စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေသော ရခိုင်ပြည်နယ်တောင်ပိုင်းတွင် ယမန်နေ့(သြဂုတ်လ ၁၃ ရက်) ညက ဗုံးကြဲတိုက်ခိုက်မှုအတွင်း အသက် ခုနစ်နှစ်အရွယ်ကလေး အပါအဝင် မိသားစုဝင် ရှစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ယမန်နေ့ည ၁၁ နာရီတွင် ဂွမြို့နယ် ကိုင်းခုံကျေးရွာ၊ ၁၁ နာရီခွဲတွင် ဂွမြို့နှင့် မိုင် ၄၀ ကျော်ဝေးသော ကျိန္တလီမြို့ပေါ်တို့ကို စစ်လေယာဉ်များက ဗုံးများကြဲချခဲ့ခြင်းဖြစ်သည်။
ကျိန္တလီမြို့အမှတ် (၁) ရပ်ကွက်၊ မေတ္တာပေါင်းကူးလမ်းရှိ နေအိမ်တစ်လုံးပေါ် ဗုံး ကျရောက်ပေါက်ကွဲကာ တစ်အိမ်တည်းနေ မိသားစုဝင်များ သေဆုံးသွားရခြင်းဖြစ်သည်ဟု AA က ယနေ့(သြဂုတ်လ ၁၄ ရက်) တွင် ထုတ်ပြန်သည်။
သေဆုံးသူများမှာ ဒေါ်ခင်မိုးရွှေ (၆၀ နှစ်)၊ ဒေါ်ခင်စန္ဒာထွန်း (၄၅ နှစ်)၊ ဦးထွန်းလင်း (၄၆ နှစ်) ၊ မဖြိုးဖြိုးကျော် (၃၆ နှစ်)၊ မောင်မင်းဝေခန့် (၃၅ နှစ်)၊ မဝင်းအိကျော် (၂၆ နှစ်)၊ မောင်ဉာဏ်လင်းသန့် (၁၂ နှစ်)နှင့် မောင်နေလင်းသန့်( ခုနစ်နှစ်)တို့ ဖြစ်ကြသည်။
“ဗုံးနှစ်လုံး ချသွားတယ်လို့ သိရတယ်။ အရပ်သား နေထိုင်တဲ့နေရာတွေကို သီးသန့် တမင်လာလုပ်နေတာ”ဟု ဂွမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ယမန်နေ့ညက ဗုံးကြဲမှုအတွင်း ဂွမြို့နယ် ကိုင်းခုံရွာတွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးမှု တစုံတရာ မရှိခဲ့ဘဲ ယင်းမတိုင်မီ သြဂုတ်လ ၁၂ ရက်ကလည်း ဗုံးကြဲခဲ့ရာ နေအိမ် ခုနစ်လုံး ပျက်စီးခဲ့သည်။
အလားတူ AA ထိန်းချုပ်ထားသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့ကိုလည်း သြဂုတ်လ ၁၂ ရက်က ဗုံးကြဲခဲ့ရာ ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးကာ ခုနစ်ဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံက သိရသည်။
စစ်တပ်သည် ပြည်နယ်တောင်ပိုင်းမှတဆင့် AA နယ်မြေအများစု ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်ကို ပြန်လည်ထိုးဖောက်ရန် ယခုနှစ်ဆန်းကတည်းက ကြိုးပမ်းနေပြီး ဂွ၊ သံတွဲတို့တွင် ယခင်လမှ စတင်၍ လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်နီးပါး ပြုလုပ်နေသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်ကလည်း သံတွဲမြို့နယ် ကျောက်ကြီးရွာကို ဗုံးကြဲမှုတွင် ဒေသခံ ၁၆ ဦး သေဆုံး၊ ၁၈ ဦး ဒဏ်ရာရရှိသွားသည်။ ထိုနေ့တွင်ပင် ပလက်ဝမြို့ကိုလည်း ဗုံးကြဲ သောကြောင့် အလယ်တန်းကျောင်းသူနှစ်ဦး ဒဏ်ရာရရှိသည်။ သြဂုတ်လ ၈ ရက်က အမ်းမြို့နယ် တလိုင်းတောင် ကျေးရွာကို ဗုံးကြဲစဉ် နှစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရရှိခဲ့သည်။
ULA/AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး (HDCO) ၏ အချက်အလက်များအရ ယခုလ ၁၁ ရက်အတွင်း စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၁၉ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၂၆ ဦးရှိကာ လူနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများနှင့် အခြားအရပ်ဘက်အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇူလိုင်လအတွင်း ဘူးသီးတောင်၊ မောင်တော၊ ပေါက်တော (ဝီရဌာနီ )၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ ဂွနှင့် သံတွဲ တို့မှ စစ်သုံ့ပန်း လေးဦးအပါအဝင် ၂၁ ဦး သေဆုံးပြီး၊ အရပ်သား ၇၆ ဦး ဒဏ်ရာရခဲ့သည်။
ထို့ကြောင့် HDCO နှင့် Myanmar Now ၏ သတင်းဖော်ပြချက်များအရ တစ်လခွဲအတွင်း ရခိုင်ဒေသ၌ သေဆုံးသူ ၄၀ ဦး ထက်မနည်းနှင့် ဒဏ်ရာရသူ ၁၀၂ ဦး ရှိနေသည်ကို တွေ့ရပြီး အများစုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်သည်။
အာဏာသိမ်းစစ်တပ်က နေ့ညအချိန်မရွေး လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်ရက်ဆက် ပြုလုပ်လာနေသောကြာင့် အာရက္ခဒေသ(ရခိုင်ပြည်နယ်) တစ်ခုလုံး လေကြောင်းရန်ကို “အချိန်ပြည့်” အထူးဂရုစိုက်ကြရန် AA က တိုက်တွန်းထားသည်။
လတ်တလောတွင် ရခိုင်နှင့် ဧရာဝတီတိုင်း နယ်မြေထိစပ်နေသည့် ရေကြည်မြို့နယ် ပွိုင့် (၁၀၁) စခန်းကုန်းအနီးဝန်းကျင် နှင့် သာပေါင်းမြို့နယ် သာပေါင်းကလေးကျေးရွာအနီး စစ်တပ်နှင့် AA တို့ မြေပြင်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေသည်။
အာဏာသိမ်းစစ်တပ်သည် ရခိုင်ဒေသအတွင်း ထိုးဖောက်ဝင်ရောက်နိုင်ရန် နယ်မြေထိစပ်နေသော ဧရာဝတီ ၊ မကွေး၊ ပဲခူး၊ ချင်းပြည်နယ်တို့မှတဆင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးဖြင့် အကြိမ်ကြိမ် ပြုလုပ်နေခဲ့သည်မှာ နှစ်နှစ်နီးပါးခန့် ရှိခဲ့ပြီဖြစ်ကြောင်း AA ဘက်က ယနေ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားထားသည်။




