ဆောင်းပါး

ဗိုလ်ချုပ်ကြီးများ စီမံအုပ်ချုပ်မှုအောက်မှ ဘဏ်လုပ်ငန်းအကျပ်အတည်း

စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအလွဲများ၊ အမိန့်ညွှန်ကြားချက် အမျိုးမျိုးထုတ်မှုတို့ကြောင့် နိုင်ငံ့စီးပွားရေး ဖရိုဖရဲဖြစ်နေပြီး မြန်မာ့ဘဏ်လုပ်ငန်းကိုလည်း အကျပ်အတည်းဆီသို့ တွန်းပို့နေသည်။

အာဏာသိမ်းမှု ၃ နှစ်အကြာ ATM စက်များရှေ့တွင် ငွေထုတ်ရန် တန်းစီစောင့်ဆိုင်းနေကြရသည်ကို မြင်တွေ့လာရသည်။  

ထိုမြင်ကွင်းများသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်စဉ်နောက် ရက်ပိုင်းအကြာ ဘဏ်များနှင့်​ ATM စက်များရှေ့တွင် ငွေထုတ်ယူရန် စောင့်ဆိုင်းနေကြသည့် လူတန်းရှည်ကြီးများကို ပြန်အမှတ်ရစေသည်။

ဗဟိုဘဏ်က ချမှတ်ထားသော အိမ်ရာချေးငွေကန့်သတ်ချက်ထက် ပိုထုတ်ချေးထားသည်ဟုဆိုကာ ပုဂ္ဂလိကဘဏ် ၇ ခုကို ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၄ ဖြင့် အရေးယူမည်ဟု စစ်ကောင်စီက ဇူလိုင်လ ၁ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သဖြင့် ပြည်သူများက စိုးရိမ်မှုကြောင့် ဘဏ်အပ်ငွေများကို အလုအယက်ထုတ်ယူလာကြခြင်း ဖြစ်သည်။ 

နောက်ဆယ်ရက်အကြာတွင် စစ်ကောင်စီက ဘဏ်လုပ်ငန်းရှင်များကို နေပြည်တော်သို့ ခေါ်ယူကာ လတ်တလော ကြုံတွေ့နေသော ဘဏ်အကျပ်အတည်းနှင့်ပတ်သက်၍ အရေးပေါ် ဆွေးနွေးခဲ့ကြသည်။

အတိုးအရင်း ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသော ချေးငွေများ မြင့်တက်နေမှု၊ တော်လှန်ရေးအင်အားစု ထိန်းချုပ်ခွင့်ရသွားသော မြို့အသီးသီးရှိ ဘဏ်ခွဲများကိစ္စ၊ ဘဏ်လုပ်ငန်းတွင် ငွေသားလက်ကျန် နည်းပါးလာမှုတို့ကို အဓိကဆွေးနွေးခဲ့သည်ဟု နေပြည်တော်ရှိ သတင်းရင်းမြစ်များက Myanmar Now ကို ပြောသည်။

စစ်ကောင်စီက စျေးကွက်လက်ဝါးကြီးအုပ်ခြင်း၊ ငွေစျေးကစားခြင်း အစရှိသည့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သည့် ဘဏ်များကို အရေးယူသွားမည်ဟု ဘဏ်လုပ်ငန်းရှင်များကို ပြောဆိုသည်။

နိုင်ငံအတွင်း အင်တာနက်အသုံးပြုမှု ထိန်းချုပ်ကန့်သတ်ထားသော်လည်း အင်တာနက်ဘဏ်လုပ်ငန်းများတိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းကြောင်း ဇူလိုင် ၁၀ ရက်တွင် ကြေညာသည်။

ထိုရက်ပိုင်းမှာပင် စစ်ကောင်စီ၏ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်ကလည်း ဘဏ်တစ်ခုအတွင်းရှိ ငွေစာရင်းအချင်းချင်း ငွေစာရင်းလွှဲပြောင်းခြင်း (Account Transfer) ကို ပိုမိုအသုံးပြုရန်၊ မဖြစ်မနေကိစ္စရပ်များအတွက်သာ ငွေသားထုတ်ယူကြရန် ရန်ကုန်အခြေစိုက် သတင်းဌာနတချို့ကို ပြောသည်။

ထိုအခြေအနေများသည် မြန်မာ့ဘဏ်လုပ်ငန်းများ အကျပ်ရိုက်နေသည်ကို မီးမောင်းထိုးပြနေသည်။

မြန်မာ့စီးပွားရေးအကျပ်အတည်းနှင့် ဘဏ်များ ပြိုလဲနိုင်မှု

စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအလွဲများနှင့် အမိန့်ညွှန်ကြားချက်အမျိုးမျိုးထုတ်ခြင်း၊ မဆီလျော်သည့် အရေးယူမှုများကြောင့် စီးပွားရေးလုပ်ငန်းကဏ္ဍအားလုံး ဖရိုဖရဲဖြစ်နေပြီး မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍကိုလည်း အကျပ်အတည်းဆီသို့ တွန်းပို့နေသည်။

ကျပ်ငွေတန်ဖိုး ၃ ဆကျော် ကျဆင်းခြင်း၊ ပြည်သူများ၏ ဝယ်ယူနိုင်စွမ်းအားကျဆင်းကာ စီးပွားရေးလုပ်ငန်းများ ဝင်ငွေရပ်ဆိုင်းသွားခြင်းနှင့် တစ်နိုင်ငံလုံးအနှံ့ ကျယ်ပြန့်လာသော စစ်ပွဲပဋိပက္ခများကြား ဘဏ်လုပ်ငန်းများ ရုန်းကန်နေရသည်။  

မြန်မာ့ဘဏ်လုပ်ငန်းများသည် အပ်ငွေလျော့ကျခြင်းနှင့် အတိုးအရင်းပြန်မရသည့် ချေးငွေများ များပြားနေသည့် အကျပ်အတည်းကို ရင်ဆိုင်နေကြရသည်ဟု ပုဂ္ဂလိကဘဏ်တစ်ခုမှ ထိပ်ပိုင်းအရာရှိတစ်ဦးက Myanmar Now ကို ပြောသည်။

“ဘဏ်အငယ်တွေက ဘဏ်အပ်ငွေ (Deposit) ရရေးလည်း အရင်လောက် မလွယ်ဘူး။ Loan (ချေးငွေ) ထုတ်ချေးနိုင်ဖို့ကလည်း မလွယ်ဘူး၊ Loan ကလည်း ချေးမှ အတိုးရမှာလေ။ အဲဒါကိုပဲ ရုန်းကန်နေရတာ အတော့်ကိုခက်ခဲတယ်” ဟု သူက ဆိုသည်။

ပြည်တွင်းဘဏ်တစ်ခုတွင် မြန်မာကျပ်ငွေများကို ရေတွက်နေစဉ် (ဓာတ်ပုံ − EPA)

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် ရက်ပိုင်းအကြာ ဘဏ်များမှ ငွေသားထုတ်ယူနိုင်မည့် ပမာဏကို ဗဟိုဘဏ်က ကန့်သတ်ခြင်း၊ ကျပ်ငွေတန်ဖိုး အလွန်အမင်းကျဆင်းခြင်းတို့ကြောင့် ဘဏ်များတွင် ၎င်းတို့ အပ်နှံထားသော ဘဏ်အပ်ငွေများ အလုံးအရင်းဖြင့် ပြန်ထုတ်ကြသည်။

ထိုငွေများဖြင့် အိမ်ခြံမြေ၊ ရွှေနှင့် အမေရိကန်ဒေါ်လာအပြင် မော်တော်ယာဉ်များကဲ့သို့ လက်​ဝယ်ထား အကျိုးအမြတ်ရနိုင်သော ပစ္စည်းများကို ဝယ်ယူကြသည်။

စီးပွားရေးလုပ်ငန်းများဘက်တွင်မူ စီးပွားရေးကျဆင်းပြီး အလုပ်အကိုင်ရှားပါးမှုများကြောင့် ဝယ်လိုအား ကျဆင်းခြင်း၊ လျှပ်စစ်မီးပြတ်တောက်မှု၊ လောင်စာဆီနှင့် ကုန်ကြမ်းစျေးနှုန်းများ မြင့်တက်မှုတို့ကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်ကာ ဝင်ငွေလျော့နည်း၊ အလုပ်ရပ်ဆိုင်းလာကြသည်။

ထို့ကြောင့် လုပ်ငန်းအများစုသည် ဘဏ်မှ ချေးယူထားသော ဘဏ်ချေးငွေများ၏ အတိုးနှင့်အရင်းကို အပြည့်အဝ ပြန်မဆပ်နိုင်ကြတော့ပေ။

ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်လုပ်ငန်းခွင်တစ်ခုကို ၂၀၂၀ ပြည့်နှစ်က တွေ့ရစဉ်။ ဓာတ်ပုံ – EPA

ဘဏ်လုပ်ငန်းများ၏ သဘောသဘာဝအရ အပ်ငွေကို လက်ခံပြီး ထိုအပ်ငွေများကို စီးပွားရေးလုပ်ငန်းများသို့ ပြန်လည်ထုတ်ချေးပေးခြင်းဖြစ်သည်။ အပ်ငွေနှင့် ချေးငွေကြား အတိုးနှုန်းကွာဟချက်သည် ဘဏ်တစ်ခု၏ အဓိကအကျိုးအမြတ်ဖြစ်သည်။ 

ယခုကာလတွင် ဘဏ်အပ်ငွေ (Deposit) နှင့် ချေးငွေ (Loan) ကြားရှိ အချိုးများပြောင်းလဲလာသည်။ ချေးငွေစုစုပေါင်းတွင် အတိုးအရင်း ပြန်မဆပ်နိုင်သည့်ချေးငွေ (NPL- Non Performance Loan) အချိုး မြင့်တက်နေသည်ကို ပုဂ္ဂလိကဘဏ်တချို့၏ ဘဏ္ဍာရေးအစီရင်ခံစာများအရ သိရသည်။

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများဖြစ်သည့် မြန်မာနိုင်ငံသားများဘဏ် (MCB) နှင့် ပထမပုဂ္ဂလိကဘဏ် (FPB) တို့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အစီရင်ခံစာတွင် ထိုအချက်ကို တွေ့နိုင်သည်။

MCB ဘဏ်၏ ချေးငွေနှင့် အပ်ငွေ အချိုးသည် ယခုနှစ်တွင် ၇၀.၂ ရာခိုင်နှုန်းရှိပြီး ယမန်နှစ်က ၄၅.၅ ရာခိုင်နှုန်းသာ ရှိခဲ့၍ တိုးတက်လာသည်ဟု ဆိုသည်။

သို့သော် ထိုတိုးတက်မှုသည် စစ်အာဏာမသိမ်းခင်က ရှိခဲ့သည့် အခြေအနေနှင့် နှိုင်းယှဉ်ပါက ကျဆင်းနေသည်။

FPB ဘဏ်တွင်မူ ယခုနှစ် ဘဏ်အပ်ငွေသည် ကျပ်သန်း ၁၂၇,၁၉၆.၅၉ ရှိပြီး ယမန်နှစ်ကထက် ၁၃.၁၇ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ ထို့အတူ ယခုနှစ် ချေးငွေပမာဏသည် ကျပ်သန်း ၉၆,၁၀၆.၉၃ ရှိပြီး ယမန်နှစ်ကထက် ၁၀.၁၆ ရာခိုင်နှုန်း လျော့နည်းသွားသည်။

ထိုဘဏ် ၂ ခုစလုံး၏ ဆုံးရှုံးနိုင်ခြေများသော NPL ချေးငွေအချိုးကို ကြည့်ပါက မြင့်တက်နေသည်ကို ထိုဘဏ်များ၏ ဘဏ္ဍာရေးအစီရင်ခံစာများတွင် တွေ့ရသည်။

၂၀၂၃ ခုနှစ်တွင် MCB ၏ NPL ချေးငွေသည် စုစုပေါင်းချေးငွေ၏ ၁၃.၈ ရာခိုင်နှုန်း ရှိပြီး FPB ဘဏ်သည် ၂၄.၂၈ ရာခိုင်နှုန်း ရှိသည်။ ၂၀၂၁ ခုနှစ်တွင်မူ MCB က ၄၄.၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး FPB ကမူ ၁၇.၇၃ ရာခိုင်နှုန်း ရှိခဲ့သည်။

ဗဟိုဘဏ်သတ်မှတ်ချက်အရ NPL အချိုးသည် ၅ ရာခိုင်နှုန်းအောက်သာ ရှိရသည်။ စစ်အာဏာမသိမ်းခင်က ထိုဘဏ် ၂ ခုစလုံး၏ NPL ချေးငွေအချိုးသည် ယခုပမာဏများထက် လျော့နည်းခဲ့သည်။ NPL အချိုးမြင့်တက်ခြင်းသည် ဘဏ်လုပ်ငန်းတစ်ခုအတွက် ကောင်းမွန်သည့် လက္ခဏာမဟုတ်ပေ။

ချေးငွေပြန်မရမှု မြင့်တက်လာခြင်း၏ နောက်ဆက်တွဲအကျိုးဆက်သည် ချေးငွေအသစ်ထုတ်ချေးရန် ခက်ခဲလာခြင်းနှင့် ငွေအပ်နှံထားသူများကို ငွေပြန်ထုတ်ပေးရန် အကန့်အသတ်ရှိလာခြင်းတို့ ဖြစ်ပေါ်လာစေသည်။

တစ်နိုင်ငံလုံးအနှံ့ ကျယ်ပြန့်လာနေသော တိုက်ပွဲများကြောင့်လည်း ဘဏ်လုပ်ငန်းများသည် ဘဏ်ချေးငွေများကို ပုံမှန်အတိုင်း မကောက်ခံနိုင်ခြင်းကလည်း NPL ချေးငွေများ မြင့်တက်နေသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။

FPB ဘဏ်သည် တိုက်ပွဲများပြင်းထန်နေသော မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတွင် ဘဏ်ခွဲ ၁၂ ခု ဖွင့်လှစ်ထားသည်။ ထိုဘဏ်ခွဲများရှိရာနေရာများသည် ဆက်သွယ်ရန် ခက်ခဲသည့်ဒေသများဖြစ်၍ ချေးငွေများပြန်ရရန် ဒါရိုက်တာများ၊ စီမံခန့်ခွဲမှုအဖွဲ့နှင့် ဝန်ထမ်းများက အတတ်နိုင်ဆုံးကြိုးစားတောင်းခံသော်လည်း အခက်အခဲရှိနေသည်၊ ထို့ကြောင့် NPL ချေးငွေများ မြင့်တက်နေသည်ဟု ထိုဘဏ်၏ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်၊ ဒါရိုက်တာအဖွဲ့ အစီရင်ခံစာတွင် ဖော်ပြသည်။

ပုဂ္ဂလိဘဏ်များထဲတွင် တစ်နိုင်ငံလုံးအနှံ့ ဘဏ်ခွဲအရေအတွက် ၅၀၀ ခန့် ရှိသည့် ကမ္ဘောဇဘဏ် KBZ သည်ပင် တိုက်ပွဲများပြင်းထန်သည့် ရခိုင်ပြည်နယ်တွင် ဘဏ်ခွဲအားလုံးလိုလို ပိတ်ထားရသည်ဟု ထိုဘဏ်၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ရခိုင်ပြည်နယ်တွင် ဘဏ်ခွဲ ၁၃ ခု ဖွင့်လှစ်ထားပြီး လက်ရှိတွင် ၁၂ ခုမှာ ပိတ်ထားရကာ ကျောက်ဖြူမြို့ရှိ ဘဏ်ခွဲ ၁ ခုကိုသာ ဆက်လက်ဖွင့်ထားနိုင်သည်။

ထို့ပြင် တအာင်းတပ် (TNLA) နှင့် ပူးပေါင်းတပ်များ ဇူလိုင် ၁၀ ရက်တွင် သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည့် နောင်ချိုမြို့နှင့် မိုးကုတ်မြို့တို့ရှိ ကမ္ဘောဇ KBZ ဘဏ်၊ ဧရာဝတီ AYA ဘဏ်နှင့် CB ဘဏ်အပါအဝင် ဘဏ်တချို့ကို ချိပ်ပိတ်ထားသည်ဟု TNLA က ထုတ်ဖော်ပြောဆိုထားသည်။

KBZ ၏ မိုးကုတ်မြို့ ကျပ်ပြင်ဘဏ်ခွဲကို TNLA က ချိပ်ပိတ်ထားသည်။ (ဓာတ်ပုံ -TNLA)

ဘဏ်လုပ်ငန်းအများစုသည် ကိန်းဂဏန်းအချက်အလက်များကို ပွင့်လင်းမြင်သာစွာ မထုတ်ပြန်ခြင်းကြောင့် MCB နှင့် FPB ဘဏ်တို့၏ အချက်အလက်များကိုသာ ကိုးကားနိုင်ခြင်းဖြစ်သည်။

ကမ္ဘောဇ KBZ ဘဏ်၊ သမဝါယမ CB ဘဏ်၊ AGD ဘဏ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ် MAB ဘဏ်တို့သည် နှစ်ပတ်လည်အစီရင်ခံစာများကို ထုတ်ပြန်ထားခြင်းမရှိပါ။

မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းရှင်ကြီးများသည် နိုင်ငံတကာဘဏ်လုပ်ငန်း စံသတ်မှတ်ချက်များနှင့်မညီဘဲ တခြားစီးပွားရေးလုပ်ငန်းကဏ္ဍမျိုးစုံကို လုပ်ကိုင်နေသူများဖြစ်သည်။ ၎င်းတို့၏ တခြားသော စီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်ရန် ဘဏ်လုပ်ငန်းများကို အစိတ်အပိုင်းတစ်ခုအဖြစ် ထူထောင်ထားခြင်းဖြစ်သည်ဟု စီးပွားရေးပညာရှင်များက ဝေဖန်ထောက်ပြထားသည်။

မြန်မာနိုင်ငံသားများဘဏ် (MCB) နှင့် ပထမပုဂ္ဂလိကဘဏ် (FPB) ဘဏ်တို့၏ အခြေအနေသည် မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍ၏ ရေပေါ် ပေါ်နေသော ရေခဲတောင်အပိုင်းမျှသာဖြစ်သည်။

ဗဟိုဘဏ်က ဘဏ်လုပ်ငန်းလိုင်စင်ချထားပေးသော ပြည်တွင်းပုဂ္ဂလိကဘဏ် ၂၇ ခုရှိရာ အများစုမှာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ အချို့ဘဏ်ငယ်များသည်ပင် လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရန် အခက်အခဲများကြား ရုန်းကန်နေရမည်မှာ အသေအချာပင်ဖြစ်သည်။

“ဘယ်လိုမှ ဇောက်ထိုးကြီးပြိုလဲဖို့ အခြေအနေကတော့ မရှိသေးဘူး၊ ထိန်းနိုင်သွားဦးမယ်လို့ ကျွန်တော်တို့က ယူဆတယ်၊ လွယ်တော့ မလွယ်ဘူးပေါ့ဗျာ” ဟု MCB ဘဏ်မှ အမည်မဖော်လိုသည့် ဒါရိုက်တာအဆင့်ရှိ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

ထို့ပြင် ကျပ်ငွေတန်ဖိုးကျဆင်းခြင်းကြောင့် ဘဏ်များစတင်ထူထောင်ချိန်က ဗဟိုဘဏ်တွင် အပ်နှံထားရသော ရင်းနှီးမတည်ငွေများ၏ တန်ဖိုးကျဆင်းသွားသည့်ဒဏ်ကိုလည်း ပုဂ္ဂလိကဘဏ်များ ကြုံတွေ့နေရသည်ဟု သူက ပြောသည်။

ထိုသို့ အပ်ငွေနှင့် ချေးငွေ အကျပ်အတည်းကိစ္စရပ်များအပြင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ဘဏ်လုပ်ငန်းများအပေါ် ဝင်ရောက်စွက်ဖက်မှုများကြောင့်လည်း ဘဏ်များအခက်အခဲပိုဖြစ်ခဲ့သည်။

ဗဟိုဘဏ်၏ ဘဏ်အပ်ငွေထုတ်ယူခွင့် ကန့်သတ်ထိန်းချုပ်ခိုင်းခြင်းမျိုးသည် ဘဏ်များအပေါ် ပြည်သူများ၏ ယုံကြည်မှု ပိုမိုကျဆင်းစေသည်ဟု ဘဏ်များက ပြောသည်။

မြန်မာနိုင်ငံသားများဘဏ် MCB ၏ မကွေးတိုင်းဘဏ်ခွဲတစ်ခု (ဓာတ်ပုံ- MCB)

စစ်​ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဇူလိုင် ၁၀ ရက်နေ့၊ နေပြည်တော်၌ ဘဏ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ဘဏ်တို့က သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သည်၊ စည်းစနစ်နှင့်ယှဉ်ပြိုင်ခြင်းထက် လက်ဝါးကြီးအုပ်သည်၊ စျေးကစားသည်ဟု စွပ်စွဲပြီး နိုင်ငံ့စီးပွားရေးမူဝါဒအပေါ် ထိပါးလာ၍ ကြပ်မတ်ဆောင်ရွက်နေရသည်ဟု ပြောသည်။

ထိုဆွေးနွေးပွဲတွင် ပုဂ္ဂလိဘဏ်များဘက်ကလည်း ဗဟိုဘဏ်က ဘဏ်အပ်ငွေထုတ်ယူခွင့် ကန့်သတ်ထိန်းချုပ်ခြင်း၊ ဘဏ်လုပ်ငန်းလုပ်ပိုင်ခွင့်များအပေါ် ဝင်ရောက် စွက်ဖက်ခင်းတို့ ဖြေလျှော့ပေးရန် တောင်းဆိုခဲ့သည်ဟု ဘဏ်လုပ်ငန်းများနှင့် နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက Myanmar Now ကို ပြောသည်။

“ဗဟိုဘဏ်ဘက်က လက်ရှိအကျပ်အတည်းကာလမှာ ငွေသားသုံးစွဲမှုကို လျှော့ချပြီး အွန်လိုင်း Banking စနစ်၊ ဒစ်ဂျစ်တယ်ဘက်ကို သွားချင်တာပေါ့။ အဲဒီလိုကန့်သတ်ချက်တွေက တစ်ဖက်က ဘဏ်တွေအပေါ်ကိုကျတော့ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ပိုပြီးတော့ကျဆင်းစေတယ်ဆိုပြီး ဘဏ်တွေက ပြန်ပြောတယ်” ဟု သူက ပြောသည်။

ဗဟိုဘဏ်သည် ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြားဘဏ်များကို နိုင်ငံတကာဘဏ်စည်းမျဉ်းများနှင့် မညီသည့် ညွှန်ကြားချက်များကို လိုက်နာစေခြင်း၊ ဘဏ်လုပ်ငန်းစည်းမျဉ်းစည်းကမ်း ရှုပ်ထွေးမှုကြောင့် နိုင်ငံခြားဘဏ်အများစုသည်လည်း စစ်တပ်ထိန်းချုပ်မှုအောက် မလူးသာ၊ မလွန့်သာ အခြေအနေတွင် ဆက်လက်လည်ပတ်နေရသည်။

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင်မူ နိုင်ငံခြားဘဏ်လုပ်ငန်းတစ်ခုဖြစ်သော ဩစတြေးလျအခြေစိုက် ANZ ဘဏ် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ရသည်အထိ ဖြစ်ခဲ့သည်။

စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကိုယ်တိုင်ကမူ ပြည်တွင်းဒေါ်လာစျေးနှုန်း မြင့်တက်မှုသည် ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များကြောင့်ဟု ၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၂ ရက် သတင်းစာရှင်းလင်းပွဲ ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

“ဘဏ်စနစ်မပြိုလဲအောင် ကျွန်တော်တို့ အကူအညီတွေ အများကြီးပေးခဲ့ရတယ်။ ဒါပေမဲ့ တချို့သော ဘဏ်တွေက သစ္စာမရှိဘူး” ဟု သူက ပြောခဲ့သည်။

ရန်ကုန်မြို့၊ ဗဟိုဘဏ်ရှေ့ ဆန္ဒပြသူများ ရေးဆွဲခဲ့သော CDM အမှတ်အသားများအနီး တွေ့ရသော တပ်မ ၇၇ မှ စစ်သားများကို ဖေဖော်ဝါရီ ၁၅ က တွေ့ရစဉ်။ (ဓာတ်ပုံ-EPA)

လက်ရှိမြန်မာ့စီးပွားရေးတွင် ငွေကြေးအကျပ်အတည်း (Currency Crisis) ဖြစ်နေပြီး ထိုမှတစ်ဆင့် ပုဂ္ဂလိကဘဏ်များ ပြိုလဲနိုင်သည်အထိ ဖြစ်နိုင်သော ဘဏ်လုပ်ငန်းအကျပ်အတည်း (Bank Crisis) ဆီသို့ ဦးတည်နေကြောင်း စီးပွားရေးပညာရှင်တစ်ဦးက မှတ်ချက်ပြုသည်။

“အခုက ရင်းနှီးမြှုပ်နှံသူတွေလည်း ထွက်ကုန်တယ်၊ လုပ်ငန်းတွေကလည်း တွက်ခြေမကိုက်လို့ ရပ်နေကြတယ်။ အများအားဖြင့် လုပ်ငန်းကြီးတစ်ခုက လုပ်ငန်းစတော့မယ်ဆိုရင် ဘဏ်က ပိုက်ဆံချေးရတာ သူတို့တွေ ပြန်မပေးနိုင်ဘူးဆိုရင် ဘဏ်က Crisis ဖြစ်ပြီလေ” ဟု သူက ပြောသည်။

အတိုးအရင်း ပြန်မဆပ်နိုင်သော NPL ချေးငွေများသည် ဘဏ်များ၌ အိမ်ခြံမြေနှင့် တိုက်ခန်း အစရှိသည့် မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို အပေါင်အဖြစ် ထားကာ ချေးယူရခြင်းဖြစ်သည်။ အိမ်ခြံမြေစျေးကွက်အတွင်း ဘဏ်များက အပေါင်ဆုံးပစ္စည်းများ ထုတ်ရောင်းလာပါက အိမ်ခြံမြေစျေးနှုန်း ကျဆင်းနိုင်သည်ဟု သူက ဆိုသည်။

“အခုချိန်မှာ အိမ်ခြံမြေစျေးကွက်တွေက စျေးတက်နေတာမှန်ပေမဲ့ ဘဏ်တွေပါ ထုတ်ရောင်းလာရင် စျေးက ကျမယ်၊ အဲဒါဆိုရင် ဘဏ်တွေက နောက်တစ်ခါ ထပ်ရှုံးမယ့် အခြေအနေဖြစ်ကုန်မှာပေါ့” ဟု အထက်ပါ စီးပွားရေးပညာရှင်က ဆိုသည်။

ထို့သို့သော အခြေအနေများအောက်တွင် ဘဏ်လုပ်ငန်းသို့ မူးယစ်ဆေးဝါးနှင့် ငွေကြေးခဝါချမှုမှ ငွေကြေးများအပြင် ကျားဖြန့်ကဲ့သို့သော ငွေလိမ်ဂိုဏ်းများ၏ ငွေကြေးများ စီးဝင်လာနိုင်ခြေ ရှိနေသည်။

မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍ၏ အတိတ်သမိုင်းတွင်လည်း မြန်မာမေဖလားဝါးဘဏ်နှင့် အာရှဓနဘဏ်တို့သည် ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးမှောင်ခိုမှုတို့ဖြင့် ပတ်သက်ခဲ့ဖူးသည့် သာဓကရှိသည်။ ၂၀၀၅ ခုနှစ်တွင် ယင်းဘဏ်နှစ်ခုကို ထိုအချိန်က အစိုးရက ပိတ်သိမ်းခဲ့သည်။

ပုဂ္ဂလိဘဏ်ကဏ္ဍနှင့် စစ်ကောင်စီ လက်ဝါးကြီးအုပ်ထိန်းချုပ်မှု

နိုင်ငံတကာအရေးယူပိတ်ဆို့မှုများနှင့် စီးပွားရေးကျဆင်းမှုတို့ကြောင့် နိုင်ငံခြားငွေ အကြီးအကျယ်လိုအပ်လာနေသော စစ်ကောင်စီသည် မြန်မာ့ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍအပေါ်ကိုလည်း လက်ဝါးကြီးအုပ်ထိန်းချုပ်လာနိုင်ခြေရှိကြောင်း စီးပွားရေးပညာရှင်များက သတိပေးသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ပုဂ္ဂလိကကဏ္ဍအပေါ် ပို့ကုန်သွင်းကုန်လိုင်စင်များ တင်းကျပ်ခြင်း၊ ရွှေ၊ ဒေါ်လာနှင့် စက်သုံးဆီ စျေးနှုန်းများ သတ်မှတ်ခြင်းအပါအဝင် ဆန်နှင့် စားအုန်းဆီ စျေးနှုန်းများ ထိန်းချုပ်ခြင်းတို့ဖြင့် စျေးကွက်နှင့် လုပ်ငန်းကဏ္ဍများကို ကန့်သတ်ထိန်းချုပ်ထားသည်။

သို့သော် စစ်တပ်နှင့် ဆက်နွှယ်သော ခရိုနီကုမ္ပဏီများနှင့် တပ်ပိုင်လုပ်ငန်းများကမူ အခွင့်ထူးခံရကြသည်။

မြန်မာ့ဘဏ်လုပ်ငန်းတွင် ပုဂ္ဂလိကဘဏ်လုပ်ငန်းများကို ထိန်းချုပ်ထားသော စစ်ကောင်စီသည် တပ်ပိုင်ဘဏ်များဖြစ်သည့် မြဝတီဘဏ်နှင့် အင်းဝဘဏ်တို့၏ လုပ်ပိုင်ခွင့်များကို တိုးမြှင့်လိုပုံရသည်ဟု စီးပွားရေးပညာရှင်တစ်ဦးက ပြောသည်။ 

“အခုအချိန်က သူတို့ (စစ်ကောင်စီ) အတွက် ငွေကြေးအားဖြင့်လည်း အခက်အခဲဖြစ်လာပြီ။ အဲဒီတော့ Financial Market (ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးစျေးကွက်) ကို သူတို့ လက်ဝါးကြီးအုပ်ချင်တယ်။ သူတို့ရဲ့တပ်ပိုင်ဘဏ်တွေကနေတစ်ဆင့်ပဲ သွားစေချင်တဲ့ ပုံစံမျိုးဖြစ်အောင် လုပ်နေတာ၊ အဲဒီလို သူတို့အတွက် ပိုပြီး ထိန်းကွပ်ဖို့ လွယ်တာပေါ့” ဟု သူက ပြောသည်။ 

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်အစိုးရက အရေးယူပိတ်ဆို့လိုက်မှုကြောင့်လည်း စစ်ကောင်စီသည် နိုင်ငံတကာငွေပေးချေမှုများတွင် အကျပ်ရိုက်နေသည်။

ထို့ကြောင့် အရေးယူပိတ်ဆို့မှုမှ ကင်းလွတ်နေသေးသော နိုင်ငံပိုင်ဘဏ်တစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ် (MEB) သည် စစ်လက်နက်ပစ္စည်းဝယ်ယူရေးအတွက် အဓိကဘဏ်ဖြစ်လာသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူး၏ ဇွန်လ ၂၆ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာက ဆိုထားသည်။ 

စစ်ကောင်စီ၏ ပုဂ္ဂလိကဘဏ်များကို ထိန်းချုပ်လိုခြင်းသည် နောင်တစ်ချိန် MEB ဘဏ်ကို အရေးယူ ပိတ်ဆို့လာပါက ပုဂ္ဂလိကဘဏ်များကို နိုင်ငံတကာငွေပေးချေမှုများအတွက် အသုံးချနိုင်မည် ဖြစ်သည်။

Show More

Related Articles

Back to top button