သတင်း

ANZ ထွက်ခွာသော်လည်း နိုင်ငံခြားဘဏ်အများစု ရုံးခွဲ ဆက်ဖွင့်ဖွယ်ရှိ

ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းရှုပ်ထွေးမှုကြောင့် နိုင်ငံအတွင်းဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ်အများစုမှာ စစ်တပ်ထိန်းချုပ်မှုအောက် မလူးသာ မလွန့်သာ အခြေအနေတွင် ဆက်လက်လည်ပတ်ရန် ရှိနေသည်ဟု ဘဏ်နှင့်နီးစပ်သူများနှင့် ဘဏ္ဍာရေးကျွမ်းကျင်သူများက ဆိုသည်။

နိုင်ငံတကာဘဏ်စည်းမျဉ်းများနှင့် မညီဘဲ စစ်ကောင်စီ ညွှန်ကြားချက်များကို လိုက်နာရခြင်းကြောင့် ဆက်ရှိနေမည့် ဘဏ်များမှာ လုပ်ငန်းလျှော့ချကာ အလုပ်ဖြစ်ရုံ လည်ပတ်ရမည့်အခြေအနေဖြစ်သည်ဟု ဆိုကြသည်။

လွန်ခဲ့သည့်ဆယ်နှစ်အတွင်း ဘဏ်လုပ်ငန်း ပြုပြင်ပြောင်းလဲမှုနှင့်အတူ ပေါ်ပေါက်လာသော ငွေကြေးတည်ငြိမ်မှု၊ တိုးတက်မှုတို့မှာ  အာဏာသိမ်းပြီးနောက် သဲထဲရေသွန်ဖြစ်သွားကြောင်း ၎င်းက ဆိုသည်။ 

“အမိန့်အဏာအောက်ကလှုပ်ရှားနေရတာဖြစ်တယ်။ သူတို့လည်ပတ်လို့ရရုံလောက်ပဲလုပ်နေတာ။ အဲ့ဒါကြောင့်မို့ ဘဏ်လုပ်ငန်းတစ်ခုလုံးအနေနဲ့က အခြေအနေမကောင်းပါဘူး။ ကောင်းအောင်လည်း လုပ်လို့မလွယ်ဘူး။ သူတစ်ခုတည်းပြုပြင်လို့မှမရတာ” ဟု ဘဏ္ဍာရေးကျွမ်းကျင်သူတစ်ဦးက ဆိုသည်။ 

နိုင်ငံခြားဘဏ်များမှာ ဂျပန်၊ တောင်ကိုးရီးယား၊ စင်ကာပူ၊ ဩစတေးလျ၊ ထိုင်း၊ ဗီယမ်နမ်၊ မလေးရှား၊ တရုတ်၊ ထိုင်ဝမ်၊ ဟောင်ကောင်နှင့် အိန္ဒိယတို့မှဖြစ်သည်။ ထိုအထဲတွင် ဩစတေးလျအခြေစိုက် ANZ ဘဏ်သည် ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းရှုပ်ထွေးမှုကြောင့် နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဟု ကြေညာထားသည်။

နိုင်ငံစီးပွားရေးနှင့် ဘဏ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် ၂၀၁၅ အစောပိုင်းမှစကာ နိုင်ငံခြားဘဏ်များကို လုပ်ကိုင်ခွင့်ပြုခဲ့ရာ ဘဏ်ခွဲ ၁၇ ခုနှင့် လက်အောက်ခံဘဏ် ၃ ခု စုစုပေါင်းနိုင်ငံခြားဘဏ် ၂၀ ရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ မှတ်တမ်းများတွင် တွေ့ရသည်။

သို့သော် ထိုဘဏ်များသည် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှု၊ ကမ္ဘာ့ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့(FATF)က မြန်မာကို အမည်ပျက်စာရင်းသွင်းမှုနှင့် မတည်ငြိမ်သည့် ဘဏ်လုပ်ငန်းဆိုင်ရာမူဝါဒများရှိနေသည့်တိုင် ထွက်ခွာမည့်အရိပ်အယောင်မတွေ့ရကြောင်း ဘဏ်လုပ်ငန်းနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

“ကျန်တဲ့ဘဏ်တွေက သိသလောက်တော့ (ထွက်ခွာဖို့) အစီစဉ်မရှိသေးဘူး။ စောင့်ကြည့်တဲ့အဆင့်ပဲ ရှိပါတယ်။ ANZ က နဂိုကတည်းက သူတို့ဘဏ်က Compliance (မဖြစ်မနေ လိုက်နာရမယ့် စည်းကမ်းသတ်မှတ်ချက်) တခြားဘဏ်တွေထက် ပိုကျပ်တယ်။ ဈေးကွက်ဝေစု အရဆိုလည်း သိပ်မရှိဘူး။ ဘဏ်ဝန်ဆောင်မှုကို သုံးတဲ့ အရေအတွက် နည်းတာမျိုးပေါ့” ဟု ၎င်းက ပြောသည်။

၂၀၁၅ စက်တင်ဘာတွင် ဘဏ်လိုင်စင်ရရှိသည့် ANZ ဘဏ်သည် ဝန်ထမ်း ၂၀ ခန့်ဖြင့် လည်ပတ်နေပြီး အကျိုးအမြတ်မရေရာတော့၍ ထွက်ခွာမည်ဟု ကြေညာခြင်းဖြစ်သည်၊ ထွက်ခွာနိုင်ရန် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ခွင့်ပြုချက် လိုအပ်နေသေးကြောင်း ၎င်းက ဆိုသည်။ 

တခြားနိုင်ငံခြားဘဏ်များမှာ ရှိသည့်ဖောက်သည်များနှင့် ဆက်လက်လည်ပတ်နေပြီး စစ်ကောင်စီက ပြုလုပ်မည့်ရွေးကောက်ပွဲကို စောင့်ကြည့်သည့် ဘဏ်များလည်းရှိကြောင်း ၎င်းက ဆိုသည်။ 

စစ်ကောင်စီက ငွေကြေးနှင့် ဘဏ်လုပ်ငန်းကို အကြီးအကျယ် ထိန်းချုပ်သော််လည်း တရုတ်နိုင်ငံကဲ့သို့ စစ်ကောင်စီနှင့် ပုလဲပနံသင့်သည့်နိုင်ငံများမှဘဏ်တို့မှာ ထွက်ခွာမည်မဟုတ်ဟု အမည်မဖော်လိုသည့် ဘဏ္ဍာရေး ကျွမ်းကျင်သူတစ်ဦးက ယူဆသည်။ 

“တရုတ်နဲ့ပတ်သက်တဲ့ဘဏ်တွေရှိမယ်။ စင်ကာပူနဲ့ပတ်သက်တဲ့ဘဏ်တွေရှိမယ်။ အဲ့လိုဘဏ်တွေက သူတို့နိုင်ငံတွေရဲ့ ပေါ်လစီကိုက လက်ရှိစစ်ကောင်စီကို အဆင်ပြေအောင်လုပ်နေတဲ့သဘောဆိုတော့ သူတို့လည်းပဲ အဲ့ဒီပုံစံအတိုင်းမဖြစ်ဖြစ်အောင် ဗဟိုဘဏ်က ညွှန်ကြားချက်တွေကို လိုက်နာပြီးတော့ လုပ်နေမှာပဲ” ဟု ၎င်းက ဆိုသည်။

အခြားတစ်ဘက်တွင်လည်း လုပ်ငန်းလုပ်ကိုင်ရန် ဖြတ်သန်းရသည့် ရှုပ်ထွေးသော အဆင့်များ၊ အပြောင်းအလဲမြန်သည့် မူဝါဒများကြောင့်လည်း စီးပွားရေးသမားများက လုပ်ငန်းလုပ်ကိုင်လိုစိတ်၊ လုပ်ငန်း ချဲ့ထွင်လိုစိတ် နည်းပါးနေကြသည်ဟု ဘဏ်နှင့်နီးစပ်သူက ပြောသည်။

“Risk (ဆုံးရှုံးနိုင်ချေ) ကို ဘယ်သူမှ မယူချင်ကြတော့ဘူး။ လုပ်ငန်းဆိုင်ရာလုပ်ရတာတွေက တအားရှုပ်ထွေးတယ်။ ခက်ခဲတယ်ပေါ့။ အစည်းအဝေးထဲမှာ ခွင့်ပြုပါတယ်ပြောပြီး ခွင့်မပြုတော့ပါဘူးလို့ လုပ်တာမျိုးပေါ့။ အမျိုးမျိုးအထွေထွေ ပြောင်းလဲနေတာက အများကြီးပဲ” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းပြီးနောက် ငွေရေးကြေးရေးစည်းမျဉ်းစည်းကမ်းများ တင်းကျပ်လာ၊ ဘဏ်လုပ်ငန်းကို အများယုံကြည်မှု ကျဆင်းလာ၊ ငွေပေးချေမှုများပိုခက်ခဲလာသော်လည်း ဂျပန်ဘဏ်များသည်ပင် ထွက်ခွာဖွယ်မရှိကြောင်း ရန်ကုန်မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စောင့်ကြည့်သည့် အမျိုးသားတစ်ဦးက ဆိုသည်။ 

နာမည်ကြီး တိုယိုတာကားကုမ္ပဏီသည် ယခုနှစ်အောက်တိုဘာတွင် သီလဝါအထူးစီးပွားရေးဇုန်တွင် ကားထုတ်လုပ်မှုစတင်လိုက်သလို အခြားဂျပန်ကုမ္ပဏီများမှာလည်းလုပ်ငန်းလည်ပတ်လျက်ရှိကြောင်း ဂျပန်အခြေစိုက် Nikkei Asia သတင်းဌာနက ရေးသားဖော်ပြထားသည်။ 

သို့သော် အမေရိကန်ဒေါ်လာထိန်းချုပ်မှုနှင့် ရုတ်ချည်းပြောင်းလဲချမှတ်နေသည့် မူဝါဒများကြောင့် နိုင်ငံခြားဘဏ်များ လုပ်ရကိုင်ရခက်ခဲနေဆဲဖြစ်ကြောင်း ဘဏ်နှင့်နီးစပ်သူများက ဆိုကြသည်။

သြစတေးလျ ANZ ဘဏ်က ၎င်းတို့နိုင်ငံသား စီးပွားရေး ပညာရှင် ရှောင်တာနယ် အင်းစိန်ထောင်မှ နိုဝင်ဘာ ၁၇ တွင် လွတ်မြောက်လာပြီး ၅ ရက် အကြာတွင် မြန်မာပြည်မှ ထွက်မည်ဟု ကြေညာခြင်း ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button