အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
စီးပွားရေးသတင်း

တော်လှန်ရေးနယ်မြေများသို့  အမျိုးသမီးလစဉ်သုံးအပါအဝင် အခြေခံကုန်ပစ္စည်းများပို့ခွင့် ထပ်ကန့်သတ်

မန္တလေးမြို့မှ နိုင်ငံအထက်ပိုင်းသို့ပေးပို့သော ကုန်စည်များတွင် အမျိုးသမီးလစဉ်သုံးအပါအဝင် အခြေခံကုန်ပစ္စည်းများကို ယခုလဆန်းတွင် စစ်တပ်က ထပ်မံတင်းကျပ်လိုက်သည်။

နိုင်ငံအထက်ပိုင်းရှိ လက်နက်ကိုင်ခုခံ တော်လှန်မှုအားကောင်းသောဒေသများသို့ မန္တလေးမြို့မှတဆင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများအပါဝင် ဆေးဝါးနှင့်ကုန်စည်အများအပြားကို အာဏာသိမ်းစစ်တပ်က ယခုလဆန်းမှစ၍ သယ်ယူပို့ဆောင်ခွင့် ထပ်တိုးကန့်သတ်လိုက်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က ရွှေတူးဖော်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက်သုံးဆီ၊ လျှပ်စစ်ပစ္စည်း၊ ဓာတ်မြေ ဩဇာ၊ စကျင်ကျောက်၊ အောက်စီဂျင်အိုး၊ ဆေးဝါးနှင့် သံပိုက်စသည့်တို့ကို ကန့်သတ်ပစ္စည်းများအဖြစ် သတ်မှတ်ထားသည်။ 

ထိုပစ္စည်းများ သယ်ယူလိုပါက တိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုမိန့်ပါရှိမှသာ သယ်ယူခွင့်ပြုမည်ဟု ညွှန်ကြား ထားကြောင်း မန္တလေးမြို့ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များက ပြောကြသည်။

ထိုသို့ကန့်သတ်ကြောင်း အသိပေးစာကို မန္တလေးမြို့အထွက် စစ်ဆေးရေးဂိတ်များတွင် ချိတ်ဆွဲထားပြီး ဆေးဝါးနှင့်ဆေးပစ္စည်းများ စစ်ဆေးရာတွင် စောင်၊ ခြင်ထောင်၊ သူနာပြုဝတ်စုံ၊ အမျိုးသမီးလစဉ်သုံး ပစ္စည်း၊ ကလေးသုံးဒိုက်ဘာနှင့် အဝတ်အထည်များကိုလည်း စိစစ်ရမည်ဟု အသိပေးစာတွင် ဖော်ပြထား သည်။

မန္တလေးမြို့အဓိကကုန်တင်ကားကြီးကွင်းတစ်ခုဖြစ်သော စွယ်တော်ကားကွင်းကို ယခုလအတွင်း စစ်တပ် က အဖွဲ့စုံဖြင့် စစ်ဆေးပြီးနောက် ထိုကဲ့သို့ ပိုမိုတင်းကျပ်လာခြင်းဖြစ်သည်ဟု စစ်ကိုင်းတိုင်းသို့ ကုန်စည် တင်ပို့နေသော ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦးက MyanmarNow ကို ပြောသည်။ 

အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်နေသည့် တော်လှန်ရေးအင်အားစုများစိုးမိုးရာ စစ်ကိုင်းတိုင်း၊ မန္တလေး တိုင်း၊ ကချင်နှင့် ရှမ်းမြောက်ဒေသများသို့ ကုန်စည်တင်ပို့မှုကို ယခင်ကတည်းက ကန်သတ်ထားခဲ့သည်။ 

ယခုအခါ ထပ်တိုးကန့်သတ်လိုက်သဖြင့် ကုန်တင်ကားများ ရပ်ထားရသည်အထိ ကုန်စည်စီးဆင်းမှုရပ်နေ ကြောင်းလည်း အထက်ပါ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်က ဆိုသည်။ 

“(ကုန်စည်) တင်ပို့ဖို့ကို မတင်ဘဲနဲ့ ကားတွေရပ်ထားရတယ်။ စွယ်တော်မှာ စစ်ဆေးရေးလုပ်လိုက်တာ၊ နဂိုကတည်းက ကျပ်နေတာပါ။ လောလောဆယ် ဘယ်လိုပြောမလိုဆိုတော့ စစ်ကိုင်းတိုင်းကို သူတို့က ပိတ်မဲ့ အနေအထားပေါ့ဗျာ”

ထိုသို့ထပ်ကန့်သတ်ခြင်းသည် စစ်ကိုင်းတိုင်းနှင့်အထက်ပိုင်းဒေသများကို စစ်ဆင်ရေးလုပ်မည်ဟု ၎င်းက ယူဆသည်။ 

“စစ်ကိုင်းတိုင်းကို စစ်ဆင်ရေးလုပ်မယ်ထင်တာပဲ။ ဘာလို့လဲဆိုတော့ ရိက္ခာတွေပါ တော်တော်များများ သယ်ဖို့မလွယ်တော့ဘူးလေ။ ဘိလပ်မြေတောင်မရဘူး။ စစ်တာကတော့ စွယ်တော်ကားကြီးကွင်းကနေ (စစ်ဆေးပြီးမှ) ချိပ်ပိတ်ပြီး လွတ်တယ်” ဟု ၎င်းက ပြောသည်။ 

အထူးသဖြင့် စစ်ကိုင်းတိုင်းဘက်သို့ ထွက်မည့်ကုန်စည်အများပြားကို စွယ်တော်ကားကြီးကွင်းအတွင်းရှိ အကောက်အခွန်ရုံတွင် စစ်ဆေးပြီးမှ ဧရာဝတီမြစ်ဆိပ်မှတစ်ဆင့် ဒေသအသီးသီးကို သွားခွင့်ပြုသည်ဟု သိရသည်။ 

စစ်တပ်သည် ဒေသများအတွင်း ရိက္ခာ၊ သတင်း၊ ရန်ပုံငွေ၊ လူအင်အား မရောက်ရှိစေရန် စနစ်တကျ စီစဉ်ဟန့်တားခြင်းဖြစ်ပြီး ထိုသို့လုပ်ဆောင်သည်ကို ဖြတ်လေးဖြတ်မူဝါဒဟု ထင်ရှားသည်။

ရန်ကုန်၊ တောင်ကြီး၊ မိတ္ထီလာ၊ ကျောက်ပန်းတောင် စသည့်ဒေသများသို့သွားမည့် ကုန်ကားများအတွက်မူ ကုန်တင်ယာဉ်အသင်း ထောက်ခံချက်ဖြင့် သွားလာခွင့်ရကြောင်း မန္တလေးမြို့ စွယ်တော်ကားကြီးကွင်းရှိ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင် အမျိုးသားနောက်တစ်ဦးကလည်း ပြောသည်။ 

“မန္တလေးကနေ မြောက်ဘက်ကို တက်မရဘူးဗျာ။ တက်မရတော့ သပိတ်ကျင်းတို့ ဘာတို့ဘက်ကို သွားချင်ရင် စစ်ကိုင်းပေါက်ကနေ ဇက်(မြစ်ကူးသင်္ဘော) ပြန်ကူးပြီးတော့ မိုးကုတ်တို့ဘာတို့ဘက်က ပြန်သွားရတာလေ။ အဲ့ဒီအတွက် စစ်ကိုင်းပေါက်ကထွက်တဲ့ ကုန်စည်မှန်သမျှကို ကန့်သတ်တာပေါ့” ဟု ၎င်းက ဆိုသည်။

ယခုအခါ စွယ်တော်ကားကွင်းအတွင်း စစ်ဆေးသလို လမ်းတလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်များတွင် ကားများကို ထပ်မံစစ်ဆေးသည်ဟု သိရသည်။ ထိုသို့စစ်ဆေးရာတွင် ကန့်သတ်ပစ္စည်းများအပြင် အခြား ကုန်ပစ္စည်းများကို ဂိတ်စောင့်တပ်သားများက အလိုမကျလျှင် သိမ်းဆည်းကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များက ပြောကြသည်။

ထိုအခြေအနေများကြောင့် ကန့်သတ်ကုန်ပစ္စည်းများတွင် အကျုံးဝင်သည့် ကုန်စည်များကို လက်ခံ၍ မသယ်ယူတော့ကြောင်း မန္တလေးမြို့တွင် လူသုံးကုန်နှင့် စားသုံးကုန်ရောင်းချသည့် နာမည်ကြီးကုန်တိုက် တစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောသည်။ 

ယခုနှစ် မိုးရာသီတွင် မိုးကောင်း၍ စိုက်ပျိုးရေးအတွက် ဓာတ်မြေဩဇာ လိုအပ်ချက်များသော်လည်း စစ်တပ်၏ ကန့်သတ်မှုကြောင့် ဓာတ်မြေဩဇာများ သယ်ဆောင်ရန်မဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆက် ပြောသည်။ 

စစ်တပ်၏ ကန့်သတ်ကုန်ထဲတွင် အမျိုးသမီးလစဉ်သုံး ပစ္စည်းများလည်းပါဝင်ပြီး တော်လှန်ရေးဒေသ တွင် ထိခိုက်ဒဏ်ရာရရှိပါက ဆေးဝါးအခက်အခဲကြောင့် ထိုပစ္စည်းများကို ပတ်တီးအဖြစ်အသုံးပြုဖွယ် ရှိသဖြင့် ကန့်သတ်ခြင်းဖြစ်နိုင်သည်ဟုလည်း သူ့ထင်မြင်ချက်ကို ဆိုသည်။

အာဏာသိမ်းစစ်တပ်သည် ၄ နှစ်ခွဲကာလအတွင်း နိုင်ငံအနှံ့တွင် စစ်မျက်နှာဖွင့်ထားရပြီး နယ်မြေများ ဆုံးရှုံးထားရကာ ၎င်းတို့ဆုံးရှုံးနယ်မြေအတွင်း ပတ္တမြား၊ ရွှေနှင့် ရေနံကဲ့သို့ အဖိုးတန်သယံဇာတ လုပ်ကွက်များ လက်လွှတ်ခဲ့ရသည်။

အဆိုပါလုပ်ကွက်များကို နယ်မြေသိမ်းပိုက်ထားသည့် တော်လှန်ရေးတပ်များက စီမံခန့်ခွဲပြီး လိုအပ်သည့် အခွန်ဘဏ္ဍာများလည်း ရရှိနေသည်။

အထူးသဖြင့် မန္တလေးတိုင်းအတွင်း မိုးကုတ်၊ စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ ပုသိမ်ကြီးမြို့နယ်များတွင် ပတ္တမြားနှင့် ရွှေလုပ်ကွက်များရှိပြီး ထိုလုပ်ငန်းများ မလည်ပတ်နိုင်ရန် ရွှေတွင်းနှင့် ရေနံတွင်းသုံးပစ္စည်း၊ စက်သုံးဆီတို့ကို ယခင်ကတည်းက ပိတ်ဆို့ထားသည်။

ထိုသို့ပိတ်ဆို့မှုများကြောင့် တော်လှန်ဒေသမှ ပြည်သူများက ကုန်စည်များအတွက် မတန်တဆပေး၍ ဝယ်ယူနေကြရသည်ဟု စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အခြေပြု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“မတန်တဆ ပေးဝယ်ရတာပေါ့။ သွပ်တို့ဘာတို့လဲ မရဘူးပြောတယ်။ စက်သုံးဆီပုံးတွေ ပေပါတွေဆို (စစ်တပ်စစ်ဆေးရေးဂိတ်များတွင်) ဆွဲချ တယ်လို့သိရတယ်။ လစဉ်သုံးနဲ့ ကလေးဒိုင်ဘာကအစ ထိန်းချုပ်တာကတော့ အတော်ကို တရားလွန်ပြီး ပြည်သူအပေါ်စေတနာမရှိတာ ပေါ်လွင်ပါတယ်” 

ထို့ကြောင့် ရှောင်ကွင်းလမ်းများမှာ အဓိကကျလာပြီး ထိုလုပ်ငန်းလုပ်ကိုင်သူများကို စစ်အုပ်စုက တရားမဝင်ကုန်သွယ်သည်ဟုဆိုကာ မကြာခဏဖမ်းဆီးနေသည်။

တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေများသို့ စက်သုံးဆီတင်ပို့ရောင်းချသည့် စွဲချက်ဖြင့် စစ်ကိုင်း မြို့နယ်၊ ညောင်ပင်ဇင်ကျေးရွာ ကံတလူစစ်ဆေးရေးဂိတ်အနီး ဆီသိုလှောင်သည့် နေရာများမှ လူ ၁၇ ဦးကို  ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ဝင်ဖမ်းခဲ့ပြီး ဆီသယ်ယာဉ် ၂၂ စီး၊ စက်သုံးဆီမျိုးစုံ  ဂါလန် ၆၀,၀၀၀ တို့ကို သိမ်းဆည်းခဲ့သည်။

ထိုစက်သုံးဆီများကို မန္တလေးမြို့မှတဆင့် သယ်ယူ၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ် သည့် ဖားကန့်ကျောက်စိမ်းလုပ်ကွက်၊ တနိုင်းရွှေလုပ်ကွက်များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ထိန်းချုပ်ထားသည့် ကောလင်းနှင့် ချင်းတွင်းမြစ်တစ်လျှောက် ရွှေလုပ်ကွက်များ၊ တအာင်းတပ်(TNLA) နှင့် PDF တပ်များ ထိန်းချုပ်ထားသော စဉ့်ကူး၊ သပိတ်ကျင်းနှင့် မိုးကုတ်ရှိ ရွှေနှင့်သယံဇာတတူးဖော်ရေး လုပ်ကွက်များသို့ ရောင်းချခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် စွပ်စွဲထားသည်။

ကုန်စည်စီးဆင်းမှုကို နည်းလမ်းပေါင်းဆုံဖြင့် စစ်ကော်မရှင်က ပိတ်ဆို့မှုပိုမိုပြုလုပ်လာသော်လည်း လက်တစ်လောတွင် ကုန်စည်များ ဆိုးရွားစွာပြတ်လပ်မှုမရှိသေးဘဲ ပုံမှန်လည်ပတ်နိုင်ဆဲဖြစ်ကြောင်း စဉ့်ကူးမြို့နယ် တော်လှန်ရေးအဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

 ၂၀၂၄ နှစ်ကုန်က စဉ့်ကူးမြို့အတွင်း တွေ့ရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦး။  (ဓာတ်ပုံ- မိုးဦး) 

Related Articles

Back to top button