အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကိုင်းတိုင်းတွင် တပ်သားသစ်အဓမ္မစုဆောင်းခံထားရသူ ၂၀ ထွက်ပြေး၊ ၁၂ ဦး ပကဖလက်ထဲရောက် 

ရေဦးမြို့ အမှတ် (၂) အထက်တန်းကျောင်းတွင် ချုပ်နှောင်ခံထားရသည့် အသက် ၂၀ မှ ၃၀ အကြားရှိ လူငယ်အယောက် ၂၀ သည် အစောင့်များမူးနေကြစဉ် ထွက်ပြေးခဲ့ကြခြင်းဖြစ်ပြီး ၁၂ ဦးမှာ ယခု မြို့နယ် ပကဖ စောင့်ရှောက်မှုအောက်တွင် ရောက်ရှိနေကြသည်။

စစ်တပ်အတွက်  တပ်သားသစ်အဖြစ် အဓမ္မဖမ်းဆီးစုဆောင်း ချုပ်နှောင်ခံထားရသည့် စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှ လူငယ်နှစ်ဒါဇင်နီးပါးသည် ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး အချို့ကို လက်ခံစောင့်ရှောက်ထားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

ထွက်ပြေးလွတ်မြောက်လာသည့် လူငယ် အယောက် ၂၀ ရှိပြီး ၎င်းတို့ကို စစ်တပ်လက်ပါးစေများက ရေဦးမြို့ ဗိုလ်အောင်ဇေယျရပ်ကွက်ရှိ အမှတ် (၂) အထက်တန်းကျောင်းတွင် ချုပ်နှောင်ထားခြင်း ဖြစ်သည်။ ထို လူငယ်များမှာ အသက် ၂၀ မှ ၃၀ အကြားရှိပြီး စုစုပေါင်း ၂၆ ဦး ချုပ်နှောင်ခံထားရသည့်အနက် ကျန်းမာရေးမကောင်းသူစသည့် ခြောက်ဦးမှလွဲ၍ လူငယ် ၂၀ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။ 

ထွက်ပြေးခဲ့သည့် လူငယ် ၂၀ အနက် ၁၂ ဦးကို ကယ်တင်စောင့်ရှောက်ထားကြောင်း၊ ကျန်ရှစ်ဦးနှင့် အဆက်အသွယ် မရသေးသဖြင့် အခြေအနေမသိရသေးကြောင်း မြို့နယ် ပကဖအဖွဲ့ တာဝန်ရှိသူက ပြောသည်။​

“အချုပ်စောင့်နေတဲ့ ရဲတို့၊ ပျူ (ပျူစောထီး) တို့၊ စခ (စစ်သား) တို့ မူးနေကြတုန်း (ထွက်ပြေးလာကြတာ)။ သူတို့ကို စာသင်ကျောင်းထဲမှာထားထားတာ။ စာသင်ကျောင်း အချုပ်ခန်းထဲက ဖောက်ထွက်ပြီးတော့ သွပ်ပြားတွေနဲ့ ကာထားတဲ့ ဝင်းထရံကို ကျော်ပြီးထွက်လာတာ လို့သိရတယ်”ဟု ၎င်းက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လွတ်မြောက်လာသည့် လူငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေထိုင်စားသောက်မှုတို့ကို ဆောင်ရွက်ပေးထားကြောင်း ၎င်းကဆက်ပြောသည်။ 

ရေဦးတွင် စစ်အုပ်စုသည် အဓမ္မစစ်မှုထမ်းခိုင်းရန်အတွက် ၎င်းတို့ပြန်ပေးဆွဲဖမ်းဆီးထားသည့် လူငယ်များကို အမှတ် (၂) အထက်တန်း ကျောင်းဝင်းအတွင်း စာသင်ဆောင်အလွတ်များရှိ သွပ်ပြားများ ကာရံထားသည့်နေရာတွင် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း မြို့ခံနှင့်တော်လှန်ရေးအင်အားစုများက ပြောသည်။

“ကျောင်းကတော့ ပုံမှန်ဖွင့်တာ။ ကျောင်းသားကနည်းတော့ လွတ်နေတဲ့နေရာတွေမှာ (စစ်မှုထမ်း အတွက်) ဖမ်းထားတဲ့ သူတွေကိုထားတယ်။ အရင်တုန်းက အထက (၁) ထဲမှာထားတယ်။ အခုတော့ အထက (၂) မှာ” ဟု ရေဦး မြို့ခံတဦးကပြောသည်။ 

ယခု အကြိမ်သည် အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူများ ရေဦးတွင် ဒုတိယအကြိမ် ထွက်ပြေးခြင်း ဖြစ်သည်။ ၂၀၂၄ ခုနှစ် မေလက တပ်သားသစ် အဓမ္မ စုဆောင်းခံရပြီး အမှတ် (၁) အထက်တန်းကျောင်းတွင် ထိန်းသိမ်းခံထားရသည့် လူငယ် ၁၉ ဦး အစောင့်များအလစ်အငိုက်တွင် ထွက်ပြေးလွတ်မြောက် ခဲ့သည်။ 

ယခုထွက်ပြေးလာသည့် လူငယ်များမှာ လွန်ခဲ့သည့် သုံး၊ လေးလဝန်းကျင်က ရေဦးမြို့ပေါ်ရှိ လမ်းပေါ်၊ စားသောက်ဆိုင်များ၊ လူနေအိမ်များထဲအထိ ဝင်ရောက် ဖမ်းဆီးခံခဲ့ရသည့်လူငယ်များဖြစ်ကြောင်း မြို့နယ် ပကဖ တာဝန်ရှိသူကပြောသည်။ 

ရေဦးမြို့နယ်ရှိ ကျေးရွာ ၁၉၁ ရွာတွင် တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားပြီး စစ်တပ်က မြို့ပေါ်တွင်သာ ခြေကုပ်ယူထားနိုင်သဖြင့် စစ်မှုထမ်းအတွက် အဓမ္မချုပ်နှောင်ထားသူများကို တပ်သားသစ် လေ့ကျင့်ရေးကျောင်းများသို့ ပို့ဆောင်ရာတွင် ကုန်းကြောင်မှ မပို့နိုင်ဘဲ ရဟတ်ယာဉ်ဖြင့်သာ ပို့ဆောင်လေ့ရှိကြောင်း ပကဖ တာဝန်ရှိသူကဆိုသည်။ 

ထိုအခြေအနေနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်း စစ်ကောင်စီခန့် ပြောရေးဆိုခွင့် ရှိသူ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးကို Myanmar Now က အကြိမ်ကြိမ် ဆက်သွယ်သော်လည်း မရခဲ့ပါ။ 

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်နေရသည့် စစ်တပ်သည် စစ်သားလိုအပ်ချက်ကို ဖြည့်တင်းရန်အတွက် စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းပြီးနောက် လစဉ် လူဦးရေ ငါးထောင်နီးပါး စစ်မှုထမ်း ခေါ်ယူလျက်ရှိရာ တနှစ်ကျော်အတွင်း အင်အား တသိန်းကျော်အထိ စုဆောင်းထားပြီးဖြစ်သည်ဟု ယူဆရသည်။

ပြီးခဲ့သည့်အပတ်စဉ် (၂၇) မှစ၍ စစ်သင်တန်းပေးရန် စစ်ကိုင်းတိုင်း ကလေးမြို့အခြေအစိုက် အမှတ် (၁၀) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတက-၁၀) နှင့် သပိတ်ကျင်းမြို့ တတက (၁၃) တို့တွင်ပါ တိုးချဲ့ဖွင့်လှစ်လာခဲ့ရာ စစ်သင်တန်းပေးသည့်နေရာ ၂၇ ခုထိရှိလာကြောင်းသိရသည်။  

စစ်မှုထမ်းသင်တန်းကျောင်းများတွင် ထွက်ပြေးရန် ကြိုးပမ်းသည့် သင်တန်းသားများကို ပစ်ခတ်ဖမ်းဆီးခြင်း၊ ပြန်လည်ဖမ်းမိသူများကို နှိပ်စက်ရိုက်နှက်ခြင်းတို့ကြောင့် သေဆုံးမှုများ၊ ကိုယ်လက်အင်္ဂါထိခိုက်မှုများ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေကြောင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ခဲ့သည့် စစ်သားဟောင်းများဖြင့်ဖွဲ့ထားသည့် မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့က ထုတ်ပြန်ထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles