နည်းလမ်းမျိုးစုံသုံး၍ အကျပ်ကိုင်ငွေကြေးကောက်ခံမှုများကြောင့် ပြည်ပရောက် သန်းနှင့်ချီသည့် အလုပ်သမားများ၏ ချွေးနှဲစာလုပ်ခလစာမှာ နိုင်ငံခြားငွေလိုနေသည့် အာဏာသိမ်းစစ်အုပ်စုအတွက် အမေရိကန်ဒေါ်လာ ဘီလီယံချီရရှိသည့် အကြီးဆုံးနိုင်ငံခြားငွေအရင်းအမြစ်တစ်ခုဖြစ်လာသည်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာအကူအညီနှင့် ချေးငွေများရပ်ဆိုင်းခံရခြင်း၊ ကုန်ထုတ်လုပ်မှု လျော့ကျကာ ပို့ကုန်ဝင်ငွေနည်းလာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျဆင်းခြင်းနှင့် ဝင်ငွေရလမ်းကြောင်း ပိတ်ဆို့ခံရခြင်းတို့ကြောင့် နိုင်ငံခြားငွေ ရပေါက်ရလမ်းများအားလုံးကို မီးကုန်ယမ်းကုန်ထိန်းချုပ်ရာတွင် ပြည်ပရောက်အလုပ်သမားများ၏ လုပ်ခလစာကို ပစ်မှတ်ထားလာခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ် ဩဂုတ်လမှစတင်၍ ပြည်ပရောက် အလုပ်သမားများ၏ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို စစ်အုပ်စုထိန်းချုပ်ဘဏ်များနှင့် ငွေလွှဲလမ်းကြောင်းများမှ မိသားစုများထံ မဖြစ်မနေလွှဲပို့ခိုင်းပြီး လုပ်ခလစာ၏ ၂ ရာခိုင်နှုန်းကို ဝင်ငွေခွန်အဖြစ်ကောက်ခံလျက်ရှိသည်။ အလုပ်သမားတစ်ဦးချင်းစီထံမှ ငွေကြေးများရရှိရန် နည်းလမ်းမျိုးစုံသုံး၍ တင်းကျပ်နေခြင်းဖြစ်သည်။
ထို့ကြောင့် ပြည်ပရောက်အလုပ်သမားများက မိသားစုကိုပြန်လည်လွှဲပို့ငွေသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံကျော်ရရှိခဲ့ပြီး ယခုနှစ်တွင်လည်း ထိုပမာဏကို ရရှိရန်ဆောင်ရွက်မည်ဟု အရပ်သားအရေခြုံအစိုးရ၏ အလုပ်သမားဝန်ကြီး ဦးမောင်မြင့်က ယမန်နေ့ အောက်တိုဘာလ ၁၅ ရက် စစ်တပ်၏ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။
စစ်တပ်လက်အောက်ခံ ဗဟိုစာရင်းအင်းအဖွဲ့(CSO)၏ စာရင်းများအရ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏအများဆုံးပို့ကုန်တစ်ခုဖြစ်သော သဘာဝဓာတ်ငွေ့တင်ပို့မှုတန်ဖိုးစုစုပေါင်းသည် အမေရိကန်ဒေါ်လာ လေးဘီလီယံသာ ရှိသဖြင့် အလုပ်သမားများထံမှ မိသားစုသို့လွှဲပို့သည့် နိုင်ငံခြားငွေမှာ သဘာဝဓာတ်ငွေ့တင်ပို့မှုထက် ၁ ဒသမ ၆ ဘီလီယံပိုများနေကြောင်း တွေ့ရသည်။
ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကောက်ခံမှုမှ ငွေကြေးမည်မျှရသည်ကို ၎င်းက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ မိသားစုလွှဲပို့ငွေကို နိုင်ငံတကာငွေလွှဲလုပ်ငန်းများနှင့်ချိတ်ဆက်ထားသော ဘဏ် ၁၆ ခုနှင့် နိုင်ငံအလိုက် ငွေလွှဲလုပ်ငန်းလိုင်စင်ထုတ်ပေးထာသော ကုမ္ပဏီ ၁၈ ခုမှတဆင့် လွှဲပြောင်းရန်ခွင့်ပြုထားကြောင်း ၎င်းက ဆိုသည်။
မင်းကင်းမောင်မြင့်ဟုသိကြပြီး လက်ရှိ စစ်အုပ်စုအလုပ်သမားဝန်ကြီးဖြစ်သူ ဦးမောင်မြင့်သည် ယခင်စစ်အစိုးရများလက်ထက်တွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးနှင့် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့ဖူးသူဖြစ်သည်။
စစ်ကောင်စီလက်ထက်တွင် နိုင်ငံခြားဝင်ငွေအကျပ်အတည်းဆိုက်လာချိန် သန်းနှင့်ချီသော ပြည်ပရောက်အလုပ်သမားများထံမှ အခွန်ကောက်သင့်ကြောင်း စတင်ဆော်ဩခဲ့သူလည်းဖြစ်သည်။
ထိုနိုင်ငံခြားငွေများကို စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါးနှင့် သဘာဝဓာတ်ငွေ့ရည်(LPG) တင်သွင်းရန် သုံးစွဲခြင်းဖြစ်ကြောင်း၊ စစ်အုပ်စုထိန်းချုပ်ငွေလွှဲလမ်းကြောင်းများမှ ငွေပြန်လွှဲပို့ရာတွင် ငွေလဲနှုန်းမှာ ဈေးကွက်ပေါက်ဈေးထက်နည်းသော်လည်း အလှူငွေအဖြစ်သဘောထားရန် ဦးမောင်မြင့်က ယခုနှစ် အောက်တိုဘာလ ၁၀ ရက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီစောင့်ရှောက်ရေး ဆွေးနွေးပွဲတွင် ထည့်သွင်းပြောဆိုသည်။
“တကယ်တမ်းအရှုံးခံပို့လိုက်တယ်ဆိုဦးတော့ အဲ့ဒါသည် ခင်ဗျားတို့ရဲ့ ဒါနပဲ။ အဲ့ဒီဒါနကလည်း တသက်လုံးပါမယ့်ဒါနပဲလို့ ကျွန်တော်က ပြောချင်တယ်” ဟု ၎င်းက ပြောသည်။
စီဘီဘဏ်မှတဆင့် အလုပ်သမားများငွေလွှဲပို့လျှင် အမေရိကန် တစ်ဒေါ်လာလျှင် ၃၉၈၅ ကျပ်ဖြင့် တွက်ချက်ပေးမည်ဖြစ်ပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၄၅၃၀ ကျပ်ဝန်းကျင်ရှိသဖြင့် တစ်ဒေါ်လာလွှဲတိုင်း ၅၄၅ ကျပ်ရှုံးမည်ဖြစ်သည်။
အလုပ်သမားများ၏ လိုအပ်ချက်နှင့် အခက်အခဲကို ပံ့ပိုးကူညီမှုမရှိသည့်အပြင် နည်းမျိုးစုံဖြင့် တင်းကျပ်နေသော စစ်အုပ်စုက အလုပ်သမားများ၏ ချွေးနှဲစာကို မတရားသဖြင့် ရယူနေကြောင်း ပြည်ပရောက်အလုပ်သမားများက ဝေဖန်ကြသည်။
တိုင်းတစ်ပါးတွင် တစ်လတာဝင်ငွေနှင့် စားဝတ်နေရေး အလျင်မီအောင်ဖြေရှင်းနေရသူများအနေဖြင့် လွှဲစရာပိုက်ဆံပင်မရှိကြောင်း စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ကြာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိလာပြီး မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား Ceitificate of Identification(CI) ကိုင်ထားသော အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ဆိုသည်။
စစ်တပ်ထိန်းချုပ်မှုအောက် ငွေကြေးစနစ်အတွင်း စီးဝင်သွားသော နိုင်ငံခြားငွေသုံးစွဲမှုများမှာလည်း ပွင့်လင်းမြင်သာမှုမရှိသလို စစ်တပ်၏ စစ်ဆင်ရေးများအတွက် လိုအပ်သော လက်နက်နှင့် ကျည်ဆန်များ ဝယ်ယူနိုင်သည်ဟူသော စိုးရိမ်ချက်များလည်းရှိကြောင်း ၎င်းက ဆိုသည်။
“ပြောရမယ်ဆိုရင်တော့ တစ်စေ့မှကို မပေးချင်ဘူး။ ကျွန်တော်တို့ ချွေးနှဲစာ၊ ဒီရောက်မှ ချွေးနှဲစာအစစ်လို့ပြောရမှာပေါ့ဗျာ။ မသထာဘူးပေါ့ဗျ” ဟု ၎င်းက ဆိုသည်။
၎င်းသည် အာဏာသိမ်းပြီးတစ်နှစ်အကြာ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် စစ်တပ်၏ ပစ်မှတ်ထားဖမ်းဆီးမှုကြောင့် ထွက်ပြေးလာခဲ့သူဖြစ်ပြီး စစ်တပ်ထုတ်ပေးသည့် CI အထောက်ထားကို မလျှောက်ဘဲ ပေကပ်နေခဲရာမှ အလုပ်ရှာရခက်ခြင်း၊ ထိုင်းနိုင်ငံအတွင်း ခရီးသွားလာရခက်ခဲခြင်းကြောင့် ထိုအထောက်အထားကို ရယူခဲ့သူဖြစ်သည်။
အခြားတစ်ဖက်တွင်မူ စစ်အုပ်စုအနေဖြင့် တိုင်းတစ်ပါးတွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ CI လျှောက်ထားခြင်းလုပ်ငန်းဆောင်ရွက်ရာ၌ နိုင်ငံသားများထံမှ ဝင်ငွေခွန်နှင့် လစာ၏ ၂၅ ရာခိုင်နှုန်းပြန်လွှဲရန် အကျပ်ကိုင်နေကြောင်း ၎င်းက ဆိုသည်။
“နည်းမျိုးစုံနဲ့ကျပ်နေတာ။ ဘယ်လိုပြောရမလဲဆိုတော့ မတရားဘူးပေါ့ဗျာ။ ရေနစ်သူဝါးကူထိုးသလို ဖြစ်နေတယ်ပေါ့နော်။ ထပ်ပြီးတော့ ဒုက္ခရောက်အောင်လုပ်သလိုဖြစ်နေတယ်” ဟု သူက ပြောသည်။
ပြည်ပရောက်အလုပ်သမားများကို ကာကွယ်စောင့်ရှောက်မည်ဟူသောပြောဆိုချက်များမှာလည်း လူရယ်စရာဖြစ်နေကြောင်း သူက ပြောသည်။
ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းမှရောက်လာသော မြန်မာအလုပ်သမားများအနေဖြင့် CIလက်မှတ် လျှောက်ထားရာတွင် လုပ်ခလစာ သုံးလစာစုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံလွှဲပို့ထားသော အထောက်အထားပြသမှသာ CIလက်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်း စစ်အုပ်စုလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာလ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပြည်ပတွင် အလုပ်လုပ်ကိုင်နေရာမှ အကြောင်းအမျိုးမျိုးကြောင့် ခေတ္တခဏနေရပ်ပြန်သူများကိုလည်း ဝင်ငွေခွန်နှင့် လုပ်ခလစာ ၂၅ ရာခိုင်နှုန်းပြန်မလွှဲလျှင် ပြည်ပထွက်ခွာခွင့်ပိတ်ပင်မှုများလည်းရှိကြောင်း အလုပ်သမားများက ဆိုသည်။
ပြည်ပနိုင်ငံများတွင် အလုပ်လုပ်နေသူများအနက် ဝင်ငွေကောင်းသည့် ပညာတတ်ဝန်ထမ်းများရှိသလို လုပ်ခလစာနည်းနည်းဖြင့် ရုန်းကန်နေရသူများအတွက် လစာ၏ ၂၅ ရာခိုင်နှုန်းလွှဲပြောင်းရန် စားစရိတ်လျှော့ခြင်း၊ အကြွေးယူခြင်း၊ အချိန်ပို အလုပ်လုပ်ရခြင်းတို့ လုပ်ကိုင်ရမည့်အခြေအနေ ဖြစ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ဗဟိုဘဏ်နှင့် စီမံဘဏ္ဍာ ဒုဝန်ကြီး တာဝန်များထမ်းဆောင်ခဲ့ဖူးသူ ဦးဆက်အောင်က ၎င်း၏ Facebook တွင် ရေးသားထားသည်။
“ကိုယ့်ဝင်ငွေ၊ ကိုယ့်အသုံးစရိတ်နဲ့ မိသားစုရဲ့ လိုအပ်ချက်တွေပေါ် မူတည်ပြီး ကိုယ်တိုင်ဆုံးဖြတ်ရမယ့် ကိစ္စပါ။ လူတိုင်းရဲ့ အခြေအနေမတူတာကို လျစ်လျူရှုပြီး တစ်ပုံစံတည်း သတ်မှတ်လိုက်တာဟာ ဝင်ငွေနည်းသူတွေအပေါ် ပိုပြီးဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ပါတယ်” ဟု သူက ဆိုသည်။
ငွေမလွှဲလျှင် နိုင်ငံကူးလက်မှတ်နှင့် အထောက်အထားများ မထုတ်ပေးသည့် သတ်မှတ်ချက်မှာ သာမန်ငွေလွှဲစည်းကမ်းတစ်ခုမဟုတ်တော့ဘဲ လူတစ်ယောက်၏ လွတ်လပ်စွာ သွားလာခွင့်နှင့် အသက်မွေးဝမ်းကျောင်းပြုခွင့်အပေါ် ကန့်သတ်ခြင်းဖြစ်၍ လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးရှုထောင့်အရ စိစစ်ရန်လိုကြောင်း ၎င်းက ရေးသားထားသည်။



