စစ်ကော်မရှင်အသွင်ပြောင်း စစ်ကောင်စီသည် အမေရိကန်အစိုးရနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်ရန် ရီပတ်ဘလစ်ကန်ပါတီနှင့် ဆက်နွယ်သော အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်အခြေစိုက် လော်ဘီကုမ္ပဏီတစ်ခုကို ဒေါ်လာ သုံး သန်းဖြင့် ငှားရမ်းလိုက်သည်။
အဆိုပါလှုပ်ရှားမှုက နှစ်ပေါင်းများစွာ ဒဏ်ခတ်ပိတ်ဆို့ခံရခြင်းများနှင့် သံတမန်ရေးရာ အထီးကျန်ခြင်းတို့နှင့် ရင်ဆိုင်နေရသည့် စစ်ကော်မရှင်အတွက် တိုက်ရိုက်အကျဆုံးနှင့် အကုန်အကျအများဆုံး ကြိုးပမ်းမှု တစ်ခုလည်းဖြစ်သည်။
သမ္မတဒေါ်နယ်ထရမ့် အစိုးရနှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် DCI Group AZ, LLC ကုမ္ပဏီနှင့် စစ်ကော်မရှင် လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနတို့အကြား သဘောတူညီချက်သည် နေပြည်တော်မှ စစ်အာဏာရှင်များအပေါ် အမေရိကန်၏အမြင်ကို ပြန်လည်ကောင်းမွန်စေရန်၊ သဘာဝသယံဇာတကဏ္ဍတွင် အမေရိကန်၏ ဘဏ္ဍာရေးအကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ရရှိနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း စာချုပ်တွင် ဖော်ပြထားသည်။
ဇူလိုင်လ၊ ၃၁ ရက်နေ့က ကန် နိုင်ငံခြား ကိုယ်စားလှယ်များ မှတ်ပုံတင်ရေး အက်ဥပဒေ (FARA) အရ လော်ဘီကုမ္ပဏီက အမေရိကန်အစိုးကို တင်သွင်းခဲ့သော ထိုစာချုပ်တွင် စစ်ကော်မရှင်၏ ပြန်ကြားရေးဝန်ကြီးဌာနအတွက် တစ်နှစ်တာ လော်ဘီနှင့် မီဒီယာစည်းရုံးရေး လုပ်ငန်းများ ပါဝင်သည်။
လော်ဘီလုပ်ငန်း သဘောတူညီချက်ကို ယခုနှစ် ဇူလိုင်လ၊ ၄ ရက်တွင် စာချုပ်ချုပ်ဆိုခဲ့ကြခြင်း ဖြစ်သည်။
ဒေါ်လာ သုံး သန်းတန် ဤစာချုပ်အရ လော်ဘီလုပ်ငန်းအတွက် ဒေါ်လာ ၁ ဒသမ ၅ သန်းစီဖြင့် နှစ်ကြိမ်ခွဲ၍ စစ်ကောင်စီက ပေးဆောင်ရန် ဖြစ်ပြီး၊ ပထမအကြိမ်ငွေပေးချေမှုကို စာချုပ်စတင် အသက်ဝင်ခဲ့သည့် ဇူလိုင်လ၊ ၃၁ ရက်နေ့က ပေးဆောင်ခဲ့ရခြင်းဖြစ်ကာ၊ ဒုတိယအကြိမ်ကို ဒီဇင်ဘာလ၊ ၃၁ ရက်နေ့ (သို့မဟုတ်) ယင်းနေ့မတိုင်မီတွင် ပေးဆောင်ရမည် ဖြစ်သည်။
ယခုကဲ့သို့ လုပ်ဆောင်မှုသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ လုပ်ဆောင်ခဲ့သည့် အကြီးမားဆုံးသော လော်ဘီလုပ်ငန်းဆိုင်ရာ သဘောတူညီချက်လည်း ဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့စဉ် (ဓာတ်ပုံ: AFP)
မြန်မာ့အရေးတွင် DCI Group က ပါဝင်ပတ်သက်မှုမှာ အသစ်အဆန်းမဟုတ်ပေ။
၂၀၀၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် DCI ကုမ္ပဏီသည် ထိုစဉ်က မြန်မာ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့် ဦးဆောင်ပါဝင်ခဲ့သော စစ်အစိုးရ၏ ပုံရိပ် တိုးတက်လာစေရန် လုပ်ဆောင်ပေးခဲ့ဖူးသည်။
ထောက်လှမ်းရေးက DCI လော်ဘီကုမ္ပဏီကို ၂၀၀၂၊ ဧပြီလမှ ၂၀၀၃၊ ဇန်နဝါရီအတွင်း ငှားရမ်းခဲ့ရာတွင် မြန်မာပြည်ရှိ စစ်အစိုးရ၏ ပုံရိပ်ကိုနိုင်ငံတကာတွင် မြှင့်တင်ရေးနှင့် မြန်မာပြည်ရှိ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ထောက်လှမ်းရေးတပ်ဖွဲ့သည် ပြုပြင်ပြောင်းလဲရေးကို လိုလားသူများဖြစ်ကြောင်း နိုင်ငံတကာ အစိုးရများနှင့် သတင်းမီဒီယာများတွင် ဝါဒဖြန့်ချိရန် ဖြစ်သည်။
သို့သော် ၂၀၀၄ ခုနှစ်တွင် အာဏာသိမ်းရန်ကြိုးပမ်းသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ၎င်း၏ ထောက်လှမ်းရေးတပ်ဖွဲ့ကို စစ်တပ်ကဖမ်းဆီး အကျဉ်းကျခံရပြီးနောက် ထိုလော်ဘီလုပ်ငန်း ရပ်ဆိုင်းသွားခဲ့သည်။
ယခုအခါတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စီးပွားရေးလဲပြိုမှုများနှင့် ပြည်တွင်းစစ်မီး တောက်လောင်နေခြင်းများ၏ အဓိက လက်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရသည့် မြန်မာစစ်ကောင်စီအတွက် စည်းရုံးပေးရန် DCI Group က ပြန်လည် ပါဝင်ပတ်သက်လာခြင်း ဖြစ်သည်။
DCI ၏ ဖောက်သည်စာရင်းတွင် အဇာဘိုင်ဂျန်နိုင်ငံ၏ အာဏာရှင်အစိုးရနှင့် ယခင်က အမေရိကန်ပိတ်ဆို့အရေးယူမှုခံခဲ့ရသော ရုရှားအလူမီနီယံကုမ္ပဏီ EN+ Group ကဲ့သို့သော အငြင်းပွားဖွယ်ရာ အဖွဲ့အစည်းများလည်း ပါဝင်သည်။
ထရမ့် ပြန်လည်ရွေးကောက်တင်မြှောက်ခံရပြီး နောက်ပိုင်းကာလတွင် အမေရိကန်အစိုးသစ်နှင့် ဆက်ဆံရေးလမ်းကြောင်းများ အကောင်အထည်ဖော်ရန် ဥရောပသမဂ္ဂ၏ ဝါရှင်တန်ကိုယ်စားလှယ်ရုံးက DCI ကို ငှားရမ်းခဲ့သည်။
မြန်မာစစ်တပ်နှင့် ကန် လော်ဘီလုပ်ငန်း သဘောတူစာချုပ် သတင်းသည် ဒေါ်နယ်ထရမ့် အစိုးရက မြန်မာစစ်ကောင်စီနှင့် ဆက်နွယ်နေသည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းအချို့အပေါ် ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပေးခဲ့အပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mr. Tom Andrews က ဤလော်ဘီလုပ်ငန်း သဘောတူညီချက်အား “မသင့်လျော်သော လုပ်ဆောင်ချက်” ဟု ဝေဖန်ခဲ့သည်။
လော်ဘီသတင်းနှင့် ပတ်သက်၍ မြန်မာ လူ့အခွင့်အရေးလှုပ်ရှားသူများကလည်း မဆိုင်းမတွ ဝေဖန်ခဲ့ကြသည်။
စစ်ကောင်စီသည် ၎င်းတို့၏ရာဇ၀တ်မှုများကို ဖုံးကွယ်နိုင်ရေးအတွက်၊ ပြည်သူ့ဘဏ္ဍာငွေများကို ခိုးယူသုံးစွဲခြင်းဖြစ်ကြောင်းနှင့် အတုအယောင် ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိရန် စစ်ကောင်စီက ကြိုးပမ်းနေခြင်းဟု လူ့အခွင့်အရေးလှုပ်ရှားသူများက စွပ်စွဲခဲ့ကြသည်။
နိုင်ငံတကာ အစိုးရများအနေဖြင့် ယခုကဲ့သို့ သံသယပွားစရာ အတုအယောင်များကို ပယ်ချရမည် ဖြစ်ပြီး၊ ပိတ်ဆို့ဒဏ်ခတ်မှုများကို ရှောင်ရှားနိုင်ရေး အတွက် အတုအယောင် ရွေးကောက်ပွဲတစ်ခု ကျင်းပရန် စီစဉ်နေသည့် စစ်ကောင်စီ အပေါ် ဒဏ်ခတ်ရန် အလျင်အမြန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း Justice For Myanmar အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောခဲ့သည်။
“မြန်မာစစ်တပ်ဟာ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ သူတို့ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို ဖုံးကွယ်ဖို့နဲ့ နိုင်ငံရေးအရ အသိအမှတ်ပြုမှုရဖို့အတွက် သူတို့ ခိုးယူထားတဲ့ ပြည်သူ့ဘဏ္ဍာငွေတွေကို သန်းနဲ့ချီပြီး သုံးစွဲနေပါတယ်” ဟု မရတနာမောင်က ပြောခဲ့သည်။
“(ဝါရှင်တန်) ဒီစီက လော်ဘီသမားတွေဟာ ဘယ်လောက်ပဲ လှည့်ပတ်စည်းရုံးပေးပါစေ၊ မြန်မာစစ်အုပ်စုရဲ့ သွေးစွန်းလက်တွေကို ဆေးကြောပေးနိုင်လိမ့်မှာ မဟုတ်ပါဘူး။ ပြစ်ဒဏ်ခံရခြင်းကနေ လုံးဝ လွတ်မြောက်နေတဲ့ စစ်အစိုးရကို ကူညီဆောင်ရွက်ပေးတဲ့ DCI Group ရဲ့ဆုံးဖြတ်ချက်ကို ကျွန်မတို့ ရှုတ်ချပါတယ်” ဟုလည်း ၎င်းကဆိုသည်။



