အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကရင်နီ ဒီးမော့ဆိုတွင်  ဒရုန်းတိုက်ခိုက်ခံရ၊ ကလေး ၁ ဦး သေဆုံး

ကရင်နီတော်လှန်ရေးတပ် စိုးမိုးနယ်မြေ အတောင်ပံတပ်ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုတွင်  မိဘမဲ့ကလေးဂေဟာ ထိမှန်ပြီး ကိုးနှစ်သားတစ်ဦးသေဆုံးကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံက သိရသည်။

ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ကရင်နီတော်လှန်ရေးတပ် စိုးမိုးနယ်မြေကို စစ်တပ်က စက်တင်ဘာ ၁၆ ရက်တွင် အသေခံဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ဒုတိယအကြိမ် တိုက်ခိုက်မှုအတွင်း မိဘမဲ့ကလေးဂေဟာ ထိမှန်ပြီး ကလေးတစ်ဦးသေဆုံးကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံက သိရသည်။

IEC သည် စစ်တပ်ကို တော်လှန်တိုက်ခိုက်နေသော ကရင်နီပြည်နယ်အတွင်း လက်နက်ကိုင်တပ်များ၏ ကြားကာလ အရပ်ဘက် အုပ်ချုပ်ရေးအဖွဲ့ဖြစ်ပြီး ကရင်နီပြည်နယ်အတိုင်ပင်ခံ ကောင်စီ (KSCC) ၏ နိုင်ငံရေးဦးဆောင်မှုနှင့် မူဝါဒလမ်းညွှန်ချက်များအတိုင်းဖွဲ့ထားသည့် အဖွဲ့ ဖြစ်သည်။

စစ်တပ်သည် အသေခံဒရုန်းဖြင့် နေ့လယ် ၁ နာရီခွဲနှင့် ညနေ ၅ နာရီခွဲတို့တွင် နှစ်ကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပထမအကြိမ်တိုက်ခိုက်ခံရမှုမှာ စစ်တပ်ထိန်းချုပ်ထားသော ဒီးမော့ဆိုမြို့၏ အနောက်ဘက် ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်သော ရွာတရွာအနီးက ဘောလုံးကွင်းတွင် ဖြစ်ကြောင်း IEC ၏ ပြောပြချက်အရသိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​
ဒီးမော့ဆို ဒရုန်းကျရောက်မှုအခြေအနေပြပုံ။

“ပထမနေ့ခင်းပိုင်းမှာက ဘောလုံးပွဲရှိတဲ့အချိန်လာတယ်။ ဒရုန်းလာတဲ့အချိန်လူတွေသိတော့ အသံကြားပြီးတွေ့လို့ ထွက်ပြေးကြတယ်။ ရှောင်ကြတယ်။ အဲဒါကြောင့်အထိအခိုက်နည်းခဲ့တယ်” ဟု IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က ပြောသည်။

ဒရုန်းသည် ဘောလုံးကွင်းအစပ်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ကရင်နီပြည်နယ် အခြေစိုက် ဖက်ဒရယ် FM သတင်းဌာနက ရေးသားသည်။ ညနေပိုင်း ၅ နာရီခွဲတွင် ဖြစ်ပွားသော ဒရုန်းဖြင့် ဒုတိယအကြိမ်တိုက်ခိုက်မှုတွင် ဒရုန်းနှစ်စင်းပါဝင်လာ ကြောင်း ဖက်ဒရယ် FM သတင်းတွင် ဖော်ပြသည်။ 

ဒုတိယအကြိမ် ဒရုန်းတိုက်ခိုက်ခံရသည့် နေရာသည် ဒီးမော့ဆိုမြို့အနောက်ခြမ်း တော်လှန်ရေးတပ် ထိန်းချုပ်နယ်မြေတွင်ဖြစ်ပြီး ပထမအကြိမ်တိုက်ခိုက်ခံရသည့်နေရာနှင့် နှစ်မိုင်ခန့်ဝေးကြောင်း IEC ဘက်က ပြောသည်။

လုံခြုံရေးအခြေအနေကြောင့် ဒရုန်းတိုက်ခိုက်ခံရသည့် နေရာအတိအကျကိုမူ IEC ဘက်က မပြောပေ။

ညနေခင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ပထမလာသည့် ဒရုန်းမှာ ပေါက်ကွဲမှုဖြစ်သော်လည်း လူထိခိုက်မှုမရှိဟု ကရင်နီပြည်နယ်အခြေစိုက် ဖက်ဒရယ် FM သတင်းဌာနက ရေးသည်။ သို့သော် အဆိုပါ ဒရုန်း ပေါက်ကွဲမှုဖြစ်သည့် နေရာကို ကလေးများက ဝိုင်းကြည့်နေစဉ် ဒုတိယမြောက်ဒရုန်းသည် ကလေးများနှင့် မလှမ်းမကမ်းမှာပင် ထပ်မံကျရောက်ပေါက်ကွဲကြောင်း ကရင်နီပြည်နယ် အခြေစိုက် ဖက်ဒရယ် FM သတင်းဌာန၏ ရေးသားချက်အရ သိရသည်။

အသေခံဒရုန်းများသည် ဒီးမော့ဆိုမြို့အခြေစိုက် စစ်တပ်၏ ခလရ (၁၀၂) တပ်မှ လာကြောင်း IEC ဘက်က ဆိုသော်လည်း Myanmar Now အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။ ဒရုန်းများသည် ဖော့ပြားဖြင့် ပြုလုပ်ထားသော တောင်ပံအသေတပ်ဆင်ထားသည့် (Fixed Wing) ဒရုန်းများဖြစ်ကြောင်း IEC ဘက်ကဆိုသည်။

ဒရုန်းပေါက်ကွဲရာမှ ထွက်လာသည့် အစတစ လည်ပင်းကို ထိမှန်မှုကြောင့် မိဘမဲ့ဂေဟာမှ အသက်ကိုးနှစ်အရွယ် ယောကျာ်းလေးသေဆုံးပြီး ကလေးသုံးဦးဒဏ်ရာရသွားသည်။ ဒဏ်ရာရသူများကို ဆေးကုသပေးနေကြောင်း IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က ပြောသည်။

ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်နှင့် ကရင်နီတော်လှန်ရေးတပ်အကြား လတ်တလော ထိတွေ့တိုက်ပွဲများမရှိသော်လည်း စစ်တပ်ဘက်က ဒရုန်းအပါအဝင် လေယာဉ်ဖြင့် တိုက်ခိုက်မှုများ ဆက်တိုက်လုပ်လာနေကြောင်း IEC ဘက်ကဆိုသည်။

မကြာသေးသည့် စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းတွင်လည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ တော်လှန်ရေးတပ်၏ တပ်စခန်းတခုကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဒေသကာကွယ်ရေးအဖွဲ့တဖွဲ့ဖြစ်သည့် DMO Local PDF ၏ တပ်စခန်း ဗုံးကြဲခံရခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်အချို့ကဆိုသဖြင့် DMO Local PDF ထံ Myanmar Now က အွန်လိုင်းမှတဆင့် စာပို့ဆက်သွယ်ခဲ့ရာ သတင်းဖြေကြားခြင်းမပြုနိုင်သေးကြောင်း အကြောင်းပြန်သည်။

စက်တင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းတွင်လည်း ဖရူဆိုမြို့နယ် မိုဆိုရွာဝန်းကျင် ရှိ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ကာကင်းစခန်းတခုကို စစ်တပ်က ဗုံးကြဲသွားကြောင်း ဒေသခံ သတင်းရင်းမြစ်အချို့က ဆိုသည်။ KNDF ဗဟို ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးထံ Myanmar Now က အွန်လိုင်းမှ ဆက်သွယ်မေးမြန်းထားသော်လည်း ယခုသတင်းရေးသားချိန်အထိ အကြောင်းမပြန်ပေ။

IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်ကမူ ဖရူဆိုမြို့နယ်တွင် စစ်တပ်နှင့် ကရင်နီတော်လှန်ရေးတပ်များအကြား ထိတွေ့တိုက်ပွဲရှိပြီး စစ်တပ်ဘက်က ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ထားသည်ဟု ကနဦး သတင်းကြားကြောင်း ၊ အသေးစိတ်အခြေအနေ မသိရသေးကြောင်းဆိုသည်။

ဦးဗညားခွန်အောင်က “သေချာတာက စက်တင်ဘာလကနေစပြီးတော့ စစ်တပ်က လေယာဉ်တွေ၊ လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေပိုများလာတယ်။ အရင်တပတ် လွိုင်ကော် အရှေ့ခြမ်းကနေ ရှားတောအထိ လေယာဉ်ကနေဗုံးတွေကြဲတယ်။ အရင်တပတ်ကတော့ မိုးဗြဲအစပ်နားမှာ တိုက်ပွဲအကြီး အကျယ်ဖြစ်တာရှိတယ်။အဲဒီဘက်ကတော့ စစ်တပ်က ထိုးလာလိုက် ၊ ပြန်ဆုတ်သွားလိုက်ရှိနေတယ်။ ဒီတပတ်တော့ ဒီးမော့ဆိုအနောက်ခြမ်းမှာဖြစ်နေတယ်” ဟု မှတ်ချက်ပေးသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles