အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သမိုင်းတလျှောက် အမြင့်ဆုံးစစ်အသုံးစရိတ်သုံးစွဲမည့် နေပြည်တော်စစ်အုပ်စု

စစ်အသုံးစရိတ်သည် ပညာရေး၊ ကျန်းမာရေးအသုံးစရိတ်နှစ်ခုပေါင်း၏ နှစ်ဆကျော်ပိုများပြီး အစိုးရအသုံးစရိတ်အားလုံး၏ ငါးပုံတပုံခန့်ရှိသည်။

အရပ်သားအရေခြုံ ဦးမင်းအောင်လှိုင် စစ်အစိုးရလက်ထက် ၂၀၂၆-၂၇ ဘဏ္ဍာနှစ်တွင် စစ်တပ်၏ အသုံးစရိတ်သည် သမိုင်းတလျှောက် အမြင့်ဆုံးစံချိန်တင်တိုးမြှင့်လာပြီး ဘတ်ဂျက်လိုငွေမှာလည်း အများဆုံးဖြစ်လာကြောင်း ယခုနှစ် နိုဝင်ဘာလ ၅ ရက်က စစ်တပ်ထိန်းချုပ် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြသည့် ထပ်တိုးဘတ်ဂျက်နှင့်ပတ်သက်သော ငွေကြေးဆိုင်ရာသုံးသပ်ချက်အစီရင်ခံစာအရ သိရသည်။ 

၂၀၂၆ ခုနှစ် ဧပြီလမှ ၂၀၂၇ ခုနှစ် မတ်လတွင်ကုန်ဆုံးမည့် ယခုဘဏ္ဍာနှစ်တွင် အချိန်လေးလဝန်းကျင်သာ ကျန်တော့သည်။ ထိုအချိန်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သော စစ်အစိုးရက မူလသုံးစွဲရန်စီစဉ်ထားသော ဘဏ္ဍာငွေပမာဏနှင့် မလုံလောက်၍ ထပ်တိုးသုံးစွဲရန် ၎င်းတို့ထိန်းချုပ်ထားသော လွှတ်တော်ထံသို့ တင်ပြခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှစ၍ နှစ်စဉ်တိုးမြှင့်သုံးစွဲလာခဲ့သော စစ်တပ်အသုံးစရိတ်သည် ယခုဘဏ္ဍာနှစ်တွင် မူလက ကျပ် ၇၉၅၂ ဘီလီယံသုံးစွဲရန်လျာထားရာမှ လုံလောက်မှုမရှိခြင်းကြောင့် ကျပ် ၂၅၈၀ ဘီလီယံထပ်မံအသုံးပြုမည်ဖြစ်ပြီး စုစုပေါင်းစစ်အသုံးစရိတ်မှာ ၁၀,၅၃၃ ဘီလီယံအထိ ရောက်ရှိလာမည် ဖြစ်သည်။ 

ဘဏ္ဍာနှစ်အလိုက်တိုးမြှင့်သုံးစွဲလာသော စစ်ရေးအသုံးစရိတ်မှာ အရပ်သားအရေခြုံ စစ်အစိုးရလက်ထက်တွင် အမြင့်ဆုံးဖြစ်လာသည်။ (အချက်အလက်ပုံဖော်မှု- Myanmar Now) 

ထိုငွေပမာဏကို စစ်တပ်ထိန်းချုပ် ဗဟိုဘဏ်၏ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၈ ရက် အွန်လိုင်းငွေလဲလှယ်နှုန်း တဒေါ်လာ ၃၆၆၀ ကျပ်ဖြင့်တွက်လျှင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံနှင့် ညီမျှသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်တပ်အသုံးစရိတ်သည် တနိုင်ငံလုံး၏ အသုံးစရိတ်စုစုပေါင်းပမာဏ၏ ၁၉ ရာခိုင်နှုန်းခန့်ရှိပြီး ယခုနှစ်တွင် ပညာရေးနှင့် ကျန်းမာရေးအသုံးစရိတ်နှစ်ခုပေါင်းပမာဏ ကျပ် ၅,၁၈၂ ဘီလီယံထက် နှစ်ဆကျော်ပိုများသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ၂၀၁၈- ၁၉၊ ၂၀၁၉-၂၀ နှင့် အာဏာသိမ်းကာလဖြစ်သော ၂၀၂၀-၂၁  ဘဏ္ဍာနှစ်သုံးခုတွင် သုံးစွဲခဲ့သော သုံးနှစ်စာစစ်အသုံးစရိတ် ကျပ် ၁၀,၀၆၀  ဘီလီယံရှိပြီး ထိုသုံးနှစ်စာ စစ်အသုံးစရိတ်ထက်ပင် များနေသည်။ 

စစ်အသုံးစရိတ်စံချိန်တင်တိုးမြှင့်မှုနှင့် ပတ်သက်၍ စစ်အုပ်စုထိန်းချုပ်လွှတ်တော်က ၎င်းတို့တောင်းသည့် ပမာဏကို ဖြတ်တောက်မှုမရှိကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ထပ်တိုးဘတ်ဂျက်နှင့် ဆိုင်သော ငွေကြေးအစီရင်ခံစာတွင် တွေ့ရသည်။

“နိုင်ငံတော်ကာကွယ်ရေးအရလည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးအရလည်းကောင်း လိုအပ်ချက်အရ တောင်းခံသောစာရင်းများသည် ကျိုးကြောင်းဆီလျော်မှုရှိပါသဖြင့် ပြင်ဆင်ရန်မရှိကြောင်း သဘောထားမှတ်ချက်ပြုပါသည်” ဟု ထိုငွေကြေးအစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော်လည်း စစ်တပ်အသုံးစရိတ်များနှင့် ပတ်သက်၍ အသေးစိတ်စာရင်းများကိုမူ မတွေ့ရပေ။ 

 ဆန့်ကျင်တော်လှန်သူများနှင့် အပြစ်မဲ့အရပ်သားများအပေါ်ကို စစ်တပ်က နေ့စဉ်နှင့်အမျှ လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုး၍ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးခြင်း စသည့်စစ်ဆင်ရေးများတွင် အသုံးပြုနေခြင်းဖြစ်သည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် စစ်တပ်အရာရှိ၊ စစ်ရေးသုံးသပ်သည့် ဆောင်းပါးများရေးသားနေသည့် ဗိုလ်မှူး စွယ်တော်က Myanmar Now ကို ပြောသည်

“လေကြောင်းတိုက်ခိုက်မှုအတွက် လေယာဉ်နဲ့ ခဲယမ်းလိုအပ်ချက် ဒရုန်းလို နည်းပညာမြင့်လက်နက်တွေ အများအပြားဝယ်ဖို့ဆိုရင် ငွေကြေးအမြောက်အမြားသုံးရပါလိမ့်မယ်။ ဒါ့ကြောင့်စစ်အသုံးစရိတ်တွေ တိုးမြှင့်တောင်းခံတာလို့ယူဆရပါတယ်”ဟု ၎င်းက ပြောသည်။ 

စစ်အသုံးစရိတ်သည် ပညာရေး၊ ကျန်းမာရေးအသုံးစရိတ်နှစ်ခုပေါင်း၏ နှစ်ဆကျော်ပိုများပြီး အစိုးရအသုံးစရိတ်အားလုံး၏ ငါးပုံတင်ပုံခန့်ရှိသည်။ (အချက်အလက်ပုံဖော်မှု- Myanmar Now) 

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် အရွယ်ရောက်ပြီးသူတိုင်းကို အတင်းအကျပ်စစ်ထဲဆွဲသွင်းမည့် စစ်မှုထမ်းဥပဒေ အဓမ္မပြဋ္ဌာန်းပြီးချိန်မှစ၍ အပတ်စဉ် ၃၀ အထိဖြစ်လာသည့် စစ်သားအင်အားများအတွက် အသုံးစရိတ်များရှိသော်လည်း လေယာဉ်၊ လက်နက်နှင့် ခဲယမ်းများဝယ်ယူရန် အဓိကအသုံးပြုရဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။

အီရန်စစ်ပွဲကြောင့် လောင်စာဆီဈေးမြင့်တက်နေပြီး အခြားသောအထွေထွေအကျပ်အတည်းကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက ၎င်းတို့၏ လုပ်သားပြည်သူများ နေထိုင်စားသောက်စရိတ်သက်သာချောင်ချိရန် ဦးစားပေးစဉ်းစားလာချိန် စစ်အုပ်စု၏ စစ်အသုံးစရိတ်တိုးမြှင့်လာခြင်းမှာ နောက်ထပ်လူသတ်မှုများကို ကျူးလွန်ရန်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ၏ လက်ထောက်အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ဝေဖန်သည်။ 

“သမိုင်းတလျှောက်မှာ စစ်အသုံးစရိတ်အမြင့်တက်ဆုံးအချိန်ဖြစ်တယ်။ သူတို့(စစ်တပ်) က  လူတွေထပ်သတ်ဦးမှာပါ။ ဘယ်လောက်တောင်ရင်နာဖို့ကောင်းလဲ” ဟု ၎င်းက ပြောသည်။ 

နိုင်ငံအနှံ့ တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ဆင်ရေးများအတွက် လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ၊ လောင်စာဆီနှင့် စာနပ်ရိက္ခာအသုံးစရိတ်များအတွက် ငွေကြေးလိုအပ်ချက်မြင့်တက်လာသလို လောစာဆီနှင့် ကုန်ဈေးနှုန်းများကြီးမြင့်မှုကြောင့်လည်း ငွေကြေးပိုမိုသုံးစွဲရနိုင်ကြောင်း အခွန်နှင့်ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူအချို့က ထောက်ပြကြသည်။ 

တပြိုင်တည်းတွင် နွေဦးတော်လှန်ရေးကာလတွင် အသုံးပြုမှုတွင်ကျယ်လာသော ဒရုန်းကဲ့သို့ တိုက်ခိုက်ရေးလက်နက်ကိရိယာများကို ဝယ်ယူဖြည့်တင်းရနိုင်သလို ထိုလက်နက်များကို ကာကွယ်နိုင်သည့် နည်းပညာများအတွက်လည်း အသုံးပြုရဖွယ်ရှိကြောင်း ၎င်းတို့က ဆိုသည်။ 

ဝါဇီငွေထုတ်စက်ရုံကို အားကိုးလာရသော စံချိန်တင်ဘတ်ဂျက်လိုငွေ

ယခုဘဏ္ဍာနှစ်အတွက် အာဏာသိမ်းစစ်အစိုးရ၏ မူလနှင့် ထပ်တိုးအသုံးစရိတ်စုစုပေါင်းမှာ ကျပ် ၅၆,၇၃၄ ဘီလီယံရှိကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ စာရင်းတွင် ဖော်ပြထားသည်။ အလွယ်မှတ်လျှင် ထိုငွေသည် စစ်အစိုးရ၏ သုံးငွေဖြစ်သည်။ 

အခွန်၊ သယံဇာတနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ ရရှိလာနိုင်သော ငွေများမှာ ရငွေဖြစ်ပြီး တနည်းအားဖြင့် ဝင်ငွေဖြစ်သည်။ ယခုဘဏ္ဍာနှစ်တွင် ရငွေစုစုပေါင်း ကျပ် ၄၅,၃၁၅ ဘီလီယံ ရှိနိုင်ကြောင်း ထိုစာရင်းတွင် ဖော်ပြထားသည်။ ဝင်ငွေနှင့် ထွက်ငွေနှိုင်းယှဉ်လျှင် မျှခြေမရှိပေ။ ထွက်ငွေသည် ဝင်ငွေထက် ကျပ် ၁၁,၄၁၈ ဘီလီယံပိုများနေပြီး တနည်းအားဖြင့် ဘတ်ဂျက်လိုငွေ ပြနေခြင်းဖြစ်သည်။ 

၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း နှစ်စဉ် အစိုးရဘတ်ဂျက်မှာ လိုငွေအမြဲပြနေသော်လည်း ယခုနှစ်တွင် အမြင့်ဆုံးဖြစ်လာသည်။ NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော ဘတ်ဂျက်လိုငွေထက် အရပ်သားအရေခြုံအစိုးရလက်ထက် ဘတ်ဂျက်လိုငွေမှာ ၃ ဒသမ ၆ ဆကျော်ပိုများနေသည်

အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး(ဂျီဒီပီ)၏ ၅ ဒသမ ၇၄ ရာခိုင်နှုန်းဖြစ်လာသော ဘတ်ဂျက်လိုငွေပြမှုအခြေအနေ။ (အချက်အလက်ပုံဖော်မှု- Myanmar Now) 

အထွေထွေစီးပွားရေးကျဆင်းမှုကြောင့် တိုင်းပြည်အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး(ဂျီဒီပီ) တိုးတက်နှုန်းအားပျော့နေချိန်တွင် ဝင်ငွေထက် သုံးငွေပိုများခြင်းကြောင့် လိုအပ်သောငွေကို ဖြည့်ဆည်းနိုင်ရန် ဗဟိုဘဏ်မှ ငွေစက္ကူအသစ်များရိုက်ထုတ်ခြင်း၊ ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များရောင်းချခြင်းဖြင့် ချေးယူရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် စီးပွားရေးလေ့လာသုံသပ်သူ အမျိုးသားတဦးက ပြောသည်။ 

“Bond(ငွေတိုက်စာချုပ်) တွေကို ဝယ်မယ့်သူမရှိဘူး။ နိုင်ငံတကာကလည်း ဝယ်တာမဟုတ်ဘူး။ အဲ့ဒီတော့ ဗဟိုဘဏ်ကို ပြန်အားကိုးလာရပြီ။ ဗဟိုဘဏ်က (ငွေစက္ကူသစ်)တွေ ရိုက်ထုတ်ပေးမယ်။ ရိုက်ထုတ်ပေးမယ် ဆိုရင် ငွေတွေပေါလာမယ်။ ငွေတွေပေါရင် Inflation (ငွေကြေးဖောင်းပွမှု) ဖြစ်ပြီပေါ့။ အဲ့ဒီ Inflation ဒဏ်ကို စစ်ဖြစ်နေတဲ့နေရာက လူတွေတင်မဟုတ်ဘူး။ အားလုံးက အောက်ခြေက အိမ်ထောင်စုတွေက ခံရတာ” ဟု ၎င်းက ဆိုသည်။ 

အသုံးစရိတ်အားလုံးအနက် စစ်အသုံးစရိတ်သည် ငါးပုံတပုံနီးပါးရှိပြီး ထိုအသုံးစရိတ်သည် ကျည်ဆန်များ၊ ဗုံးများဖြင့် တိုင်းပြည်ဖျက်ဆီးရန်ဖြစ်နေသည်ဟု ၎င်းက ဆက်ပြောသည်။ 

“စဉ်းစားကြည့်လေ။ စစ်ပွဲမှာ သေနတ်တွေ ကျည်ဆန်တွေနဲ့ ပစ်နေတယ်ဆိုတာ။ စစ်အသုံးစရိတ်ဆိုတာ တကယ်တော့ Productive (ထုတ်လုပ်မှုစွမ်းအား) မဖြစ်ဘူး။ ဖျက်ဆီးတာပဲဖြစ်မယ်။ ပိုဆိုးတာက မြန်မာနိုင်ငံမှာက ထုတ်တာကနည်းတယ်။ Defence Industry (စစ်လက်နက်ထုတ်လုပ်ခြင်း) မရှိဘူး။ အပြင်ကပဲ ဝယ်တာလေ။ နည်းနည်းပါးပါးတော့ရှိတာပေါ့” ဟု ၎င်းက ပြောသည်။ 

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ စာရင်းများအရ ထပ်တိုးအသုံးပြုမည့် ဘတ်ဂျက်အတွက် ပြည်ပအကူအညီရယူခြင်း၊ အခွန်တိုးမြှင့်ကောက်ခံခြင်းမှ ဝင်ငွေရှိလာနိုင်ကြောင်း ဖော်ပြထားသည်။ ဝန်ကြီးဌာန ရှစ်ခုလက်အောက်ရှိ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှာ နှစ်စဉ်အရှုံးပေါ်နေပြီး ထိုငွေကို နိုင်ငံတော်ဘတ်ဂျက်မှ ဖြည့်ဆည်းနေရ၍ ဘဏ္ဍာရေးတည်ငြိမ်မှုကို ထိခိုက်နိုင်ကြောင်း ဖော်ပြထားသည်။

ရငွေပိုင်းတွင် လောက်လောက်လားမရှိသော်လည်း အသုံးစရိတ်တိုးလိုသဖြင့် ဘတ်ဂျက်လိုငွေအတွက် ဖြည့်ဆည်းရန် ဗဟိုဘဏ်အားကိုးလာရဖွယ်ရှိသည်။ ထိုကြောင့် အရပ်သားအရေခြုံစစ်အစိုးရသည် ဖြည့်စွက်ဘတ်ဂျက်မတောင်းခံမီက ကျပ်ဘီလီယံပေါင်း ၂၀၀၀ ကျော်ကို ဗဟိုဘဏ်ထံမှ ချေးယူရန် ဆုံးဖြတ်ခဲ့သည်။ 

လိုငွေပြဘတ်ဂျက်နှင့်အတူ ငွေကြေးဖောင်ပွမှုနှန်းမြင့်တက်လာနိုင်ပြီး သာမန်အိမ်ထောင်စုများကို ထိခိုက်မှုကြီးမားနိုင်သည်ဟု ဆိုသည်။ (အချက်အလက်ပုံဖော်မှု- Myanmar Now) 

ဗဟိုဘဏ်အနေဖြင့်လည်း ပုံမှန်အားဖြင့် ငွေကြေးဖောင်းပွမှုမဖြစ်စေရန် ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များကို ပြည်တွင်းဘဏ်များကို ရောင်းချဖြည့်ဆည်းလေ့ရှိပြီး မလုံလောက်ပါက ဝါဇီငွေထုတ်စက်ရုံမှ ငွေစက္ကူအသစ်များ ရိုက်ထုတ်၍ တိုက်ရိုက်ဖြည့်ဆည်းလေ့ရှိသည်။ ယခုချေးယူသည့် ကျပ်ဘီလီယံပေါင်း ၂၀၀၀ ကျော်ကို မည်သည့်နည်းလမ်းဖြင့် ရှာဖွေမည်ကို အတိအကျမသိရသေးပေ။ 

မည်သို့ပင်ဖြစ်စေ စံချိန်တင်စစ်အသုံးစရိတ်နှင့်အတူ ဘတ်ဂျက်လိုငွေပြမှုကြောင့် နိုင်ငံကြွေးမြီပမာဏ                   ပိုတိုးလာနိုင်ကြောင်း အထက်ပါအမည်ဖော်လိုသည့် စီပွားရေးလေ့လာသူ အမျိုးသာက ပြောသည်။ ကြွေးမြီဟုဆိုရာတွင် ပြည်ပကြွေးမြီထက် ပြည်တွင်းကြွေးမြီပမာဏ ပိုများလာနိုင်ကြောင်း ၎င်းက ဆိုသည်။ 

အာဏာသိမ်းချိန် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ဘီလီယံကျော်ရှိသည့် ပြည်ပကြွေးမြီများကို ပေးဆပ်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် ၈ ဒသမ ၅ ဘီလီယံကျော်သာရှိတော့ကြောင်း သမ္မတအရေခြုံ ဦးမင်းအောင်လှိုင်၏ မကြာသေးမီက ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။ သို့သော် ပြည်တွင်းကြွေးမြီများနှင့်ပတ်သက်၍ ဖော်ပြခဲ့ခြင်းမရှိပေ။ 

စစ်အုပ်စု၏ လိုငွေအဆမတန်များလာသော ဘတ်ဂျက်အခြေအနေသည် ငွေကြေးဖောင်ပွမှုနှုန်း မြင့်သထက်မြင့်လာနိုင်သော အခြေအနေရှိကြောင်း စီပွားရေးလေ့လာသူများက ဆိုသည်။ 

ကမ္ဘာဘဏ်က ၂၀၂၆ ခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့သော မြန်မာ့စီးပွားရေးလေ့လာစောင့်ကြည့်မှု အစီရင်ခံစာအရ ယခုနှစ်ဧပြီလတွင် ငွေကြေးဖောင်းပွမှုန်းသည် ၂၄ ရာခိုင်နှုန်းအထိရှိခဲ့ပြီး သာမန်အိမ်ထောင်စုများနှင့် အားနည်းသောပြည်သူများကို ထိခိုက်မှုကြီးမားနိုင်ကြောင်း ဖော်ပြခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles