အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် အကြမ်းဖက်မှုများ ကျူးလွန်နေသော မြန်မာစစ်တပ်က ထိုင်းဘဏ်များကို အသုံးပြုကာ စစ်လက်နက်ပစ္စည်းများအတွက် ငွေပေးခြင်း ရှိမရှိကို ၎င်းတို့အနေဖြင့် စုံစမ်းသိရှိနိုင်ရန် ခက်ခဲသည်ဟု ထိုင်းဘဏ်များက ယမန်နေ့ ဇူလိုင် ၁၁ တွင် တုံပြန်ကြကြောင်း ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
စစ်ကောင်စီကို ထိုင်းဘဏ်များက အကူအညီပေးနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူး၏ ဇွန်လ ၂၆ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာ ထွက်ပြီးနောက် ထိုင်းနိုင်ငံလွှတ်တော်၏ အမျိုးသားလုံခြုံရေးဆိုင်ရာကော်မတီက ထိုင်းဘဏ်များကို ဆင့်ခေါ်မေးမြန်းရာ ထိုင်းဘဏ်များဘက်က ယခုလို တုံ့ပြန်ခဲ့ကြခြင်းဖြစ်သည်။
ထိုင်းဘဏ်များအနေဖြင့် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို တင်းတင်းကျပ်ကျပ်လိုက်နာသော်လည်း တစ်ဆင့်ခံငွေပေးချေမှုများကို စုံစမ်းစစ်ဆေးရန် ခက်ခဲပြီး လောင်စာဆီဝယ်ယူမှုများအတွက် တစ်ဆင့်ငွေပေးချေမှုများကိုပင် မသိရှိနိုင်ကြောင်း Krung Thai Bank မှ အကြီးတန်းအမှုဆောင်အရာရှိချုပ် Pongsit Chaichutpornsuk က ထိုတွေ့ဆုံပွဲတွင် ပြောသည်။
“ဒီကိစ္စတွေက ကျွန်တော်တို့ သိမြင်နိုင်တာထက် ကျော်လွန်နေပါတယ်။ ဒါ့အပြင် ဒီလိုကိစ္စတွေအတွက် စုံစမ်းဖော်ထုတ်နိုင်သူတွေလည်း ဘဏ်တွေ မရှိနေပါဘူး” ဟု ထိုင်းဘဏ်များအသင်းကိုယ်စားပြုခဲ့သည့် သူက ပြောသည်။
ထိုင်းအစိုးရနှင့် စည်းကမ်းထိန်းသိမ်းသူများအနေဖြင့် ထိုင်းဘဏ်များအပေါ် တိကျရှင်းလင်းသော ညွှန်ကြားချက်များ ထုတ်ပြန်ပေးမည်ဆိုပါက ဘဏ်များအားလုံးသည် အတိအကျ လိုက်နာဆောင်ရွက်နိုင်မည်ဖြစ်သည်ဟုလည်း သူက ဆိုသည်။
စစ်ကောင်စီသည် ထိုင်းဘဏ် ၅ ခုမှတစ်ဆင့် စစ်လက်နက်ဝယ်ယူရေးအတွက် ပေးချေမှုများလုပ်ဆောင်ခဲ့သည်၊ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကျော်အထိ ရှိခဲ့ပြီး ယမန်နှစ်ကထက် နှစ်ဆကျော် မြင့်လာသည်ဟု တွမ်အင်ဒရူး၏ အစီရင်ခံစာတွင် ဖော်ပြသည်။
ထိုင်းဘဏ်တစ်ခုဖြစ်သည့် Siam Commercial Bank (SCB) က အများဆုံးဝန်ဆောင်မှုပေးခဲ့ပြီး အခြားဘဏ် ၄ ခုဖြစ်သော Bangkok, Kasikorn, TMB Thanachart, Krung Thai ဘဏ်တို့က ငွေပေးချေမှုအတွက် ဝန်ဆောင်မှုပေးခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။
ထိုငွေပေးချေမှုများတွင် စစ်လက်နက်နှင့် စစ်ဘက်သုံးထောက်ပံ့ရေးပစ္စည်းများ တင်သွင်းမှုနှင့် လောင်စာဆီဝယ်ယူမှုများအတွက် ပါဝင်သည်ဟု အစီရင်ခံစာက ပြောသည်။
ထိုင်းနိုင်ငံဗဟိုဘဏ်နှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး Anti-Money Laundering Office (AMLO) က မြန်မာနိုင်ငံက စစ်လက်နက်ဝယ်ယူရေးအတွက် ဆက်နွှယ်ပတ်သက်မှုရှိသည့် ငွေပေးချေမှုအားလုံးကို စုံးစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောသည်။
စစ်လက်နက်ဝယ်ယူမှုအတွက် ငွေပေးချေမှုများတွင် ပါဝင်ပတ်သက်နေပါကလည်း အရေးယူသွားမည်ဟုလည်း ဆိုသည်။
မြန်မာစစ်အစိုးရကို စစ်လက်နက်ရောင်းဝယ်ရေးအတွက် အထောက်အကူဖြစ်စေရန် ထိုင်းနိုင်ငံ၏ ဘဏ်စနစ်ကို အသုံးပြုခြင်းသည် လက်ခံနိုင်ဖွယ်ရာမရှိကြောင်း ထိုင်းလွှတ်တော်၊ အမျိုးသားလုံခြုံရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ Rangsiman Rome က ပြောသည်။
“ဒီပြဿနာကို ဖြေရှင်းဖို့ စင်ကာပူနိုင်ငံကို စံနမူနာထားသင့်တယ်” ဟု သူက ဆိုသည်။
ထို့ပြင် ယခုကိစ္စရပ်နှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံဘဏ်များအသင်း၊ ထိုင်းဗဟိုဘဏ်နှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံးတို့အနေဖြင့် လေ့လာစုံစမ်းမှုများပြုလုပ်ပြီး ရက် ၃၀ အတွင်း ကော်မတီထံသို့ အစီရင်ခံစာ ပြန်တင်ပြရန် ညွှန်ကြားခဲ့သည်။
စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်ကာလအတွင်း မြန်မာစစ်တပ်သည် အရပ်သား ၅၃၀၀ ကျော်ကို သတ်ဖြတ်ထားပြီး လူ ၂ သောင်းကျော်ကိုလည်း အကျဉ်းထောင်များတွင် ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။