
ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ(၆)လှုပ်ရှားရာ ဒူးပလာယာခရိုင်တွင် စစ်ကောင်စီ၏ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် စစ်စခန်းသုံးခုသာကျန်တော့ကြောင်း (KNU) ဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။
KNU တပ်မဟာ(၆) သည် ၂၀၂၄ ခုနှစ်အောက်တိုဘာ ၁၇ ရက်မှစတင်ကာ မြဝတီမြို့တောင်ဘက်ရှိ စစ်စခန်းများကို တစ်ကျော့ပြန်တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး လေးကေကော်မြို့အနီးရှိ စွယ်တော်ကုန်းစခန်း ၊ ကနဲလေးစခန်း ၊ သေဘော်ဘိုးနှင့် မော်ခီးစစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ကျန်ရှိနေသည့် စစ်ကောင်စီစခန်းများမှာ ထိုင်းနှင့်နယ်စပ်မြို့၊ မြဝတီ၏တောင်ဘက်ရှိ ထီးသဲလယ်စခန်း ၊ ဥကရစ်ထ စခန်းနှင့် ဝေါလေဗျူဟာ တို့ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပဒိုစောတောနီးက “ဒီစခန်းတွေက ဒီရက်ထဲ တိုက်နေတုန်းဆိုတော့ ပြောလို့တော့မရသေးဘူး။ ဒီတစ်ရက်၊ နှစ်ရက်ဆိုရင် သိရမှာပါ” ဟု Myanmar Now ကိုပြောသည်။
KNU တပ်မဟာ(၆)သည် ကျုံဒိုး-ကော့ကရိတ်- မြဝတီ အာရှလမ်းမှ တောင်ဘက် တနင်္သာရီတိုင်း ရေဖြူမြို့နယ်အထိ ၊ အရှေ့ဘက်ထိုင်းနယ်စပ်မှ အနောက်ဘက်ရှိ အမှတ် (၈) ကားလမ်းအထိ စစ်ရေးလှုပ်ရှားသည်။
KNU တပ်မဟာ(၆)လှုပ်ရှားရာ နယ်မြေကို ဒူးပလာယာခရိုင်အဖြစ် KNU က အုပ်ချုပ်ရေးနယ်မြေ သတ်မှတ်ထားသည်။ ခရိုင်ဥက္ကဌမှာ ပဒိုစောလစ္စတန်ဖြစ်ပြီး ဒုဥက္ကဌမှာ ဗိုလ်မှူးချုပ်စောကို့ထူးဖြစ်သည်။
စစ်ကောင်စီတပ်သည် မြဝတီနှင့် ဘုရားသုံးဆူကဲ့သို့ မြို့များတွင် ဆက်လက်တပ်စွဲထားသော်လည်း နယ်စပ်ရှိစစ်စခန်းများ တိုက်ခိုက်ခံရသည့်အပေါ် မြေပြင်စစ်ကူပေးနိုင်ခြင်းမရှိပေ။
KNU ဘက်က နယ်စပ်ရှိစစ်ကောင်စီစခန်းများကို တစ်ခုချင်းတိုက်ခိုက်သိမ်းပိုက်နေပြီး တပ်မဟာ (၆) လှုပ်ရှားရာ နယ်မြေရှိ စစ်ကောင်စီတပ်စွဲထားသော ထီးကပလယ်စခန်းကိုလည်း ဇွန်လ ၂၂ ရက်တွင် သိမ်းပိုက်လိုက်သည်။
ထီးကပလယ်စခန်းသည် စစ်ကောင်စီတပ်ရှိရာ ဝေါလေမြို့ရှိ စစ်ဗျူဟာ၏ တောင်ဘက် ၁၁ မိုင်အကွာတွင် တည်ရှိသည်။
အဆိုပါ စခန်းကို KNU ၏ လက်နက်ကိုင်တပ်များဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (K.N.D.O) နှင့် ပြည်သူ့ ကာကွယ်ရေး တပ်မတော် (P.D.F) တပ်ဖွဲ့ဝင်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်အရသိရသည်။
ထီးကပလယ်ရွာသည် KNU ၏ ဌာနချုပ်ဟောင်းနေရာဖြစ်ပြီး မြန်မာစစ်တပ်ထံ ၂၈ နှစ်ကြာ ကျရောက်ပြီးနောက် ပြန်ရယူနိုင်ခြင်းဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်အရသိရသည်။
ပဒိုစောတောနီးကလည်း “၉၄ – ၉၅ မှာ မာနယ်ပလောကျတယ်။ တပ်မဟာ ၆ ကို ရွှေ့တယ်။ ထီးကပလယ်မှာ ပြန်ထိုင်တယ်။ ၂ နှစ်ပဲ ကျွန်တော်တို့ထိုင်ရတယ်။ ထိုးစစ်အကြီးက ၁၉၉၉ မှာရောက်လာတော့ ကျွန်တော်တို့ ပြန်ရွှေ့ရပြန်ရော။ ဘာမှတော့ ပြောစရာမရှိပါဘူး။ နောက်ထပ်ခြေလှမ်းတစ်လှမ်းလှမ်းနိုင်ဖို့ အားသစ်အင်သစ်နဲ့ အဆင်သင့်ဖြစ်တယ်ပေါ့” ဟု ဆိုသည်။
KNU တပ်မဟာ ၆ သည် ကျုံဒိုးမြို့နယ်တွင်လည်း စစ်ကောင်စီတပ်ကို ရာမညမွန်တပ်တော် (RMA) နှင့်အတူ ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်ထားသည်။
ကော့ကရိတ်မြို့ရှိ အောင်ဇေယျစစ်ကြောင်းကို စစ်ကူရန် ကျုံဒိုးမြို့မှထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို KNLA ၏ ဦးဆောင်မှုဖြင့် RMA အပါအဝင် အခြားတော်လှန်ရေးတပ်များက ဇွန်လ ၁၉ ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း RMA ဘက်က သတင်းထုတ်ပြန်သည်။
RMA သည် မွန်တော်လှန်ရေးတပ်များဖြစ်သည့် မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေး (AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ပူးပေါင်း ဖွဲ့ထားသည့် တပ်ဖြစ်သည်။
စစ်ကောင်စီစစ်ကြောင်းတွင် တပ်မ ၄၄ နှင့် တပ်မ ၅၅ မှ တပ်ဖွဲ့ဝင်များပါဝင်ပြီး ကျုံဒိုးမြို့နယ် နွားခြံကုန်းရွာနှင့် အင်းကြီးရွာနားတွင် ၇ နာရီခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း RMA ပြန်ကြားရေးတာဝန်ရှိသူ ကဆိုသည်။
တိုက်ပွဲအတွင်း တပ်ရင်းမှူးနှင့် ဒုတပ်မှူးအဆင့် ဗိုလ်မှူးအပါအဝင် (၁၀) ဦးခန့်ထိခိုက်ဒဏ်ရာရပြီး (၃၀)ဦးခန့်မနည်း သေဆုံးခဲ့ကြောင်း RMA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိခိုက်သေဆုံးမှုများကို Myanmar Now အနေနှင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
KNU တပ်မဟာ(၆) ၏ မြောက်ဘက်ရှိ တပ်မဟာ ၅ လှုပ်ရှားရာ မူတြော်ခရိုင်တွင်မူ KNU နှင်းပူးပေါင်း တပ်များသိမ်းထားသော ကတိုင်တိစစ်စခန်းအား စစ်ကောင်စီတပ်က ဇွန်လ တတိယပတ်တွင် ပြန်လည်စစ်ကြောင်းထိုး တိုက်ခိုက်လာသဖြင့် လက်လွှတ်ထားရကြောင်း မြေပြင်အခြေအနေသိသည့် သတင်းရင်းမြစ်အချို့က ဆိုသည်။
KNU ဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း အဖွဲ့ရပ်တည်ရေးအတွက် နယ်စပ်ဒေကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီစခန်းများကို တိုက်ခိုက်နေကြောင်း မေလ နောက်ဆုံးပတ်တွင် Myanmar Now ကိုပြောဖူးသည်။
KNU တပ်မဟာ (၅) နယ်တစ်ကျောလုံးတွင် နယ်စပ်အခြေစိုက် စစ်ကောင်စီစခန်းများ ကင်းစင်နေပြီး KNU တပ်မဟာ (၇) နယ်မြေတွင်မူ မဲသဝေါ စစ်ကောင်စီစခန်းသာ အဓိကအားဖြင့် ကျန်ရှိနေကြောင်း KNU ဗဟိုထံမှသိရသည်။