကြောင်း ဒေသခံများကဆိုသည်။

စစ်ကိုင်း-ကချင်နယ်စပ်မျဉ်းအနီး ကချင်ပြည်နယ် နန့်စီးအောင်ရွာသို့ KIA တပ်က မကြာခဏ ဝင်ရောက်ပြီး လူငယ်များကို ခေါ်ဆောင်လေ့ရှိကြောင်း၊ KIA ထဲ မဝင်လိုသည့် လူငယ်များသည် ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဒေသခံအမျိုးသားတဦးက ပြောသည်။

ထိုဖြစ်ရပ်သည်  စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီး တပ်သားသစ် စုဆောင်းနေသည့် အချိန်တွင် စစ်မတိုက်လိုသည့်လူငယ်များအတွက် နောက်ထပ်အကျပ်အတည်းတစ်ခု ဖြစ်လာသည်။

ပြီးခဲ့သည့်ရက်များအတွင်းက နန့်စီးအောင်ရွာနှင့် တစ်ဆက်တည်းရှိသည့် မြေပုလ္လင်ရွာအနီးတွင် ခရီးသွားလူငယ်နှစ်ဦး၊ ပေကုန်းရွာတွင် ပန်းရံသမားသုံးဦးကို KIA က စစ်မှုထမ်းစေရန် ဖမ်းသွားသည်ဟု မော်လူးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“မနေ့တုန်းကလည်း မနက် ၆ နာရီလောက်ကြီး(နန့်စီးအောင်ရွာထဲက) လက်ဖက်ရည်ဆိုင်မှာ ဝင်ဆွဲလို့ အုပ်လိုက်ကြီး ထွက်ပြေးရတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ပြီးခဲ့သည့် နှစ်လအတွင်းမှာပင် မော်လူးမြို့နှင့် နန့်စီးအောင်တဝိုက် အနည်းဆုံး လူ ၁၀၀ ခန့်ကို KIA က ဖမ်းဆီးပြီး တပ်သားသစ်အဖြစ်စုဆောင်းခဲ့သည်ဟု ဒေသခံတို့ကဆိုသည်။

ထို့အပြင် ယခုနှစ်ဆန်းမှ စတင်ကာ အင်းတော်မြို့နယ် နမီးကျေးရွာအုပ်စုနှင့် မော်လူးမြို့ အနောက်ဘက် ကျေးရွာများတွင်လည်း လူငယ်များ မိမိသဘောဆန္ဒအရ စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ မထမ်းလျှင် ပေါ်တာဆွဲမည်ဖြစ်ကြောင်း KIA တပ်က လာရောက်ပြောဆိုခဲ့သည်ဟု သိရသည်။

အင်းတော်၊ မော်လူး၊ နန့်စီးအောင် စသည့် ဒေသများတွင် KIA စစ်သားစုဆောင်းရေးအတွက် အဓိက ဆောင်ရွက်နေသည့်တပ်မှာ KIA တပ်မဟာ(၈) လက်အောက်ခံ တပ်ရင်း(၃၅) ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ပေါ်တာဆွဲသည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။ 

မော်လူးမြို့ကို ၂၀၂၃ ဒီဇင်ဘာလအတွင်း ကျောင်းသားတပ်မတော်(ABSDF)နှင့် မဟာမိတ်တပ်များက စစ်ကောင်စီတပ်ထံမှ တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။

ဒေသတွင်းမှ ကျေးရွာနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ဒေသခံများ ည ၇ နာရီနောက်ပိုင်း အပြင်မထွက်ကြရန်၊ ဈေးဆိုင်များလည်း ည ၇ နာရီနောက်ဆုံးထားပြီး ပိတ်သိမ်းကြရန် တိုက်တွန်းနေသည်၊  KIA ၏ ပေါ်တာဆွဲခြင်း ခံရပါက ၎င်းတို့လည်း ကူညီပေးနိုင်မည်မဟုတ်ကြောင်း သတိပေးခဲ့သည်ဟုလည်း အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

“အိမ်ထဲမှာပဲ နေကြဖို့ ထွက်လို့ ဆွဲရင်လည်း တာဝန်မယူဘူးပေါ့။ ဆွဲတာက‌တော့ နေ့ခင်းလည်း ဆွဲတာပဲ။ အဲဒါကြောင့် မော်လူးမှာဆိုရင် အစည်းအဝေးက ရွာတိုင်းလုပ်နေကြရတယ် ” ဟု အဆိုပါ အမျိုးသားက အစည်းအဝေးအတွေ့အကြုံကို ပြောသည်။

ယခုလဆန်းပိုင်းမှ စတင်ပြီး ကချင်ပြည်နယ် ရွှေကူမြို့နှင့် နယ်နမိတ်ထိစပ်နေသည့် စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင်လည်း KIA စစ်မှုထမ်းဆောင်ရန်အတွက် ပေါ်တာဆွဲနေကြောင်း ဒေသခံအချို့က ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် ဒေသကာကွယ်ရေးတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)များကို KIA စစ်သင်တန်းများ ပေးခဲ့သည်။

 စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသအချို့တွင် KIA နှင့် ကချင်ဒေသပြ ည်သူ့ကာကွယ်ရေးတပ် (KPDF) ၏ စစ်ရေးလှုပ်ရှားမှုများရှိနေသည်။

၂၀၂၄ မတ်လမှ စတင်ကာ ကချင်ပြည်နယ်အတွင်း KIA နှင့် ပူးပေါင်းတပ်များက အင်အားအများအပြား ဖြန့်ခွဲကာ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေပြီး မံစီမြို့သိမ်းတိုက်ပွဲပြီးသည့်နောက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁)အခြေစိုက်ရာ ဗန်းမော်မြို့ကို အပြင်းအထန် ထိုးစစ်ဆင်နေသည်။

ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ ကန်ပိုက်တည်၊ မိုးမောက်မြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။

Related Articles

Back to top button