အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

ဖမ်း၍မကုန်သော တရုတ်ကျားဖြန့်နှင့် စစ်တပ်၏ သံသယဖြစ်ဖွယ် နှိမ်နင်းမှုပုံသဏ္ဌာန်  

စစ်ဗိုလ်ချုပ်များ ကျားဖြန့်နှိမ်နင်းနေမှုသည် ၎င်းတို့မူးယစ်ဆေးနှိမ်နင်းခဲ့ပုံနှင့် ဆင်တူနေပြီး ကျားဖြန့်ငွေလိမ်ဂိုဏ်းများကလည်း စစ်တပ်ထိန်းချုပ်မြို့များတွင် ဆက်လက် ဖြန့်ကြက်လုပ်ကိုင်နေသည်။

တရုတ်ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ မြန်မာ- တရုတ်နယ်စပ်မှ ရှမ်းပြည်နယ်အနှံ့အပြား ရောက်ရှိလုပ်ကိုင်နေသည့် အခြေအနေကို ၁၀၂၇ စစ်ဆင်ရေးအလွန် ရှမ်းပြည်တခွင် ပျံ့နှံ့သွားသော တရုတ်ကျားဖြန့်ပြဿနာ ဆောင်းပါးဖြင့် အာဏာသိမ်းစစ်တပ် ထုတ်ပြန်ခဲ့သော အထောက်အထားများ စုစည်း၍ ဩဂုတ်လနှောင်းပိုင်းတွင် သုံးသပ် တင်ပြခဲ့သည်။ နောက်တစ်လခန့်အကြာ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် အဆောက်အအုံများကို ဝင်ရောက်စီးနင်းသည့် သတင်းများ ထပ်မံထွက်ပေါ်လာသည်။ 

၂၀၂၃ ခုနှစ်က စတင်နှိမ်နင်းဖမ်းဆီးခဲ့သော မြန်မာနိုင်ငံအတွင်း ဝင်ရောက်လုပ်ကိုင်နေသည့် ကျားဖြန့်ဂိုဏ်း များနှင့် ဖမ်း၍မကုန်သော တရုတ်နိုင်ငံသားများသည် မိုးဦးကျ မှိုများသဖွယ် နိုင်ငံအနှံ့ အားကောင်းပျံ့နှံ့နေဆဲ ဖြစ်သည်။ ယခုအခါ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကျားဖြန့်ငွေလိမ်ဂိုဏ်းများ နှိမ်နင်းမှု မအောင်မြင်ခြင်းကို ထင်ရှားစွာ တွေ့မြင်နေရပြီး၊ ဒေါ်လာဘီလီယံနှင့်ချီ ကြီးမားသော ထိုငွေလိမ်လုပ်ငန်းမှ “ငွေမည်း” (Black Money) များကို ငွေကြေးခဝါချမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသည်ဟု သုံးသပ်ချက်များ ထွက်ပေါ်နေသည်မှာ ကာလအတန်ကြာကတည်းက ဖြစ်သည်။ 

အချိန်ကာလ သုံးနှစ်ခန့် ကြာမြင့်လာပြီဖြစ်သော ကျားဖြန့်နှိမ်နင်းရေးကို အာဏာသိမ်းစစ်ခေါင်းဆောင် စစ်စစ်မှန်မှန် အကောင်အထည်ဖော်နေခြင်းလား၊ သို့မဟုတ် ဟန်ပြနှိမ်နင်းနေခြင်းလား မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။ ထိုမေးခွန်းသည် အခြေအမြစ်မရှိသော စွပ်စွဲချက်တစ်ခုမျှသာ ဖြစ်သည်ဆိုလျှင် သမိုင်းကို သေချာ လေ့လာသင့်သည်ဟု ဆိုရပေလိမ့်မည်။ 

မြန်မာစစ်ဗိုလ်ချုပ်များက မူးယစ် ဆေးဝါးနှိမ်နင်းရေးကို ဆယ်စုနှစ်များစွာ ဘိန်းစစ်ဆင်ရေး အမျိုးမျိုးဖြင့်  ပြတ်ပြတ်သားသား လုပ်ဆောင်နေသည်ဟု နိုင်ငံတကာကို ဝါဒဖြန့်ခဲ့ကြသည်။ သို့သော် ထိုစစ်ဗိုလ်ချုပ်များ သည် ဘိန်းဘုရင်များကို မည်သည့်အခါကမျှ ဖမ်းဆီးထောင်ချခြင်း မပြုလုပ်ခဲ့ကြဘဲ၊ ကြွယ်ဝချမ်းသာသော နိုင်ငံတော်အဆင့် ထိပ်တန်းသူဌေးကြီးများအဖြစ် မြှောက်စားခဲ့သူများဖြစ်ကြောင်း သမိုင်းသက်သေများ အထင်အရှား ရှိခဲ့သည်။   

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဆရာသမား အာဏာရှင်ဟောင်း သန်းရွှေသည် အမေရိကန်အစိုးရက အလိုရှိသော ဘိန်းဘုရင်များဖြစ်သည့် လောစစ်ဟန်နှင့် ခွန်ဆာကို ရန်ကုန်မြို့တွင် လုံခြုံစွာ ကာကွယ်စောင့်ရှောက် ပေးထားပြီး၊ ၎င်းတို့၏ မူးယစ်ဆေးဝါးမှ ရရှိခဲ့သော ငွေမည်းများကို နိုင်ငံတော်က ဦးဆောင်သော ငွေကြေးခဝါချပွဲ (State-sponsored Money Laundry) ပြုလုပ်ပေးခဲ့သူ ဖြစ်သည်။ လောစစ်ဟန်နှင့် ခွန်ဆာသည် သေဆုံးချိန် အထိ မြန်မာနိုင်ငံ၏ ကြွယ်ဝချမ်းသာဆုံး ထိပ်တန်းသူဌေးကြီးများ အဖြစ် နေထိုင်သွားခဲ့ကြပြီး၊ ယခုအခါ ၎င်းတို့၏ မျိုးဆက်များသည် နိုင်ငံ၏ ထိပ်တန်းကုမ္ပဏီစုကြီးများကို ဦးဆောင်လျက်ရှိသည်။ သို့သော် ဘိန်းဖြူနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးခြင်းတွင် မြန်မာသည် ကမ္ဘာ့ထိပ်တန်းစာရင်းတွင် အမြဲရှိနေခဲ့သည်။ 

ဆရာ့ခြေရာ ထပ်တူနင်းသော မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး မျက်နှာသစ် သူဌေးကြီး သူဌေးလေးများ စတင်မွေးထုတ်ကာ၊ ပြည်ပခရီးစဉ်များတွင် ပွဲထုတ်လျက်ရှိသည်။ စစ်အာဏာသိမ်းမှုကြောင့် ပျက်စီးယိုယွင်းနေသော တိုင်းပြည်၊ ကျဆင်းနေသော စီးပွားရေးနှင့် အသက်ရှင်သန်ရေးအတွက် ရုန်ကန်းနေရသော သန်းနှင့်ချီသည့် ပြည်သူများအကြား၊ မည်သည့်အချိန်က မည်ကဲ့သို့သော သမာအာဇီဝလုပ်ငန်းများဖြင့် ကြွယ်ဝချမ်းသာခဲ့ကြောင်း မှတ်တမ်းပြစရာမရှိသည့် ခေတ်ပျက် မျက်နှာသစ်သူဌေးများ မင်းအောင်လှိုင်၏ အာဏာစက်အောက်တွင် အလျှိုလျှိုထွက်ပေါ်လျက် ရှိသည်။ 

မင်းအောင်လှိုင် မွေးထုတ်နေသည့် ခေတ်ပျက် မျက်နှာသစ်သူဌေးများအထဲ ကျားဖြန့်ဘုရင်များ ပါဝင်နေမည် လား၊ စစ်အသုံးစရိတ်အတွက် နိုင်ငံခြားငွေ အကြီးအကျယ်လိုအပ်နေချိန် နိုင်ငံတော်အဆင့် ငွေကြေးခဝါချပွဲ ကြီးတွင် ကျားဖြန့်ငွေများ မည်မျှစီးဝင်နေမည်နည်း စသည့် နောက်ဆက်တွဲမေးခွန်းများနှင့်အတူ မင်းအောင် လှိုင်၏ ကျားဖြန့်နှိမ်နင်းမှု  ပုံသဏ္ဌာန်ကို လေ့လာဆန်းစစ်ဖော်ထုတ်ရန် လိုအပ်သည်။ 

မူးယစ်ဆေးဝါးနှိမ်နင်းသည့်အတိုင်း ကျားဖြန့်နှိမ်နင်းနေသော စစ်ဗိုလ်ချုပ်များ

ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်များ၏ မူးယစ်ဆေးဝါးနှိမ်နင်းမှု မအောင်မြင်ရသည့် အကြောင်းရင်းမှာ ဖမ်းမိ သမျှ မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့ ဖြစ်သွားခြင်း သို့မဟုတ် ထိုမူးယစ်ဆေးဝါးများ အခကြေးငွေယူ သယ်ယူ ပို့ဆောင်ပေးကြသူကိုသာ ဖမ်းဆီးပြခြင်းဖြင့် နိဂုံးချုပ်သွားခြင်းကြောင့် ဖြစ်သည်။ မည်သည့်အခါကမျှ မူးယစ် ဂိုဏ်းခေါင်းဆောင် ဘိန်းဘုရင်များကို ဖမ်းမိသည့်သတင်း၊ မူးယစ်ဆေးဝါးငွေကြေးများကို စုံစမ်းဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့သည့်သတင်း ပြည်သူများ မကြားမိဖူးပါ။ မြန်မာပြည်သူများအတွက် အံ့ဩစရာမဟုတ်သော ထိုဖြစ်ရပ်များက စစ်ဗိုလ်ချုပ်များ၏ အကျင့်ပျက်ခြစားမှု ပြယုဂ်အဖြစ် ဆယ်စုနှစ်များစွာ ရှင်သန်ခဲ့၊ ရှင်သန်နေဆဲ ဖြစ်သည်။ 

ဘိန်းဘုရင်များကို သူဌေးကြီးများအဖြစ် မြှောက်စားခဲ့သည့် စစ်ဗိုလ်ချုပ်များ၏ လုပ်နည်းလုပ်ဟန်ကြောင့် ယနေ့အချိန်ထိ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းဖြူနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးသော ထိပ်တန်း နိုင်ငံများစာရင်း၏ ထိပ်ဆုံးတွင် အမြဲရှိနေခြင်း ဖြစ်သည်။ စက်တင်ဘာလ ၁၆ ရက်က ၂၀၂၇ ခုနှစ် ဘဏ္ဍာနှစ်အတွက် အမေရိကန်သမ္မတက သတ်မှတ်ဆုံးဖြတ်သည့် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာ သို့မဟုတ် ဖြတ်သန်းရာ ၂၃ နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်ပြီး၊ ၎င်းတို့အထဲ မူးယစ်ဆေးဝါးတိုက်ဖျက်မှု ကျရှုံး  လေးနိုင်ငံထဲတွင် အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယားနှင့် ကိုလမ်ဘီယာနိုင်ငံတို့နှင့်အတူ မြန်မာနိုင်ငံပါဝင်ကြောင်း သတ်မှတ်ခဲ့သည်။

စင်စစ် တရုတ်ကျားဖြန့်နှိမ်နင်းမှု ကနဦးကာလကို ပြန်လည်လေ့လာသုံးသပ်လျှင် မင်းအောင်လှိုင်၏ သစ္စာခံ ကိုးကန့်ခေါင်းဆောင် ပယ်ဆောက်ချိန်၊ ပြည်သူ့စစ်ခေါင်းဆောင် ဝေဆန်းနှင့် ကိုးကန့်သူဌေး မိသားစုဝင်များကို လောက်ကိုင်မြို့မှ ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ခဲ့ပြီး၊ နေပြည်တော်အထိ ခေါ်ယူကာကွယ်စောင့်ရှောက်ထားခဲ့သည် မဟုတ်ပါလား။ တရုတ်အစိုးရ၏ ဖိအားကို မလွန်ဆန်နိုင်သည့်နောက်ဆုံး တရုတ်လက်ထဲ ထိုးအပ်ခဲ့ခြင်း ဖြစ်ပြီး၊ တရုတ်ရဲတပ်ဖွဲ့ဝင်များ နိုင်ငံ၏အာဏာဗဟိုချက် နေပြည်တော်အထိ ဝင်ရောက်ဖမ်းဆီးသွားသည့် ထိုဖြစ်ရပ်သည် ကမ္ဘာ့အလယ် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ အရှက်ရစရာအကောင်းဆုံး သမိုင်းဝင် ဖြစ်ရပ်ကြီး ဖြစ်ခဲ့သည်။ 

ယခုအခါ စစ်ဗိုလ်ချုပ်များသည် ဆယ်စုနှစ်နှင့်ချီပြီး ၎င်းတို့အကျွမ်းကျင်ဆုံး ဟန်ပြမူးယစ်ဆေးဝါးနှိမ်နင်းသည့် နည်းလမ်းအတိုင်း ကျားဖြန့်နှိမ်နင်းရေး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တွေ့မြင်နေရပြီ ဖြစ်သည်။ ကျားဖြန့်ဂိုဏ်းအချို့ကို ဝင်ရောက်စီးနင်းကာ အောက်ခြေလုပ်သားများကို ဖမ်းဆီးပြပြီး၊ ကျားဖြန့်နှိမ်နင်းရေး ကို အင်တိုက်အားတိုက်ဆောင်ရွက်ပြနေသော သတင်းများ ဝါဒဖြန့်သတင်းစာများတွင် ပုံမှန်ဖော်ပြနေသည်။

အာဏာသိမ်းစစ်တပ်၏ ကျားဖြန့်နှိမ်နင်းမှုများကို စောင့်ကြည့် လေ့လာလျက်ရှိသော Myanmar Witness အဖွဲ့က စက်တင်ဘာလ ၁၆ ရက်နေ့ တစ်ရက်တည်းမှာပင် ကရင်ပြည်နယ် မြဝတီမြို့ မြောက်ဘက်ရှိ နာမည်ဆိုးဖြင့် ကျော်ကြားလျက်ရှိသော ရွှေကုက္ကိုမြို့သစ် ကျားဖြန့်စခန်းများအား အာဏာသိမ်းစစ်တပ်က ဖျက်ဆီးမှု ကို စစ်တပ်ဝါဒဖြန့် သတင်းထုတ်ပြန်ချက်များနှင့် မြေပြင်ပကတိအခြေအနေများအား ဂြိုဟ်တုဓာတ်ပုံများဖြင့် နှိုင်းယှဉ်စုံစမ်းလေ့လာခဲ့ပြီး၊ သံသယဖြစ်ဖွယ် ကွာဟချက်များ တွေ့ရှိမှုကို အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ 

ထို့အပြင် ကျားဖြန့်ဂိုဏ်းခေါင်းဆောင်များ ဖမ်းဆီးနိုင်ရေးနှင့် ၎င်းတို့လိမ်လည်ရယူထားခဲ့သော ငွေကြေးများ ဖော်ထုတ်သိမ်းဆည်းနိုင်ခြင်း သို့မဟုတ် ထိုသို့သိမ်းဆည်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုကို မည်သည့်အခါ ကမျှ ထုတ်ပြန်ခဲ့ခြင်း မရှိပါ။ 

“၁၀၂၇ စစ်ဆင်ရေး” မတိုင်မီ အာဏာသိမ်းစစ်တပ်၏ အုပ်ချုပ်မှုအောက်တွင် အပြည့်အဝရှိနေသော မြန်မာ- တရုတ်နယ်စပ် ကိုးကန့်ဒေသလောက်ကိုင်မြို့နှင့် မြန်မာ- ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် အခိုင်အမာ တည်ဆောက်ထားသော ကျားဖြန့် လုပ်ငန်းခွင် အဆောက်အအုံများထဲ အင်အား ထောင်သောင်းချီသော တရုတ်နိုင်ငံသားများ နယ်စပ်ဖြတ်ကျော် ရောက်ရှိလုပ်ကိုင်နေခြင်းကို ဒေသန္တရအာဏာပိုင်များ၊ စစ်ဒေသဌာနချုပ်များမှ အရာရှိကြီးများ၊ ရဲတပ်ဖွဲ့ အရာရှိကြီးများ အကျိုးအမြတ်ယူ၍ မျက်နှာလွှဲထားခဲ့ခြင်းကို စစ်တပ်က ယနေ့ အချိန်ထိ ဖုံးကွယ်ထားခဲ့သည်။ အကြောင်းမှာ စစ်ဗိုလ်ချုပ်များကိုယ်တိုင် ပါဝင်ပတ်သက်နေ၍ ဖြစ်သည်။  

ထို့ကြောင့် အာဏာသိမ်းစစ်တပ်၏ ကျားဖြန့်နှိမ်နင်းရေး သတင်းထုတ်ပြန်မှုပုံစံသည် ဆယ်စုနှစ်များစွာ မူးယစ်ဆေးဝါးများ နိုင်ငံအနှံ့ဖမ်းဆီးရမိသော သတင်းထုတ်ပြန်မှု ပုံစံအတိုင်း ထိုမူးယစ်ဆေးဝါများ၏ မူလပိုင်ရှင် မူးယစ်ရာဇာများ၊ ဘိန်းဘုရင်များကို မည်သည့်အခါကမျှ ဖမ်းဆီးရမိခဲ့ခြင်းမရှိသလို၊ ကျားဖြန့်ဂိုဏ်းများ၏ ဂိုဏ်းခေါင်းဆောင်များ ဖမ်းဆီးရမိခြင်းမရှိသည်ကို တွေ့ရှိရသည်။ 

ယခုအခါ ကျားဖြန့်ငွေလိမ်လုပ်ငန်းများသည် လူဦးရေထူထပ်ပြီး၊ တိုက်ခန်းငယ်တစ်ခုတွင် အလွယ်တကူ ခြေရာဖျောက် လျှို့ဝှက်လုပ်ကိုင်နိုင်သော မန္တလေးနှင့် ရန်ကုန်ကဲ့သို့ နိုင်ငံ၏ အဓိက စီးပွားရေးမြို့ကြီးများ အထိ ပျံ့နှံ့နေသည်ကို စက်တင်ဘာလအတွင်း ဖမ်းဆီးရမိမှုများက ညွှန်ပြနေပါသည်။ စက်တင်ဘာလ ၁၉ ရက်တွင် အာဏာသိမ်းစစ်တပ် လက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက ပထမ ဆုံးအကြိမ် ရန်ကုန်မြို့တွင် တရားဝင်မှတ်ပုံတင် ရုံးခန်းဖွင့်လှစ် လုပ်ကိုင်နေသော ပြည်တွင်းကုမ္ပဏီ လေးခုနှင့် ကုမ္ပဏီဒါရိုက်တာ လေးဦးကို ကျားဖြန့်လုပ်ငန်း လုပ်ကိုင်မှု၊ မြန်မာကျပ်ငွေနှင့် USDT (ခရစ်တိုငွေကြေး) ငွေလွှဲပြောင်းသည့်လုပ်ငန်း လုပ်ကိုင်မှုများဖြင့် အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလလယ်အထိ အာဏာသိမ်းစစ်တပ် ထုတ်ပြန်ခဲ့သော ကျားဖြန့်ဂိုဏ်း များ ဖမ်းဆီးမှုသတင်းများအရ အောက်ဖော်ပြပါ မြေပုံတွင် ၁၇ မြို့နယ်ကို ဖော်ပြထားပါသည်။ ၎င်းမြို့နယ်များထဲတွင် ရှမ်းပြည်နယ်အတွင်းမှ ၁၄ မြို့နယ်၊ ကရင်ပြည်နယ် မြဝတီမြို့၊ မန္တလေးတိုင်း မန္တလေးမြို့နှင့် ရန်ကုန်တိုင်း ရန်ကုန်မြို့တို့ ဖြစ်သည်။

၂၀၂၆ ခုနှစ်အတွင်း ကျားဖြန့်ဖမ်းဆီးနှိမ်နင်းမှု ကိန်းဂဏန်းများမှ လေ့လာဖော်ထုတ်တွေ့ရှိချက်များ

၂၀၂၆ ခုနှစ်အတွင်း အာဏာသိမ်းစစ်တပ်၏ ကျားဖြန့်ဖမ်းဆီးနှိမ်နင်းမှု ၅၆ ကြိမ် ရှိခဲ့သည်။     ကျားဖြန့်လုပ်ငန်း အဓိက ပျံ့နှံ့နေသော ဒေသမှာ ရှမ်းပြည်နယ်တခွင်လုံး ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ ထို့အပြင် ရှမ်းပြည်နယ်နှင့် ခြားနားစွာ မြို့နယ်တစ်ခုအတွင်း ကျားဖြန့်ဂိုဏ်းအများအပြား အခိုင်အမာခြေကုပ်ယူ အခြေစိုက်ထားသည်မှာ မြန်မာ- ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ ဖြစ်သည်။  

၂၀၂၆ ခုနှစ်အတွင်း နိုင်ငံအနှံ့ ကျားဖြန့်နှိမ်နင်းမှု ၅၆ ကြိမ်တွင် ၁၁ နိုင်ငံမှ နိုင်ငံခြားသားရာထောင်ချီ ဖမ်းဆီးရမိကြောင်း လေ့လာတွေ့ရှိရပါသည်။ ၎င်းနိုင်ငံခြားသားများအထဲ တရုတ်နိုင်ငံသားများ ၃,၀၀၁ ဦး (ဖမ်းဆီးရရှိမှု စုစုပေါင်း၏ ၇၈ ရာခိုင်နှုန်း) ဖြင့် အရေအတွက်အများဆုံး ဖြစ်သည်။ မြန်မာနိုင်ငံသားများကို ဒုတိယအများဆုံး ဖမ်းဆီးရမိခြင်းဖြစ်ပြီး၊ အရေအတွက်အားဖြင့် ၇၁၈ ဦး (ဖမ်းဆီးရရှိမှု စုစုပေါင်း၏ ၁၉ ရာခိုင်နှုန်း) ရှိသည်။ ဗီယက်နမ်နိုင်ငံသား ၆၁ ဦး နှင့် မလေးရှားနိုင်ငံသား ၄၁ ဦးကိုလည်း တတိယနှင့် စတုတ္ထအများဆုံး ဖမ်းဆီးရမိသည်။ ထိုင်းနိုင်ငံသား ရှစ်ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ခြောက်ဦး၊ အင်ဒိုနီးရှား နိုင်ငံသား လေးဦး၊ လာအိုနိုင်ငံသား သုံးဦး၊ ရုရှားနိုင်ငံသား နှစ်ဦး၊ ကမ္ဘောဒီးယား၊ ကာဇက်စတန်နှင့် ထိုင်ဝမ်နိုင်ငံသား တစ်ဦးစီ ဖမ်းဆီးရမိခဲ့သည်။ 

အောက်ဖော်ပြပါ ဂရပ်ဖ်တွင် ကျားဖြန့်လုပ်ငန်းအတွက် အဓိကအသုံးပြုသော ဖမ်းဆီးရမိ ပစ္စည်းများကိုသာ ဖော်ပြထားပါသည်။ လက်ကိုင်ဖုန်း ၆,၆၇၁ လုံး၊ ကွန်ပျူတာ (Desktop) ၁,၃၈၈ လုံး၊ ကွန်ပျူတာ (Laptop) ၂၂၁ လုံး၊ Starlink ဂြိုဟ်တုအင်တာနက်စက် ၁၈၃ ခု၊ Tablet ၁၂၀ ခုနှင့် အင်တာနက် Wifi လွှင့်စက် ၇၂ ခုတို့ ဖြစ်သည်။ ထိုပစ္စည်းများကို နောက်ထပ်သုံးစွဲနိုင်ခြင်းမရှိစေရန် ဖျက်ဆီးပစ်ကြောင်းကို အချို့သတင်းဖော်ပြချက်များတွင် တွေ့ရသည်။ 

သို့သော် စစ်ဗိုလ်ချုပ်များသည် အဆိုပါ ဖမ်းဆီးရမိသော ဖုန်းများ၊ ကွန်ပျူတာများထဲမှ ကျားဖြန့်ဂိုဏ်းများ မည်သည့် အွန်လိုင်းစာမျက်နှာများ၊ အက်ပလီကေးရှင်းများနှင့် မည်သည့် ခရစ်တိုငွေကြေး စနစ်များကို သုံးစွဲ၍ အွန်လိုင်းလိမ်လည်မှုများ ပြုလုပ်နေသည်၊ ထိုငွေကြေးများကို သိမ်းဆည်းနိုင်ရန် မည်ကဲ့သို့လုပ်ဆောင်နေသည်၊ ထိုစနစ်များ၏ နောက်ကွယ်တွင် ကျားဖြန့်ဂိုဏ်းခေါင်းဆောင်များက မည်သူမည်ဝါဖြစ်သည် စသည့် အများပြည်သူ သိရှိသတိထားသင့်သော သတင်းအချက်အလက်များကို ထုတ်ပြန်ခြင်းမရှိပါ။ 

ကျားဖြန့်နှိမ်နင်းရေးတွက် မြန်မာ- တရုတ်- ထိုင်းအစိုးရများနှင့် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုသော်လည်း ပြည်သူတို့ကို နေ့စဉ်နှင့်အမျှ  အွန်လိုင်းမှတဆင့် လိမ်လည်နေသော ကျားဖြန့်ဂိုဏ်းများ၏ အရေးကြီးသော အထက်ပါသတင်းများကို စုံစမ်းဖော်ထုတ်ခြင်းထက်၊ ၎င်းတို့ကို ဆန့်ကျင်တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက ကျားဖြန့်လုပ်ငန်းလုပ်နေသယောင် ဝါဒဖြန့်မှုများကိုသာ အဓိက ထား လုပ်ဆောင်ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ 

ထောင်နှင့်ချီသော နိုင်ငံခြားသားများ နိုင်ငံတွင်း ဝင်ရောက်နေခြင်းကို မသိရှိသော စစ်ဗိုလ်ချုပ်များ

ဤနေရာတွင် အာဏာသိမ်းစစ်တပ် ဆင်ခြေပေးလေ့ရှိသော အချက်မှာ အဆိုပါ နိုင်ငံခြားသားများသည်   မြန်မာနိုင်ငံထဲ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာကြသူများ ဖြစ်ပြီး၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ထိန်းချုပ်နယ်မြေတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်ကြခြင်း ဖြစ်၍ ၎င်းတို့ မသိရှိခဲ့ရပါ ဆိုသည့်အချက်ဖြစ်သည်။ ထိုဆင်ခြေကို ၂၀၂၆ ခုနှစ်အတွင်း ကျားဖြန့်ဖမ်းဆီးရမိသော မြို့များ၏ တည်နေရာနှင့် ယှဉ်ထိုးလေ့လာကြည့်သည့်အခါ နိုင်ငံ၏အတွင်းပိုင်းကျပြီး အာဏာသိမ်း စစ်တပ် အပြည့်အဝထိန်းချုပ်ထားသောမြို့များတွင် အဆိုပါ နိုင်ငံခြားသားများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ကို တွေ့ရသည်။

ထို့ကြောင့် ထိုနိုင်ငံခြားသားများ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့သဖြင့် မသိရှိရပါဆိုသော ဆင်ခြေက လုံလောက်မှုမရှိတော့ပါ။ အကြောင်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်၏ ဖိနှိပ်အုပ်ချုပ်ရေး ယန္တရားများသည် ရပ်ကွက်/ကျေးရွာအလိုက် အိမ်ပေါက်စေ့ ဧည်စာရင်းတိုင်ကြားသည့် စနစ်ကို တင်းကျပ်စွာ ကျင့်သုံးလျက်ရှိသောကြောင့် ဖြစ်သည်။ 

ထို့ကြောင့် မြန်မာနိုင်ငံသို့ တရားဝင်လမ်းကြောင်းမှဖြစ်စေ၊ တရားမဝင်လမ်းကြောင်းမှဖြစ်စေ ဝင်ရောက်လာ သော နိုင်ငံခြားသားများသည် ဟိုတယ်၊ တည်းခိုခန်းများတွင် တည်းခိုလျှင်လည်း၊ ဧည့်စာရင်းတိုင်ရသလို၊   လူနေရပ်ကွက်များရှိ အိမ်ရာများတွင် နေထိုင်မည်ဆိုပါက သက်ဆိုင်ရာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးရုံးများ၏ ခွင့်ပြုချက်ကို အိမ်ရှင်နိုင်ငံသားက လျှောက်ထားရယူပြီးမှ နေထိုင်ခွင့်ရှိသည်။ 

ထိုကြောင့် မည်သည့်နည်းလမ်းဖြင့် မြန်မာနိုင်ငံထဲ ရောက်ရှိသည်ဖြစ်စေ၊ ထိုနိုင်ငံခြားသားများ ဆယ်ဂဏန်း၊ ရာဂဏန်းဖြင့် စုဝေးနေထိုင်နေပြီး၊ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေခြင်းကို ထိုမြို့နယ်ရှိ အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့ နှင့် လူဝင်မှုကြီးကြပ်ရေးဌာနများက မသိရှိပါဟု ဆိုခြင်းသည် လိမ်ညာခြင်း သက်သက်သာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အဆိုပါ ၁၇ မြို့နယ်မှ ဒေသန္တရအာဏာပိုင်များကို ကျားဖြန့်လုပ်ငန်း ခွင့်ပြုထားမှုတွင် တာဝန်ရှိ သူများအဖြစ် ဖမ်းဆီးအပြစ်ပေး အရေးယူခြင်း ယနေ့အချိန်ထိ အလျဉ်းမရှိ ပျက်ကွက်နေခြင်းမှာ ၎င်းတို့ထက် အဆင့်မြင့်သော အာဏာပိုင်များ ပါဝင်ပတ်သက်နေသည့် လက္ခဏာပင် ဖြစ်သည်။ 

ခြုံငုံသုံးသပ်ရလျှင် သမိုင်းတလျှောက် မူးယစ်ဆေးဝါးများဖမ်းဆီးရမိလျှင် ပိုင်ရှင်မဲ့အဖြစ် နိဂုံးချုပ်ခဲ့ပြီး၊ မူလပိုင်ရှင်ကို ဆက်လက်စုံစမ်းဖော်ထုတ်ခြင်း အလျဉ်းမရှိသည်မှာ စစ်တပ်နှင့် ရဲတပ်ဖွဲ့၏ ထိပ်ပိုင်းအရာရှိကြီး များ ပါဝင်ပတ်သက်နေခြင်းကြောင့် ဆိုသည်မှာ လျှို့ဝှက်ချက်မဟုတ်ဘဲ ပြည်သူများအကြား ကျယ်ကျယ် ပြန့်ပြန့် သိရှိနေခဲ့သောအချက် ဖြစ်သည်။ ဆယ်စုနှစ်များစွာ မအောင်မြင်သော မူးယစ်ဆေးဝါး နှိမ်နင်းခဲ့ပြီး၊ မူးယစ်ဆေးဝါးငွေကြေးများကို ငွေကြေးခဝါချပေးခဲ့ခြင်းဖြင့် ဘိန်းဘုရင်များကို နိုင်ငံမျက်နှာဖုံး သူဌေးကြီးများ အသွင် ဖန်တီးပေးခဲ့ပြီး၊ အခြားတစ်ဖက်တွင် စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ မိသားစုများသည် သက်သေပြစရာ မရှိသော ကြွယ်ဝချမ်းသာနေခြင်းက သမိုင်းသက်သေများ ဖြစ်သည်။ ထိုနည်းလမ်းအတိုင်း ကျားဖြန့်နှိမ်နင်း ရေးကို အာဏာသိမ်းစစ်တပ် လုပ်ဆောင်နေပြီး၊ စစ်ခေါင်းဆောင် မွေးထုတ်လျက်ရှိသော ခေတ်ပျက်သူဌေး များနှင့် ကျားဖြန့်ငွေကြေးများ ပတ်သက်ဆက်နွှယ်လာနိုင်သော သံသယဖြစ်ဖွယ် လက္ခဏာများ စတင်တွေ့ရှိ နေပြီဖြစ်ကြောင်း လေ့လာသုံးသပ် တင်ပြလိုက်ရပါသည်။    

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။