
စစ်ရေးပဋိပက္ခ ပြင်းထန်စွာဖြစ်ပွားနေသော ရခိုင်ပြည်နယ်တွင် ဘဏ်အများစုပိတ်သိမ်းထားရပြီး ငွေသားရှားပါးမှုအခက်အခဲကို ဒေသခံများ ကြုံတွေ့နေရသည်။
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် ပြည်နယ်မြောက်ပိုင်းမှ မြို့များအပါ မြို့ ၉ မြို့ နှင့် ထိုးစစ်ဆင်တိုက်ခိုက်နေသော မြို့များတွင် ဘဏ်များလုပ်ငန်းလည်ပတ်နိုင်ခြင်းမရှိဘဲ ပိတ်ထားရသည်။
စစ်ကောင်စီထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ် မြို့တော် စစ်တွေနှင့် ကျောက်ဖြူမြို့ကြီးများ၌ပင် ပုဂ္ဂလိကဘဏ်များ မလည်ပတ်နိုင်တော့ဟု ဒေသခံများက Myanmar Now ကို ပြောသည်။
ထို့ကြောင့် ရခိုင်ဒေသခံတို့မှာ ငွေသားထုတ်ယူမှုအတွက် မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်း Wave Money နှင့် ကမ္ဘောဇဘဏ်၏ KBZ Pay ကိုယ်စားလှယ်ဆိုင်များတွင် ငွေသားထုတ်ယူရန် အဓိက အားကိုးနေရပြီး ဝန်ဆောင်ခနှုန်းထားများ မြင့်တက်လာနေသည်။
စစ်ကောင်စီသည် ရခိုင်ပြည်နယ်၏ ကုန်လမ်း၊ ရေလမ်း ဆက်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ထားသလို ကားလမ်းများတွင် တင်းကျပ်စွာစစ်ဆေးခြင်းနှင့် ပြည်မဘက်တွင်လည်း ဘဏ်များက ငွေကို အကန့်အသတ်ဖြင့်သာ ထုတ်ခွင့်ပေးသောကြောင့် ရခိုင်သို့ ငွေသားမဝင်နိုင်ဖြစ်နေဟု ငွေလွှဲလုပ်ငန်းလုပ်ကိုင်သည့် ပုဏ္ဏားကျွန်းမြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။
“အခုက ရန်ကုန်မှာလည်း ဘဏ်တွေမှာ ငွေထုတ်နှုန်းကို ကန့်သတ်လိုက်တော့ ပိုက်ဆံအလုံးအရင်း ထုတ်လို့မရတော့ဘူး။ ရန်ကုန်ကတစ်ဆင့် ပိုက်ဆံထုတ်လို့ရခဲ့ရင်တောင် ရခိုင်ပြည်ကို ပို့ဖို့ လမ်းခရီးမဖြောင့်တော့ ငွေထုတ်နှုန်း နှစ်ဆသုံးဆလောက် မြင့်တက်သွားပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီသည် ရခိုင်တိုက်ပွဲစတင်ဖြစ်ပွားသည့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ ရခိုင်ပြည်နယ်ကို ကုန်းလမ်း၊ ရေလမ်း ပြည်မနှင့် အဆက်အသွယ်ဖြတ်တောက်ခဲ့သည်။ အလားတူ လေယာဉ်ကွင်းများရှိသည့် မြို့ကြီးများကိုလည်း ကုန်းလမ်း၊ ရေလမ်းမှ အဝင်အထွက်ပိတ်ပင်ထားသည်မှာ ယခုအချိန်ထိဖြစ်သည်။
ထိုအခြေအနေတွင် ငွေလွှဲငွေထုတ်လုပ်ငန်းလုပ်သူများသည် ပြည်မဘက်မှ ငွေကြေးများကို ယူကာ နည်းလမ်းမျိုးစုံဖြင့် ရခိုင်ပြည်သို့ သယ်ထုတ်လာရကြောင်း သိရသည်။
လတ်တလောတွင် ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ဂွ၊ ရမ်းဗြဲတို့တွင် ငွေသားပြတ်လပ်နေသောကြောင့် ငွေလွှဲ၊ ငွေထုတ်ဝန်ဆောင်မှုလုပ်ငန်းများကိုပါ ရပ်နားထားရသည်ဟု ကျောက်တော်မြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။
“ငွေထုတ်မရတော့ စားဝတ်နေရေး၊ ကျန်းမာရေးအတွက် အဆင်မပြေပါ။ အခြေခံလက်လုပ်လက်စားတွေဆိုရင် ပိုဆိုးပါတယ်။ အခြေခံမိသားစုတွေက ပြည်ပမှာရှိတဲ့ သားသမီးတွေ၊ လင်ယောကျ်ားတွေ လွှဲတဲ့ ငွေကို ထုတ်ပြီးစားသောက်ရတာဆိုတော့ ပိုခက်ခဲပါတယ်” ဟု ၎င်းက ဆိုသည်။
မြေပုံ၊ သံတွဲမြို့နယ်ရှိ ဆိုင်အနည်းငယ်တွင် ဝန်ဆောင်ခ အများအပြားပေးပြီး ငွေထုတ်၍ရသော်လည်း ငွေကျပ် ၂၀ သိန်းအထက်ကိုပင် ထုတ်၍မရတော့ကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် ငွေတစ်သိန်းကို ငွေသားထုတ်ယူလိုပါက ဝန်ဆောင်ခမှာ ၁၇၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိ ပေးနေရသည်ဟု မြေပုံမြို့မှ အမျိုးသားတစ်ဦးက ပြောသည်။
“ငွေထုတ်ခ တစ်အားများနေတော့ တော်တော်လေးအဆင်မပြေဘူး။ ပြီးတော့ ကုန်စျေးနှုန်းတွေကလည်း တစ်ဟုန်ထိုးမြင့်တက်နေတော့ စားဝတ်နေရေးခက်ခဲတယ်။ အခုလို ငွေထုတ်ခစျေးနှုန်း များနေရင် မလွယ်ဘူး” ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးလည်းဖြစ်သည့် ၎င်းက ပြောသည်။
ပုဂ္ဂလိဘဏ်များထဲတွင် တစ်နိုင်ငံလုံးအနှံ့ ဘဏ်ခွဲအရေအတွက် ၅၀၀ ခန့်ဖြင့် အများဆုံးဖွင့်လှစ်ထားသော ကမ္ဘောဇဘဏ် KBZ သည်ပင် ရခိုင်ပြည်နယ်တွင် ၎င်း၏ ဘဏ်ခွဲအားလုံးလိုလို ပိတ်ထားရသည်ဟု ထိုဘဏ်၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ရခိုင်ပြည်နယ်တွင် ဘဏ်ခွဲ ၁၃ ခု ဖွင့်လှစ်ထားပြီး လက်ရှိတွင် ၁၂ ခုမှာ ပိတ်ထားရကာ ကျောက်ဖြူမြို့မှ ဘဏ်ခွဲ ၁ ခုကိုသာ ဆက်လက်ဖွင့်ထားနိုင်လျက်ရှိသည်။
ရခိုင်တွင် ငွေသားရှားပါးမှုပြဿနာပေါ်ပေါက်နေခြင်းကို ULA/AA ဦးဆောင်သော အာရက္ခပြည်သူ့အစိုးရအနေဖြင့် အဖြေရှာသင့်ကြောင့် ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။
“အာရက္ခပြည်သူ့အစိုးရကတော့ နိုင်ငံတော်တော့ မဟုတ်သေးဘူးပေါ့။ နိုင်ငံတော်အဆင့်ဆိုတော့ ငွေကြေးအသစ် ကိုယ့်အစိုးရက ထုတ်သင့်တယ်။ ငွေကြေးထုတ်လိုက်ရင်လည်း ကျွန်တော်တို့ ရှေ့ကို သွားမယ့် ဗျူဟာတွေ အများကြီး စိန်ခေါ်မှုတွေရှိနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် နိုင်ငံတော်အဆင့်ကို သွားမယ်လို့ မပြောသေးတာကို။ နိုင်ငံတော်အစိုးရကမှ ငွေတွေကို ထုတ်လုပ်နိုင်ခွင့်ရှိတယ်။ ဒေသအစိုးရတစ်ရပ်ဟာ ငွေတွေကို ထုတ်လုပ်နိုင်ခွင့်မရှိဘူး။ ဒါကြောင့် ဒါဟာ နိုင်ငံတော်လို့ ကြေညာလိုက်ရာလည်း ကျတယ်ပေါ့”
“လောလောဆယ်မှာတော့ ငွေကြေးရှားပါးမှုကို အခက်အခဲတွေ့နေရတာကြောင့် ငွေလဲလှယ်အထောက်အထားအနေနဲ့ အသုံးပြုနိုင်အောင် ကူပွန်ပုံစံမျိုးပေါ့။ လောလောဆယ် ဒီဟာကတော့ ငွေကြေးရှားပါးနေတယ်။ ပြည်သူတွေ အရောင်းအဝယ်အဆင်မပြေဆိုတဲ့ကိစ္စမျိုးမှာ ယာယီအခိုက်အတန့်တော့ ထုတ်ဖို့ဆိုတော့ အဆင်ပြေနိုင်မယ်လို့ ထင်တယ်” ဟု ၎င်းက ဆိုသည်။
“ငွေကြေးမဟုတ်ဘဲနဲ့ ငွေကြေးနဲ့တူတဲ့ နာမည်တစ်ခုခုတော့ သုံးမှာပေါ့။ ကိုယ့်ဒေသမှာ ငွေရှားပါးတဲ့အတွက် လဲလှယ်ရေးအထောက်အထားပုံစံမျိုးပေါ့။ အဲလို နာမည်တစ်ခုခုနဲ့ ထုတ်မယ်ဆိုလည်း အဆင်ပြေမယ်လို့ထင်ပါတယ်။ အဲလိုလုပ်နိုင်ဖို့၊ မလုပ်နိုင်ဖို့ဆိုတာကလည်း အာရက္ခပြည်သူ့အစိုးရအပေါ်မှာ မူတည်မယ်။ ဘယ်လိုအားနည်းချက်၊ စိန်ခေါ်မှုတွေ ရှိမလဲ အဲ့ဒါတွေလည်း အကျိုးဆက်တွေအနေနဲ့ ဖြစ်ပေါ်လာတတ်တယ်”
ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ကြောင့် စစ်ကောင်စီတပ်များ အကြီးအကျယ်ရှုံးနိမ့်နေကာ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ်၊ ပလက်ဝတို့ကို လက်လွှတ်ထားရသည်။
လက်ရှိတွင် အမ်း၊ မောင်တော၊ သံတွဲရှိ စစ်စခန်းများကို ထပ်မံတိုက်နေသည်။ ကျောက်ဖြူမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားမှုရှိလာကာ စစ်တွေကိုလည်း AA က ဝိုင်းရံပိတ်ဆို့ထားသဖြင့် မြို့သိမ်းတိုက်ပွဲ အချိန်မရွေးဖြစ်လာနိုင်သည်။
၂၀၂၁ နှစ်စတွင် အာဏာသိမ်းခဲ့သော စစ်တပ်က ထိပ်တန်းဘဏ်များအပါအဝင် ဘဏ် ၇ ခုကို ဇူလိုင် ၁ ရက်က အရေးယူလိုက်ပြီးနောက် ပြည်သူများသည် ၎င်းတို့ အပ်နှံထားသော ဘဏ်အပ်ငွေများ အလုံးအရင်းဖြင့် ပြန်ထုတ်နေကြရာ လူသုံးများသော ငွေထုတ်လုပ်ငန်းဝန်ဆောင်ခမှာ နိုင်ငံအနှံ့တွင် မြင့်တက်နေသည်။
အထူးသဖြင့် K pay ငွေသားထုတ်ရာတွင် ကျပ် ထောင်ဂဏန်းခန့်မှ တစ်သောင်းကျပ်ခန့်အထိ မြို့ကြီးများတွင် ဈေးပေါက်နေသည်ဟု သိရသည်။