အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လူမျိုးသုဉ်းသတ်ဖြတ်မှုကို အဓိက ကွပ်ကဲခဲ့သော်လည်း အပြစ်မှကင်းလွတ်ခွင့်ရနေဆဲ ရခိုင်တိုင်းမှူးဟောင်း 

၂၀၁၇ ခုနှစ် ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် တရားစွဲဆိုခံရခြင်းမှ လွတ်မြောက်ခဲ့သည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဟောင်း မောင်မောင်စိုးသည် စစ်တပ်၏ စီးပွားရေးအင်ပါယာအတွင်း ရာထူးကြီးများ ရယူခဲ့ပြီးနောက် အကျင့်ပျက်ခြစားမှုစွပ်စွဲချက်ဖြင့် ခေတ္တထိန်းသိမ်းခံခဲ့ရသည်။

၂၀၁၇ ခုနှစ် ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုအတွင်း ရခိုင်ပြည်နယ်ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန် ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်မောင်မောင်စိုးသည် တရားစွဲဆို အရေးယူခံရခြင်းမှ လွတ်မြောက်ခဲ့ပြီး စစ်တပ်၏ စီးပွားရေးအင်ပါယာအတွင်း ဝင်ငွေကောင်းသည့် ရာထူးကြီးတနေရာ ရသွားခဲ့သည်။ သို့သော် ဆယ်စုနှစ်တခုနီးပါးအကြာတွင် ထိုလုပ်ငန်းများမှတဆင့် ကိုယ်ကျိုး ရှာသည်ဆိုသော စွပ်စွဲချက်ဖြင့် စုံစမ်းစစ်ဆေးရန် ထိန်းသိမ်းခံရသော်လည်း အရေးယူမှုတစုံတရာ မခံရဘဲ ပြန်လည်လွတ်မြောက်လာခဲ့သည်။ 

ရိုဟင်ဂျာ ၇၀၀,၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်းထုတ်ခဲ့သည့် ၂၀၁၇ ခုနှစ် “နယ်မြေရှင်းလင်းရေး” အတွင်း စစ်တပ်၏ ရိုဟင်ဂျာတို့အပေါ် လူမဆန်အောင် ရက်စက်ကြမ်းကြုတ်မှုများကြောင့် နိုင်ငံတကာ၏ ပြင်းထန်သော ဝေဖန်ရှုတ်ချမှုများ မြန်မာနိုင်ငံအပေါ်ကို ကျရောက်ခဲ့သည်။ ယင်းနောက် ထိုစဉ်က တပ်ချုပ် မင်းအောင်လှိုင်က မောင်မောင်စိုးကို ၂၀၁၈ ခုနှစ်တွင် စစ်တပ်မှ အငြိမ်းစားပေးခဲ့သည်။ 

စစ်တပ်ကမူ တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုးကဲ့သို့သော အဆင့်မြင့်အရာရှိကြီးများကို ရာထူးမှ ထုတ်ပယ်ခြင်း၊ စုံစမ်းစစ်ဆေးကာ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာကို တင်ပြ၍ ဝေဖန်မှုများ လျော့ကျအောင် ကြိုးစားခဲ့သော်လည်း ၎င်းအရာရှိများကို လွတ်လပ်သော အရပ်ဘက် တရားရုံးများ၌ စစ်ဆေးခြင်းမဟုတ်ဘဲ ပွင့်လင်းလွတ်လပ်မှုမရှိသော စစ်တပ်တွင်းတရားရုံးများတွင်သာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သီးခြားလွတ်လပ်သော အရပ်ဘက်ထိန်းချုပ်မှုမရှိဘဲ လည်ပတ်နေသည့် စစ်ဘက်တရားစီရင်ရေး စနစ်အောက်တွင် မြန်မာနိုင်ငံသည် အဆင့်မြင့်တပ်မှူးများ၏ အခန်းကဏ္ဍအပါအဝင် ရိုဟင်ဂျာများအပေါ်တွင် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများကို အမှန်တကယ် စုံစမ်းစစ်ဆေးရန် ပျက်ကွက်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာလ ၁၉ ရက်တွင် အမိန့်ချသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့အပြင် ပြစ်ဒဏ်ချမှတ်ခံရသော စစ်သားများကို သိသိသာသာ သက်ညှာစွာ ဆက်ဆံခဲ့ပုံနှင့် ပတ်သက်၍လည်း အပြည်ပြည်ဆိုင်ရာတရားရုံးက မီးမောင်းထိုးပြခဲ့သည်။ အင်းဒင်ကျေးရွာတွင် ရိုဟင်ဂျာ ၁၀ ဦးကို သတ်ဖြတ်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံခဲ့ရသော စစ်သား ခုနစ်ဦးသည် ထောင်ဒဏ် ရှစ်လသာကျခံပြီးနောက် တပ်ချုပ်မင်းအောင်လှိုင်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် နယ်မြေရှင်းလင်းရေးတွင် ပါဝင်ခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ ဗိုလ်ကြီးဟောင်း နေမျိုးသက်က တရားရုံး၏ စီရင်ချက်ကို ကြိုဆိုသည်။ မြန်မာစစ်တပ်သည် ထိုစဉ်က အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) နှင့် မည်သို့မျှ မပတ်သက်သော ရိုဟင်ဂျာအရပ်သားများကို မည်းမည်းမြင်ရာ အကုန်သတ်ပစ်ခဲ့သည်ဟု ၎င်းက ဆိုသည်။ 

“အာဆာနဲ့ မပတ်သက်တဲ့ ရိုဟင်ဂျာအရပ်သားတွေ အတော်များများကို သတ်ပစ်ခဲ့ကြတယ်”ဟု ယခု ဂျာမနီနိုင်ငံတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေသည့် ဗိုလ်ကြီးဟောင်း နေမျိုးသက်က ပြောသည်။ 

အာဆာအဖွဲ့သည် တခြားအဖွဲ့များနှင့် ယှဉ်ပါက အင်အားသေးငယ်ပြီး ဘာမျှဖြစ်ဖြစ်မြောက်မြောက် မရှိသည့် လက်နက်ကိုင်အဖွဲ့ဖြစ်ကြောင်း ၎င်းက ပြောသည်။​

စစ်တပ်အသိုင်းအဝိုင်းအတွင်း ရရှိခဲ့သည်ဟုဆိုသော သတင်းများအရ တပ်ချုပ် မင်းအောင်လှိုင်သည် တိုင်းမှူးဟောင်း မောင်မောင်စိုးကို တပ်မှအနားယူရန် ကိုယ်တိုင် တိုက်တွန်းခဲ့သည် ဟု ဆိုသည်။ တပ်မှထွက်ရသော်လည်း ပင်စင်နှင့် လုပ်သက်ကြေးတို့ ရရှိစေရပါမည်ဟု မင်းအောင်လှိုင်က အာမခံခဲ့သည်။

ထိုအချိန်အခါက စစ်တပ်၏ စစ်ဥပဒေချုပ် ဖြစ်ခဲ့ပြီး ယခု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဖြစ်နေသူ အောင်လင်းဒွေးသည် ၂၀၁၇ ခုနှစ် စစ်ဆင်ရေးများအတွင်း ရခိုင်သို့ကိုယ်တိုင်သွားရောက်၍ စစ်တပ်၏ ရာဇဝတ်မှု သက်သေအထောက်အထားများကို ဖျက်ဆီးခဲ့သည်ဟု ၂၀၂၂ ခုနှစ်အတွင်း Myanmar Now နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတခုတွင် ကိုနေမျိုးသက်က ပြောဖူးသည်။ ထိုသို့ဖျက်ဆီးရာတွင် စစ်ဘက်နှင့်ဆိုင်သော မှတ်တမ်းမှတ်ရာများကို ပြောင်းလဲပြင်ဆင်ခြင်းနှင့် ဓာတ်ပုံ၊​ ဗီဒီယို အထောက်အထားများကို ဖျက်ဆီးခိုင်းခြင်းတို့ ပါဝင်သည်။

တိုင်းမှူး ဗိုလ်ချုပ်ဟောင်း မောင်မောင်စိုးသည် စစ်တပ်မှထွက်ခဲ့ရသော်လည်း စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (ဦးပိုင်)၏ အထွေထွေစီမံခန့်ခွဲရေးဌာန အကြီးအကဲအဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် ယင်းလုပ်ငန်းစု၏ တတိယအဆင့်အမြင့်ဆုံး တာဝန်ရှိသူ ဖြစ်လာခဲ့သည်။

ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအတွက် သွင်းကုန်ပါမစ်များနှင့် ပတ်သက်သည့် အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များဖြင့် မောင်မောင်စိုးကို အခြားအငြိမ်းစားအရာရှိ နှစ်ဦးနှင့်အတူ ယခုနှစ် ဩဂုတ်လအတွင်း စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ရက်အတန်ကြာ စစ်ဆေးမေးမြန်းပြီးနောက် ၎င်းကို ပြန်လွှတ်ပေးခဲ့သည်။ ဦးပိုင်အဆင့်မြင့်ရာထူးမှ ထုတ်ပယ်ခဲ့သော်လည်း ရာဇဝတ်မှုကြောင်းအရ တရားစွဲဆိုခြင်း ရှိ၊ မရှိကိုမူ တရားဝင် ထုတ်ပြန်ခြင်းမရှိပေ။

မောင်မောင်စိုးသည် ပုဂ္ဂလိကကုမ္ပဏီများ သွင်းကုန်နှင့် ပို့ကုန်ပါမစ်များ ရရှိစေရန် ဦးပိုင်လီမိတက်၏ ဩဇာအာဏာကို အသုံးချကူညီပေးခဲ့ပြီး ထိုသို့ဆောင်ရွက်ပေးခြင်းမှတဆင့် ကိုယ်ကျိုးစီးပွား ရှာဖွေခဲ့သည်ဟု ဦးပိုင်၏ လုပ်ငန်းလည်ပတ်မှုများနှင့် နီးစပ်သူတဦးက Myanmar Now သို့ ပြောကြားသည်။

“သူက ဦးပိုင်ရောက်မှ တအားချမ်းသာသွားတာ”ဟု အဆိုပါသတင်းရင်းမြစ်က ဆိုသည်။ ၎င်း၏ ဖြေရှင်းပြောဆိုချက်များရရှိရန် Myanmar Now က မောင်မောင်စိုးကို ဆက်သွယ်ရန်ကြိုးစားခဲ့သော် လည်း ဆက်သွယ်၍ မရခဲ့ပေ။ 

 အနောက်ပိုင်းတိုင်း တိုင်းမှူးဟောင်း မောင်မောင်စိုး (ဝဲ) နှင့်ဇနီးဖြစ်သူ။ (ဓာတ်ပုံ- ပေးပို့)
အနောက်ပိုင်းတိုင်း တိုင်းမှူးဟောင်း မောင်မောင်စိုး (ဝဲ) နှင့်ဇနီးဖြစ်သူ။ (ဓာတ်ပုံ- ပေးပို့)

မောင်မောင်စိုးကို၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန်က ဒဏ်ခတ်အရေးယူသည်။ ထို့နောက် ဥရောပသမဂ္ဂ (EU) ကလည်း ၎င်းအား ဒဏ်ခတ်အရေးယူထားသည်။

ထိုသို့ နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများနှင့် စစ်ဘက်တိုင်းမှူးရာထူးမှ ဖယ်ရှားခံရသည့်ကြားမှ ၎င်းသည် ဦးပိုင်ကဲ့သို့သော ကုမ္ပဏီကြီးတခု၏ အဆင့်မြင့်အရာရှိကြီး ဖြစ်လာခဲ့သည်။ 

ICJ ၏ စီရင်ချက်သည် လူမျိုးသုဉ်းသတ်ဖြတ်မှုကို တားဆီးရန်နှင့် အပြစ်ပေးရန် ပျက်ကွက်မှုအပါအဝင် ယင်းရာဇဝတ်မှုအတွက် မြန်မာနိုင်ငံတွင် တာဝန်ရှိကြောင်း အတည်ပြုဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း အဆိုပါစီရင်ချက်သည် နိုင်ငံတော်၏ တာဝန်ရှိမှုနှင့်သာ သက်ဆိုင်ပြီး စစ်ဘက်အရာရှိ တဦးချင်းစီအပေါ် ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ်များ ချမှတ်ခြင်း မရှိပေ။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာဆက်လက်ချုပ်ကိုင်ထားသရွေ့ ရိုဟင်ဂျာများအတွက် တရားမျှတမှုရရှိရန်နှင့် ၎င်းတို့၏အခြေအနေ အမှန်တကယ်တိုးတက်ကောင်းမွန်လာရန် မျှော်လင့်ချက်နည်းပါးကြောင်း ကိုနေမျိုးသက်က ပြောသည်။

“မြန်မာနိုင်ငံမှာ စစ်တပ်က အုပ်ချုပ်နေသရွေ့ ရိုဟင်ဂျာတွေအတွက် မျှော်လင့်ချက်မရှိဘူး။ စစ်တပ်က လိုက်လျောမှုတချို့ လုပ်ပေးလာရင်တောင် စေတနာအမှန်နဲ့ လုပ်ပေးမှာမဟုတ်ဘူး။ နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက်ပဲ လုပ်မှာ”ဟု ၎င်းက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles