တရုတ်- မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းအများစုကို စိုးမိုးထားသည့် ကိုးကန့်တပ်ဖွဲ့ဟု လူသိများသည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ထိန်းချုပ်ဒေသများတွင် ကျား/မ မရွေး စစ်မှုထမ်းရန် ဖိအားပေးခေါ်ယူနေသည့်အပြင် စစ်အင်အားများတိုးချဲ့နေပြီး စီးပွားရေးတောင့်တင်းခိုင်မာရန် အာရုံစိုက်လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောကြသည်။
ယခုလအတွင်း ၎င်းတို့ သတ်မှတ်ထားသည့် အထူးဒေသ (၁) ထိန်းချုပ်နယ်မြေအတွင်းရှိ မြို့ကြီးများတွင် စစ်သားသစ် စုဆောင်းမှုများ ပြုလုပ်နေပြီး အချို့မြို့များတွင် တစ်အိမ်တစ်ယောက်၊ အချို့ကျေးရွာများတွင် တစ်ရွာကို ငါးယောက်နှုန်းဖြင့် ခေါ်နေကြောင်း၊ စစ်မှုထမ်းရန် ရှောင်တိမ်းသည့် မိသားစုများ၏ နေအိမ်များကို ချိပ်ပိတ်သွားမည်ဟုလည်း အသိပေးထားကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ရှမ်းမြောက်ဒေသခံများက ဆိုကြသည်။
ကိုးကန့်တပ်ဖွဲ့က“မူပန်”ဟု အမည်ပြောင်းလဲသတ်မှတ်ထားသည့် သိန္နီမြို့တွင် ပြီးခဲ့သည့်ရက်များက မြို့ခံများကို ခေါ်ယူတွေ့ဆုံ၍ မိသားစုဝင် သုံးဦးရှိလျှင် တစ်ဦး မဖြစ်မနေ စစ်မှုထမ်းရမည်ဟု ပြောဆိုကြောင်း မြို့ခံအချို့ထံက သိရသည်။
“အိမ်မှာ သုံးယောက်ရှိရင် တစ်ယောက် မဖြစ်မနေပေးရမယ်။ မိန်းကလေးဖြစ်လည်း ရတယ်တဲ့။ မပေးနိုင်လို့ ရှောင်ပြေးရင် အိမ်ကို ချိပ်ပိတ်မယ်ဆိုတာမျိုး ပြောသွားတယ်”ဟု သိန္နီမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
သိန္နီမြို့ပေါ်တွင် ယမန်နှစ်က ရပ်ကွက်တစ်ခုလျှင် လူငါးဦးနှုန်းဖြင့် စစ်မှုထမ်းရန် ကောက်ခံခဲ့သော်လည်း ယခုနှစ်တွင်မူ တစ်အိမ်ထောင်လျှင် တစ်ဦးနှုန်းဖြင့် မဖြစ်မနေ စစ်မှုထမ်းရန် လူသစ်စုဆောင်းလာခြင်း ဖြစ်သည်။
“ရပ်ကွက်ထဲမှာ စစ်မှုထမ်းဖို့ လူမရှိတော့ဘူးလို့ အကြောင်းပြရင် သူတို့က အိမ်ထောင်စုအလိုက် အမည် စာရင်းတွေနဲ့ ရောက်လာတယ်။ ဘယ်လိုမှ ပြောလို့မရဘူး”ဟု သိန္နီမြို့ခံ နောက်တစ်ဦးက ပြောသည်။
ယခင်က အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်းရှိ အမျိုးသားများကို ဦးစားပေးခေါ်ယူခဲ့သော်လည်း ယခုအခါ မိသားစုဝင် သုံးဦးရှိပါက ကျား/မ မရွေး တစ်ဦး လိုက်ပါရမည်ဟု သိရသည်။
သိန္နီမြို့အပြင် ကွတ်ခိုင်မြို့ပေါ်ရပ်ကွက်များတွင် စစ်မှုထမ်းရန် စည်းရုံးမှုများ ပြုလုပ်နေသလို မြို့အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင်လည်း ရွာအလိုက် လူသစ်စုဆောင်းမှုများ ရှိနေကြောင်း သိရသည်။
“ကျွန်တော်တို့ရွာမှာတော့ တစ်ရွာကို ငါးယောက်နှုန်း ပေးပါလို့ ပြောထားတယ်။ မဖြစ်မနေဆိုတဲ့ ပုံစံတော့ မဟုတ်သေးဘူး။ တခြားနေရာတွေမှာတော့ မဖြစ်မနေ ပေးရမယ်လို့ ပြောထားတယ်” ဟု အမည်မဖော်လိုသည့် ကွတ်ခိုင်မြို့ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး အမျိုးသားတစ်ဦးက ပြောသည်။
စစ်မှုထမ်းရန် ခေါ်ယူခံရသူများကို MNDAA က ကျေးရွာပြည်သူ့စစ်နှင့် အမာခံတပ်သား ဟူ၍ နှစ်မျိုး ခွဲခြားထားသည်။
စစ်မှုထမ်းရန်အတွက် သင်တန်းသုံးလ တက်ရမည်ဖြစ်ပြီး ကျေးရွာပြည်သူ့စစ်အဖြစ် တာဝန်ထမ်းဆောင် မည့်သူများမှာ သင်တန်းဆင်းပြီးပါက မိမိတို့၏ ကျေးရွာများတွင် ပြည်သူ့စစ်အဖြစ် ပြန်လည်တာဝန် ထမ်းဆောင်ရမည် ဖြစ်သည်။
ပြည်သူ့စစ်တာဝန်ထမ်းဆောင်သူများကို လစာအဖြစ် တစ်လလျှင် တရုတ်ယွမ် ၃၀၀ (မြန်မာငွေ နှစ်သိန်းခန့်) ပေးမည်ဖြစ်ပြီး အမာခံတပ်သားတစ်ဦးလျှင် တစ်လစာ တရုတ်ယွမ် ၇၀၀ (မြန်မာငွေ ငါးသိန်းနီးပါး) ပေးမည်ဟု ဆိုကာ စည်းရုံးနေကြောင်း ကွတ်ခိုင်မြို့ခံများထံက သိရသည်။

လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း MNDAA က လူသစ်စုဆောင်းမှုများ ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများက ပြောသည်။
“မိုင်းယော်ဘက်မှာက အရင် TNLA တပ်သားဟောင်းတွေကိုပါ ပြန်ခေါ်တယ်။ မလိုက်မနေရမယ့် ပုံစံမျိုးဆိုတော့ သွားကြရတယ်” ဟု လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်းရှိ ကျေးရွာခံတစ်ဦးက ပြောသည်။
MNDAA အနေဖြင့် ပြည်သူ့စစ်တပ်သားမှ ဗိုလ်မှူးအဆင့်အထိ ရာထူးအလိုက် လစာများ သတ်မှတ်ထားပြီး အနည်းဆုံး တရုတ်ယွမ် ၃၀၀ (မြန်မာငွေ နှစ်သိန်းကျော်) မှ အများဆုံး ယွမ် ၁,၂၀၀ (မြန်မာငွေ ဆယ်သိန်း ဝန်းကျင်) အထိ ပေးအပ်ထားကြောင်း သိရသည်။
စစ်မှုထမ်းခေါ်ယူသည့် အခြေအနေနှင့်ပတ်သက်၍ MNDAA တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းခဲ့ သော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိပေ။
MNDAA အနေဖြင့် ကျယ်ပြန့်လာသည့် ၎င်းတို့၏ ထိန်းချုပ်နယ်မြေများကို ကာကွယ်နိုင်ရန်အတွက် ယခုကဲ့သို့ စစ်အင်အားများ ပိုမိုဖြည့်တင်းလာခြင်း ဖြစ်နိုင်ကြောင်း တိုင်းရင်းသားအရေး လေ့လာစောင့်ကြည့်သူ အချို့က သုံးသပ်သည်။
“၁၀၂၇ တုန်းက မဟာမိတ်အင်အားနဲ့ အဲဒီမြို့တွေကို တိုက်နိုင်ခဲ့တာ။ အခုက မဟာမိတ်အင်အားက မရှိတော့ဘူးဆိုတော့ စစ်တပ်က ပြန်တိုက်လာရင် အဲဒီ မြို့တွေကို ကာကွယ်နိုင်ဖို့ ကြိုပြင်ထားပုံရတယ်ဟု ထိုင်းနိုင်ငံအခြေစိုက် ဝါရင့်တိုင်းရင်းသားရေးရာ လေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း MNDAA တပ်သည် လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုးနှင့် တာမိုးညဲမြို့များကို သိမ်းပိုက်ခဲ့သည်။ တရုတ်ကြားဝင်မှုကြောင့် လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက်အား စစ်တပ်ထံပြန်လွှဲခဲ့ရသော်လည်း မြို့နယ်တစ်ခုလုံး၏ အရေးပါသည့် နေရာများအား ဆက်လက်ထိန်းချုပ်ခွင့်ရခဲ့သည်။

ယခုနှစ် မတ်လတွင်လည်း TNLA ထံမှ ကွတ်ခိုင်မြို့ကို ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လောက်ကိုင်၊ မူပန် (သိန္နီ)၊ ကွတ်ခိုင်နှင့် မုံးကိုးခရိုင်ဟူ၍ ခရိုင်လေးခုခွဲ၍ အထူးဒေသ (၁) အမည်ဖြင့် အုပ်ချုပ်လျက်ရှိသည်။
ရှမ်းမြောက်တစ်ခုလုံးနီးပါး ဆုံးရှုံးခဲ့ရသော “၁၀၂၇ စစ်ဆင်ရေး” နှင့်ပတ်သက်၍ ၎င်းခရီးသွားနေစဉ် အလစ် အငိုက်ယူ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ MNDAA က သာလွန်အင်အားနှင့်အကူအညီများ ရယူတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ခေါင်းဆောင်က စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီ အမတ်များ လွှမ်းမိုးထားသည့် နေပြည်တော်ရှိ လွှတ်တော်တွင် နိုဝင်ဘာလ ၁၈ ရက် နံနက်က သုံးနာရီကြာ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
“လက်နက်အင်အား၊ နည်းပညာအင်အား၊ လူအင်အား၊ သာလွန်တဲ့အင်အားနဲ့ MNDAA တိုက်တာပေါ့။ နောက် သူတို့ရဲ့ မဟာမိတ်တွေ အကုန် ပါပါတယ်။ တချို့ ပြောမကောင်းလို့သာ မပြောတာ၊ အကူအညီတွေ ပါတယ်။ အကူအညီတွေနဲ့ တိုက်တာ၊ သူတို့အင်အားနဲ့တိုက်တာမဟုတ်ပါဘူး။ ဒါက ဘာလဲ အလစ်ပေါ့။ Element of Surprise ပေါ့ အလစ်အငိုက်ယူပြီးတိုက်တာ”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် MNDAA က အပစ်ရပ်စဲထားပြီး စစ်တပ်နှင့်နေပြည်တော်တွေ့ဆုံမှုတွင် ၎င်းတို့ရရှိထားသော နယ်မြေများအားလုံးကို အထူးဒေသ (၁) အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုထားသည်။ စစ်တပ်က ပေးလိုသောဆန္ဒ မရှိဘဲ တရုတ်- မြန်မာနယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းပေါ်ရှိ MNDAA တပ်ဖွဲ့များ ဆုတ်ခွာပေးရန်နှင့်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကသာ တောင်းဆိုရန် တုံ့ပြန်ထားသည်။
စီးပွားရေးခိုင်မာရန် နယ်စပ်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးချဲ့
MNDAA အနေဖြင့် စစ်အင်အားတောင့်တင်းရေးအပြင် ထိန်းချုပ်ထားသည့် မြို့များအတွင်း စီးပွားရေး တောင့်တင်းခိုင်မာစေရန်အတွက် နယ်စပ်ကုန်သွယ်ရေးနှင့် ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အားကောင်းလာစေရေးကိုလည်း တိုးချဲ့ဆောင်ရွက်နေသည်။
တရုတ်နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် မူဆယ် (ကျင်စန်းကျော့) နယ်စပ်ဂိတ်ကုန်သွယ်ရေး စခန်းကို ဖွင့်လှစ်ထားပြီး မုံးကိုးနယ်စပ်စခန်းနှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းများကို အဆင့်မြှင့်တင်ကာ ကုန်သွယ်ရေးပို မိုအားကောင်းလာစေရန် ဆောင်ရွက်နေသည်ဟု ရှမ်းမြောက်အခြေစိုက် ကုန်သည်များထံက သိရသည်။
“တရုတ်ဘက်က အကုန်ပြန်ဖွင့်ပေးထားတော့ တရုတ်က ဝင်တဲ့ကုန်တွေရော၊ တရုတ်ကို ပို့တဲ့ကုန်တွေအတွက်ပါ ကိုးကန့်ဘက်က အခွန်ပိုရလာတယ်။ ဒီကုန်သွယ်ရေးစခန်းတွေက ဝင်ငွေအဓိကရတာဆိုတော့ ဒါကို သူတို့သေချာ အာရုံစိုက်တယ်”ဟု မူဆယ်အခြေစိုက် ကုန်သည်တစ်ဦးက ပြောသည်။
“၁၀၂၇ စစ်ဆင်ရေး” မတိုင်မီ စစ်တပ်လက်အောက်ခံ နယ်စပ်ကုန်သွယ်ရေးဌာနက ဖွင့်လှစ်ထားသည့် ကွမ်းလုံမြို့အထွက်ရှိ ကုန်သွယ်ရေးစခန်းကိုလည်း ပြုပြင်မွမ်းမံမှုများ ထပ်မံပြုလုပ်နေသလို တရုတ်-မြန်မာနယ်စပ်အနီး ချင်းရွှေဟော်မြို့၏ မြောက်ဘက်တွင် ကုန်သွယ်ရေးစခန်းအသစ်တစ်ခုကိုလည်း MNDAA က အကောင်အထည်ဖော်နေသည်ဟု ကုန်သည်များက ဆိုသည်။
နယ်စပ်ကုန်သွယ်ရေးအပြင် သိန္နီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်နှင့် လားရှိုးမြို့နယ်များအတွင်း တရုတ်စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်ကာ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများကိုလည်း တိုးချဲ့လုပ်ကိုင်နေကြောင်း သိရသည်။
“အဓိကတော့ ရွှေနဲ့ သတ္တုတူးတဲ့လုပ်ငန်းက ပိုများတယ်။ သိန္နီမှာဆိုရင် တရုတ်ဘူမိဗေဒပညာရှင်တွေ အဖွဲ့လိုက်လာကြတယ်။ သတ္တုကြောတွေရှာပြီး နမူနာတွေယူဖို့လို့ ပြောတယ်” ဟု အထက်ပါသိန္နီမြို့ခံ အမျိုးသားက ပြောသည်။
တရုတ်လုပ်ငန်းရှင်များကလည်း မြန်မာဘက်ရှိ သကြားစက်ရုံ၊ ဆေးလိပ်စက်ရုံနှင့် အခြားကုန်ထုတ်စက်ရုံများ၌ လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြသည်။
ထို့အပြင် ကြံ၊ ပြောင်းနှင့် ဖရဲသီး ကဲ့သို့သော စိုက်ပျိုးရေးလုပ်ငန်းများ၊ ကုန်မာဆိုင်များ၊ ကုန်စုံဆိုင်များနှင့် စိုက်ပျိုးရေးသုံးပစ္စည်း ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းများတွင်လည်း တရုတ်နိုင်ငံသားအများစု လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြကြောင်း ဒေသခံများထံက သိရသည်။
စီးပွားရေးတောင့်တင်းခိုင်မာစေရန် ဆောင်ရွက်နေသည့် MNDAA သည် ဒေသတွင်း လျှပ်စစ်ဓာတ်အား ရရှိရေးအတွက်လည်း လုပ်ဆောင်နေပြီး သိန္နီမြို့၏ အနောက်ဘက် ဟိုနားကျေးရွာအနီးတွင် လျှပ်စစ်ဓာတ်အား ၁၂,၆၀၀ ကီလိုဝပ် (၁၂ ဒသမ ၆ မဂ္ဂါဝပ်) ထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ်စက်ရုံတစ်ခု တည်ဆောက်ထားသည်။


သိန္နီမြို့အနောက်ဘက် ဟိုနားကျေးရွာအနီး တည်ဆောက်ခဲ့သည့် ရေအားလျှပ်စစ်စက်ရုံ စီမံကိန်းကို ယခုနှစ် မတ်လက တွေ့ရစဉ်။ (ဓာတ်ပုံ-The Kokang)
အဆိုပါ သိန္နီရေအားလျှပ်စစ်စက်ရုံကို အထူးဒေသ (၁) ရေပေးဝေရေးနှင့် လျှပ်စစ်စွမ်းအားကုမ္ပဏီလီမိတက် (Myanmar Federal First Special Region Water and Power Co., Ltd.) က ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ပြီး သိန္နီ၊ ကွတ်ခိုင်နှင့် တာမိုးညဲမြို့နယ်များသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေကြောင်း MNDAA က ထုတ်ပြန်ထားသည်။
အိမ်သုံးလျှပ်စစ်ဓာတ်အားအတွက် တစ်ယူနစ်လျှင် ၄၀၀ ကျပ် သတ်မှတ်ထားပြီး စီးပွားရေးနှင့် စက်မှုလုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားအတွက် တစ်ယူနစ်လျှင် ၆၀၀ ကျပ်မှ ၇၀၀ ကျပ်အထိ သတ်မှတ်ထားကာ စမတ်ကတ်စနစ်ဖြင့် ငွေပေးချေသည့်စနစ်ကို ကျင့်သုံးနေကြောင်း ဒေသခံများက ပြောသည်။
လျှပ်စစ်မီးမသုံးဘဲ ကိုယ်ပိုင်ဆိုလာစနစ် တပ်ဆင်အသုံးပြုသူများကိုလည်း တစ်နှစ်လျှင် တရုတ်ယွမ် ၇၀၀ (မြန်မာငွေ ငါးသိန်းခန့်) အခွန်ကောက်ခံနေသဖြင့် ဝေဖန်မှုများ ရှိနေသည်။
“လျှပ်စစ်မီးလိုင်းနဲ့ ဆိုလာတွဲထားတာဖြစ်ဖြစ်၊ ဆိုလာသီးသန့်သုံးနေတာ ဖြစ်ဖြစ် အခွန်ကောက်တယ်။ သူတို့က အဓိက လျှပ်စစ်မီးကိုပဲ သုံးစေချင်တာ”ဟု ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောသည်။
ထို့အပြင် သိန္နီမြို့နှင့် ၁၈ မိုင်ခန့်အကွာ ကွမ်းလုံလမ်းပေါ်ရှိ နမ့်စလတ်ရွာအနီးတွင်လည်း ရေအားလျှပ်စစ် စီမံကိန်းတစ်ခု ထပ်မံတည်ဆောက်နေပြီး အဆိုပါ စီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားကို ကွမ်းလုံ၊ ချင်းရွှေဟော်နှင့် လောက်ကိုင်မြို့များသို့ ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။
စစ်တပ်က မူဆယ်- မန္တလေး ပြည်ထောင်စုလမ်းမကြီးတလျှောက် ရှိ MNDAA တပ်ဖွဲ့များကို ဆုတ်ခွာပေးရန် တောင်းဆိုထားသော်လည်း MNDAA ဘက်က လက်မခံသဖြင့် ပြည်မအထိ တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။
လက်ရှိတွင် MNDAA သည် မူဆယ်- လားရှိုး- ကွတ်ခိုင်- ချင်းရွှေဟော် ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုလုံးအပြင် ရှမ်းပြည်နယ်တောင်ပိုင်းသို့ သွားရာ သိန္နီ- မိုင်းရယ်လမ်းကြောင်းကိုလည်း ဆက်လက်ထိန်းချုပ်ထားသည်။
စစ်တပ်ဘက်ကလည်း တရုတ်နယ်စပ်မှ ဝင်ရောက်လာသည့် ကုန်စည်များကို တရားမဝင်ကုန်စည်များအဖြစ် သတ်မှတ်ထားဆဲဖြစ်ပြီး လက်ရှိအချိန်အထိ ဖမ်းဆီးမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု ရှမ်းမြောက် ဒေသခံများထံက သိရသည်။



