စုံစမ်းဖော်ထုတ်ရေးသားမှု

ပုဂ္ဂလိကဘဏ်သူဌေးကြီးများ လူထုပိုက်ဆံဖြင့် စစ်ကောင်စီဘဏ္ဍာတိုက်ကို ဖြည့်ပေးနေ

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံတကာကုမ္ပဏီကြီးများ ထွက်ခွာသွားခြင်း၊ နိုင်ငံတကာဖွံ့ဖြိုးရေးအကူအညီနှင့် ချေးငွေများ ရပ်ဆိုင်းခံရခြင်း၊ ကုန်ထုတ်လုပ်မှု လျော့ကျကာ ပို့ကုန်ဝင်ငွေနည်းလာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထပ်ဝင်မလာတော့ခြင်းတို့အပြင် ဝင်ငွေရလမ်းကြောင်းများပါ ပိတ်ဆို့ခံထားရသဖြင့် စစ်ကောင်စီအတွက် ဘဏ္ဍာငွေလိုအပ်ချက် ကြီးမားနေသည်။

ထိုသို့ လိုအပ်ချက်ကြီးမားနေသော်လည်း ပြည်သူလူထုအပေါ် အရက်စက်ဆုံး စစ်ဆင်နွှဲနေသောကြောင့် စစ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲနေရသည်ဖြစ်ရာ ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းနိုင်ရေး အာဏာသိမ်းစစ်တပ်က ငွေတိုက်စာချုပ်များ အဆက်မပြတ် ထုတ်ရောင်းနေခဲ့သည်။

Myanmar Now ၏ လေ့လာချက်အရ ပြည်တွင်းရှိ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နှင့် ရိုးမဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ်များသည် စစ်ကောင်စီက ရောင်းချနေသော ကျပ်ငွေ သန်းပေါင်းထောင်များစွာ တန်ကြေးရှိသော ငွေတိုက်စာချုပ်များကို ဝယ်ယူနေခြင်းဖြင့် စစ်ကောင်စီကို တစ်နည်းတစ်ဖုံ ကူညီနေကြသည်။

ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်ဆိုသည်မှာ သက်သေခံစာချုပ်ထုတ်ဝေ၍ အများပြည်သူထံမှ ငွေချေးယူသည့် နည်းလမ်းတစ်ခုဖြစ်သည်။ ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းရန် ကြားခံဘဏ္ဍာရေးအဖွဲ့အစည်းများမှတစ်ဆင့် သက်သေခံလက်မှတ်များ ထုတ်ရောင်းခြင်းပင်ဖြစ်သည်။

ထိုငွေချေးစာချုပ်များကို စစ်ကောင်စီ၏ စီမံဘဏ္ဍာဝန်ကြီးဌာနလက်အောက်ခံ ငွေတိုက်ဦးစီးဌာနက ထုတ်ဝေ၍ ဗဟိုဘဏ်က ကိုယ်စားလှယ်အဖြစ် ရောင်းသည်။ တစ်နှစ်အောက် သက်တမ်းရှိ ငွေတိုက်လက်မှတ် (Treasury Bills) ကို တစ်လနှစ်ကြိမ် ရောင်းချနိုင်ပြီး တစ်နှစ်အထက် သက်တမ်းရှိ ငွေတိုက်စာချုပ် (Treasury Bond) ကို တစ်လတစ်ကြိမ် ရောင်းချနိုင်သည်။

ဗဟိုဘဏ်၏ ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်ချုပ်အစီရင်ခံစာအရ နိုင်ငံပိုင်ဘဏ်၊ ပုဂ္ဂလိကဘဏ်များနှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများထံ တိုက်ရိုက်ရောင်းချသည့်အပြင် အာမခံကုမ္ပဏီများ၊ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကိုလည်း သက်သေခံကုမ္ပဏီများမှတစ်ဆင့် ရောင်းချနေသည်။

အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ်အတွင်း ဘဏ်များပိတ်ထားရသည်အထိ ဆန္ဒပြပွဲများ အရှိန်ကောင်းနေစဉ်က စစ်ကောင်စီ၏ ငွေချေးစာချုပ် လေလံတင်ရောင်းချပွဲများ၌ ဝယ်သူနည်းပါးခဲ့သော်လည်း နောက်ပိုင်းတွင် ဘဏ်လုပ်ငန်းရှင်ကြီးများ ပြန်လည်ဝယ်ယူလာကြသည်ကို တွေ့ရသည်။​

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ငွေတိုက်ဦးစီးဌာန၏ စာရင်းများအရ ၂၀၂၂ ခုနှစ် ဧပြီလမှ ယခုနှစ် ဇူလိုင်လအထိ စစ်ကောင်စီက ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ် လေလံတင်ရောင်းချပွဲ ၄၆ ကြိမ် ပြုလုပ်ခဲ့ကာ စုစုပေါင်း ကျပ် ၁၇ ဒသမ ၈ ထရီလျံဖိုး (ကျပ်ဘီလျံ ၁၇,၈၀၀) ရောင်းချနိုင်ခဲ့သည်။

စစ်ကောင်စီကို တော်လှန်နေသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်အဆိုအရ အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း အာဏာသိမ်းစစ်တပ်၏ ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ် ထုတ်ရောင်းသည့် တန်ဖိုးမှာ ကျပ် ၂၀ ထရီလျံကျော်အထိ ရှိသည်ဟု သိရသည်။​

လက်ရှိဘဏ္ဍာနှစ်အတွက် စစ်ကောင်စီ၏ စစ်အသုံးစရိတ် ကျပ်ဘီလျံ ၅၆၀၀ ကျော်ရှိရာ ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်ရောင်းချသည့်တန်ဖိုးမှာ စစ်အသုံးစရိတ်၏ သုံးဆခွဲခန့်အထိ ရှိနေသည်။

စစ်ကောင်စီလက်ထက်တွင် ဘတ်ဂျက်လိုငွေပြမှု တိုးလာပြီး လက်ရှိဘဏ္ဍာနှစ်တွင် ဂျီဒီပီ (စုစုပေါင်းကုန်ထုတ်လုပ်မှုတန်ဖိုး) ၅ ဒသမ ၄ ရာခိုင်နှုန်းခန့်အထိ ရှိနိုင်သည်ဟု ပြီးခဲ့သည့်လကုန်ပိုင်းက ထုတ်ပြန်သော ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် ဖော်ပြသည်။​

တစ်ကြိမ်လျှင် ကျပ်ဘီလျံ ၄၀၀ မှ ၁၀၀၀ ကျော်ဖိုးအထိ ရောင်းချခဲ့ခြင်းဖြစ်ကာ နိုင်ငံပိုင်ဘဏ်များ အပါအဝင် စစ်တပ်နှင့် နီးစပ်သည့် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်ကြီးများပိုင် ဘဏ်များက အဓိက ဝယ်ယူကြခြင်းဖြစ်သည်ကို တွေ့ရှိရသည်။

ငွေချေးလက်မှတ်များရောင်းချခြင်းက စစ်ကောင်စီအတွက် အကြီးမားဆုံးဘဏ္ဍာငွေအရင်းအမြစ်ဖြစ်လာပြီး စစ်အုပ်စုသက်ဆိုးရှည်စေရန် ပြည်တွင်းဘဏ်ကြီးများက လူထုပိုက်ဆံဖြင့် ထောက်ပံ့ကူညီနေ​ခြင်းဖြစ်သည်ဟု NUG စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်က မှတ်ချက်ပြုသည်။

“အကြမ်းဖက်စစ်တပ်က ရောင်းတဲ့ အစိုးရငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ်တွေကို ဘယ်သူတွေက ဝယ်လဲဆိုတော့ ပြည်တွင်းပုဂ္ဂလိကဘဏ်တွေက ဝယ်တယ်။ ဘယ်ပိုက်ဆံနဲ့ ဝယ်လဲဆိုတော့ ပြည်သူတွေကနေပြီးတော့ ဘဏ်မှာ အပ်နှံထားတဲ့ ပိုက်ဆံနဲ့ အဲ့ဒီငွေတိုက်စာချုပ်၊ ငွေတိုက်လက်မှတ်တွေ ပြန်ဝယ်တာ”

ကျပ်ငွေ ၁၇ ထရီလျံကျော်မှာ စစ်ကောင်စီက ရောင်းချခဲ့သော စုစုပေါင်းပမာဏသာဖြစ်ပြီး ဘတ်ဂျက်အတွင်း အသားတင်ဖြည့်စွက်နိုင်သည့် ငွေပမာဏမဟုတ်ပေ။ ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များ သက်တမ်းပြည့်ချိန်၌ သတ်မှတ်အတိုးအရင်းပေး၍ ပြန်ရွေးရပြီး ငွေလိုအပ်ချိန်တွင် ထပ်မံထုတ်ရောင်းခြင်းဖြင့် လည်ပတ်နေခြင်းဖြစ်သည်။

ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ရောင်းချထားသည့် ပမာဏအားလုံးကို ပြန်မရွေးနိုင်ဘဲ ကျန်ရှိနေသော ပမာဏသည်သာ ဘတ်ဂျက်လိုငွေအတွက် အသားတင်ဖြည့်ဆည်းပေးနိုင်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်သူ့ကြွေးမြီအဖြစ် ကျန်ရှိနေခြင်းလည်းဖြစ်သည်။

၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ် ကျပ်ဘီလျံပေါင်း နှစ်သောင်းလေးထောင်ကျော်ဖိုးအထိ (၂၄ ထရီယံ) ရောင်းချခဲ့ပြီး ၁၄ ထရီယံခန့် ပြန်ရွေးနိုင်ခဲ့သဖြင့် ကျပ်ဘီလျံ ကိုးထောင်ကျော်သာ ဘတ်ဂျက်လိုငွေအတွက် ဖြည့်ဆည်းနိုင်ခဲ့သည်။

စစ်ကောင်စီဘဏ္ဍာတိုက်ကို ဘယ်သူတွေ ဖြည့်ပေးနေသလဲ 

စစ်ကောင်စီက ရောင်းချနေသည့် ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များကို ပြည်တွင်းပုဂ္ဂလိကဘဏ်များက အများဆုံးလေလံဆွဲဝယ်ယူနေသည်ဟု ‌ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများထံမှ သိရသည်။

စစ်တပ်လက်အောက်ခံ ငွေတိုက်ဦးစီးဌာနက လေလံတင်ရောင်းချပွဲရလဒ်များကို ထုတ်ပြန်ထားသော်လည်း ဝယ်ယူသူအမည်ကိုမူ လျှို့ဝှက်ထားသည်။

သို့သော် ပြီးခဲ့သည့်နှစ် ဩဂုတ်လ ၁၆ ရက်က ပြုလုပ်ခဲ့သော ငွေတိုက်စာချုပ်လေလံတင်ပွဲတွင် နိုင်ငံပိုင်ဘဏ်အချို့အပါအဝင် ဘဏ္ဍာရေးအဖွဲ့အစည်း ၁၄ ခုက ကျပ်ဘီလျံ ၄၅၀ ကျော်ဖိုး ဝယ်ယူခဲ့သည့်မှတ်တမ်းတစ်ခု တွေ့ရှိရသည်။

စစ်အာဏာရှင်များနှင့် ထိတွေ့မှုရှိသည့် ထိပ်သီးစီးပွားသမား Max Myanmar ကုမ္ပဏီအုပ်စုပိုင်ရှင် ဦးဇော်ဇော်၏ ဧရာဝတီဘဏ်နှင့် AYA Trust ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီက တင်ဒါကုတ်နံပါတ် AYAB00, ATSC00 တို့ဖြင့် ကျပ်သန်းပေါင်း ၄၆,၅၀၀ တန်ကြေးရှိ ငွေတိုက်စာချုပ်များ ဝယ်ယူခဲ့သည်။

ဦးဇော်ဇော်မှာ အာဏာသိမ်းပြီးနောက် လူမြင်ကွင်း ထွက်လေ့မရှိသော်လည်း ပြီးခဲ့သည့်နှစ်အတွင်းက ရန်ကုန်မြို့ရှိ အားကစားကွင်းတစ်ခုကို အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရောက်လာစဉ် လက်ခံကြိုဆိုခဲ့သည်ကို တွေ့ရသည်။

ဇွန်လ ၂၉ ရက်နေ့က နေပြည်တော်၌ အာဏာသိမ်းခေါင်းဆောင် တည်နေသည့် ဘုရားအတွက် ထိပ်သီးလုပ်ငန်းရှင်သူဌေးကြီးများက ကျပ် ၁၆ ဘီလျံကျော်အထိ စုပေါင်းလှူခဲ့ကြရာ၌ ဦးဇော်ဇော်ကလည်း ကျပ် သိန်း ၂၉၇၀ လှူခဲ့သည်။

စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် Yoma Strategic Holding တည်ထောင်သူ ဦးသိမ်းဝေ (ခ) Serge Pun ပိုင် ရိုးမဘဏ်သည်လည်း စစ်ကောင်စီ၏ ငွေတိုက်စာချုပ်ရောင်းချပွဲ၌ ကျပ်သန်းပေါင်း ၁၀,၀၀၀ ကျော်အထိ လေလံဝင်ဆွဲခဲ့သည်ကို တွေ့ရသည်။ ရန်ကုန်မြို့လယ်ရှိ မီးရထားရုံးချုပ်ဟောင်းကို ရှေးမူမပျက် ပြန်လည်ပြုပြင်ပြီး ကြယ်ငါးပွင့်အဆင့်ဟိုတယ်အဖြစ် အသွင်ပြောင်းလုပ်ကိုင်ရေး၊ အဆင့်မြင့်အိမ်ရာနှင့် ဈေးဝယ်စင်တာ ပါဝင်သည့် ဆောက်လုပ်ရေးစီမံကိန်းကြီးကို ဦးသိမ်းဝေပိုင် ကုမ္ပဏီများ ဦးဆောင်လုပ်ကိုင်နေပြီး၊ အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းထားရသော ထိုလုပ်ငန်းများကို ပြန်လည်စတင်ရန် ပြင်ဆင်နေသည်။

၁၉၈၈ နောက်ပိုင်း ကျောက်မျက်တူးဖော်ရေးလုပ်ငန်းဖြင့် စီးပွားရေးလောကထဲကို ဝင်ရောက်လာသူ၊ ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်များနှင့် အထူးကျွမ်းဝင်သူ ကမ္ဘောဇလုပ်ငန်းစုပိုင်ရှင် ဦးအောင်ကိုဝင်း၏ KANBAWZA STIRLING COLEMAN (KBZSC) ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီကလည်း ကျပ်သန်း ၅၀၀ တန် ငွေတိုက်စာချုပ်များ ဝယ်ယူခဲ့ကြောင်း အထက်ပါမှတ်တမ်းတွင် တွေ့ရှိရသည်။

အာဏာသိမ်းခေါင်းဆောင် ဘုရားအလှူငွေပေးပွဲတွင် ဦးအောင်ကိုဝင်း တက်ရောက်ခဲ့ခြင်းမရှိသော်လည်း KBZ ၏ လက်ခွဲကုမ္ပဏီတစ်ခုဖြစ်ခဲ့သော Brighter Energy မှ ဦးအောင်ဇံဆိုသူ တက်ရောက်ကာ ကျပ်သိန်း ၂၀၀၀ လှူခဲ့သည်။ စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်နေသဖြင့် Brighter Energy ကို အမေရိကန်က ပိတ်ဆို့အရေးယူထားပြီး၊ ထိုကုမ္ပဏီမှ “စွန့်ခွာပြီး” ဖြစ်ကြောင်း KBZ က ပြီးခဲ့သည့်နှစ်တွင် ထုတ်ပြန်သည်။

Capital Diamond Star အုပ်စုပိုင်ရှင် ဦးကိုကိုကြီး အဓိကပိုင်ဆိုင်သည့် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ဘဏ်တစ်ခုဖြစ်သော မြန်မာနိုင်ငံသားများဘဏ် (MCB) က ကျပ်သန်းပေါင်း ၅,၀၀၀ ကျော်တန်ဖိုးရှိ ငွေတိုက်စာချုပ်များ ဝယ်ယူခဲ့သည်။ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သူ ဦးကိုကိုကြီးမှာ ကုန်သည်စက်မှုအသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင်ဟောင်းတစ်ဦးလည်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဩဂုတ်လ ၁၆ ရက်က ငွေတိုက်စာချုပ်လေလံပွဲတွင် ကွယ်လွန်သွားပြီဖြစ်သော ထိပ်သီးလုပ်ငန်းရှင် ဦးသိန်းထွန်း၏ ထွန်းဖောင်ဒေးရှင်းဘဏ် (ယခု – Tun Commercial Bank) လည်း ပါဝင်ပြီး ကျပ် သန်းပေါင်း ၂၅၀၀ ဖိုး ဝယ်ယူခဲ့သည်။

အဖျော်ယမကာလုပ်ငန်းမျိုးစုံနှင့် အခြားလုပ်ငန်းခွဲများစွာ ပိုင်ဆိုင်သူ ဦးသိန်းထွန်းမှာ သမ္မတရုံးဝန်ကြီးဟောင်းနှင့် ရေတပ်ဗိုလ်ချုပ်ကြီးဟောင်း ကြံ့ခိုင်ရေးအမတ် ဦးစိုးသိန်း၏ စာအုပ်ကို အကုန်အကျခံ ထုတ်ဝေပေးခဲ့သူဖြစ်သည်။ အာဏာသိမ်းပြီးနောက် ထပ်မံထုတ်ဝေသည့် ဦးစိုးသိန်း၏ နောက်ဆက်တွဲစာအုပ်တွင် စစ်တပ်က အာဏာမသိမ်းမချင်း အိမ်မပျော်အောင် စိုးရိမ်ခဲ့ရသည်ဟု ရေးသားဖော်ပြသည်။

Myanmar Now အနေဖြင့် ဘဏ်တစ်ခုချင်းစီ၏ ဝယ်ယူမှုပမာဏအသေးစိတ်ကို မသိရသော်လည်း အခြားနာမည်ကြီးသူဌေးများ ပိုင်ဆိုင်သော ဘဏ်ကြီးများမှာလည်း ငွေတိုက်စာချုပ်ဝယ်ယူခြင်းဖြင့် စစ်ကောင်စီဘက်ဂျက်လိုငွေကို ဖြည့်ဆည်းနေသည့် အခြေအနေဖြစ်သည်။

ထိပ်သီးလုပ်ငန်းရှင်ကြီးများအနက် ဘဏ်နှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ နှစ်မျိုးလုံး ပိုင်ဆိုင်သူများမှာ CB Bank ပိုင်ရှင် ဦးခင်မောင်အေးနှင့် ကြံ့ခိုင်ရေးအမတ်ဟောင်း ဦးအောင်သောင်း၏ သား ဦးနေအောင်တို့ဖြစ်သည်။ CB ဘဏ်ပိုင်ရှင် ဦးခင်မောင်အေးသည် ဗိုလ်ချုပ်မင်းအောင်လှိုင်ဘုရားအတွက် ကျပ်သိန်းနှစ်သောင်းကျော် လှူဒါန်းခဲ့သူ ဖြစ်သည်။ ထို့အတူ အမရာ (UAB) ဘဏ်ပိုင်ရှင် ဦးနေအောင်သည် အစ်ကိုဖြစ်သူ လက်ရှိရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးမိုးအောင်နှင့်အတူ ကျပ်သိန်း ၅၀၀၀ ကျော် လှူခဲ့သူဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ စီမံဘဏ္ဍာဝန်ကြီးဌာန၏ ၂၀၂၁ ကြွေးမြီဆိုင်ရာ အစီရင်ခံစာအရ ငွေတိုက်လက်မှတ်ကို နိုင်ငံပိုင်ဘဏ်များက အများဆုံးဝယ်ယူပြီး ငွေတိုက်စာချုပ်များကို ပုဂ္ဂလိကဘဏ်များက အများဆုံးဝယ်ယူခြင်းဖြစ်သည်။

ငွေတိုက်စာချုပ်ရောင်းချမှု၏ ၇၇ ရာခိုင်နှုန်းကျော်ကို ပုဂ္ဂလိကဘဏ်များက ဝယ်ယူခြင်းဖြစ်သည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြသည်။ ဗဟိုဘဏ်စာရင်းအရ ပြည်တွင်း၌ ပုဂ္ဂလိကဘဏ် ၂၇ ခုအထိ ရှိပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် ငွေချေးသက်သေခံကုမ္ပဏီ ၆ ခုရှိသည်။ ထို့ပြင် ငွေတိုက်စာချုပ်များ ဝယ်ယူနိုင်သူများတွင် ပါဝင်သည့် အာမခံကုမ္ပဏီအရေအတွက်မှာ ၂၅ ခုဖြစ်သည်။

စစ်ကောင်စီ၏ ငွေချေးစာချုပ်များ ဝယ်ယူခြင်းအပေါ် ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ ရိုးမနှင့် စီဘီဘဏ်တို့ကို Myanmar Now က အီးမေးလ်ပို့၍ ဆက်သွယ်မေးမြန်းသော်လည်း အကြောင်းပြန်ခြင်း မရှိပေ။ အလားတူပင် မြန်မာနိုင်ငံဗဟိုဘဏ် ပြောခွင့်ရ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်နှင့် စီမံဘဏ္ဍာဝန်ကြီးဌာနပြောခွင့်ရ ဦးဝင်ထိုက်တို့ကို ဆက်သွယ်မေးမြန်းသော်လည်း ၎င်းတို့က တုံ့ပြန်ဖြေဆိုခြင်း မရှိပေ။

ပြည်တွင်းရှိ ဘဏ္ဍာရေးအဖွဲ့အစည်းများသည် ငွေချေးစာချုပ်များ ဝယ်ယူကြရပြီး အာမခံကုမ္ပဏီများငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများက မတည်ငွေ၏ သတ်မှတ်ပမာဏကို မဖြစ်မနေဝယ်ရကြောင်း၊ လစဉ်ရောင်းချမှုတွင် ဘဏ်များက ပမာဏအများဆုံးဝယ်နေကြောင်း ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူအချို့က ဆိုသည်။

ဘဏ်သူဋ္ဌေးကြီးများ စစ်ကောင်စီကို ကူညီနေသလား

 နေပြည်တော် မာရဝိဇယ ကျောက်ဆစ်ရုပ်ပွားတော် တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း စစ်ခေါင်းဆောင်နှင့် စီးပွားရေးသမားများကို ဇွန် ၂၉ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-စစ်ကောင်စီ

အာဏာသိမ်းပြီးနောက် အဘက်ဘက်မှ ယိုယွင်းလာရာ တိုင်းပြည်စီးပွားရေး ကျဆင်းနေပြီး စစ်ဗိုလ်ချုပ်ကြီးများနှင့်အတူ ပုဂ္ဂလိကလုပ်ငန်းရှင်အချို့လည်း အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူခြင်း ခံထားရသည်။ ပြည်သူလူထု၏ ဆန့်ကျင်သပိတ်မှောက်မှုနှင့်အတူ နိုင်ငံတကာ၏ ဒဏ်ခတ်အရေးယူခြင်းများကြောင့် စစ်ကောင်စီအတွက် ဝင်ငွေရပေါက်ရလမ်း နည်းသည်ထက်နည်းလာလျက်ရှိသည်။

အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံခြားငွေ သုံးစွဲမရဖြစ်နေသည့်အပြင် ကုန်သွယ်ရေးလုပ်ငန်းများအတွက် ငွေပေးချေရာ၌လည်း အခက်အခဲဖြစ်နေသည်ဟု အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွန်ခဲ့သော သီတင်းပတ်အတွင်းက နေပြည်တော်အစည်းအဝေးတွင် ဝန်ခံပြောဆိုထားသည်။

၎င်းတို့ တာဝန်ယူချိန်တွင် နိုင်ငံတကာက ပိတ်ဆို့မှုများ လုပ်ဆောင်လာပြီး၊ ရှိပြီးသား နိုင်ငံခြားသုံးငွေများ သုံးစွဲမရစေရန်အပြင် ကုန်ပစ္စည်းရောင်းရငွေများ မပေးချေနိုင်စေရေးအတွက်ပါ မျိုးစုံပိတ်ဆို့လာသည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။

နိုင်ငံခြားသုံးငွေနှင့် ပတ်သက်၍ အရေးအပါဆုံးသော နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူကြောင်း ကြေညာအပြီး ရက်ပိုင်းအတွင်း အာဏာသိမ်းခေါင်းဆောင်ကိုယ်တိုင် ထိုသို့ ထုတ်ဖော်ဝန်ခံခြင်းပင်။​

နှစ်စဉ် ဒေါ်လာဘီလျံချီ ဝင်ငွေရနေသည့် နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူပြီးနောက်ပိုင်း ဒေါ်လာသန်း ၅၀၀ ကျော် ပြည်ပတွင် ပိတ်မိနေသဖြင့်လည်း နေပြည်တော်မှ စစ်ဗိုလ်ချုပ်ကြီးများ ခေါင်းခဲနေကြသည်။​

ပိတ်မိနေသော ဒေါ်လာငွေများ ထုတ်ယူနိုင်ရေးအတွက် စစ်ကောင်စီက နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ်ရုံးချုပ်တွင် အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်၊ ထိုင်းဘတ်ငွေတို့ဖြင့် လျှို့ဝှက်ဘဏ်စာရင်းများ ဖွင့်လှစ်ခိုင်းထားသည်။

ထိုသို့သော အကျပ်အတည်းများနှင့်အတူ ဘဏ္ဍာငွေလိုအပ်ချက် ဖြည့်ဆည်းနိုင်ရေး ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များ ထုတ်ရောင်းနေခြင်းလည်း ဖြစ်သည်။ ဘတ်ဂျက်လိုငွေပြလာချိန်တွင် ပြည်သူလူထုထံရှိ ငွေပမာဏကို လိုတိုးပိုလျှော့ပြုလုပ်ခြင်းဖြင့် ငွေကြေးလည်ပတ်မှုကို ထိန်းကြောင်းနိုင်ရေး ငွေတိုက်စာချုပ်များ ဖန်တီးကာ ထုတ်ရောင်းလေ့ရှိသည့်နည်းလမ်းကို စစ်ကောင်စီက အသုံးချနေခြင်းပင်။

ပုံမှန်အားဖြင့် ငွေတိုက်စာချုပ်ဝယ်လျှင် ဘဏ်များက အတိုးရပြီး ထိုအတိုးဖြင့် ငွေအပ်နှံသူများကို အတိုးပြန်ပေးနိုင်သည်။ သို့သော် ရသမျှငွေကို စစ်အသုံးစရိတ်အတွက် ပုံအောနေသည့် စစ်ကောင်စီကို သက်ဆိုးရှည်စေရန် လုပ်ငန်းရှင်ကြီးများပိုင် ဘဏ်များက ကူညီနေသည်ဟု ဆန့်ကျင်တော်လှန်သူတို့က ဆိုသည်။

ဘဏ်လုပ်ငန်းရှင်အများစုသည် စစ်ဗိုလ်ချုပ်များနှင့် ပေါင်းကာ တိုင်းပြည်သံယဇာတများ ရောင်းချရင်း ကြီးပွားချမ်းသာလာသူများဖြစ်သည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးစိန်ဋ္ဌေးက ပြောသည်။ ဦးစိန်ဋ္ဌေးသည် ၂၀၁၃ မှ ၂၀၁၉ အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ စီးပွားရေးကော်မတီအဖွဲ့ဝင်တစ်ဦး ဖြစ်သည်။

ဘဏ်သူဋ္ဌေးများသည် လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီနှင့် ပုလင်းတူဘူးဆို့ပင်ဖြစ်ကြောင်း၊ ငွေချေးစာချုပ်များ ဝယ်ယူနေခြင်းမှာ ပြည်သူလူထုအတွက် အကျိုးမရှိကြောင်း သူက ဆိုသည်။

“(စစ်ကောင်စီကို​) မလှန်နိုင်ဘူး။ ဒီခရိုနီလူတန်းစားနဲ့ တချို့ So-called (အမည်ခံ) ကုန်သည်ကြီးတွေ၊ ဘဏ်လုပ်ငန်းရှင်တွေက သူတို့နဲ့ ပုလင်းတူဘူးဆို့ဖြစ်တော့ (ဝယ်ခိုင်းလျှင် ဝယ်ရ) အကျိုးမရှိဘူးပေါ့။ ပြည်သူလူထုက နာတာပေါ့”

“ပြည်သူလူထုက ပုဂ္ဂလိကဘဏ်တွေမှာ အပ်ထားတဲ့ငွေတွေက ထုတ်လို့လည်း မရဘူး။ တချို့ ပိတ်မိနေတယ် ကြားတယ်။ အဲ့ဒီတော့ လက်ဝါးကြီးအုပ်တယ်ခေါ်တာပေါ့။ ပြန်လည်းထုတ်မရ အဲ့ငွေနဲ့ သူတို့က အသုံးချတယ်။ အဲ့ဒီတော့ နစ်နာတာပေါ့ဗျာ” ဟု ဦးစိန်ဌေးက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တည်သည့်ဘုရားအတွက် ကျပ်ဘီလျံချီ လှူခဲ့ပြီးဖြစ်ရာ လုပ်ငန်းရှင်သူဌေးများအနေဖြင့် စစ်ကောင်စီဘဏ္ဍာတိုက်ကို ဖြည့်ပေးရန် တွန့်ဆုတ်မည်မဟုတ်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုသည်။

ပုဂ္ဂလိကဘဏ်များသည် စစ်ကောင်စီဗဟိုဘဏ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး ရပ်တည်ရေးအတွက် မဖြစ်မနေဝယ်ယူရသည့် အခြေအနေရှိကြောင်း၊ အမိန့်အာဏာကို မလွန်ဆန်နိုင်ကြောင်း မန္တလေးမြို့မှ အမည်မဖော်လိုသည့် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

စစ်ကောင်စီ၏ ဝင်ငွေရလမ်းကို အလုံးစုံဖြတ်တောက်လိုလျှင် ငွေတိုက်စာချုပ်များ ဝယ်နေသည့် ပြည်တွင်းဘဏ်များကို နိုင်ငံတကာက အရေးယူပိတ်ဆို့ရမည်ဖြစ်ကြောင်းလည်း သူက ထောက်ပြသည်။

“ပြည်သူက ဒီဘဏ်တွေကို မသုံးလို့မရဘူး။ သုံးစရာ ဒီပုဂ္ဂလိကဘဏ်တွေပဲ ရှိတာ။ နောက်ပြီးတော့ ဒီဘဏ်တွေအကုန်လုံးက ဗဟိုဘဏ်ရဲ့အောက်မှာပဲ အလုပ်လုပ်နေရတာ။ သူတို့ဆီကို ဝင်တဲ့ စီးဆင်းတဲ့လမ်းကြောင်းကို ပိတ်ချင်ရင် ပုဂ္ဂလိကဘဏ်တွေကိုပါ Sanction (ပိတ်ဆို့အရေးယူ) လုပ်မှ ရမယ်”

စစ်ကောင်စီသည် ဝင်ငွေကို အခွန်အခ၊ သယံဇာတတူးဖော်မှု၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ ရနေပြီး ထိုငွေများကို ဖြတ်တောက်နိုင်ပါက အောက်ဆီဂျင်ပြတ်သည့်လူနာကဲ့သို့ ဗုန်းဗုန်းလဲသွားမည်ဖြစ်သည်ဟု NUG စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်က ဆိုသည်။

အာဏာသိမ်းစစ်တပ်ကို ဖြုတ်ချနိုင်ရေးအတွက် NUG အစိုးရသည်လည်း နည်းလမ်းပေါင်းစုံဖြင့် တော်လှန်ရေးရန်ပုံငွေရှာဖွေလျက်ရှိရာ ငွေတိုက်စာချုပ်နှင့် ငွေတိုက်ရောင်းချခြင်းလည်း အပါအဝင်ပင်။

စစ်ကောင်စီနှင့်အပြိုင် ၂၀၂၁ နိုဝင်ဘာကတည်းက ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ် စတင်ရောင်းချခဲ့ကာ ယခုနှစ်ဆန်းပိုင်းအထိ ဒေါ်လာ ၄၅ သန်းဖိုးခန့် ရောင်းချပြီးဖြစ်သည်ဟု သိရသည်။ ရန်ပုံငွေရှာဖွေရေးအစီအစဉ် အစုစုအရပ်ရပ်မှ ရငွေမှာ ဒေါ်လာသန်း ၁၅၀ ခန့်ရှိသည်ဟုလည်း ဦးတင်ထွန်းနိုင်ထံမှ သိရသည်။

ငွေတိုက်စာချုပ် ရောင်းချခြင်းအပြင် အခွန်ကောက်ခံခြင်း၊ စစ်တပ်ပိုင်အိမ်ခြေမြေများ ရောင်းချခြင်း၊ တော်လှန်ရေးကာလအလွန် စီမံကိန်းများအတွက် ကြိုတင်ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ခြင်း၊ NUG Pay လည်ပတ်လုပ်ကိုင်ခြင်းနှင့် နွေဦးထီရောင်းချခြင်းများလည်း ရှိသည်။​

နိုင်ငံတကာက ဝိုင်းဝန်းပိတ်ဆို့နေချိန် ပုဂ္ဂလိကဘဏ်များက ပြည်သူ့ပိုက်ဆံဖြင့် စစ်ကောင်စီလိုငွေကို ဖြည့်ဆည်းပေးနေခြင်းမှာ လက်ခံနိုင်စရာမရှိကြောင်း၊ ထို့အတွက် လက်ပိုက်ကြည့်နေမည်မဟုတ်ဘဲ ကြားကာလတွင် လုပ်သင့်လုပ်ထိုက်သောကိစ္စများ ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးတင်ထွန်းနိုင်က ဆိုသည်။

NUG က ပြင်ဆင်ပြဋ္ဌာန်းသည့် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေအရ စစ်ကောင်စီရောင်းချနေသည့် ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များသည် တရားမဝင်သလို တာဝန်ယူ၊ တာဝန်ခံမည်မဟုတ်ဘဲ ပြည်သူ့ကြွေးမြီအဖြစ်လည်း သတ်မှတ်မည်မဟုတ်ဟု NUG စီမံဘဏ္ဍာဝန်ကြီးဌာနက ယခုနှစ် ဇွန် ၂၇ တွင် သတင်းထုတ်ပြန်ထားသည်။

“အစိုးရမဟုတ်တဲ့သူက အစိုးရငွေတိုက်စာချုပ်ကို ထုတ်ရောင်းနေတယ်။ ပြည်သူက ဒီအကြွေးကိုပဲ ထမ်းရဦးမယ်။ ပိုဆိုးတာက ဒီပိုက်ဆံနဲ့ ကိုယ့်ပြည်သူလူထုကို ပြန်သတ်နေတယ်။ ပြည်တွင်းပုဂ္ဂလိကဘဏ်တွေက ပြည်သူအချင်းချင်းကို အိုးမဲသုတ်ပြီး ခွပ်ခိုင်းသလို ဖြစ်နေတယ်” ဟု  ဦးတင်ထွန်းနိုင်က ပြောလိုက်သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button