အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

ခေတ်ဝန်ကိုထမ်းရင်း ပျောက်ဆုံးသွားသော လူငယ်မျိုးဆက်

စစ်အာဏာသိမ်းမှု ပေါ်ပေါက်လာတိုင်း မတရားမှု၊ အသက်ရှင်ရန် ရုန်းကန်ရမှု၊ မူးယစ်ဆေးနှင့် လောင်းကစား လုပ်ငန်းများ အားကောင်းလာမှု စသည့် ဆိုးကျိုးများ ပေါ်ပေါက်လာပြီး အနာဂတ် ပျောက်ဆုံးသွားသော လူငယ်များကို တွေ့ရမည် ဖြစ်သည်။

“ပျောက်ဆုံးသွားသော မျိုးဆက်” ဟု ဆိုလိုက်သည်နှင့် ကျွန်တော်တို့ ဆယ်ကျော်သက်ဘဝက ဖတ်ခဲ့ဖူးသော စာရေးဆရာ ကျော်ဝင်း​၏ ထိုခေတ်ကာလ စစ်အာဏာသိမ်းမှုကြောင့် လူငယ်များ အနာဂတ်ပျောက်ဆုံး သွားရသည့်အကြောင်းကို ပြေးမြင်မိမည် ဖြစ်သည်။ 

ထိုနည်းတူ ၂၀၂၁  စစ်အာဏာသိမ်းအကျိုးဆက် တိုင်းပြည်​၏ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ငွေကြေးဖောင်းပွမှု၊ အခြေခံ စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်မှုစသည့် အထွေထွေကျပ်တည်းမှုများ ရင်ဆိုင်လာရသော ပြည်သူလူထုသည် လူ့သဘာဝ​၏ အခြေခံကျဆုံးအပိုင်းဖြစ်သော စားဝတ်နေရေး အပိုင်းတွင် များစွာ ရုန်းကန်လာရသည်။ 

တိုင်းပြည်၏ အနာဂတ်သည်  လူငယ်များ​၏လက်ထဲ ရှိသည်ဟု ခေတ်အဆက်ဆက်လူကြီးများ ပြောဆိုခဲ့ကြ သည်။ သို့သော်လည်း စစ်အာဏာသိမ်းမှုအောက်တွင် တိုင်းပြည်​၏ အနာဂတ် ကြီးကြီးမားမားကိစ္စမဆိုထားနှင့် တကိုယ်ရေတကာယ လူပုဂ္ဂိုလ်ဆိုင်ရာ ရပ်တည်နိုင်မှု၊ တိုးတက်မှုစသည့် အခြေခံအခွင့်အလမ်းပင် မရှိတော့ပေ။

ခေတ်ကောင်းစဉ် အထက်တန်းအောင်လျှင် မည်သည့် တက္ကသိုလ်တက်ရောက်မည်။ ထို့နောက် ဘွဲ့ရလျှင် ဝါသနာပါသည့် လုပ်ငန်း၊ အလုပ်အကိုင်စသည့် စိတ်ကူးစိတ်သန်းများဖြင့် အိပ်မက်များ ပြည့်လျက်ရှိသည်။

မျက်မှောက်ကာလ အခြားတိုင်းပြည်များမှ လူငယ်များသည် Artificial Intelligence (AI) ခေတ်တွင် သူ့ထက်ငါ အပြိုင်အဆိုင် တိုးတက်ရန် ကြိုးစားနေချိန်ဖြစ်သည်။ 

သို့သော် ယခုအခါ  လူငယ်များသည် အထက်တန်းပြီးလျှင်၊ တက္ကသိုလ်မှဘွဲ့ရပြီးလျှင် အဓမ္မ စစ်မှုထမ်းဥပဒေကို ရှောင်ရှားလိုခြင်း၊ ပြည်တွင်းအလုပ်အကိုင် ရှားပါခြင်းနှင့် စားဝတ်နေရေးအတွက် ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ စင်္ကာပူ၊ ယူအေအီး နိုင်ငံတို့တွင် မည်သူမျှ မလုပ်ချင်သည့် အောက်ခြေသိမ်းအလုပ်များ သွားရောက် လုပ်ကိုင်ရန် ကြိုးစားကြသည်။  ကျွန်သွားခံနိုင်ရေးအတွက် ပြည်ပထွက်ရသကဲ့သို့ ဖြစ်လာရာ လူငယ်များ​၏ အိပ်မက် ပုံစံပြောင်းလဲသွားမှုမှာ  ဝမ်းနည်းဖွယ် ဖြစ်လာသည်။ 

အာဏာသိမ်းခါစမှစ၍ လူငယ်တို့​၏ အနာဂတ် ပျောက်ဆုံးသွားပြီး မသေချာမရေရာသော ဘဝများဖြစ်နေသည်။ ထို့ကြောင့် စာရေးဆရာ ကျော်ဝင်း​၏ ထိုခေတ်ကာလ အာဏာရှင်ကို တော်လှန်ပုန်ကန်ခဲ့ကြသော လူငယ်များ နည်းတူ ၂၀၂၁ ခုနှစ် နောက်ပိုင်း လူငယ်လူရွယ်များကို ပျောက်ဆုံးသွားသော ဒုတိယမျိုးဆက်ဟု သတ်မှတ်မည် ဆိုလျှင်လည်း မည်သူမျှ ငြင်းပယ်နိုင်မည် မဟုတ်ပေ။ 

လူငယ်များ၏ လက်ရှိအခြေအနေ

ယခုအခါ Generation Z  မျိုးဆက် လူငယ်များသည်  ခေတ်ဝန်ကိုထမ်းရင်း လမ်းပျောက်နေရသည်ဟု ဆိုနိုင်သည်။

ပထမဦးစွာ ယုံကြည်ချက်ကြောင့် လက်နက်ကိုင် တော်လှန်ရေးထဲသို့ ခြေစုံပစ်ဝင်သွားသော လူငယ်များ​၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဘဝများ ပျောက်ဆုံးသွားသည်။ တိုင်းပြည်​၏ လူငယ်အရင်းအမြစ်များသည် တော်လှန်ရေး​၏ လက်နက်ကိုင် လမ်းကြောင်းပေါ်တွင် ခက်ခက်ခဲခဲရှင်သန် ရပ်တည်လျက်ရှိသည်။

၂၀၂၁ စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြတော်လှန်နေစဉ် မတရား ဖမ်းဆီးခံခဲ့ရသော လူငယ်များသည် အကျဉ်းထောင်ထဲများတွင် ယင်းတို့​၏ လူငယ်ဘဝများ ပျောက်ဆုံးသွားခြင်း၊ အထူးသဖြင့် ၂၀၂၁ နောက်ပိုင်းမှ ပေါ်ပေါက်လာသော အေအိုင်​ (AI) ခေတ်ကို အကျဉ်းထောင်များတွင် မသိရှိခဲ့ရခြင်းကြောင့် ခေတ်တစ်ခုစာ နောက်ကျ ကျန်ခဲ့ရပြီဖြစ်သည်။

ဒုတိယအနေဖြင့် ပညာရေးဆိုင်ရာ အခက်အခဲ ကြုံတွေ့နေရပြီး စားဝတ်နေရေးအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အလမ်းများလည်း ပျောက်ဆုံးလျက်ရှိနေသည်။ 

မြန်မာနိုင်ငံရှိ လူငယ်အများစုသည် စစ်အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် မှ လက်ရှိအချိန် ၂၀၂၆ ခုနှစ် အထိ CDM ပညာရေးလမ်းကြောင်းတွင် ရပ်တည်လျက်ရှိပြီး တော်လှန်ရေး၏ကြားကာလပညာရေးကို လက်လှမ်းမီသူမှာ လူငယ်အချို့သာဖြစ်သည်။ 

ဘွဲ့ရလျှင် ပညာတတ်တစ်ယောက် ဖြစ်ပြီဟူသော မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် အထက်တွင်ဖော်ပြခဲ့သော ကြားကာလပညာရေးဖြင့် ပြီးမြောက်အောင်မြင်သူများအတွက် လက်တွေ့ ပညာရပ်ဆိုင်ရာ အသုံးချမှုနယ်ပယ်၊ အလုပ်အကိုင် အခွင့်အလမ်းစသည့် အခွင့်အရေးများလည်း မရှိပေ။ 

အများစုသည် အတန်းပညာ တဝက်တပျက်ဖြင့် ကြုံရာအလုပ်ဝင်လုပ်ကိုင်၍ တကိုယ်ရေလောက်ငရုံမျှသာ ရှင်သန် ရုန်းကန်ရလျက်ရှိသည်။ 

၂၀၂၁ မတိုင်မီ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးမြောက်ထားသူများ၊ တက္ကသိုလ်တက်ရောက်နေသူများ၊ ထိုးဖောက်နိုင်သော မိသားစုနောက်ခံရှိသည့် လူလတ်တန်းစား မိသားစုများမှ လူငယ်များသည် ပြည်တွင်း ပညာရေးလမ်းကြောင်းမှတဆင့် ပြည်ပ ပညာရေးလမ်းကြောင်းသို့ ဖောက်ထွက်နေကြသည်။

အများစုသည် ထိုင်းနိုင်ငံတွင်ဖြစ်ပြီး ကျောင်းပြီးလျှင် လုပ်ငန်းခွင်ဝင်လိုသည်။ နိုင်ငံခြားသားတို့ ရနိုင်သည့် White collar အလုပ်များမှာ မြန်မာနိုင်ငံသားများအတွက်မူ လက်ရှိတိုင်းပြည် အခြေအနေအရ ဖြစ်နိုင်ခြေ နည်းလျက်ရှိသည်။ ထိုမျှသာမက ကျောင်းပြီး အလုပ်တစ်ခုမရလျှင်လည်း နေထိုင်စားသောက်စရိတ်၊ ဗီဇာစရိတ် စသည့်အခက်အခဲများလည်း ရှိနေသည်။ 

စစ်အာဏာသိမ်းမှု မတိုင်ခင်ကတည်းက ကိုယ်စီအရင်းအမြစ်များ၊ သက်ဆိုင်ရာပညာရပ်များဖြင့် ရှင်သန်ရပ်တည်ခဲ့ကြသော ပညာတတ် လူလတ်ပိုင်း၊ လူကြီးပိုင်းများသည်ပင် လက်ရှိကာလ ဝမ်းရေးတထွာအတွက် သိသိသာသာ ရုန်းကန်နေရသည်။ ယခုမှ ဘဝကို အစပြုကြမည့် ဆယ်ကျော်သက် လူငယ်များ​၏ ဘဝမှာ တွေးကြည့်စရာပင် မလိုပေ။ 

တတိယအနေဖြင့် အာဏာသိမ်းကာလ လူငယ်အများစုသည် စလော့ဂိမ်း၏သားကောင်၊ မူးယစ်ဆေး​၏ သားကောင်ဘဝသို့ မသိမသာ ရောက်ရှိလာကြသည်။

၂၀၂၂ ခုနှစ်တွင် ရန်ကုန်မြို့၌ တွင်ကျယ်လာသော Ecstasy၊ Katamine၊ Happy Water စသည့် မူးယစ်ဆေး မျိုးစုံကို လူငယ် အများအပြား သုံးစွဲလျက်ရှိကြသည်။ နိုက်ကလပ်၊ ကေတီဗွီ၊ ပါတီပွဲများတွင် သုံးကြသည့် Party Drugs ဟုခေါ်သည့် အဆိုပါ မူးယစ်ဆေးကို  စိတ်ထွက်ပေါက်အဖြစ် စမ်းသုံးကြည့်သူ များပြားလာသည်။ စစ်တပ် အသိုင်းအဝိုင်းမှ လူလတ်ပိုင်း၊ လူကြီးပိုင်းများလည်း ပေါ်ပေါ်ထင်ထင် သုံးစွဲလျက်ရှိကြသည်။ 

နယ်စပ်ဒေသများတွင်သာ တွေ့ရသော ထိုမူးယစ်ဆေးကို အာဏာသိမ်းကာလ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိသည့် မြို့ကြီးများတွင်ပါ တရားဝင်နီးပါး လွယ်လွယ်ကူကူ ဝယ်ယူသုံးစွဲနိုင်ကြသည်။

အရင်းစစ်ကြည့်သောအခါ ထိုအရာများ​၏ လာရာလမ်းကြောင်းသည် စစ်အာဏာရှင်အသိုင်းအဝိုင်းထံက ဖြစ်သည်။ လူငယ်များ နိုင်ငံရေးတွင်  စိတ်ဝင်စားမှုလျော့နည်းလာစေရန် တစ်ဖက်လှည့်ဖြင့် ပြုလုပ်ထားခြင်း  သာဖြစ်သည်။  ၁၉၈၈ အာဏာသိမ်းမှုနောက်ပိုင်းတွင် သုံးခဲ့ဖူးသည့် နည်းလမ်းဟောင်းပင်ဖြစ်သည်။

ထိုသို့သုံးစွဲမှုများတွင် အဆိုးဆုံးအနေဖြင့် ၂၀၂၆ ခုနှစ် မေလပိုင်းတွင် ရန်ကုန်မြို့ တောင်ဥက္ကလာမြို့နယ်အတွင်း ဖွင့်လှစ်ထားသော Paradise ကလပ်တွင် လူငယ်အများအပြား ဖမ်းဆီးခြင်း ခံရသည်။ 

ထူးခြားသည်မှာ  အဖမ်းခံရသူ ၂၀ ခန့်တွင် အများစုသည် အသက် ၁၈ နှစ်အောက် လူငယ်ကလေးများ ဖြစ်နေသည်ဟု စုံစမ်းသိရှိရသည်။ ထို့အပြင် အဆိုပါ လူငယ်ကလေးများသည် မူးယစ်ဆေးလက်ဝယ်ဖြင့် ဖမ်းဆီးခံရပြီး Paradise ကလပ်တွင် မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားနေသည်ကိုလည်း ထပ်မံစုံစမ်း သိရှိခဲ့ရသည်။ 

party drugs ကို ပိုက်ဆံဖြုန်းနိုင်သော လူငယ်များ သုံးလေ့ရှိသည်၊ ငွေကြေးများစွာ မတတ်နိုင်သည့် လူငယ်များသည် တစ်ပြားလျှင် ကျပ် ၅၀၀ မှ ၁၀၀၀ ကြားပေးရသော စိတ်ကြွရူးသွပ်ဆေးပြားခေါ် WY ကို အသုံးပြုလျက်ရှိသည်။  ရေသန့်တစ်ဘူး ၂၀၀၀၊ လက်ဖက်ရည်တစ်ခွက် ၃၀၀၀ ပေးရသည့်ခေတ်တွင် စိတ်ကြွဆေးမှာ စျေးပေါသည်ဟု ဆိုနိုင်သည်။

စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် လူငယ်များ ပညာရေး အလှမ်းဝေးနေခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ လူငယ်ဘဝပျောက်ဆုံးခြင်းတို့ကြောင့် လမ်းမှားရောက်နေသည်ကို ဝမ်းနည်းစွာ တွေ့ရှိရသည်။

ထို့အပြင် အလုပ်အကိုင်ရှားပါးမှု ပြဿနာသည် မြန်မာနိုင်ငံရှိ လူကြီးများသာမက လူငယ်များကိုလည်း ရိုက်ခတ်မှု အကြီးအကျယ်ရှိသည်။ 

လူငယ်များမှာ ဝါသနာထက် ဝမ်းရေးကို ပို၍ ရွေးချယ်မှု ပြုလုပ်လာရသည်။ ငွေကြေးဖောင်းပွမှု၊ အတင်းအကျပ် စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းတွင် လုပ်ကိုင်ရခက်ခဲလာသဖြင့်  ပြည်ပသို့ ထွက်ခွာလုပ်ကိုင်ကြသည့် လူငယ်အရေအတွက် သန်းနှင့်ချီ ရှိနေသည်။

ပြည်ပသို့ထွက်ခွာသည့်အခါ ဘဝများသည် မျှော်လင့်ထားသလို အဆင်ပြေ ချောမွေ့မှု မရှိပေ။ မိဘ​၏ လက်ငုတ်ပစ္စည်းများ၊ စုဆောင်းထားသမျှ ပေါင်နှံရောင်းချကြသည်။ နိုင်ငံအတွင်း ပွဲစားများ​၏ လိမ်လည်မှု၊ ဈေးအဆမတန်တောင်းမှု၊ စစ်ကောင်စီလက်အောက် ရန်ကုန်လေဆိပ်ရှိ ဌာနဆိုင်ရာတို့၏ အကြောင်းအမျိုးမျိုးပြ ငွေညှစ်ခြင်းစသည့် ဒုက္ခမျိုးစုံ ဖြတ်ကျော်ပြီးမှ ပြည်ပသို့ရောက်ရှိကြသည်။

ပြည်ပသို့ မထွက်နိုင်သော လူငယ်များသည် ငွေရလွယ်နိုင်သည်ဟူသော မျှော်လင့်ချက်ဖြင့် လောင်းကစား လုပ်ကိုင်နေသည်ကိုလည်း တွေ့ရှိရသည်။  

လူရည်လည်သော လူငယ်အနည်းစုမှာ လောင်းကစားဒိုင်များနှင့်ပူးပေါင်း၍ ကော်မရှင်ခယူကာ လက်ခွဲပုံစံဖြင့် ဝမ်းရေးအတွက် ရှာဖွေလုပ်ကိုင်လျက်ရှိသည်။ အွန်လိုင်းလူမှုကွန်ရက်တွင် ထင်ရှားသူအချို့မှာ တရားမဝင် လောင်းကစား လုပ်ငန်းများကို  ပေါ်ပေါ်ထင်ထင် ကြော်ငြာပေးနေသည်ကို တွေ့ရှိရသည်။  ရန်ကုန်မြို့ရှိ ကုမ္ပဏီ တစ်ခုတွင် အရောင်းစာရေး လုပ်ကိုင်နေသော လူငယ်တစ်ဦးသည် ၂၀၂၄ ခုနှစ်တွင် အဆိုပါ ကြော်ငြာများကို တွေ့ရှိပြီးနောက် စလော့ဂိမ်းများကို စတင်ဆော့မိရာမှ  အကြွေး သိန်းတစ်ထောင်နီးပါးသို့ ရောက်လာသော ကြောင့် အလုပ်ထွက်ကာ ခြေရာဖျောက်သွားသည်ဟု  စုံစမ်းသိရှိရသည်။

ထိုသို့ ဘဝပျက်၊ အကြွေးတင်နေသူ အများအပြား ရှိနေချိန်တွင် လောင်းကစားကြော်ငြာပေးနေသူတို့မှာ  တရားမဝင်ငွေမဲများဖြင့် ခေတ်ပျက်တွင် ကြီးပွားလျက်ရှိနေကြောင်း လေ့လာတွေ့ရှိရသည်။

လက်ထဲမိုဘိုင်းဖုန်းတစ်လုံး ရှိရုံဖြင့် လောင်းကစား ပြုလုပ်နိုင်သည့် အခြေအနေတွင် အာဏာသိမ်းစစ်တပ် ကလည်း အဆိုပါ လောင်းကစားမှုများကို မျက်ကွယ်ပြုထားသည်။ 

စစ်သားသစ်စုဆောင်းရေးနှင့် လူငယ်များကို သက်ရောက်မှု

စစ်တပ်က  စစ်မှုထမ်းဥပဒေကို အသက်သွင်း၍ ဥပဒေတွင် မည်သို့ပါရှိစေကာမူ လက်တွေ့တွင် ယင်းတို့လုပ်ရပ်အတိုင်းပင် လူကြီး၊ လူငယ် ကျား၊ မ မခွဲခြားဘဲ ဥပဒေမဲ့ပေါ်တာဆွဲ၍ အတင်းအဓမ္မ စစ်သားသစ်စုဆောင်းကြသည်။ 

စစ်သားသစ် စုဆောင်းမှုကြောင့် ပြည်ပသို့ ခက်ခက်ခဲခဲ  ထွက်ခွာနေကြချိန်တွင်၊ ပြည်တွင်းရှိလူငယ်၊ လူရွယ်များသည် ရှိရင်းစွဲ ခက်ခဲမှုများကြားထဲမှ ထပ်မံရွေးချယ်မှုများ ပြုလုပ်ကြရသည်။  

ထို့ကြောင့် ပထမဆုံးအချက်မှာ စစ်မှုထမ်းမည်လော သို့တည်းမဟုတ် တော်လှန်ရေးတပ်ဖွဲ့များထံ သွားရောက်မည်လော ဟူ၍ ဖြစ်သည်။

လူငယ်များ မိမိဆန္ဒအလျောက် စစ်မှုထမ်းမည့် ကိစ္စမှာ ရှိရင်းစွဲ စစ်အသိုင်းအဝိုင်း အတွင်းတွင်သာ ဖြစ်နိုင်ပြီး သာမန် အရပ်သားပြည်သူများအတွက် မဖြစ်နိုင်ပေ။ ထိုအထဲတွင် ပိုက်ဆံတတ်နိုင်သော လူငယ်လူရွယ်များသည် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ပိုက်ဆံပေး၍ လူစားထိုးနည်းလမ်းများဖြင့် ရေတိုဖြေရှင်းကြသည်။

မည်သို့ပင်ဖြစ်စေ စစ်တပ်နှင့်ပျူစောထီးအမည်ခံ အကြမ်းဖက် လူမိုက်များက ထပ်မံငွေညှစ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ လမ်းတွင်သာမက နေအိမ်ထဲ ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်ခြင်းတို့ကြောင့် လူငယ်လူရွယ်များ​၏ ဘဝမှာ “ဆုပ်လျှင်စူး စားလျှင်ရူး” ဖြစ်နေသည်။  

တော်လှန်ရေးအဖွဲ့အစည်းများက ၎င်းတို့၏ ထိန်းချုပ်နယ်မြေများသို့ လာရောက်ပူးပေါင်းရန် လူငယ်များကို ဖိတ်ခေါ်နေသော်လည်း အများစုမှာ ရှိရင်းစွဲဒေသများတွင် ဆက်လက်နေထိုင်လျက်ရှိသည်။

လက်နက်ကိုင်တော်လှန်ရေးဆိုသည်မှာ ထင်သလောက်မလွယ်ကူဘဲ စိတ်ရောကိုယ်ပါ သန်မာပြီး ယုံကြည်ချက် ရှိမှသာလျှင် လုပ်ဆောင်နိုင်သည်။  တော်လှန်ရေးကြာလာသည်နှင့်အမျှ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှု အခက်အခဲအမျိုးမျိုး ကြုံတွေ့လာရသောကြောင့်ဖြစ်သည်။ 

ထို့ကြောင့်  တရားဝင်နုတ်ထွက်ခြင်း၊ တပ်မှထွက်ပြေးခြင်း စသည့်ကိစ္စရပ်များ မကြာခဏပေါ်ပေါက်နေသည်။   တပ်နှင့် ကင်းကွာသွားပြီးနောက် နယ်စပ်မြို့များတွင် ကြုံရာကျပန်းလုပ်ကိုင်ကာ ခက်ခက်ခဲခဲရုန်းကန် ရှာဖွေနေရသူများလည်း ရှိနေသည်။ 

ပြည်သူ့စစ်မှုထမ်း ဥပဒေ အခန်း (၃)၊ ပုဒ်မ (၁၅)၊ ပုဒ်မခွဲ (က) အရ ကျန်းမာရေးအဆင့် မမီကြောင်း စစ်တပ်​ဆေးဘုတ်အဖွဲ့​၏ ထောက်ခံချက် ရှိထားသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပညာသင်ကြားနေသူများ၊ မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေသူများ၊ မူးယစ်ဆေးဝါးဖြတ်ရန် ဆေးကုသမှု ခံယူနေသူများ၊ ထောင်ဒဏ်ကျခံနေသူများသည် စစ်သားစုဆောင်းခံရခြင်းမှ ယာယီကင်းလွတ်ခွင့် ရနိုင်သည်။ ထို့ကြောင့် ဌာနဆိုင်ရာရုံးများတွင် ဝင်ရောက်လုပ်ကိုင်ခြင်း၊ တက္ကသိုလ်တက်ခြင်းတို့မှာ ရွေးချယ်စရာ ဖြစ်လာသည်။   

အခြားနိုင်ငံတို့၌ လူငယ်များ ပညာရေး၊ အလုပ်အကိုင် အိပ်မက်ကိုယ်စီ အကောင်အထည်ဖော်နေချိန်တွင် မြန်မာနိုင်ငံမှ လူငယ်များသည် ဘဝတိုးတက်မှုကိုဘေးချပြီး အခက်အခဲများကြားထဲမှ တစ်ရက်ချင်းစီ ရှင်သန်မှုအတွက်သာ စဉ်းစားကြရသည်ကိုတွေ့ရသည်။  

စစ်သားသစ်စုဆောင်းခံရသူတို့မှာ သင်တန်းပြီးသည်နှင့် ရှေ့တန်းနယ်မြေသို့ ချက်ချင်း ရောက်သွားတတ်ပြီး  လူသားဒိုင်းကာကဲ့သို့ အသုံးချခံနေရသောကြောင့်  စစ်ကြောင်းထိုးလျှင် ရှေ့ဆုံးမှ ဒဏ်ရာရ၊ သေဆုံးရသူများ ဖြစ်လာသည်။  

စစ်မှုထမ်း သင်တန်း အပတ်စဉ် (၂၀) ကျော်သို့ရောက်ရှိလာချိန်တွင် အပတ်စဉ် (၁) မှ လူငယ်များ စစ်မှုထမ်း သက်တမ်း နှစ်နှစ် ပြည့်သဖြင့် မိဘများထံသို့ပြန်အပ်ခဲ့သည်ဟု ဆိုသည်။ အသက်ရှင်လျက် အိမ်ပြန်ရောက်သူ  ၂၀၀၀ ကျော်ရှိသည်ဟုဆိုရာ သေဆုံးသူ  ၃၀၀၀ ဝန်းကျင် ရှိကြောင်း ပေါ်လွင်နေသည်။

တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာ နယ်မြေများသို့ လာရောက်နိုင်ကြောင်း ပြောဆိုမှုများသည် ရေတိုကြည့်မည်ဆိုလျှင် အဆင်ပြေနိုင်ပေသည်။

ဌာနဆိုင်ရာဝန်ထမ်းဘဝကို ရွေးချယ်မိသော လူငယ်၊ လူရွယ်များသည် လုပ်ငန်းခွင်တွင် စစ်ဝါဒမှိုင်း အတိုက်ခံရပြီး ပြည်သူလူထုကို ဖိနှိပ်ကြမည့် ဗျူရိုကရက်လက်သစ်ကလေးများ အနှေးနှင့်အမြန် ဖြစ်လာမည်ဖြစ်သည်။

တော်လှန်ရေးကာလသည် ယခုထက် ပိုမိုရှည်ကြာမည့် အလားအလာရှိသဖြင့် ရေရှည်အတွက်ကြည့်မည်ဆိုလျှင် စစ်ကောင်စီ ပညာရေး သပိတ်မှောက်ကြ၊ စစ်မှုထမ်းဥပဒေကို တွန်းလှန်ကြဟူသော အခြေအနေမျှဖြင့်  လုံလောက်တော့မည် မဟုတ်ပေ။ 

စစ်အာဏာသိမ်းမှုကြောင့် နစ်မွန်းနေသော လူငယ်များအရေးကို ဘက်ပေါင်းစုံမှ တွေးကြည့် မြင်ကြည့် ပေးကြရမည် ဖြစ်သည်။ 

ဥပမာအားဖြင့် ကြားကာလပညာရေးဖြင့် ဘွဲ့ရရှိထားသော လူငယ်များကို တော်လှန်ရေး ထိန်းချုပ်နယ်မြေ များတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ အွန်လိုင်းအသက်မွေးဝမ်းကြောင်း သင်တန်းများ စီစဉ်ပေးခြင်း၊ ပြည်ပရောက် လူငယ်များအတွက် တရားဝင် အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေပေးခြင်း၊ စိတ်ဒဏ်ရာကုစားပေးသည့် အစီအစဉ်များ ဖော်ဆောင်ခြင်း စသည်တို့ကို ဆောင်ရွက်ပေးရမည် ဖြစ်သည်။

ထိုသို့သော ရေရှည်ဗျူဟာများဖြင့် အဖြေရှာ၍ ဖြေရှင်းပေးနိုင်မှသာ တိုင်းပြည်​ ပြန်လည်တည်ဆောက်ရေးတွင် အနာဂတ်ဟူသော လူငယ်၊ လူရွယ်များသည်  ထုနှင့်ထည်ဖြင့် ကျန်ရှိမည်ဖြစ်သည်။ 

ပညာတတ်လူငယ်များ ပြည်ပနိုင်ငံများတွင်သာ အခြေခံချရန် ရွေးချယ်ခြင်းမှာ တိုင်းပြည်​၏ဦးနှောက်များ ဖိတ်ယိုခြင်း၊ လူငယ်အရင်းအမြစ်အင်အားများ ဆုံးရှုံးခြင်း ဖြစ်သည်။ နိုင်ငံတွင်း ကျန်ရှိနေသော လူငယ်များ​သည်လည်း  အနာဂတ် ပျောက်ဆုံးခြင်း ဖြစ်နေသည်။  

အကျပ်အတည်းများကြားတွင် မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစား နွံထဲသို့ ကျရောက်ကာ ဘဝပျက်နေကြရသကဲ့သို့၊ အဆိုးရွားဆုံးအနေဖြင့် စစ်မြေပြင်တွင် လူငယ်အချင်းချင်း ပြန်လည်တိုက်ခိုက် သတ်ဖြတ်နေရပြီး စစ်အာဏာတည်မြဲရေးဗျူဟာ၏ သားကောင်များ ဖြစ်နေကြရသည်။ 

ခေတ်ဝန်ကိုထမ်းထားသည့် လူငယ်များ၏ လက်ရှိအခြေအနေသည် “ရုန်းလေ ပိုနစ်လေ” ဖြစ်နေသည့် အတွက်ကြောင့် သပိတ်မှောက်ကြရန်၊ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြရန် တိုက်တွန်းရုံမျှဖြင့် မလုံလောက် တော့ဘဲ၊ လူငယ်များအရေးကို ဘက်ပေါင်းစုံမှ ကာကွယ်စောင့်ရှောက်ပေးနိုင်မည့် ရေရှည်ဗျူဟာမြောက် လက်တွေ့ကျသော အဖြေရှာမှုများ ချက်ချင်းလုပ်ဆောင်ပေးရန် လိုအပ်နေပြီ ဖြစ်သည်။ ထိုသို့လုပ်ဆောင်နိုင်မှ သာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက် အနာဂတ်လူသားအရင်းအမြစ်များကို ကယ်တင်နိုင်မည် ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button