အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါးလေ့လာသုံးသပ်ချက်

တရုတ်- မြန်မာ ပဋိပက္ခစီးပွားရေးနှင့် မဟာဗျူဟာမြောက် သတ္တုသယံဇာတများ   

နယ်စပ်ဒေသတွင် စစ်ရေးမငြိမ်မသက်ဖြစ်နေလင့်ကစား တရုတ်က ၎င်း၏သြဇာကို အသုံးချပြီး ပဋိပက္ခနယ်မြေရှိ ထိပ်တန်း ရှားပါးသတ္တု၊ ကျောက်မျက်တို့ကို အဆက်မပြတ် တူးဖော်သယ်ဆောင်လျက်ရှိသည်။

တရုတ်- မြန်မာ ဆက်ဆံရေးအကြောင်း ပြောဆိုကြသည့်အခါ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးက ထင်သာမြင်သာ ရှိပြီး အာရုံစိုက်ခံရမှု များခဲ့သည်။ သို့သော်လည်း တရုတ်၏ အိမ်နီးချင်းမြန်မာနိုင်ငံရှိ လက်တွေ့အကျိုးစီးပွားများ သည် အခါခပ်သိမ်း အလွယ်တကူမြင်သာနိုင်သော အကြောင်းအရာများ ဖြစ်မနေခဲ့ပါ။ မြန်မာ့ရေမြေ တောတောင်များ၏ တွင်းထွက်သယံဇာတမျိုးစုံ ကြွယ်ဝမှုသည် တရုတ်- မြန်မာဆက်ဆံရေး၏ လက်တွေ့ အကျိုးစီးပွားဖြစ်သည်ဟုဆိုလျှင်လည်း ငြင်းနိုင်မည် မထင်ပါ။ 

တရုတ်နိုင်ငံသည် မြန်မာ့သတ္တုနှင့် အဖိုးတန်ကျောက်မျက်သယံဇာတ ကုန်ကြမ်းများရောင်းချရာ အဓိက ဈေးကွက်ကြီး ဖြစ်နေခဲ့သည်မှာ ဆယ်စုနှစ်နှင့်ချီ ရှိနေပြီး၊ နှစ်စဉ်တင်ပို့မှု တန်ဖိုးပမာဏ ဒေါ်လာဘီလီယံပေါင်း များစွာရှိသည်။ သို့သော် အဆိုပါသတ္တုနှင့် ကျောက်မျက်သယံဇာတများ တူးဖော်ရောင်းချနေမှုတွင် မြန်မာပြည်သူ လူထု မည်မျှအကျိုးဖြစ်ထွန်းလျက်ရှိသည်ကို သက်သေပြသနိုင်သောဖြစ်ရပ် များများစားစား မရှိလှပါ။  

တရုတ်ကုမ္ပဏီများသည် မြန်မာအစိုးရအဆက်ဆက်နှင့် လုပ်ငန်းစာချုပ်များ ချုပ်ဆို၍ သတ္တုသယံဇာတများ တူးဖော်ထုတ်ယူခွင့်များ ရရှိကြသည့်နည်းတူ၊ နေပြည်တော်အုပ်ချုပ်ရေးအာဏာစက် သက်ရောက်ခြင်းမရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထိန်းချုပ်ထားသည့် နယ်စပ်ဒေသတလျှောက်ရှိ သတ္တုသယံဇာတများကို လည်း ထိုလက်နက်ကိုင်အဖွဲ့များနှင့် သဘောတူညီချက်ရယူပြီး ထုတ်ယူကြသည်။

ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် တရုတ်အစိုးရသည် မြန်မာနိုင်ငံတွင် ဘက်ပေါင်းစုံဩဇာလွှမ်းမိုးရေးကို စနစ်တကျ တည်ဆောက်ထားခဲ့ပြီး၊ တရုတ်၏ လက်တွေ့အကျိုးစီးပွားမှာ တန်ဖိုးကြီးမားသည့် မဟာဗျူဟာမြောက် သတ္တုသယံဇာတများကို မြန်မာနိုင်ငံမှ တစ်နှစ်ပတ်လုံး တူးဖော်ထုတ်လုပ် တင်ပို့နိုင်မှု သေချာစေရန် ဖြစ်သည်။ မြန်မာနိုင်ငံတွင် တရုတ်အစိုးရ ဩဇာချဲ့ထွင်တည်ဆောက်နေမှုကို တနေ့တခြား တွေ့မြင်နေရသော်လည်း၊ မည်မျှနက်နက်ရှိုင်းရှိုင်းဖြစ်ပေါ်နေသည်ကို သိရှိသူ နည်းပါးသည်။ 

ထို့အပြင် မည်သည့်သတ္တုသယံဇာတ အမျိုးအစားများကို တရုတ်ပြည်သို့ မည်သည့်တန်ဖိုးဖြင့် တင်ပို့ရောင်းချ နေကြောင်း သိရှိသူလည်း နည်းပါးလှသည်။ ထို့ကြောင့် တရုတ်အစိုးရ၏ အကောက်ခွန်ဌာန သတင်းအချက်အလက်များကို စုဆောင်းလေ့လာပြီး၊ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ နှစ်စဉ်တင်ပို့လျက်ရှိသော သတ္တုနှင့်ကျောက်မျက်သယံဇာတကုန်ကြမ်း ၁၃ မျိုး၏ ကိန်းဂဏန်းအချက်အလက်များကို လေ့လာသုံးသပ် ထားသည့် ဆောင်းပါးတစ်ပုဒ်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက ရေးသားတင်ပြခဲ့ဖူးသည်။ ထိုအချိန်က တရုတ်နယ်စပ် ကိုးကန့်ဒေသမှ စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး”ကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ကမောက်ကမဖြစ်နေချိန် ဖြစ်သည်။ နှစ်နှစ်ကြာပြီးနောက် သယံဇာတအခြေပြု ပဋိပက္ခစီးပွားရေးအခြေအနေကို လေ့လာခဲ့ရာ ထူးခြားချက်များ တွေ့မြင်ရပါသည်။
  
တရုတ်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိသော သတ္တုသယံဇာတ ၁၃ မျိုးမှာ မြေရှား၊ သန့်စင်ကြေးနီ၊ ခဲမဖြူ သတ္တုရိုင်း၊ အဖြိုက်နက်သတ္တုရိုင်း၊ အဖိုးတန်သတ္တုများ၊ ခဲသတ္တုရိုင်း၊ အင်တီမိုနီသတ္တုရိုင်း၊ သံသတ္တုရိုင်း၊ အဖိုးတန် ကျောက်မျက်များ၊ ဇင့်သတ္တုရိုင်း၊ ကြေးနီသတ္တုရိုင်း၊ ကြေးနီစွန့်ပစ်ပစ္စည်းနှင့် Molybdenum သတ္တုရိုင်းတို့ ဖြစ်သည်။ ထိုသတ္တုသယံဇာတများသည် တရုတ်အစိုးရအတွက် မဟာဗျူဟာမြောက် သတ္တုများဖြစ်ပြီး၊ အဆင့်မြင့် စစ်လက်နက်ပစ္စည်းများထုတ်လုပ်ခြင်းမှသည် အာကာသသိပ္ပံနည်းပညာနှင့် ခေတ်မီနည်းပညာမြင့် ပစ္စည်းများအထိ မရှိမဖြစ် အရေးပါလှသည်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့ပြီး၊ နိုင်ငံအနှံ့ ပြည်တွင်းစစ် ကျယ်ပြန့်လာသည်မှာ ခြောက်နှစ် ကာလထဲသို့ ရောက်ရှိလာပြီ ဖြစ်သော်လည်း၊ မြန်မာ့သတ္တုနှင့် ကျောက်မျက်သယံဇာတများကို ထိုနှစ်များအတွင်း တရုတ်နိုင်ငံသို့ နှစ်စဉ် ပုံမှန်တင်ပို့လျက်ရှိသည်ကို လေ့လာတွေ့ရှိရသည်။ တနည်းအားဖြင့် မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်ပဋိပက္ခများ မည်မျှပြင်းထန်နေပါစေ၊ တရုတ်နိုင်ငံ၏ လက်တွေ့အကျိုးစီးပွားဖြစ်သော သတ္တု သယံဇာတများ တူးဖော်ထုတ်ယူတင်ပို့နေမှု အခြေအနေသည် တင်ပို့မှုပမာဏ အနည်းအများရှိခဲ့သည်ကလွဲပြီး ထိခိုက်မှုမရှိကြောင်း လေ့လာတွေ့ရှိရသည်။
  
အောက်ပါဂရပ်ဖ်တွင် ဖော်ပြထားသော အချက်အလက်များအရ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ စစ်အာဏာသိမ်းမှု ခြောက်နှစ်ကာလအတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သတ္တုနှင့် ကျောက်မျက်သယံဇာတ ၁၃ မျိုးကို တင်ပို့မှုပမာဏ စုစုပေါင်း ဒေါ်လာ ၂၀ ဒသမ ၄၆၈ ဘီလီယံရှိခဲ့ကြောင်း တရုတ်အစိုးရ၏ အကောက်ခွန်ဌာန ထုတ်ပြန်ချက်များအရ လေ့လာတွေ့ရှိရသည်။

တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာ ထုတ်ကုန်များအတွက်အရေးပါသော မြန်မာ့သတ္တုကုန်ကြမ်းများ 

၂၀၂၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံမှ သတ္တုနှင့် ကျောက်မျက်သယံဇာတ ၁၃ မျိုး တရုတ်နိုင်ငံသို့ နှစ်အလိုက်တင်ပို့မှု တန်ဖိုးများကို လေ့လာရာတွင် ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၆,၀၄၇ သန်းကျော်ဖြင့် တင်ပို့မှုတန်ဖိုးပမာဏ စံချိန်တင် အများဆုံးနှစ် ဖြစ်ခဲ့သည်။ ထို့နောက် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် တင်ပို့မှု နှစ်နှစ်ဆက်တိုင် သိသိသာသာ ကျဆင်းခဲ့ရာမှ ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်များတွင် ပြန်လည်မြင့်တက်လာသည်ကို တွေ့ရှိရသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလအတွင်း တင်ပို့မှု စုစုပေါင်းတန်ဖိုးပမာဏသည် ဒေါ်လာ သန်းပေါင်း ၃,၃၁၆ သန်းကျော် ရှိပြီး၊ ၂၀၂၅ ခုနှစ် တစ်နှစ်လုံး တင်ပို့ခဲ့သော စုစုပေါင်းတန်ဖိုးပမာဏထက် ဒေါ်လာ ၇၄၃ သန်း များပြားခဲ့သည်။ အောက်ပါဇယားတွင် ၂၀၂၅ ခုနှစ် နှင့် ၂၀၂၆ ခုနှစ်များတွင် သတ္တုသယံဇာတ ၁၃ မျိုး တင်ပို့မှုတန်ဖိုးပမာဏများနှင့် သိသာထင်ရှားသော အပြောင်းအလဲများကို နှိုင်းယှဉ်လေ့လာနိုင်ရန် ဖော်ပြထားပါသည်။

မြေရှားသတ္တု (Rare Earth)

အထက်ပါဇယားတွင် နှိုင်းယှဉ်လေ့လာချက်အရ မြန်မာ့သတ္တုသယံဇာတ ၁၃ မျိုးထဲမှ တရုတ်နိုင်ငံသို့ တင်ပို့မှု တန်ဖိုးပမာဏ အများဆုံးမှာ မြေရှားသတ္တုဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံသို့ မြေရှားသတ္တုတင်ပို့မှုသည် ဒေါ်လာ ခြောက်သန်းကျော်သာ ရှိခဲ့ရာမှ ဆယ်စုနှစ်တစ်ခုအကြာ ၂၀၂၅ ခုနှစ်တွင် ၉၇၅ သန်းကျော် ရှိခဲ့သည်။ ၂၀၂၆ ခုနှစ်တွင် စက်တင်ဘာလအထိ တင်ပို့မှုတန်ဖိုး ဒေါ်လာ ၈၇၁ သန်းကျော်ရှိသည်၊ လက်ကျန်ကာလ သုံးလအတွင်း ထပ်မံတင်ပို့မည့် တန်ဖိုးပမာဏကို ထည့်တွက်မည်ဆိုလျှင် ဒေါ်လာ သန်းပေါင်း ၉၀၀ ကျော်နိုင်ပြီး၊ တင်ပို့မှုတန်ဖိုး ပမာဏ ကြီးကြီးမားမား အပြောင်းအလဲမရှိနိုင်ကြောင်း ခန့်မှန်းနိုင်ပါသည်။ ၂၀၂၆ ခုနှစ်တွင် မြန်မာ့မြေရှားကို ယူနန်ပြည်နယ်၊ ကျန်ဆုပြည်နယ်(Jiangsu)နှင့် ဟက်ဘေပြည်နယ် (Hebei) များသို့ တင်ပို့ခဲ့သည်၊ ယူနန်ပြည်နယ်သို့ တင်ပို့ခဲ့သော တန်ဖိုးပမာဏသည် ဒေါ်လာ ၈၆၅ သန်း(၉၉ ရာခိုင်နှုန်း) ရှိသည်။
 
တရုတ်သည် မြန်မာ့မြေရှားသတ္တုကုန်ကြမ်းများကို တစ်နိုင်ငံတည်း လက်ဝါးကြီးအုပ်ဝယ်ယူနေသော နိုင်ငံ ဖြစ်သည်။ မြန်မာနိုင်ငံတွင် မြေရှားသတ္တု အဓိကထွက်ရှိရာဒေသမှာ ကချင်ပြည်နယ် ပန်ဝါနှင့် ချီဗွေမြို့နယ်များ ဖြစ်ပြီး၊ ယူနန်ပြည်နယ်သည် ကချင်ပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသဖြင့် မြေရှားသတ္တုကုန်ကြမ်းများကို နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းမှ အဓိက တင်သွင်းလျက်ရှိသည်။ ယခုအခါ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် တိုးချဲ့တူးဖော်မှုများ ရှိနေသည်။
 
စင်စစ် ကချင်ပြည်နယ်အတွင်းရှိ မြေရှားသတ္တု တူးဖော်နေသူများသည် တရုတ်ကုမ္ပဏီများဖြစ်ပြီး၊ နယ်စပ်ဖြတ်ကျော်  လုပ်ကိုင်နေခြင်းဖြစ်သည်။ ယခင်က ပန်ဝါနှင့် ချီဗွေမြို့နယ်တို့ရှိ မြေရှားသတ္တုမိုင်းများကို အာဏာသိမ်း စစ်တပ်သစ္စာခံ ကချင်လက်နက်ကိုင်ပြည်သူစစ်အဖွဲ့က ထိန်းချုပ်လုပ်ကိုင်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ချီဗွေနှင့် ပန်ဝါမြို့များကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။

သန့်စင်ကြေးနီ (Refined Copper)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းဖြစ်ပြီး၊ မြန်မာ- တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့်အတူ တရုတ် အစိုးရ၏ မဟာဗျူဟာမြောက်စီမံကိန်းကြီး တစ်ခုဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု ကြီးမားပြီး၊ ထိုစီမံကိန်းမှ ထွက်ရှိသော သန့်စင်ကြေးနီများကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်မီက ကုန်တင်ကားကြီးများဖြင့် နယ်စပ်ဖြတ်ကျော်၍ ယူနန်ပြည်နယ်သို့ တင်ပို့သည်။
 
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်တပ်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မူဆယ်မြို့မှလွဲ၍ နယ်စပ်ကုန်သွယ်ရေးဂိတ်များအားလုံး လက်လွှတ်ဆုံးရှုံးခဲ့ရပြီး၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအားလုံးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ထိန်းချုပ်ထားသဖြင့် လက်ပံတောင်းတောင်မှ ထွက်ရှိသော သန့်စင် ကြေးနီများကို ရေကြောင်းကုန်သွယ်ရေးဖြင့် တင်ပို့လျက်ရှိသည်။ 

သန့်စင်ကြေးနီသည် သတ္တုသယံဇာတ ၁၃ မျိုးတွင် ဒုတိယတန်ဖိုးအများဆုံး တင်ပို့ကုန်ပစ္စည်းဖြစ်သည်။ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ တင်ပို့ခဲ့သော သန့်စင်ကြေးနီ တန်ဖိုးပမာဏသည် ဒေါ်လာ ၇၆၃ သန်းကျော် ရှိပြီး၊ ၂၀၂၅ ခုနှစ်က တင်ပို့ခဲ့သော တန်ဖိုးပမာဏနီးပါး ရှိသည်။ လက်ကျန် သုံးလအတွင်း ထပ်မံတင်ပို့မှု တန်ဖိုးများ ပေါင်းထည့်ပါက ၂၀၂၅ ခုနှစ်ထက် တန်ဖိုးပမာဏ ပို၍များပြားနိုင်ပါသည်။ 

မြန်မာ့သန့်စင်ကြေးနီကို တရုတ်နိုင်ငံ ဘေကျင်းမြို့တော်သို့ အဓိကတင်ပို့ခဲ့ပြီး၊ တန်ဖိုးပမာဏ ဒေါ်လာ ၅၁၆ သန်း (စုစုပေါင်းတင်ပို့မှု၏ ၆၈ ရာခိုင်နှုန်း) ရှိသည်။ ယူနန်ပြည်နယ်သို့ သန့်စင်ကြေးနီတင်ပို့မှုမှာ ဒေါ်လာ ၁၃၃ သန်း (စုစုပေါင်းတင်ပို့မှု၏ ၁၇ ရာခိုင်နှုန်း) သာရှိသည်။ ကျန် ၁၅ ရာခိုင်နှုန်းပမာဏကို ရှန်ဟိုင်း (Shanghai)၊ စင်ကျန်း (Zhejiang)၊ ဟူနန် (Hunan)၊ ဂွမ်ဒေါင်း (Guangdong)၊ ကွမ်ရှိကျွင် (Guangxi Zhuang)နှင့် ကျန်ဆု (Jiangsu) ပြည်နယ်များသို့ တင်ပို့ခဲ့သည်။

ခဲမဖြူသတ္တုရိုင်း (Tin)

၂၀၂၆ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သော သတ္တုသယံဇာတ ၁၃ မျိုးထဲ ထူးထူးခြားခြား တင်ပို့မှုတန်ဖိုး ပမာဏ နှစ်ဆကျော် မြင့်တက်လာသော သတ္တုအမျိုးအစားမှာ ခဲမဖြူသတ္တုရိုင်း ဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် ခဲမဖြူ တင်ပို့မှု ဒေါ်လာ ၂၉၈ သန်းကျော်မှ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ တင်ပို့မှု ဒေါ်လာ ၆၀၄ သန်း ကျော်အထိ ခုန်တက်သွားသည်။ အဆိုပါ တန်ဖိုးပမာဏ၏ သုံးပုံ နှစ်ပုံကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်း (ရေလမ်း)မှ တင်ပို့ ခဲ့ခြင်းဖြစ်ပြီး၊ သုံးပုံ တစ်ပုံကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တင်ပို့ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အင်္ဂလိပ်ကိုလိုနီလက်ထက်ကတည်းက ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်ရှိ မော်ချီသတ္တုမိုင်းတွင် ခဲမဖြူနှင့် အဖြိုက်နက်သတ္တုများ အဓိက တူးဖော်ထုတ်လုပ်သည်။ ယခုအခါ ကရင်နီ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ ထို့ကြောင့် တရုတ်နိုင်ငံသို့ တင်ပို့ သော ခဲမဖြူသည် မော်ချီသတ္တုမိုင်းမှ မဖြစ်နိုင်ပါ။  

တရုတ်နယ်စပ်အနီး “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေရှိ မန်းမော်ခဲမဖြူ သတ္တုမိုင်းသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်ရှိ အကြီးဆုံး ခဲမဖြူမိုင်းများအနက် တစ်ခုဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် UWSA က ခဲမဖြူထုတ်လုပ်မှုကို ရုတ်တရက် ရပ်ဆိုင်းခဲ့သဖြင့် ကမ္ဘာ့ခဲမဖြူဈေးကွက် လှုပ်ခတ်ခဲ့သည် အထိ ဖြစ်ခဲ့ဖူးသည်။ သို့သော် ၂၀၂၆ ခုနှစ်တွင် မန်းမော် ခဲမဖြူမိုင်းကို ပြန်လည်တူးဖော်လုပ်ကိုင်မည်ဟု UWSA က ကြေညာခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံသို့ ခဲမဖြူသတ္တုရိုင်းတင်ပို့မှု နှစ်ဆကျော် ခုန်တက်လာခြင်းသည် မန်းမော် ခဲမဖြူမိုင်းကို အရှိန်အဟုန်ဖြင့် ပြန်လည် လည်ပတ်ထုတ်လုပ်နေခြင်းကြောင့် ဖြစ်နိုင်ပါသည်။

အဖြိုက်နက်သတ္တုရိုင်း (Tungsten)

တရုတ်နိုင်ငံသို့ ခဲမဖြူသတ္တုရိုင်း တင်ပို့မှုနှုန်း နှစ်ဆကျော် မြင့်တက်သွားသည့်နည်းတူ အဖြိုက်နက်သတ္တုရိုင်း တင်ပို့ မှုနှုန်းသည် သုံးဆကျော် မြင့်တက်သွားသည်ကို တွေ့ရှိရသည်။ ၂၀၂၅ ခုနှစ်တွင် အဖြိုက်နက် တင်ပို့မှု တန်ဖိုးပမာဏ ဒေါ်လာ ၇၅သန်းကျော် ရှိခဲ့ရာမှ၊ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ ဒေါ်လာ ၂၉၄ သန်းကျော် တင်ပို့ထားသည်ကို တွေ့ရှိရသဖြင့် သိသိသာသာ ခုန်တက်သွားသည်ကို တွေ့ရှိရသည်။ 

ခဲမဖြူနှင့် အဖြိုက်နက်သတ္တုရိုင်းများသည် သဘာဝအားဖြင့် ဂရက်နိုက်ကျောက်လွှာများအတွင်း ရောနှောတည်ရှိ ကြပြီး၊ ထိုသတ္တုနှစ်မျိုးပါဝင်သည့် ကျောက်လွှာများကို တူးဖော်ပြီးမှ သတ္တုသန့်စင်စက်ရုံတွင် ကြိတ်ခွဲ၍ ခွဲထုတ်ယူ ခြင်း ဖြစ်သည်။ ထို့ကြောင့် ခဲမဖြူနှင့် အဖြိုက်နက်သတ္တုရိုင်း နှစ်မျိုး တင်ပို့မှု နှစ်ဆနှင့် သုံးဆကျော် မြင့်တက်သွားခြင်းသည် အဆိုပါ သတ္တုမိုင်းများတွင် ထုတ်လုပ်မှုမြင့်တက်လာခြင်းကြောင့် ဖြစ်သည်။

တရုတ်နယ်စပ်အနီးရှိ UWSA ထိန်းချုပ်လည်ပတ်နေသော မိုင်းမော်သတ္တုမိုင်းမှ ခဲမဖြူနှင့် အဖြိုက်နက် နှစ်မျိုးလုံး ထွက်ရှိသည့်အပြင်၊ UWSA ၏ တောင်ပိုင်းစစ်ဒေသ (၁၇၁ စစ်ဒေသ) ထိန်းချုပ်နယ်မြေ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ထိုင်းနယ်စပ်အနီး လွိုင်ခီလက်သတ္တုမိုင်းသည် ခဲမဖြူနှင့် အဖြိုက်နက်များ တူးဖော်ထုတ်လုပ်နေပြီး တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိသည်။  

အဖိုးတန်သတ္တုများ (Precious Metals)

တရုတ်အစိုးရ၏ အကောက်ခွန်ဌာနက သတ်မှတ်ထားသော အဖိုးတန်သတ္တုများ (Precious Metals) ထဲတွင် ရွှေသတ္တုရိုင်း(Gold Ore)နှင့် အခြားသော သတ္တုအမျိုးအစားများ ပါဝင်သည်။ မြန်မာနိုင်ငံတွင် ရွှေသတ္တုရိုင်း သည် ဧရာဝတီမြစ်ဝှမ်းနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသ နေရာအများအပြားတွင် ထွက်ရှိသည်။ သို့သော် တရုတ်နိုင်ငံသို့ တင်ပို့သော သတ္တုသယံဇာတများအထဲတွင် တရုတ်အကောက်ခွန်ဌာနမှတ်တမ်းများအရ အဖိုးတန်သတ္တုများဟုသာ ယေဘူယျတွေ့ရှိရပြီး၊ သတ္တုအမျိုးအစား တိတိကျကျ ခွဲခြား၍မရသဖြင့်၊ ရွှေသတ္တုရိုင်းတစ်မျိုးတည်းဟု ပြောဆိုရန် ခက်ခဲပါသည်။

တရုတ်အစိုးရ၏ အကောက်ခွန်ဌာန သတင်းအချက်အလက်မှတ်တမ်းများအရ ၂၀၂၅ ခုနှစ်တွင် မြန်မာမှ တရုတ် နိုင်ငံသို့ အဖိုးတန်သတ္တုများ တင်ပို့မှုတန်ဖိုးပမာဏ ဒေါ်လာ ၉၄ သန်းကျော် ရှိခဲ့ပြီး၊ ၂၀၂၆ ခုနှစ် စက်တင်ဘာလ အထိ ကိုးလအတွင်း တင်ပို့မှုတန်ဖိုးပမာဏ ဒေါ်လာ ၂၃၆ သန်းအထိ နှစ်ဆခွဲကျော် မြင့်တက်သွားခဲ့သည်ကို လေ့လာ တွေ့ရှိရသည်။ ထိုကဲ့သို့ အဖိုးတန်သတ္တုများ တင်ပို့မှုပမာဏ ထူးထူးခြားခြား မြင့်တက်လာခြင်းသည် အထက်တွင် နှိုင်းယှဉ်လေ့လာခဲ့သော ခဲမဖြူနှင့် အဖြိုက်နက်သတ္တုရိုင်းများ တင်ပို့မှု မြင့်တက်လာသည့် ပုံသဏ္ဌာန်နှင့် ဆင်တူသည်။  

အခြားသော သတ္တုသယံဇာတများ တင်ပို့မှုအခြေအနေ

အလားတူပင် ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်များတွင် မြန်မာ့သတ္တုသယံဇာတ ၁၃ မျိုးထဲမှ ခဲသတ္တုရိုင်း တင်ပို့မှုသည် ဒေါ်လာ ၇၄ သန်းကျော်မှ ၁၃၂ သန်းကျော်အထိ နှစ်ဆနီးပါး မြင့်တက်ခဲ့ပြီး၊ အင်တီမိုနီ သတ္တုရိုင်းသည် ဒေါ်လာ ၅၀ သန်းကျော်မှ ၁၁၆ သန်းကျော်အထိ နှစ်ဆကျော်၊ သံသတ္တုရိုင်းသည် ဒေါ်လာ ၈၈ သန်းကျော်မှ ၁၁၆ သန်းကျော်အထိ အသီးသီး မြင့်တက်ခဲ့သည်။

ထူးခြားချက်အနေဖြင့် အဖိုးတန်ကျောက်မျက်များ (Precious Stones) တင်ပို့မှုသည် စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သော ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ တစ်ဘီလီယံကျော် တန်ဖိုးရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် လေးဘီလီယံ ကျော်အထိ တရှိန်ထိုး ခုန်တက်သွားခဲ့သည်။ သို့သော် ၂၀၂၃ ခုနှစ်နောက်ပိုင်းတွင် အဖိုးတန် ကျောက်မျက်များ တင်ပို့မှု ဆက်တိုက်ကျဆင်းလာခဲ့ရာ ၂၀၂၅ ခုနှစ်တွင် အဖိုးတန်ကျောက်မျက်များ တင်ပို့မှု တန်ဖိုးပမာဏသည် ဒေါ်လာ ၆၁ သန်းအထိ ထိုးစိုက်ကျဆင်းသွားခဲ့သည်။ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ ဒေါ်လာ ၆၇ သန်း အထိသာ တင်ပို့နိုင်ခဲ့သဖြင့် ၂၀၂၅ ခုနှစ် တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် ဒေါ်လာ ခြောက်သန်းမျှသာ တိုးတက်လာ သည်။ ထို့ကြောင့် အဖိုးတန် ကျောက်မျက်များ တရုတ်နိုင်ငံသို့ တင်ပို့မှုသည် ဆက်လက်ကျဆင်းနေဆဲဟု လေ့လာတွေ့ရှိရသည်။
 
အဖိုးတန်ကျောက်မျက်များအထဲ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ထွက်ရှိသော အရည်အသွေးမြင့် ကျောက်စိမ်း များသည် အဓိကပါဝင်ပြီး၊ ဖားကန့်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် KIA ဦးဆောင်သော တော်လှန်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလျက်  နယ်မြေသိမ်းပိုက်ထိန်းချုပ်မှုများ ရှိနေသဖြင့် ကျောက်စိမ်းထုတ်လုပ်တင်ပို့မှုလုပ်ငန်း များစွာကျဆင်းခြင်း ဖြစ်နိုင်ပါသည်။

သတ္တုသယံဇာတ ၁၃ မျိုးအနက် တရုတ်နိုင်ငံဈေးကွက်သို့ အနည်းဆုံးတင်ပို့ခဲ့သော သတ္တုအမျိုးအစား လေးမျိုးမှာ ဇင့်သတ္တုရိုင်း၊ ကြေးနီသတ္တုရိုင်း၊ ကြေးနီစွန့်ပစ်ပစ္စည်းနှင့် Molybdenum သတ္တုရိုင်းတို့ဖြစ်ပြီး၊ လွန်ခဲ့သောနှစ် တင်ပို့မှု တန်ဖိုးပမာဏထက် အနည်းငယ်များပြားသည်ကို တွေ့ရှိရသည်။

တရုတ်ကုမ္ပဏီများအတွက် အကျိုးအမြတ်များသော ပဋိပက္ခစီးပွားရေး (Conflict Economy)

တရုတ်အစိုးရနှင့် ကုမ္ပဏီများသည် ပဋိပက္ခစီးပွားရေးထက် တည်ငြိမ်အေးချမ်းသော အခြေအနေတွင် ဆောင်ရွက်ရသော ပုံမှန်စီးပွားရေးကို ပို၍လိုလားပါလိမ့်မည်။ ထိုကြောင့် နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို တရုတ်အစိုးရ၏အိမ်နီးချင်းမြန်မာမူဝါဒတွင် အမြဲထိပ်ဆုံး               ဦးစားပေးအဖြစ် တွေ့မြင်ရလေ့ရှိသည်။ 

သို့ရာတွင် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း တရုတ်ကုမ္ပဏီများသည် မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား ဖြစ်ပွားလျက်ရှိသော ပြည်တွင်းစစ် ပဋိပက္ခများအတွင်း မြန်မာ့သတ္တုနှင့် ကျောက်မျက် သယံဇာတများကို တူးဖော်ထုတ်ယူ၍ တရုတ်နိုင်ငံသို့ တင်ပို့သည့် ပဋိပက္ခစီးပွားရေးကို အကျိုးအမြတ်ကြီးမားစွာဖြင့် ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်စွမ်းရှိကြသည်။ အထူးသဖြင့် တရုတ်အစိုးရ၏ မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ နှစ်ဖက်လုံးကို ဩဇာလွှမ်းမိုးနိုင်စွမ်းကြောင့် စစ်မက်ပဋိပက္ခများ ပြင်းထန်နေချိန်တွင် အဖိုးတန်သယံဇာတများကို အရှိန်အဟုန်မပျက် ထုတ်ယူနိုင်စွမ်း ရှိကြခြင်းကို တရုတ်အစိုးရ၏ အကောက်ခွန်ဌာနမှ တရားဝင်ထုတ်ပြန်ထားသော ကိန်းဂဏန်း အချက်အလက်များက သက်သေထူလျက်ရှိကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။