ကိုလံဘီယာနိုင်ငံမှာ တနင်္လာနေ့က ပြင်းအား ၇.၄ အဆင့်ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ရာမှာ သေဆုံးသူဦးရေဟာ ၂၀၀ကျော် ရှိလာခဲ့ပေမယ့် သတင်းကောင်းအဖြစ် သေအံ့ဆဲဆဲ ကလေးငယ်တစ်ဦးကို အပျက်အစီးတွေကြားကနေ ခက်ခက်ခဲခဲ ကယ်တင်နိုင်ခဲ့ပါတယ်။
ကာလီမြို့ခံ ဘရိုင်ယန် အိုဆိုရီယို ဇူလူအာဂါ ဆိုသူဟာ ငလျင်လှုပ်ပြီးတဲ့နောက် သူ့ရုံးခန်းကနေ ဆိုင်ကယ်စီးပြီး အိမ်ကို အမြန် ပြန်လာခဲ့ပါတယ်။
လမ်းခုလတ်တစ်နေရာ အရောက်မှာတော့ ငါးထပ်မြင့် လူနေအဆောက်အအုံတစ်လုံး ပြိုကျပျက်စီးနေတဲ့ မြင်ကွင်းကို သူမြင်ခဲ့ရပြီး ခရီးဆက် မရတော့တာကြောင့် အဆောက်အအုံ အပျက်အစီးတွေဆီ ချဉ်းကပ်သွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ ရှိမရှိ သိနိုင်ဖို့ အသံကုန် အော်ဟစ်မေးမြန်းခဲ့တယ်လို့ ကလေးငယ်ကို စတင်ကယ်တင်နိုင်မယ့် အခြေအနေကို အိုဆိုရီယိုက CNN သတင်းဌာနကို ပြန်ပြောင်း ပြောပြပါတယ်။
အဲ့ဒီနောက်မှာတော့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကို ငြိမ်ငြိမ်နေကြဖို့ တောင်းဆိုလိုက်ပြီး တုံ့ပြန်သံကို နားစွင့်နေချိန်မှာပဲ အပျက်အစီးများအောက်ကနေ ခပ်တိုးတိုး အသံတစ်ခု ထွက်ပေါ်လာခဲ့တာကို ကြားခဲ့ရတယ်လို့ အိုဆိုရီယိုက ဆိုပါတယ်။
တတပ်တအား ပါဝင်ကူညီမှုတိုင်းက အထောက်အကူ ဖြစ်စေပါတယ်လို့လည်း အိုဆိုရီယိုက CNN ကို ပြောပါတယ်။
ကိုလံဘီယာမှာ ဆယ်စုနှစ် တခုကျော်အတွင်း အင်အားအပြင်းဆုံးဖြစ်တဲ့ ငလျင်ဟာ မြို့တော် ဘိုဂိုတာရဲ့ အနောက်ဘက်ရှိ ဆန်းဟိုဆေး ဒယ်လ် ပယ်လ်မာမြို့မှာ ဗဟိုပြု လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီငလျင်ကြောင့် သေဆုံးသူ ၂၅၀ ရှိသွားပြီလို့ သိရပြီး လူပေါင်း ၂၇၀၀ ကျော်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။



