အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံရေးရွေးကောက်ပွဲလေ့လာသုံးသပ်ချက်

စစ်ကောင်စီဖျက်သိမ်းမှုနှင့်အတူ မင်းအောင်လှိုင်ပုံသွင်းနေသော အနာဂတ်နိုင်ငံရေး

“ပထမစာမျက်နှာကတော့ ကျနော်တို့ ကျော်ခဲ့ပြီးပြီ၊ ဒုတိယစာမျက်နှာ အစ” ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြွေးကြော်ပြီး၊ မိမိကိုယ်ကို ယာယီသမ္မတ အဖြစ်ခံယူကာ အဖွဲ့ဝင် (၁၀) ဦး ပါဝင်သော “အမျိုးသားကာကွယ်ရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်” ဟု အမည်သစ်ပေး၍ စစ်ကောင်စီအဖွဲ့ဝင်များနှင့်ပင် ပြန်လည်ဖွဲ့စည်းလိုက်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” အမည်ဖြင့် တိုင်းပြည်အာဏာ ကို အတင်းအဓမ္မ သိမ်းယူခဲ့ပြီး၊ လွန်ခဲ့သော ၄နှစ်ခွဲလုံးလုံး တိုင်းပြည်ကြေမွပျက်စီးခဲ့သော အကြမ်းဖက်လုပ်ရပ် များကို မရပ်မနားလုပ်ဆောင်ခဲ့သော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဇူလိုင်လ ၃၁ ရက်နေ့တွင် အဆိုပါ စစ်ကောင်စီကို ဖျက်သိမ်းလိုက်သည်။ 

“ပထမစာမျက်နှာကတော့ ကျနော်တို့ ကျော်ခဲ့ပြီးပြီ၊ ဒုတိယစာမျက်နှာ အစ” ဟု ကြွေးကြော်ပြီး၊ မိမိကိုယ်ကို ယာယီသမ္မတ အဖြစ်ခံယူကာ အဖွဲ့ဝင် (၁၀) ဦး ပါဝင်သော “အမျိုးသားကာကွယ်ရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်” ဟု အမည်သစ်ပေး၍ စစ်ကောင်စီအဖွဲ့ဝင်များနှင့်ပင် ပြန်လည်ဖွဲ့စည်းလိုက်သည်။

အညံ့ဖျင်းဆုံး တစ်ကွက်မျက်လှည့်ဖြင့် ကမ္ဘာပတ် လိမ်ညာလှည့်ဖြားရန် ကြိုးပမ်းမှု ဖြစ်သည်။ သို့သော် ရုရှား၊ တရုတ်၊ ဘယ်လာရုစ် စသည့် အာဏာရှင်နိုင်ငံတစ်သိုက် ရှိနေသ၍ သူ့ကို လက်ခံကြိုဆို လက်ဆွဲနှုတ်ဆက် ကြမည် မဟုတ်ပါလား။

ပုံသဏ္ဍန်နှင့် အနှစ်သာရ မည်သို့မျှ ထူးခြားမှုမရှိသော အဆိုပါ အပြောင်းအလဲတွင် မင်းအောင်လှိုင်သည် ၎င်း၏ ဝန်ကြီးချုပ်ရာထူးကို လူယုံတော် ဗိုလ်ချုပ်ကြီးညိုစောအား အရပ်ဝတ်အသွင်ပြောင်း ဦးညိုစောသို့ လွှဲပြောင်း ပေးခဲ့ခြင်းနှင့် ယခင် စစ်ကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး “အမှုဆောင်ချုပ်” ရာထူးအသစ် ဖန်တီး၍ အရပ်ဝတ်အသွင်ပြောင်းစေခဲ့သည်။     

မြွေအရည်ခွံလဲ အပြောင်းအလဲမှ ထူးခြားမှုတစ်ချို့

မြွေအရည်ခွံလဲသလို “စစ်ကောင်စီ” မှ “စစ်ကော်မရှင်” သို့ အပြောင်းအလဲလုပ်ခဲ့သော မင်းအောင်လှိုင်သည် စစ်ကောင်စီထုတ်ပြန်ခဲ့သော အရေးပေါ်ကာလ (State of Emergency) ကို ရုတ်သိမ်းသည်ဟု ပြောခွင့်ရ ပုဂ္ဂိုလ် ဇော်မင်းထွန်းမှ ပြည်တွင်းသတင်းမီဒီယာများကို အသိပေးထုတ်ပြန်ခဲ့သော်လည်း၊ တိုင်းပြည်တည်ငြိမ် အေးချမ်းသွားခြင်းကြောင့် ရုတ်သိမ်းခဲ့ခြင်းမဟုတ်သဖြင့် ပကတိယုတ္တိနှင့် ကင်းကွာနေသော လုပ်ရပ်သည်။ 

စင်စစ် စစ်ကော်မရှင် အမည်သစ်တွင် သုံးနှုန်းထားသကဲ့သို့ လက်ရှိအခြေအနေမှာ အမှန်တကယ် “အေးချမ်း သာယာ” နေခြင်းမဟုတ်ဘဲ၊ ရွေးကောက်ပွဲတစ်ခု၏ အခြေခံလိုအပ်ချက်ဖြစ်သော လွတ်လပ်လုံခြုံသော အခြေ အနေသည် နိုင်ငံအနှံ့တွင် ရှိမနေပါ။ တစ်နည်းအားဖြင့် ရွေးကောက်ပွဲကျင်းပရန် သင့်လျော်သော တည်ငြိမ်မှု မရှိသည် ကို တွေ့မြင်ရမည် ဖြစ်သည်။  

ထို့အပြင် မင်းအောင်လှိုင်ကိုယ်တိုင် မြေပြင်တွင် လက်တွေ့လုပ်ဆောင်နေသည်မှာ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင်လှုပ်ရှားနိုင်ရေးကို အထောက်အကူပြုသော အခြေအနေ တစ်ရပ်ဖန်တီးရန် ကြိုးပမ်းနေခြင်းမဟုတ်၊ နိုင်ငံအနှံ့ တန်ပြန်ထိုးစစ်များ ဆင်နွဲနေပြီး စစ်ရှိန်မြှင့်တင်နေခြင်း ဖြစ်သည်။ တနည်းဆိုရလျှင် တိုင်းပြည်နေရာအနှံ့ မတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်စေရန် အမြင့်ဆုံးအဆင့်ထိ မြှင့်တင်နေခြင်းဖြစ်သည်။  

ထို့ကြောင့် ကချင်၊ ကယား၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် နိုင်ငံအလယ်ပိုင်း နေရာအနှံ့တွင် မင်းအောင်လှိုင်၏ တန်ပြန်ထိုးစစ်များကို တွေ့မြင်နေရပြီး၊ စစ်ပွဲကို ပိုမိုကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာစေရန်၊ ပြင်းထန်သည် ထက် ပြင်းထန်လာစေရန် ကြိုးပမ်းနေခြင်း ဖြစ်ပြီး၊ ယင်းသည် ရွေးကောက်ပွဲတစ်ခုကျင်းပရန် ပြင်ဆင်မှု နည်းနာများနှင့် ဆန့်ကျင်ဖက် “လားရာ” ကို လျှောက်လှမ်းနေခြင်း ဖြစ်သည်။

ဒုတိယ ထူးခြားချက်မှာ အမျိုးသားကာကွယ်ရေးနှင့် ကာကွယ်ရေးကောင်စီ အမည်ဖြင့် ဦးတည်ချက် အသစ် (၄) ရပ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ စင်စစ် ကာ/လုံ ဆိုသည်မှာ နိုင်ငံတိုင်းတွင် ထားရှိသော အစိုးရအဖွဲ့ လက်အောက်ခံ ယန္တရားတစ်ခုသာ ဖြစ်သည်။ သို့သော် မင်းအောင်လှိုင်သည် ကာ/လုံကို စတင် ပုံစံပြောင်းနေ ပြီ ဖြစ်သည်။

မင်းအောင်လှိုင်သည် ရွေးကောက်ခံအရပ်သားသမ္မတ ဦးဝင်းမြင့် ဦးဆောင်သော ဒီမိုကရေစီအစိုးရကို အတင်း အဓမ္မ စစ်အင်အားသုံး၍ အမျိုးသာကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အမည်ဖြင့် ဖြုတ်ချ အာဏာသိမ်းခဲ့ သည်ကို ပြည်သူများ မမေ့လျော့သေးပါ။

ထိုလုပ်ရပ်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု မင်းအောင်လှိုင် တွင်တွင် လိမ်ညာခဲ့သည် အကြောင်းမဲ့ မဟုတ်ပါ။ ယခု ကာ/လုံ အမည်ဖြင့် အချိန်ကာလကန့်သတ်မဲ့သော ဦးတည်ချက် (၄) ရပ်ကို ပြဌာန်းလာခြင်းက မည်သည့်အစိုးရ တတ်သည်ဖြစ်စေ၊ စစ်တပ်ကြီးစိုးထားသော ကာ/လုံ ယန္တရားကို အစိုးရအဖွဲ့၏ အထက်တွင် ထားရှိရန်နှင့် ကာ/လုံတွင် အစိုးရတစ်ရပ်ကို ဖြုတ်ချပိုင်ခွင့်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အာဏာသည်ကို မင်းအောင်လှိုင် တဖြည်းဖြည်း ပုံဖော်လာခြင်း ဖြစ်သည်။   

တတိယ ထူးခြားချက်မှာ ယခင် စစ်ကောင်စီ ချမှတ်ခဲ့သော ရှေ့လုပ်ငန်းစဉ် ၅ ရပ်၏ နောက်ဆုံးအချက်တွင် တိကျရှင်းလင်းစွာ ဖော်ပြခဲ့သော “…ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရ အား နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဆိုသည့် အချက်သည် ယခုအခါ ပါဝင်လာခြင်း မရှိတော့ပါ။

ယင်းအစား ကာ/လုံ၏ နောက်ဆုံး ဦးတည်ချက် နံပါတ် (၄) တွင် “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ် များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ရေး” ဆိုသည့် အချိန်ကာလသတ်မှတ်ချက် ကင်းမဲ့သော ယေဘူယျဆန်သည့် ဦးတည်ချက်မျိုး ပြဌာန်းလာ သည်မှာ သတိပြု စရာ ကောင်းလှပါသည်။

စစ်ခေါင်းဆောင် ပုံသွင်းရန်ကြိုးပမ်းလာသည့် အနာဂတ် မြန်မာ့နိုင်ငံရေး

ထို့အတူ ဦးတည်ချက် နံပါတ် (၁) တွင် “နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန် စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရန် အစဉ်တစိုက် ဆောင်ရွက်ရေး” ဟု ပြဌာန်းလာခြင်းက မင်းအောင်လှိုင် သည် အနာဂတ် နိုင်ငံရေးအင်အားစုများနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် စစ်တပ်ခေါင်းဆောင်များ စိတ်ကြိုက်လက်ခံနိုင်မှသာ ရပ်တည်နိုင်မည့် နိုင်ငံရေးပတ်ဝန်ကျင်းကို သတ်မှတ်ပြဌာန်းဖန်တီးရန် ကြိုးစား လာခြင်း ဖြစ်သည်။

ယင်းအချက်သည် မကြာသေးခင်က ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီး ပြောခဲ့သော စစ်တပ်လက်ခံနိုင်မည့် ရွေးကောက်ပွဲရလဒ် ထွက်ရန်လိုအပ် ဆိုသည့် အချက်ကို သတိရစေပါသည်။ ထို့အတူ စစ်တပ်ကို အတိုက်အခံ လုပ်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရင်ဆိုင်ခဲ့ရသလိုမျိုး အမြစ်ဖြုတ် ဖြိုခွဲနှိမ်နှင်းခြင်းခံရမည့် ကံကြမ္မာနှင့် ရင်ဆိုင်ရမည် ဆိုသည့် သဘောသက်ရောက်နေသည်။

ထို့ကြောင့် စစ်ကောင်စီ ဖျက်သိမ်းမည့် ဂုဏ်ပြုတွေ့ဆုံပွဲတွင် မင်းအောင်လှိုင်ပြောခဲ့သော “နိုင်ငံတော်ရဲ့ ရှေ့ခရီးကတော့ အများကြီး ကျန်ပါသေးတယ်၊ ဒါတွေက ဒုတိယစာမျက်နှာရံ အစ ဖြစ်ပါသေးတယ်” လို့ ပြောဆိုခဲ့သော အဓိပ္ပါယ်ကို ကောက်ချက်စွဲရလျှင် ယနေ့သည် “စစ်ကျွန်ဇာတ်သွင်း” မည့် ပထမ ခြေလှမ်း ဟု ယူဆနိုင်ပါကြောင်း သုံးသပ်တွေ့ရှိရပါသည်။

Related Articles

Back to top button