ပို့ကုန်ချေးငွေများနှင့်ပတ်သက်၍ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၏ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ကေသီနှင့် ဘဏ်အရာရှိတချို့ ဖမ်းဆီးခံရပြီးနောက် ဘဏ်ချေးငွေရယူထားသည့် ကုမ္ပဏီ ၁၀၀ နီးပါးကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးခဲ့ပြီး ချေးငွေဆပ်ရန်ကျန်သည့်ကုမ္ပဏီများကို ထပ်မံစစ်ဆေးနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယပတ်ထဲတွင် ဒေါ်ကေသီ၊ သူ၏ ကိုယ်ရေးအရာရှိ ဒေါ်မြတ်ဆု၊ ဒုတိယအထွေထွေမန်နေဂျာ ဦးအောင်ကိုဦး၊ လက်ထောက်မန်နေဂျာ ဒေါ်အေးအေးခိုင်တို့ ဖမ်းဆီးခံရပြီးနောက် ဇူလိုင် ၁၉ ရက်တွင် ကုမ္ပဏီများကို ခေါ်ယူစစ်ဆေးခြင်းဖြစ်ကြောင်း စစ်ဆေးခံရသည့် ရန်ကုန်မြို့ရှိ ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
ကုမ္ပဏီအရေအတွက် အတိအကျမသိရသော်လည်း ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ MFTB ဘဏ် ရုံးချုပ်တွင် အသုတ်လိုက်ခွဲ၍ စစ်ဆေးခံရပြီး မည့်သည့်လုပ်ငန်းအတွက် ချေးငွေမည်မျှယူထားသည်ကို အဓိက စစ်ဆေးကြောင်း ထိုဝန်ထမ်းက ပြောသည်။
“ဘာ Project အတွက်ယူထားတာလဲ။ ဘယ်အတွက်ယူထားတာလဲ။ (ချေးငွေပမာဏ) ဘယ်လောက်ရှိလဲ။ ဒီလောက်ပဲ။ ကျန်တဲ့ဟာတွေတော့ ဘာမှမပြောပါဘူး။ ချေးငွေယူထားတာမှန်လားပေါ့။ သူတို့ခေါ်တွေ့ပြီး နောက်ရက်ရုံးပြန်ဖွင့်ချိန်မှာ ကျွန်မတို့က ချေးငွေကို အပြီးပေးချေလိုက်တယ်” ဟု ၎င်းက ပြောသည်။
“ချေးငွေကျန်တဲ့ကုမ္ပဏီကိုတော့ အစည်းအဝေးထပ်ခေါ်တယ်လို့တော့ပြောတယ်။ နောက်ပိုင်းကိစ္စတွေကို သေချာတော့မသိဘူး”
Myanmar Now က ရရှိသည့်မှတ်တမ်းအချို့နှင့် ရန်ကုန်ခေတ်သစ် သတင်းဌာနထံ ပေါက်ကြားလာသည့် ရုံးစာများအရ MFTB ဘဏ်ထံမှ ချေးငွေယူထားသည့် ကုမ္ပဏီ ၉၇ ခုအထိရှိသည်ဟု သိရသည်။
နိုင်ငံပိုင်ဘဏ်ထံမှ ချေးငွေရယူရန် ကုမ္ပဏီ နှစ်ခုက လက်မှတ်အတု၊ စာချုပ်တုသုံးစွဲခဲ့သည်ဟူသော တိုင်ကြားချက်ကို စစ်ဆေးနေချိန်တွင် ချေးငွေယူသည့်ကုမ္ပဏီ ၉၇ ခုနှင့် ဒါရိုက်တာတို့၏ ပိုင်ဆိုင်မှုများကို မလွှဲပြောင်းနိုင်ရန် တားဆီးထားကြောင်း တွေ့ရှိရသည်။
ချေးငွေယူထားသည့် ကုမ္ပဏီများထဲတွင် ပို့ကုန်သွင်းကုန်၊ ဆောက်လုပ်ရေးနှင့် စွမ်းအင်လုပ်ငန်း စသည့် လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီများပါဝင်သည်။
အာဏာမသိမ်းမီက ပို့ကုန်လုပ်ငန်းများကို အားပေးရန် MFTB ဘဏ်က ပို့ကုန်ချေးငွေများထုတ်ချေးခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြန်ဆပ်ရန်ကြန့်ကြာနေကြောင်း၊ စစ်ကောင်စီက ဒေါ်လာလိုလာချိန် ယိုပေါက်များစိစစ်ရာမှ အလွဲသုံးစားမှုများပေါက်ပေါက်ကာ အရေးယူခြင်းဖြစ်ကြောင်း ထိုဘဏ်နှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။
“Exporter ကုန်သည်တွေက ခေတ်မကောင်းတာရယ်၊ စစ်ကောင်စီက ကျပ်တာရယ်ကြောင့် လှုပ်မရတော့ အကြွေးပြန်မဆပ်ချင်ကြတော့ဘူး။ အဲ့ဒီတော့ ချေးထားတဲ့ဘဏ် အကြီးအကဲကို လာဘ်ထိုးပြီး အချိန်ဆွဲ၊ ရသလောက်ဆန့်ထားတာ။ စစ်ကောင်စီဥက္ကဋ္ဌက ဒေါ်လာလိုငွေမြင့်မားလာတော့၊ ယိုပေါက်တွေကြည့် လာတော့ သွားတွေ့တယ်” ဟု ၎င်းက ပြောသည်။
MFTB ဘဏ်ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ကေသီကို ဖမ်းဆီးစစ်ဆေးမှုနှင့်ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ MFTB ဘဏ်လုပ်ငန်းကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း ဝယ်ရေးဘဏ်(MICB) ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမော်က ကိုင်တွယ်နေသည်ဟု သိရသည်။
ဒေါ်ကေသီသည် ၂၀၁၈ ဇွန်လလယ်ပိုင်းက ထိုဘဏ်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်လာသည်ဟု MFTB ဘဏ် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ ဦးဆောင်ညွှန်ကြားရေးမှူးသည် အဖွဲ့ဝင် ၉ ဦးပါ ဒါရိုက်တာအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သည်။
MFTB ဘဏ်သည် စစ်တပ်ထိန်းချုပ် စီမံကိန်းနှင့် ဘဏ္ဍာဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံပိုင်ဘဏ် ၄ ခုအနက် တစ်ခုဖြစ်သည်။ အခြား ဘဏ် ၃ ခုမှာ MICB ဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်(MEB) နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ ဖြစ်သည်။
နိုင်ငံတကာ ငွေပေးချေမှုများအတွက် အခရာကျသည့် MFTB နှင့် MICB ဘဏ်တို့ကို ၂၀၂၃ ဇွန်တွင် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနတို့နှင့်အတူ ပိတ်ဆို့အရေးယူကြောင်း အမေရိကန်အစိုးရက ကြေညာခဲ့သည်။
MFTB ဘဏ်သည် အမေရိကန်အခြေစိုက် Bank of America, ဗြိတိန်အခြေစိုက် Standard Chartered အပါအဝင် နိုင်ငံတကာနှင့် ချိတ်ဆက်၍ ဘဏ်စာရင်းဖွင့်ထားသည့် ကွန်ရက်အကြီးမားဆုံးဘဏ်ကြီး ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး ငွေပေးချေမှုသာမက အစိုးရ၏ နိုင်ငံခြားငွေပေးချေမှုများကို ဝန်ဆောင်မှုပေးရသည်ဟု သိရသည်
စစ်ကောင်စီကမူ နိုင်ငံပိုင်ဘဏ်နှစ်ခုကို အမေရိကန်က တစ်ဖက်သတ်ပိတ်ဆို့ခြင်းဖြစ်ပြီး ပညာရေး၊ ကျန်းမာရေးနှင့် နိုင်ငံခြားရရှိသုံးစွဲမှုများကို ထိခိုက်စေကြောင်း ၂၀၂၃ ဩဂုတ် ၂၂ တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။