၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ပြီးရာထူးမှ ဖယ်ရှားခံခဲ့ရသူ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်းကို ပိုင်နက်ကျူးလွန်မှု စွပ်စွဲချက်ဖြင့် ယမန်နေ့ ( ဩဂုတ်လ ၁၂ ရက်) က လန်ဒန်မြို့ရှိ တရားရုံးတွင် တတိယအကြိမ်မြောက် ရုံးချိန်းကို စစ်ဆေးခဲ့သည်။
၂၀၂၁ ခုနှစ်တွင် မြန်မာစစ်တပ်က စစ်အာဏာသိမ်းပြီးနောက်တွင် အာဏာသိမ်း အစိုးရကို နုတ်ထွက်ရေး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ ရွေးကောက်ပွဲ ပြန်လည် ကျင်းပရေး အချက် ၃ ချက်ကို ဦးကျော်စွာမင်းက တောင်းဆိုခဲ့သည်။ ထိုသို့ တောင်းဆိုခဲ့ပြီးနောက် မြန်မာသံရုံးအတွင်းသို့ ပြန်ဝင်ခွင့်မရတော့ဘဲ ရာထူးမှ ဖယ်ရှားခံခဲ့ရခြင်းဖြစ်သည်။
ထို့နောက် ဦးကျော်စွာမင်းသည် လန်ဒန်ရှိ Myanmar House ဟု လူသိများသည့် မြန်မာ သံအမတ်နေအိမ်တွင် ဆက်လက်နေထိုင်နေပြီး နေအိမ်မှ မဖယ်ရှားပေးမှုဖြင့် သံတမန် နယ်မြေအတွင်း တရားမဝင် ကျူးကျော်နေထိုင်မှု (Diplomatic Trespass) ဖြင့် အမှုဖွင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။
ယမန်နေ့ (ဩဂုတ်လ ၁၂ ရက်) က လန်ဒန်ရှိ တရားရုံးတွင် စစ်ဆေးခဲ့သည့် တတိယအကြိမ် ရုံးချိန်းတွင် သက်သေ ၃ ဦးကို စစ်ဆေးခဲ့ပြီး စက်တင်ဘာလတွင် ပြုလုပ်မည့် စတုတ္ထအကြိမ် ရုံးချိန်းတွင် ဦးကျော်စွာမင်းကို စတင်စစ်ဆေးမည်ဟု သိရသည်။
စစ်အာဏာသိမ်းခဲ့သည့် မြန်မာစစ်တပ်သည် တရားမဝင် အစိုးရဖြစ်ပြီး အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း၊ မြန်မာ သံအမတ် နေအိမ်ကို တရားဝင်အစိုးရထံသို့ ပြန်လည်အပ်နှင်းရန် ၎င်းတွင် တာဝန်ရှိသည့်အတွက် ယခု သံအမတ် နေအိမ်တွင် ဆက်လက်နေထိုင်ရခြင်းဖြစ်ကြောင်း ဦးကျော်စွာမင်းက Myanmar Now ကို ပြောသည်။
“အဲဒီတုန်းကသာ ကျွန်တော်တို့ ပြောတဲ့ အတိုင်းသာ ဒေါ်စုလည်းလွတ်မယ်။ စကားလေးတွေပြောမယ် ညှိမယ်၊ နှိုင်းမယ်ဆိုရင် အခုလိုမျိုး လူတွေ သိန်းနဲ့ချီပြီးတော့ သေကျေပျက်စီးတာ ဖြစ်မှာ မဟုတ်ဘူး။ အဲဒါကိုတော့ စိတ်မကောင်းဖြစ်နေတုန်းပဲ။ ကျွန်တော်က ဒီမှာ ရင်ဆိုင်နေရတာ ဒုက္ခရောက်တယ်ဆိုတာထက် အထဲက လူတွေက ပိုပြီးတော့ ဒုက္ခရောက်ပါတယ်” ဟု ၎င်းက ပြောသည်။
သံအမတ်ဟောင်း ဦးကျော်စွာမင်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေး၊ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရေးနှင့် အာဏာသိမ်း စစ်တပ် ဖယ်ရှားပေးရေး အချက် ၃ ချက်ကို တောင်းဆိုထားသည်။
ဦးကျော်စွာမင်းသည် လန်ဒန်အနောက်မြောက်ပိုင်းရှိ Myanmar House ဟု လူသိများသည့် မြန်မာသံအမတ်နေအိမ်တွင် ဆက်လက်နေထိုင်နေပြီး ထိုအိမ်မှ ထွက်ခွာရန် ငြင်းဆန်မှုဖြင့် တရားစွဲဆို ခံထားရခြင်းဖြစ်သည်။



