အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါးလေ့လာသုံးသပ်ချက်သတင်း

ရက် ၁၀၀  မဟုတ်သည့် ရပ် ၁၀၀ စီမံကိန်း 

မင်းအောင်လှိုင်က သမ္မတရာထူးယူပြီးသည်နှင့် ပြည်သူတို့၏ လူမှုစီးပွား ဘဝတိုးတက်ရေး ဆောင်ရွက်မည်ဟု ဆိုလာသည်၊ လက်တွေ့မြင်နေရသည်မှာ သူ့ကြုံးဝါးချက်နှင့် ပြောင်းပြန် ဖြစ်နေသည်။

ဇူလိုင်လ နံနက်ခင်းတစ်ခုတွင် ရန်ကုန်မြို့မှ အမျိုးသားတစ်ဦး သူ​၏ ဆိုက်ကားလက်ကိုင်ပေါ်တွင် ခေါင်းငိုက်စိုက်ကျကာ အသက်ဆုံးရှုံးခဲ့သည်။ ကမ်းနားလမ်းနှင့်ဗိုလ်ဆွန်ပက်လမ်းထောင့်တွင် သေဆုံးနေသည့်  အသက် ၅၀ ကျော် ထိုအမျိုးသားသည် မိသားစု စားဝတ်နေရေးအတွက် နားရက်မရှိ ဆိုက်ကားနင်းသူဖြစ်ပြီး အာဟာရ ချို့တဲ့ပုံရကြောင်း အနီးအနားရှိနေထိုင်သူများက ပြောဆိုကြသည်။ 

စစ်အာဏာသိမ်းပြီး ငါးနှစ်ကျော်လာပြီးနောက် နေ့စဉ်အခြေခံစားသောက်ကုန်အပိုင်းတွင် အဓိက အကျဆုံးသော အစားအစာဖြစ်သည့် ကြက်ဥတစ်လုံး ဈေးနှုန်းသည်ပင် ကျပ် ၇၀၀ အထိ စံချိန်တင် ရောက်ရှိလာခဲ့ပြီးဖြစ်သည်။ 

ဤအခြေအနေသည် အရပ်သားအရေခြုံ အာဏာသိမ်း စစ်အစိုးရက ၂၀၂၆ ခုနှစ် ဧပြီလမှ ဇူလိုင်လကုန်အထိ  နိုင်ငံတော်ဖွံဖြိုးရေးနှင့် ပြည်သူလူထု​၏ လူမှုစီးပွား ဘဝတိုးတက်ရေးအတွက် ရက် ၁၀၀ စီမံကိန်း သတ်မှတ်၍ ဆောင်ရွက်နေကြောင်း ကြေညာထားသည့် အချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ 

ယင်းအစီအစဉ်အောက်တွင် စီးပွားရေးဖွံ့ဖြိုးရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ အခြေခံအဆောက်အဦနှင့် ကျန်းမာရေးကဏ္ဍ တိုးတက်ရေးအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးတို့ကို ရည်မှန်းချက်များအဖြစ် ကြေညာခဲ့သည်။ သို့သော် အာဏာသိမ်း စစ်အစိုးရက ကြီးကြီးကျယ်ကျယ် ပြောဆိုနေချိန်တွင် ပြည်သူများ၏ နေ့စဉ်ဘဝ၌ ကုန်ဈေးနှုန်းမြင့်တက်မှု၊ အခြေခံကုန်စည်ရှားပါးမှု၊ စားဝတ်နေရေးအကျပ်အတည်းတို့ ပိုမိုထင်ရှားလာသည်။  

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရက် ၁၀၀ အတွင်း ရပ်တန့်သွားသော လူမှုဘဝများ 

စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် သမ္မတအဖြစ် ကျမ်းကျိန်ရာတွင် ပြောဆိုသည့် ရက် ၁၀၀ စီမံချက်ဆိုင်ရာ စိတ်ကူးယဉ်ကြုံးဝါး ပြောဆိုမှုများသည် လက်ရှိ သုံးလခန့်ကြာလာသောအခါ မြေပြင်လက်တွေ့ ဘဝနှင့် ကင်းကွာလျက်ရှိသည်ကို အထင်းသား မြင်တွေ့ရသည်။

ပထမဦးစွာ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်မည်ဟူသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တိုင်းပြည်တပြည်လုံးတွင် သွင်းကုန်လိုင်စင်များ တင်းကျပ်ထားလျက်ရှိသည်။ 

မြန်မာ- ထိုင်းနယ်စပ် မြဝတီမြို့ရှိ အမှတ် (၂) ချစ်ကြည်ရေးတံတား တရားဝင် ပြန်ဖွင့်ပြီးဖြစ်သော်လည်း  လက်တွေ့တွင် တရားဝင်ပို့ကုန်သွင်းကုန် လိုင်စင်များ ထုတ်ပေးရန် ကြန့်ကြာနေသဖြင့် ကုန်သွယ်ရေးမှာ ရပ်တန့်နေဆဲဖြစ်သည်ဟု မြဝတီရှိကုန်သည်များထံက သိရှိရသည်။ 

ထို့အပြင် မင်းအောင်လှိုင်အစိုးရသည် ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက် အိန္ဒိယနိုင်ငံသို့ရောက်ရှိနေစဉ် အိန္ဒိယကုန်ပစ္စည်းများသည် မြန်မာနိုင်ငံ ပြည်တွင်းရှိ ကုန်ပစ္စည်းများထက် မည်မျှပင် အရည်အသွေး ကောင်းစေကာမူ အကောင်းကြိုက်တိုင်း တင်သွင်းခွင့် မပြုနိုင်ဟုပြောဆိုခဲ့သည်။ ထိုခရီးစဉ်မှာပင်  ကုန်ပစ္စည်းတင်သွင်းမှုကို ကန့်သတ်မည့် ပြောဆိုချက်များလည်း ရှိခဲ့သည်။ 

ထိုင်းနယ်စပ်ဘက်တွင်လည်း မြဝတီနယ်စပ်ဂိတ်ကို ဟန်ပြဖွင့်လှစ်ထားသော်လည်း သွင်းကုန်လိုင်စင်များကို ပိတ်ပင်ထားသည်။ ဤသည်မှာ ဈေးကွက်စီးပွားရေးစနစ်ထက် ထိန်းချုပ်ရေးစနစ်သို့ ဦးတည်နေကြောင်း ပြသနေသည်။

ဇူလိုင်လ ၁၄ ရက်တွင်လည်း ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်တံတားအနီး စစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်းများသယ်ဆောင်လာသည့် ၁၂ ဘီးကား ငါးစီးကို အကောက်ခွန်မဲ့ တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်မှု စွဲချက်ဖြင့် ဖမ်းဆီးခဲ့သည်။ 

တစ်ဖက်တွင်လည်း တရားဝင်ကုန်သွယ်ရေးတံတား ဖွင့်လှစ်ထားပြီးပြီ ဖြစ်သည့် မြဝတီရှိ ဂိုဒေါင်အချို့တွင် တရားမဝင်ကုန်ပစ္စည်းများတွေ့ရှိသည်ဟု အကြောင်းပြ၍ ဇူလိုင်လ ၂၀ ရက်တွင် ပို့ကုန်သွင်းကုန် ဥပဒေဖြင့် ဂိုဒေါင်အချို့ကို ချိပ်ပိတ်ခဲ့သည်။ 

ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း စစ်ဆေးရေးဂိတ်များမှ ဖမ်းဆီးရမိသည်ဆိုသော ကုန်ပစ္စည်းများကိုလည်း လေလံတင်ရောင်းချလျက်ရှိနေသည်။  

အဆိုပါ လေလံစနစ်ဖြင့်ရောင်းချသည့် ကုန်ပစ္စည်းများကို စစ်တပ်နှင့်သက်ဆိုင်သည့် လုပ်ငန်းရှင်များသာ လိုင်းကြေးပေးကာ ဝယ်ယူခွင့်ပါမစ် ရနိုင်မည် ဖြစ်သည်။ 

နယ်စပ်ဖြတ် တင်သွင်းလာသည့် ကုန်ပစ္စည်းများ သိမ်းဆည်းခံရနိုင်ခြင်း၊ အသိမ်းမခံရစေရန်အတွက် လာဘ်ထိုးရခြင်းတို့ကြောင့်   ပြည်တွင်းတွင် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ခ သုံးဆခန့် တက်လာပြီး ပြည်သူလူထုမှာ ပစ္စည်းပြတ်လပ်သည့်ဒဏ်ကိုပါ ရင်ဆိုင်နေရသည်။

ထို့သို့ စစ်တပ်​၏ ပိတ်ပင်မှုများကြောင့်  ကုန်တိုက်ကြီးများတွင် ပြည်ပထုတ် အခြေခံလူသုံးကုန်များဖြစ်သော  သွားတိုက်ဆေး၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်စသည့် ကုန်ပစ္စည်းများ မရှိသလောက်ပြတ်လပ်သွားပြီး ပြည်တွင်းရှိ ထုတ်ကုန်ပစ္စည်းများ အစားထိုး နေရာယူလာကြသည်။ 

မင်းအောင်လှိုင်၏  ရက် ၁၀၀ စီမံချက်အတွင်း အစစအရာရာ ဈေးတက်နေသဖြင့် ဦးသိန်းစိန်ခေတ်ကို တိတ်တခိုးလွမ်းသည်ဟု စစ်ကောင်စီလက်အောက်ခံ PNO ပါတီအတွင်းရေးမှူးချုပ် ခွန်သိန်းဖေက ၎င်း၏ လူမှုကွန်ရက်အကောင့်တွင်ရေးသား ငြီးတွားသည်။ 

မင်းအောင်လှိုင်က ဇူလိုင်လ ၂၁ ရက်တွင်ပြုလုပ်သော ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး အစည်းအဝေးတွင် စားအုန်းဆီ တင်သွင်းရာတွင်  နိုင်ငံခြားငွေကုန်သဖြင့် ပြည်သူလူထု ဆီလျှော့သုံးရန် ထပ်မံပြောကြားသည်။ 

ထိုအပြောကြောင့် စာအုံးဆီဈေးနှုန်းမှာ တစ်ပိဿာ ကျပ် ၂၀,၀၀၀ ထက်  ပိုမို မြင့်တက်လာနိုင်ခြေရှိနေသည်။

မင်းအောင်လှိုင်က မည်မျှပင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအကြောင်း ပြောစေကာမူ စစ်တပ်၏  ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က  ကုန်ဈေးနှုန်း သုံးဆ ကြီးမြင့်လာမှုကို ဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်။  ၎င်းတို့၏  လွှတ်တော်သို့  သွားရောက် ဖြေကြားပြောဆိုပေးရန် တာဝန်ရှိသည်မှာ သွင်းကုန်လိုင်စင်များ ပိတ်ထားသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဖြစ်သည်။ သို့သော်လည်း  လာရောက်ဖြေကြားသည်မှာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဖြစ်နေသည်။ လက်တွေ့ကျသော ဖြေရှင်းချက်များလည်း မပါပေ။

 အမေရိကန်- အီရန်စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြား ပိတ်ထားချိန် နိုင်ငံအများအပြားသည် ပြည်တွင်း စက်သုံးဆီလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် နည်းလမ်းအမျိုးမျိုးကြံဆ၍ လုပ်ဆောင်နေသည်။  မင်းအောင်လှိုင်က စက်သုံးဆီတင်သွင်းမှုကို လာမည့် စက်တင်ဘာလမှ စတင်လျှော့ချမည်၊   သန်လျင်ရေနံချက်စက်ရုံမှ ထုတ်လုပ်၍ အစားထိုးမည်ဟု အမိန့်ပေးထားကြောင်း သတင်းထွက်နေသည်။ အကျိုးဆက်အားဖြင့် ပြည်တွင်းတွင် စက်သုံးဆီဈေးနှုန်းမှာ ချက်ချင်းလက်ငင်းဆိုသလိုပင် ပြန်လည်တက်လာ သည်။ 

အထက်တွင်ဖော်ပြခဲ့သော သွင်းကုန်လိုင်စင်များ ပိတ်ထားသောကြောင့် ပြည်သူလူထု အခက်အခဲမျိုးစုံ ကြုံတွေ့နေရချိန်တွင် မင်းအောင်လှိုင်၏  သားသမီးများနှင့် စစ်ခေါင်းဆောင် အသိုင်းအဝိုင်းကို သိန်းထောင်ချီပေးနိုင်လျှင် သွင်းကုန်လိုင်စင် ရနိုင်သည်ဟုလည်း သတင်းထွက်နေသည်။ 

ထို့ကြောင့် ကုန်စည်ဖမ်းဆီးခြင်း၊ ဂိုဒေါင်ချိပ်ပိတ်ခြင်း၊ လေလံတင်ရောင်းချခြင်းတို့သည် တရားဥပဒေစိုးမိုးရေး မဟုတ်ဘဲ စစ်တပ်နှင့် စစ်ခရိုနီများ သီးသန့်အကျိုးအမြတ်ရယူသည့် “လက်ဝါးကြီးအုပ် စီးပွားရေးစနစ်” ကို ဖန်တီးနေခြင်းဖြစ်သည်။ 

အဆိုပါ အခြေအနေများကြောင့်ပင် နောက်ဆက်တွဲ ကုန်ဈေးနှုန်း သုံးဆခန့်တက်၍ ပစ္စည်းပြတ်လပ်သည့်ဒဏ်ကို ပြည်သူလူထုကသာ တိုက်ရိုက် ခံစားရလျက်ရှိပြီး စစ်အုပ်စုအပါအဝင် ခရိုနီလူတန်းစားများသည် ခေတ်ပျက်ကြီးတွင် ဆက်လက်ကြီးပွားလျက်ရှိနေသည်ကိုတွေ့ရသည်။

လက်ရှိပြည်တွင်းတွင် ကုန်ပစ္စည်းရှားပါးမှုနှင့် ငွေကြေးဖောင်းပွမှုဒဏ်ကြောင့် ဈေးနှုန်းမြင့်လာမှုဒဏ်ကို နိုင်ငံအနှံ့အပြား အကြီးအကျယ် ကြုံတွေ့နေရပြီ ဖြစ်သည်။ 

ခေတ်အဆက်ဆက် အခြေခံစားသောက်ကုန်ပစ္စည်းတွင် ဈေးနှုန်းချိုသာပြီး မရှိမဖြစ် ကုန်စည်ဖြစ်သော “ကြက်ဥ” သည် စစ်အာဏာမသိမ်းခင်အထိ တစ်လုံး ၁၀၀ ကျပ်ဝန်းကျင်မှ  အာဏာသိမ်းစစ်ခေါင်းဆောင်၏ ရက် ၁၀၀ စီမံကိန်းကာလတွင် ကျပ် ၇၀၀ ဝန်းကျင်သို့ ရောက်ရှိလာခဲ့ပြီ​ဖြစ်သည်။ 

ထိုသို့ ဖြစ်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ မွေးမြူရေးသုံးလုပ်ငန်းပစ္စည်းများကို သွင်းကုန်ကန့်သတ်မှုဖြင့် တင်သွင်းခွင့် လျှော့ချလိုက်သောကြောင့် ဖြစ်သည်။ 

အကျိုးဆက်အားဖြင့် ပြည်တွင်းတွင် ပိုက်ဆံရှိလျှင်ပင် ကြက်ဥကို လိုသလောက် ဝယ်မရတော့ပေ၊ ကုန်တိုက်ကြီးများတွင်ပါ အရောင်းရပ်ထားရလောက်သည့်အထိ ​ဖြစ်လာခဲ့သည်။ 

တိရစ္ဆာန်အစာနှင့်ဆေးဝါးများ တင်သွင်းခွင့်ပိတ်ပင်ကာ အသား၊ ငါးတိုးချဲ့ထုတ်လုပ်ရန် ပြောဆိုခြင်းမှာ မင်းအောင်လှိုင်​၏ ရက် ၁၀၀ အတွင်း ပေါ်ပေါက်နေခြင်း ဖြစ်သည်။  

တစ်ရက် အခြေခံလုပ်ခ ၇၈၀၀ သာရှိသော မြန်မာနိုင်ငံတွင်  ကုန်ဈေးနှုန်းမြင့်တက်နေသည့်အတွက် အသားဟင်း၊ ငါးဟင်း မစားနိုင်သော အခြေခံလူတန်းစားသည် နေ့စဉ်အာဟာရအတွက် လိုအပ်သော ပရိုတင်းပမာဏ ရရှိမည့် ကြက်ဥကိုပင် မစားနိုင်တော့သည့် အခြေအနေသို့ ဆိုက်ရောက်လာသည်။ 

အထက်တွင် ဆိုခဲ့သလိုပင် နားရက်မရှိအလုပ်လုပ်နေရသော ဆိုက်ကားသမားတစ်ဦး အာဟာရ လုံလောက်စွာ မရရှိမှုကြောင့်ဟု သေဆုံးရသည်ဟူသော ဖြစ်စဉ် ပေါ်ပေါက်လာသည်။ အခြားတစ်ဖက် ရခိုင်ပြည်နယ်တွင်လည်း စားဝတ်နေရေးအတွက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်ပေါ်လာသည်။ 

အလုပ်အကိုင်ရှားပါးလာခြင်း၊ ငွေကြေးကျပ်တည်းမှု၊ ဆင်းရဲမွဲတေမှုစသည့်အထွေထွေအကျပ်အတည်းများ ဆိုးဝါးလာချိန်တွင် ရန်ကုန်၊ မန္တလေးအပါအဝင် အခြားမြို့နယ်များတွင် ကျောက်ကပ်ရောင်းချ၍  စားဝတ်နေရေးအတွက် ဖြေရှင်းလာသူများရှိလာသည်။ 

လက်ဖက်ရည် တစ်ခွက် ကျပ် ၃၀၀၀  ဖြစ်လာချိန်တွင် အခြေခံလူတန်းစားများမှာ နေ့စဉ်ထမင်းနှပ်မှန်ရေး ရုန်းကန်နေရပြီး၊ လူလတ်တန်းစားများသည်ပင် မလိုအပ်ဘဲ လက်ဖက်ရည်ဆိုင် မထိုင်တော့ပေ။  

ထိုကြောင့် ဗမာတို့​၏ နေ့စဉ်လူနေမှုဘဝနှင့် ယှဉ်တွဲလျက်ရှိသော လက်ဖက်ရည်ဆိုင်ထိုင်သည့် ယဉ်ကျေးမှုနှင့် လက်ဖက်ရည်ဆိုင် လုပ်ငန်းမှာလည်း ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့်များစွာ ထိခိုက်လာနိုင်သည့်သဘော ရှိနေသည်။ 

ထိုကဲ့သို့ ကြက်ဥဈေးနှုန်း စံချိန်တင်မြင့်တက်ခြင်း၊ ကိုယ်တွင်းကလီစာများကို ရောင်းချ၍ စားဝတ်နေရေးဖြေရှင်းခြင်း၊ လက်ဖက်ရည် တစ်ခွက်ဈေးနှုန်းသည် ဆန်ကြမ်းတစ်ပြည်နီးပါး ဖြစ်လာခြင်း၊ ကျပ်တည်းမှုဒဏ် မခံစားနိုင်တော့၍ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်းစသည့် အခြေအနေများသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်​၏ ရက် ၁၀၀ စီမံချက်အတွင်း ဖြစ်ပေါ်လျက်ရှိနေသည်။

စစ်အာဏာသိမ်းအကျိုးဆက်ကြောင့် ဒုက္ခတွင်းဆုံးကျနေသော မြန်မာပြည်သူလူထု၏ ဘဝကို စာရေးဆရာကြီး (ဦး)အောင်သင်း စကားနှင့်တင်စာပြောရမည်ဆိုလျှင်  သေဆုံးသွားသောသူများမှာ အသက်ရှုရပ်၍ ရှင်သန်နေသူမှာ အသက်ရှူကျပ်လျက် ရှိနေသည်ဟု ဆိုရမည် ဖြစ်သည်။ 

ပြည်ပ ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် အင်ဒိုနီးနားနိုင်ငံမှ Nabati မုန့်လုပ်ငန်းသည်လည်း သွင်းကုန်လိုင်စင် ပိတ်ထားခြင်းကြောင့် မြန်မာဈေးကွက်မှ ရုပ်သိမ်းတော့မည်ဟု သတင်းထွက်နေသည်။ ပြည်တွင်းရှိ Amata Hotel Group ကလည်း ယင်း​၏ ငွေဆောင်နှင့်ပုဂံမှ ဟိုတယ်နှစ်လုံးကို ထုတ်ရောင်းတော့မည်ဟု ဆိုသည်။  

ဤသည်မှာလည်း ပြည်ပသွင်းကုန်ပစ္စည်းများ အလုံအလောက်မရရှိခြင်း၊ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းလာခြင်းတို့ကို ညွှန်ပြလျက်ရှိနေသည်။

အဆုံးသတ်အားဖြင့် စိုက်ပျိုးရေးဖြင့်နိုင်ငံတော် တိုးတက်အောင်လုပ်မည်ဆိုသော မင်းအောင်လှိုင်​၏ ရက် ၁၀၀ စီမံကိန်းအတွင်း ပို့ကုန်အပိုင်းနှင့်ပတ်သက်၍  ပြည်တွင်းရှိ ပြောင်းဖူးဈေးကွက်မှာ အရောင်းအဝယ်အေး၍ ရပ်တန့်နေသည်။ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုအပိုင်းမှာလည်း ကျဆင်းနေသည်၊ ကောက်ညှင်း ပို့ကုန်သမားများ​၏ ပြောကြားချက်အရ ပြည်ပသို့ တင်ပို့သည့် ကောက်ညှင်းများတွင် ဆန်ချော၊ ဆန်ကွဲများ ရောထားမှုကြောင့် မြန်မာ့ကောက်ညှင်းမှာ အမည်ပျက်စာရင်းထဲ အထည့်ခံထားရပြီး စီးပွားရေးလည်ပတ်မှု ရပ်ဆိုင်းလျက်ရှိနေကြောင်း လေ့လာတွေ့ရှိရသည်။

ရက် ၁၀၀ စီမံကိန်း နှင့် ငြိမ်းချမ်းရေး

စစ်အစိုးရက ရက် ၁၀၀ ငြိမ်းချမ်းရေးအစီအစဉ်အတွင်း  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့် ဆက်တိုက်တွေ့ဆုံခဲ့သည်။ တရုတ်၏ ဖိအားနှင့် သီးခြားဆွေးနွေးမှုများကြားတွင် ရှမ်းမြောက်ဒေသရှိ တိုက်ပွဲအချို့ ယာယီရပ်တန့် လျော့နည်းလာခဲ့ပြီး မြောက်ပိုင်းအဖွဲ့အချို့သည် ရက် ၁၀၀ ကာလ ဆွေးနွေးပွဲများတွင် ပါဝင်လာခဲ့သည်။  

အဆိုပါတွေ့ဆုံပွဲများတွင် နယ်မြေတည်ငြိမ်ရေး၊ ရပ်တန့်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကဲ့သို့သော အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သက်ဆိုင်ရာအဖွဲ့များ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။ စစ်တပ်ဘက်က ယင်းတွေ့ဆုံမှုများကို ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်သော နိုင်ငံရေးလမ်းကြောင်းတစ်ခု အဖြစ် ပုံဖော်လျက် ရှိသည်။

သို့သော် ဆွေးနွေးပွဲခန်းမများအတွင်း ငြိမ်းချမ်းရေးအကြောင်း ပြောဆိုနေချိန်မှာပင် မြေပြင်၌ စစ်ရေးတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ဇူလိုင်လ ၁၉ ရက်တွင် ရခိုင်ပြည်နယ်ရှိ မအီ၊ သံတွဲနှင့် ပုဏ္ဏားကျွန်းဒေသများကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် လူနေအဆောက်အအုံများ ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။ ယင်းဖြစ်ရပ်များအပြီးတွင် AA က စစ်တပ်၏             ရက် ၁၀၀ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့် မြေပြင်စစ်ရေးလုပ်ရပ်များ မည်မျှအထိ ထပ်တူကျသနည်းဟု မေးခွန်းထုတ်ခဲ့သည်။

 KNU ထိန်းချုပ်နယ်မြေအချို့၌ မြေပြင်စစ်ရေးလှုပ်ရှားမှုနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ရှိနေ ကြောင်း ကရင်သတင်းရင်းမြစ်များနှင့် တော်လှန်ရေးအင်အားစုများက ပြောဆိုခဲ့ကြသည်။ KNU ပြောခွင့်ရသူကလည်း စစ်တပ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုသည် စစ်မှန်သော ငြိမ်းချမ်းရေးတည်ဆောက်ရန်ထက် အကြောက်တရားနှင့် ခြိမ်းခြောက်မှုတွင် အခြေခံထားသည်ဟု ဝေဖန်ခဲ့သည်။

အထူးသဖြင့် စစ်ခေါင်းဆောင်၏ ဖိတ်ခေါ်ချက်တွင် သဘောတူညီမှုမရရှိပါက “လုပ်သင့်လုပ်ထိုက်တာများကို လုပ်ဆောင်သွားမည်” ဟူသော သဘောထားပါဝင်နေခြင်းက ငြိမ်းချမ်းရေးဖိတ်ခေါ်မှု၏ စစ်မှန်မှုကို သံသယပိုမိုဖြစ်ပေါ်စေသည်။ ဆွေးနွေးပွဲတက်ရောက်ရန် အချိန်ကန့်သတ်ခြင်း၊ မတက်ရောက်ပါက အကျိုးဆက်ရှိနိုင်ကြောင်း သွယ်ဝိုက်ခြိမ်းခြောက်ခြင်းတို့သည် တန်းတူညီမျှသော နိုင်ငံရေးဆွေးနွေးမှုတရပ်ထက် လက်နက်အင်အားတွင် အခြေခံသော ဖိအားပေးဆွေးနွေးမှုတရပ်နှင့် ပိုမိုနီးစပ်နေသည်။ 

ထို့အပြင် တွေ့ဆုံမှုများကို အဖွဲ့အားလုံးပါဝင်သည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအဖြစ် မပြုလုပ်ဘဲ တစ်ဖွဲ့ချင်းစီ ခွဲခြားတွေ့ဆုံနေခြင်းကိုလည်း သတိပြုရမည်ဖြစ်သည်။ ယင်းနည်းလမ်းသည် အဖွဲ့တစ်ဖွဲ့ချင်း၏ လိုလားချက်များကို သီးခြားညှိနှိုင်းနိုင်သော်လည်း ပဋိပက္ခ၏ အခြေခံနိုင်ငံရေးပြဿနာများဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အာဏာခွဲဝေမှုနှင့် စစ်တပ်၏ နိုင်ငံရေးအခန်းကဏ္ဍတို့ကို အားလုံးပါဝင်သောနည်းလမ်းဖြင့် ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။

ထို့ကြောင့် KNU နှင့် AA တို့၏ မေးခွန်းထုတ်မှုများသည် စစ်တပ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့်ပတ်သက်လျှင် ယုံကြည်မှု အကျပ်အတည်းရှိနေကြောင်း ဖော်ပြနေသည်။ ငြိမ်းချမ်းရေးသည် အစည်းအဝေးအရေအတွက်နှင့် တွေ့ဆုံခဲ့သည့်အဖွဲ့အရေအတွက်ဖြင့်သာ တိုင်းတာနိုင်သည့်အရာမဟုတ်ပေ။ စစ်ရေးတိုက်ခိုက်မှုများ ရပ်တန့်ခြင်း၊ အရပ်သားများကို ကာကွယ်ခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်းနှင့် ပဋိပက္ခ၏ နိုင်ငံရေးအရင်းအမြစ်များကို ဖြေရှင်းလိုသည့် ဆန္ဒရှိခြင်းတို့က ပိုမိုအရေးကြီးသည်။

တစ်ဖက်တွင် ဆွေးနွေးပွဲခန်းမများ ဖွင့်ထားပြီး အခြားတစ်ဖက်တွင် ဗုံးကြဲခြင်း မရပ်တန့်သေးသရွေ့ ယင်းလုပ်ငန်းစဉ်ကို စစ်မှန်သောငြိမ်းချမ်းရေးဟု သတ်မှတ်ရန် ခက်ခဲနေမည်ဖြစ်သည်။ ရက် ၁၀၀ အတွင်း ထိုသို့ တွေ့ဆုံနိုင်ခြင်းမှာလည်း ဟန်ပြ တွေ့ဆုံခြင်းသာ  ဖြစ်နေသည်။ 

နိဂုံးချုပ်အားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင် ဖွဲ့စည်းထားသည့် စစ်အစိုးရ၏ ရက် ၁၀၀ စီမံကိန်းကာလတွင်  စီးပွားရေးဖွံ့ဖြိုးရေး၊ လူမှုဘဝတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးကို ကြေညာထားသော်လည်း လက်တွေ့တွင် သွင်းကုန်ကန့်သတ်မှု၊ ကုန်သွယ်ရေးရပ်တန့်မှု၊ အခြေခံကုန်စည်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် အလုပ်အကိုင်ကျဆင်းမှုတို့ကြောင့် ပြည်သူလူထု၏ စားဝတ်နေရေး ပိုမိုကျပ်တည်းလာခဲ့သည်။ 

တစ်ဖက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း အခြားတစ်ဖက်တွင် မြေပြင်ထိုးစစ်နှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ရှိနေခြင်းက ငြိမ်းချမ်းရေးစကားနှင့် စစ်ရေးလုပ်ရပ်ကြား ကွာဟမှုကို ထင်ရှားစေခဲ့သည်။ ထို့ကြောင့် ယင်းစီမံကိန်းသည် မင်းအောင်လှိုင်အစိုးရ၏ အုပ်ချုပ်ရေးစွမ်းဆောင်ရည်ကို ပြသရန် ရည်ရွယ်သည့် “ရက် ၁၀၀ စီမံကိန်း” ဖြစ်သော်လည်း ပြည်သူလူထုအတွက်တော့ စီးပွားရေး၊ စားဝတ်နေရေးနှင့် ငြိမ်းချမ်းရေးတို့ ပိုမိုရပ်တန့်သွားစေသည့် “ရပ် ၁၀၀ စီမံကိန်း” အဖြစ်သာ ထင်ရှားလာနေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button