အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ICJ အမိန့်ချနေချိန် ဘင်းမ်စတက် အတွင်းရေးမှူးချုပ်ရာထူးအတွက် စစ်ခေါင်းဆောင် အောင်ပွဲခံနေ

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တရားသူကြီးများက တရားခွင်တွင် ‘မင်းအောင်လှိုင်’ ဟုအမည်တပ်၍ ထပ်ကာထပ်ကာပြောကြားနေချိန်တွင် စစ်ခေါင်းဆောင်က နေပြည်တော်ရှိ သမ္မတရုံးဧည့်ခန်းထိပ် ဆိုဖာခုံပေါ်တွင် သက်သောင့်သက်သာ ထိုင်နေသည်။ ဦးမင်းအောင်လှိုင်သည် သည်ဟိတ်မှသတင်းဆိုးကို စောင့်ဆိုင်းနေခြင်း မဟုတ်ဘဲ သူ့ထံသို့သတင်းကောင်းပါးလာသည့် ဘင်းမ်စတက်အဖွဲ့၏အတွင်းရေးမှူးချုပ်ကို စောင့်နေခြင်းဖြစ်သည်။

မြန်မာစစ်တပ်က ရိုဟင်ဂျာများအပေါ်တွင် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ယမန်နေ့ (နိုဝင်ဘာလ ၁၉ ရက်)  ဆုံးဖြတ်နေချိန် နေပြည်တော်တွင်မူ  ဦးမင်းအောင်လှိုင်သည် ဒေသတွင်းအဖွဲ့အစည်း တစ်ခုဖြစ်သည့် ဘင်းမ်စတက် (BIMSTEC) ၏ အတွင်းရေးမှူးချုပ်ရာထူးအား မြန်မာနိုင်ငံက လာမည့်နှစ်တွင် ရယူမည့်သတင်းကို ကြိုဆိုနေသည်။

ICJ တရားသူကြီးများက တရားခွင်တွင် ‘မင်းအောင်လှိုင်’ ဟု အမည်တပ်၍ ထပ်ခါတလဲလဲ ပြောကြားနေချိန်၌ စစ်ခေါင်းဆောင်ကမူ နေပြည်တော်ရှိ သမ္မတရုံးဧည့်ခန်း ဆိုဖာခုံပေါ်တွင် သက်သောင့်သက်သာ ထိုင်နေသည်။

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် သမ္မတဘွဲ့ခံယူထားသူ ဦးမင်းအောင်လှိုင်သည် သည်ဟိတ်မြို့မှလာမည့် သတင်းဆိုးကို စောင့်ဆိုင်းနေခြင်းမဟုတ်ဘဲ ၎င်းထံ သတင်းကောင်းပါးလာသည့် ဘင်းမ်စတက်အဖွဲ့၏ အတွင်းရေးမှူးချုပ်ကို လက်ခံတွေ့ဆုံနေခြင်းဖြစ်သည်။

စစ်တပ်ထိန်းချုပ်သတင်းဌာနများ၏ ထုတ်လွှင့်ချက်များတွင် တိုက်ပုံအဖြူနှင့် ပိုးပုဆိုးဝတ်ဆင်ထားသည့် ဦးမင်းအောင်လှိုင်သည် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် Indra Mani Pandey ကို ပြုံးရွှင်စွာ နှုတ်ဆက်နေသည်ကို တွေ့ရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထို့နောက် ၎င်းတို့နှစ်ဦးသည် ၂၀၂၇ ခုနှစ်မှစ၍ သုံးနှစ်ကြာမည့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်ရာထူးကို မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးက ရယူမည့်အစီအစဉ်အပါအဝင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ဘင်းမ်စတက် (BIMSTEC) သည် ဘင်္ဂလားပင်လယ်အော်ဒေသ ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ ပါဝင်သည့် ဒေသတွင်းအဖွဲ့အစည်းဖြစ်သည်။

အာဆီယံကဲ့သို့ပင် ဒေသတွင်းနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးကို ရည်ရွယ်ဖွဲ့စည်းထားသော်လည်း မြန်မာစစ်အုပ်စုအပေါ်တွင် ဆက်ဆံပုံချင်း ကွဲပြားနေသည်။

အာဆီယံသည် ၂၀၂၁ ခုနှစ်တွင် အရပ်သားအစိုးရကို ဖြုတ်ချအာဏာသိမ်းခဲ့သည့် မြန်မာစစ်ခေါင်းဆောင်များကို နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်သည့် ထိပ်သီးအစည်းအဝေးများမှ ဖယ်ကြဉ်ထားသည်။

နိုဝင်ဘာလ ၁၅ ရက်က ထုတ်ပြန်ခဲ့သည့် အာဆီယံခေါင်းဆောင်များ၏ နောက်ဆုံး ဆုံးဖြတ်ချက်တွင်လည်း မြန်မာစစ်အုပ်စု၏ နိုင်ငံရေးကိုယ်စားပြုမှုကို ဆက်လက်ကန့်သတ်ထားပြီး နိုင်ငံရေးအရ ကိုယ်စားမပြုသူများကိုသာ အာဆီယံအစည်းအဝေးများသို့ တက်ရောက်ခွင့်ပြုရန် ဆုံးဖြတ်ထားသည်။

သို့သော် ဘင်းမ်စတက်အဖွဲ့ကမူ ၂၀၂၇ ခုနှစ်မှစ၍ သုံးနှစ်ကြာမည့် အတွင်းရေးမှူးချုပ်ရာထူးကို မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးအား ပေးအပ်ရန် စီစဉ်နေသည်။

ဘင်းမ်စတက်၏ တရားဝင်ဖွဲ့စည်းပုံအရ အတွင်းရေးမှူးချုပ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ အဖွဲ့၏ အမြဲတမ်းအတွင်းရေးမှူးရုံးကို ဦးဆောင်ရပြီး အဖွဲ့ဝင်နိုင်ငံများအကြား သဘောတူညီချက်များနှင့် ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးကို ညှိနှိုင်းဆောင်ရွက်ရသည်။

အဆိုပါရာထူးသည် ထိပ်သီးအစည်းအဝေးများကို ဦးဆောင်သည့် အလှည့်ကျဥက္ကဋ္ဌရာထူးနှင့် မတူသော်လည်း နိုင်ငံတကာတွင် သံတမန်ရေးအရ အထီးကျန်နေသည့် မြန်မာစစ်အုပ်စုအတွက် ဒေသတွင်းအဖွဲ့အစည်းတစ်ခု၏ အမြင့်ဆုံးအုပ်ချုပ်ရေးရာထူးကို မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးက ရယူနိုင်မည့် အခွင့်အရေးဖြစ်လာသည်။

ယင်းရာထူးရယူမည့်အစီအစဉ်ကို နိုင်ငံပိုင်သတင်းစာများက “သမိုင်းဝင် သံတမန်ရေးရာ အလှည့်အပြောင်းသစ်တစ်ခု” ဟု ညွှန်းဆိုထားသည်။

 ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်က နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံကို အမိန့်ချမှတ်နေစဉ် စစ်တပ်ကိုယ်စားလှယ် ဦးကိုကိုလှိုင်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ။ (ဓာတ်ပုံ- ICJ)

ICJ ဆုံးဖြတ်ချက်ကို ‘ဂရုစိုက်စရာအကြောင်းမရှိ’

မြန်မာနိုင်ငံသည် ရိုဟင်ဂျာများအပေါ်တွင် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ICJ က ဆုံးဖြတ်ပြီး မိနစ်ပိုင်းအတွင်း စစ်တပ်ထိန်းချုပ်ထားသည့် တယ်လီဂရမ်ချန်နယ်တစ်ခုက တရားရုံးဆုံးဖြတ်ချက်ကို ဂရုစိုက်စရာမလိုကြောင်း တုံ့ပြန်ခဲ့သည်။

အဖွဲ့ဝင် တစ်သိန်းခွဲကျော်ရှိသည့် ‘မှိုင်းဝေ’ အမည်ရှိ တယ်လီဂရမ်ချန်နယ်တွင်—

“ဂရုစိုက်စရာအကြောင်းမရှိပါဘူး.. ဒီလိုပဲလာမယ်ဆိုတာ သိပြီးသားပါပဲ… အေးဆေးပါ.. ကိုယ်လုပ်မှဖြစ်တာ..” ဟု ရေးသားထားသည်။

အဆိုပါ တယ်လီဂရမ်ချန်နယ်ကို စစ်တပ်က ထိန်းချုပ်ထားကြောင်း ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့်က ပြီးခဲ့သည့် စက်တင်ဘာလအတွင်း နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဝန်ခံပြောကြားထားသည်။

သို့သော် နိုဝင်ဘာလ ၂၀ ရက် နံနက်ပိုင်းအထိ စစ်တပ်က ICJ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ သီးခြားတရားဝင်သဘောထား ထုတ်ပြန်ခြင်းမရှိသေးပေ။

ICJ က အမိန့်ချမှတ်သည့် ယမန်နေ့တွင် ဦးမင်းအောင်လှိုင်နှင့် လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့သည် နေပြည်တော်၌ အတူတကွရှိနေပြီး သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း စစ်တပ်ထိန်းချုပ်သတင်းစာများတွင် ဖော်ပြထားသည်။

ICJ အမိန့်ချနေချိန် ၂၀၂၇ ခုနှစ်မှစ၍ ဘင်းမ်စတက် အတွင်းရေးမှူးချုပ်ရာထူးအရေး ဦးမင်းအောင်လှိုင်က နေပြည်တော်၌ဆွေးနွေးနေခဲ့စဉ်။ (ဓာတ်ပုံ- စစ်တပ်ထိန်းချုပ် MOI)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles