မြေပြင်စစ်ရေးတင်းမာနေသည့် ချင်းပြည်နယ်တောင်ပိုင်းနှင့် မကွေးတိုင်း ယောနယ်အစပ်ကို ယမန်နေ့ (နိုဝင်ဘာလ ၁၂ ရက်) ညပိုင်းကစ၍ ဆက်တိုက်ဗုံးကြဲမှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးပြီး ကလေးနှစ်ဦး အပါအဝင် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ကို ယမန်နေ့ည ၁၁ နာရီဝန်းကျင်တွင် တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင်လည်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့နှင့် မကွေးတိုင်း ထီးလင်းမြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။
ယမန်နေ့ ည ၁၁ နာရီဝန်းကျင်တွင် နေပြည်တော် အေလာလေဆိပ်မှ တက်လာသည့် ဂျက်တိုက်လေယာဉ်နှစ်စီးက မင်းတပ်မြို့ အနောက်ဘက်တိုက်နယ် ၁၂ အတွင်းရှိ ကျေးရွာတစ်ရွာနှင့် မင်းတပ်- မတူပီ ကားလမ်းတနေရာတို့ကို ဗုံး ရှစ်လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၆၀ အရွယ်အမျိုးသားနှင့် အသက် ၃၀ အရွယ် အမျိုးသားတို့ သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ဘုန်းကြီးကျောင်း၊ သိမ်ကျောင်း၊ စာသင်ကျောင်း အပါအဝင်နေအိမ် ၁၀ လုံးပျက်စီးခဲ့ရသည်ဟု မြေပြင် အခြေအနေသိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။
ယနေ့ (နိုဝင်ဘာလ ၁၃ ရက်) နံနက် ၁၀ နာရီခွဲဝန်းကျင်တွင်လည်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးနယ်ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲကာ စက်သေနတ်များဖြင့်ပစ်ခတ်သွားခဲ့သည်ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
“ကျင်ဒွေးဘက်တိုက်ပွဲဆက်ဖြစ်နေဆဲ၊ မင်းတပ်ဘက်ကို နေ့တိုင်းနီးပါး (ယောဒေသ) နယ်ခြားကနေ မြို့ထဲ လက်နက်ကြီးထု၊ ဒရုန်းနဲ့ကြဲ အဲဒါတွေလုပ်နေတယ်”ဟု ချင်းပြည်နယ်မှ စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။
ထို့အပြင် ချင်းပြည်နယ်တောင်ပိုင်းနှင့် ထိစပ်နေသည့် ယောဒေသ ထီးလင်းမြို့နယ် အရှေ့တောင်ဘက်ခြမ်းကို ယနေ့ (နိုဝင်ဘာလ ၁၃ ရက်) နေ့လယ် ၁၂ နာရီကျော်ဝန်းကျင်တွင် လေယာဉ်လေးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
“ထီးလင်းမှာက ဂျက်ဖိုက်တာ လေးစီးနဲ့ ဗုံးရှစ်လုံးကြဲသွားတာ။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘူး။ ဗုံးကြဲတဲ့ နေရာကို မနေ့က ကင်းထောက်ဒရုန်းနဲ့ကင်းထောက်ခဲ့သေးတယ်။ ဒီနေ့အဲ့ဒီနေရာကိုပဲ ကြဲတာ”ဟု ယောဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
မကွေး- ချင်းစစ်မျက်နှာလေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ မေးမြန်းနိုင်ရန် စစ်တပ်ခန့် ချင်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့် မကွေးတိုင်း ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဆန်းညွန့်အောင်တို့ကို Myanmar Now က ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်သော်လည်း မရရှိခဲ့ပါ။
စစ်တပ်က လက်လွှတ်ထားရသည့် ချင်းပြည်နယ်တောင်ပိုင်းကို ပြန်လည်ရရှိရန်အတွက် မကွေးတိုင်း ယောဒေသဘက်မှ တဆင့် ယခုနှစ် မေလလယ်ပိုင်းကစ၍ အင်အားထောင်နှင့်ချီသုံးကာ စစ်မျက်နှာ လေးခုဖြင့် ထိုးဖောက်စစ်ဆင်နေခြင်းဖြစ် သည်။
ယောဒေသ လောင်းရှည်၊ ဆောနှင့် ကျောက်ထုမြို့နယ်တို့ကို အင်အားဖြည့်တင်းပြီး အမြောက်တပ် အမတ (၃၆၈) အခြေစိုက်ရာ ကျောက်ထုမြို့မှတဆင့် မင်းတပ်မြို့ကို စစ်ကြောင်းတစ်ခု၊ စစ်တပ်လက်နက်စက်ရုံရှိရာ လောင်းရှည်မှတဆင့် ကန်ပက်လက်မြို့ကို စစ်ကြောင်းတစ်ခုဖြင့် မေလလယ်တွင် စတင်ထိုးစစ်ဆင်ခဲ့သည်။
ချင်းတော်လှန်ရေးအင်အားစုများ၊ အာရက္ခတပ်တော် (AA)နှင့် ယောဒေသကာကွယ်ရေးတပ်မှ တပ်ဖွဲ့ဝင်များက အပြင်းအထန် ပူးပေါင်းခုခံခဲ့ရာ စစ်တပ်စစ်ကြောင်းများရှေ့မတိုးနိုင်ဘဲ အထိနာခဲ့သည်။
ထို့ကြောင့် စက်တင်ဘာလအတွင်း မကွေးတိုင်းမှတဆင့် စစ်တပ်အင်အားများထပ်မံဖြည့်တင်းပြီး ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို စစ်ကြောင်းတစ်ခု၊ ချင်း- မကွေးနယ်စပ်အနီးရှိ ရွှေအောင်သာရွာကို စစ်ကြောင်းတစ်ခုတို့ဖြင့် ထပ်မံထိုးစစ်ဆင်ခဲ့သည်။
ထိုစစ်ကြောင်းများအနက် ထီးလင်းမြို့နယ်၊ ယောနယ်နှင့် ချင်းပြည်နယ်အစပ်ရှိ ဆက်သွယ်ရေးအတွက် အရေးပါသည့် ရွှေအောင်သာရွာ၌ နိုဝင်ဘာလ ပထမပတ်တွင် စစ်တပ် စစ်ကြောင်းက အထိုင်ချလိုက်သည်။
“ကူးသန်းရောင်းဝယ်ရေးအတွက် ဒီလမ်းကပိတ်သွားပြီပေါ့။ ကားနဲ့သွားမရလို့ တခြားဘက်ကလှည့် သွားရရင် လမ်းခရီးကြန့်ကြာတာပေါ့။ ကုန်သွယ်ရေးလမ်းကြောတော့ ပြည်သူတွေအတွက် တော်တော်လေး ထိခိုက်သွားတာပေါ့” ဟု အထက်ပါ ယောဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
မကွေးတိုင်းနှင့် ထိစပ်နေသည့် ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်၊ ကန်ပက်လက်၊ မတူပီကို ချင်းတော်လှန်ရေး အင်အားစုများဖြင့် စုဖွဲ့ထားသည့် ချင်းညီနောင်က ထိန်းချုပ်ထားပြီး ၎င်းတို့၏ မဟာမိတ် အာရက္ခတပ်တော်(AA) က ပလက်ဝမြို့နယ်ကို စိုးမိုးထိန်းချုပ်ထားသည်။ မင်းတပ်၊ ကန်ပက်လက်မှသည် ပလက်ဝအထိ လမ်းပေါက်သလို အာရက္ခတပ်တော် ထိန်းချုပ်ထားရာ ရခိုင်ပြည်နယ်သို့ လမ်းကြောင်းပေါက်သည့်အတွက် ချင်း- မကွေးနယ်စပ်မှာ နှစ်ဖက်လုံးအတွက် အခရာကျသည့်ဒေသဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်နေသည့် စစ်တပ်က အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုများတွင် အရပ်ဘက်ဆိုင်ရာနေရာများ၊ လူနေအဆောက်အအုံများ၊ စစ်ဘေးရှောင်စခန်းနှင့် အခြေခံအဆောက်အဦများကို အများဆုံးပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း CDM စစ်သားများနှင့်စုဖွဲ့ထားသည့် မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) က သုံးသပ်ထားသည်။
ပြီးခဲ့သည့်အောက်တိုဘာအတွင်း ရခိုင်၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် လေကြောင်းတိုက်ခိုက်မှု အများဆုံးဖြစ်ခဲ့ပြီး တိုက်ပွဲအရှိန်ပြင်းနေသည့် ရခိုင်၊ ချင်းတောင်ပိုင်း၊ မကွေးနှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတို့တွင်လည်း အရပ်ဘက်ဆိုင်ရာများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု ဆက်လက်များပြားနိုင်သည်ဟု MDSI က သုံးသပ်ထားသည်။



