အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထိုင်းနိုင်ငံအနောက်ပိုင်းလျှပ်စစ်စက်ရုံရှိ မြန်မာအလုပ်သမား၁,၀၀၀ကျော်ရုတ်တရက်အလုပ်နားခံရ

မြန်မာအလုပ်သမားများသည် ကြိုတင်အကြောင်းကြားခံရခြင်းမရှိဘဲ ရုတ်တရက် အလုပ်ရပ်နားခံရခြင်းဖြစ်သည်။ လုပ်သက်အလိုက် နစ်နာကြေးရရှိသော်လည်း အလုပ်သစ် ထပ်မံရှာဖွေရန် ခက်ခဲခြင်း၊ လုံခြုံရေးစိတ်မချရခြင်း စသည့် စိုးရိမ်မှုများရှိနေသည်။

ထိုင်းနိုင်ငံ အနောက်ပိုင်း ဖစ်ဘူရီခရိုင်ရှိ အီလက်ထရွန်နစ်ပစ္စည်းများ ထုတ်လုပ်သည့် Cal-Comp Electronics (Thailand) စက်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၁,၀၀၀ ကျော် ယနေ့ (ဒီဇင်ဘာလ ၂၉ ရက်) နံနက်ပိုင်းတွင် ရုတ်တရက် အလုပ်ရပ်နားခံလိုက်ရကြောင်း သိရသည်။

Cal-Comp Electronics (Thailand) ကုမ္ပဏီသည် ဟောင်ကောင်အခြေစိုက် KINPO GROUP လုပ်ငန်းစု၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သည်။ ထိုစက်ရုံတွင် အလုပ်လုပ်ခဲ့သည့် မြန်မာအလုပ်သမား ၁,၄၅၀ ဦးသည် စက်တင်ဘာလကုန်တွင် အလုပ်ရပ်နားခံခဲ့ကြရပြီး သုံးလအကြာတွင် အလုပ်သမား ၁၀၀၀ ကျော် ထပ်မံ၍ အလုပ်ရပ်နားခံရခြင်းဖြစ်သည်။

အလုပ်သမားများကို ဝန်ထမ်းကတ်နှင့် ဝန်ထမ်းဝတ်စုံများဝတ်ဆင်၍ စက်ရုံရုံးသို့လာရောက်ရန် စက်ရုံတာဝန်ရှိသူများက ယမန်နေ့တွင် မက်ဆေ့ပို့ခြင်း၊ ဖုန်းဆက်ခေါ်ဆိုခြင်းတို့ ပြုလုပ်ခဲ့သည်ဟု သိရသည်။ 

ထိုနောက် ယနေ့မနက်ပိုင်း စက်ရုံသို့ အလုပ်သမားများ သွားရောက်ရာ အလုပ်ရပ်နားကြောင်း ရေးသားထားသည့်စာရွက်တွင် လက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်း အလုပ်ထုတ်ခံခဲ့ရသည့် အမည်မဖော်လိုသူ အလုပ်သမား အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“ဒီမနက် ၈ နာရီလောက်က ကျွန်တော်တို့သွားကြတယ်။ စာရွက်ပေါ်မှာ အလုပ်ကထွက်တဲ့အကြောင်း လက်မှတ်ထိုးခိုင်းတယ်။ အဲ့ဒီမှာလည်း ကျွန်တော်တို့ကို ဘာမှမပြောဘူး။ သူတို့လုပ်ချင်တဲ့ ဆန္ဒအတိုင်းပဲ ကြိုတင်ပြီး စီစဉ်ထားတာဆိုတော့လေ” ဟု လုပ်သက် ငါးလသက်တမ်းရှိသော စက်ရုံဝန်ထမ်းက ဆိုသည်။

အလုပ်ရပ်နားခံရသူများတွင် လုပ်သက် တစ်နှစ်နှင့်အထက်များလည်း ပါဝင်ပြီး လုပ်သက်အလိုက် နစ်နာကြေးပေးသည်ဟုလည်း အလုပ်သမားတို့ကဆိုသည်။ သို့သော် တိုင်းတစ်ပါးတွင် အလုပ်သစ်ရှာရန် ခက်ခဲသလို အလုပ်မရမီ နေထိုင်စားသောက်စရိတ်နှင့် လုံခြုံရေးစိုးရိမ်မှုများလည်း ရှိနေသည်။

“သူတို့ကို ပြန်ပြောလို့ Complaint (စောဒက) တက်လို့မရဘူး။ အရင်တစ်ခါတုန်းကလိုပဲ ပုလိပ်တွေဘာတွေနဲ့ စောင့်ကြည့်နေတာဆိုတော့ တစ်ခုခုဖြစ်တာနဲ့ သူတို့က ဥပဒေအတိုင်းလိုက်တာဆိုပြီးတော့ ကိုင်ပေါက်ပြီးတော့ အန္တရာယ်ပြုလာမှာကြောက်လို့ပါ” အထက်ပါ စက်ရုံဝန်ထမ်းက ပြောသည်။

နာရီအပါဝင် အီလက်ထရွန်နစ်ပစ္စည်းများ ထုတ်လုပ်ရောင်းချသည့် ထိုစက်ရုံသည် အမှာအော်ဒါများပြား လာချိန်တွင် အလုပ်သမားများကို ကာလတို စာချုပ်ဖြင့်ခေါ်ယူလေ့ရှိသည်ဟု သိရသည်။ အမှာအော်ဒါနည်းပါးချိန်တွင် အလုပ်သမာများကို ရုတ်တရက်ရပ်ဆိုင်းလေ့ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ဆိုသည်။

အလုပ်အကိုင်ရှားလာမှုကြောင့် ထိုင်းရောက်မြန်မာအလုပ်သမားများမှာ  ရွေးချယ်ခွင့်နည်းလာသော်လည်း ထိုကဲ့သို့ စက်ရုံများကို ရှောင်ကြဉ်ရန် အရေးကြီးကြောင်း ၎င်းတို့က ဆိုသည်။ 

ယခု အလုပ်ရပ်နားခံရသူများသည် ထိုင်း−မြန်မာ နှစ်နိုင်ငံနားလည်မှု(MoU) စနစ်ဖြင့် ထိုင်းသို့ လာရောက်ခဲ့ပြီး မူလအလုပ်တွင် အဆင်မပြေသဖြင့် ထိုစက်ရုံသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ထိုအလုပ်သမားများသည် အလုပ်သမားပတ်စ်ပို့(PJ) နှင့် ပန်းရောင်ကတ် အထောက်အထား ကိုင်ဆောင်ထားသူများလည်းဖြစ်သည်။

Cal-Comp Electronics (Thailand) ကုမ္ပဏီကို ၁၉၈၉ ခုနှစ်တွင် ကနဦးမတည်ရင်းနှီးငွေ ဘတ် ၁၂၅ သန်းဖြင့် ထူထောင်ခဲ့ပြီး ယခုအခါ မတည်ရင်းနှီးငွေ ၁၀ ဒသမ ၄၅ ဘီလီယံကျော်ထိရှိကာ ထိုင်းနိုင်ငံတွင် အလုပ်သမားစုစုပေါင်း ၂၄,၇၈၃ ဦးရှိကြောင်း ထိုကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Related Articles

Back to top button