တောင်အမေရိကတိုက် မြောက်ဘက်အစွန်ဆုံးမှာရှိတဲ့ ကိုလံဘီယာနိုင်ငံမှာ ဒေသစံတော်ချိန် တနင်္လာနေ့ မနက်အစောပိုင်းက ပြင်းအား ၇.၄ အဆင့်ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တာကြောင့် လူပေါင်း ၁၃၀ ကျော် သေဆုံးပြီး အဆောက်အအုံပေါင်း ၁,၅၀ဝ လောက် ပျက်စီးသွားခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။
ငလျင်ဟာ ကိုလံဘီယာနိုင်ငံ အလယ်ပိုင်းနှင့် အနောက်ဘက် ပင်လယ်ကမ်းရိုးတန်း ဒေသတွေကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီး ဒေသခံတွေ လမ်းပေါ်ကို ထွက်ပြေးခဲ့ကြရပါတယ်။
ကိုလံဘီယာ သမ္မတ အာဘယ်လာဒို ဒီ လာ အက်စပရီယယ်လာ ရာထူးတာဝန် စတင်ယူအပြီး သုံးရက်အကြာမှာ ဒီငလျင် လှုပ်ခတ်ခဲ့တာပါ။ လတ်တလောမှာတော့ နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ဟန်ချက်ညီတဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်မယ်လို့ သမ္မတ အက်စပရီယယ်လာ က ပြောပါတယ်။
ငလျင်ဘေးဒဏ်သင့် ကာလီမြို့က စေတနာ့ဝန်ထမ်းတွေဟာ ပုဆိန်တွေ၊ အခြေခံကိရိယာတွေကိုသုံးပြီး အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
လက်ရှိမှာ ကိုလံဘီယာမြို့ကြီး ငါးမြို့ရှိ ဆေးရုံများကို အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ကာလီမြို့မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။
ဒီငလျင်ဘေးအတွက် အမေရိကန်က အရေးပေါ် ထောက်ပံ့ငွေ ဒေါ်လာ ၁၅.၅ သန်း ကူညီမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဥရောပသမဂ္ဂ ဥက္ကဋ္ဌ အာဆူလာ ဖွန် ဒယ် လီယန်ကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီနိုင်ဖို့အတွက် EU ရဲ့ Copernicus လို့ခေါ်တဲ့ ဂြိုဟ်တုဝန်ဆောင်မှုကို စတင် အသုံးပြုပေးထားတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ မြို့အတော်များများရှိ ပြိုကျနေတဲ့ အဆောက်အအုံတွေမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးသမားတွေ ရှာဖွေနေဆဲဖြစ်ပြီး သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာနိုင်တယ်လို့လည်း ကိုလံဘီယာ အာဏာပိုင်တွေက ဆိုပါတယ်ခင်ဗျာ။



