အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးနိုင်၊ အာဆီယံ အထူးကိုယ်စားလှယ်ပင် မလိုတော့ဟု စစ်အုပ်စု ပြောင်ပြောင်တင်းတင်း အာခံ

အကျဉ်းချခံ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ တောင်းဆိုချက်ကို ပယ်ချလိုက်သည့်အပြင် နောင်တွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ပင် မလိုအပ်တော့ဟု   စစ်အုပ်စု၏နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၈ ရက် ညနှောင်းပိုင်းတွင် ထုတ်ပြန်ကာအာဆီယံကို ပြောင်ပြောင်တင်းတင်း အာခံလိုက်သည်။

အကျဉ်းချခံ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ တောင်းဆိုချက်ကို ပယ်ချလိုက်သည့်အပြင် နောင်တွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ပင် မလိုအပ်တော့ဟု   စစ်အုပ်စု၏နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၈ ရက် ညနှောင်းပိုင်းတွင် ထုတ်ပြန်ကာအာဆီယံကို ပြောင်ပြောင်တင်းတင်း အာခံလိုက်သည်။

လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ ဩဂုတ်လ ၇ ရက် ထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ အပြည့်အဝ ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

ထိုတောင်းဆိုချက်သည် အပြုသဘောမဆောင်ခြင်းကြောင့် စိတ်ပျက်ရသည်ဟု စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဩဂုတ်လ ၈ ရက် ထုတ်ပြန်ချက်တွင် ပါရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူခံထားရသူဖြစ်ပြီး “ ခြွင်းချက်မရှိ အပြည့်အဝ လွှတ်ပေးရေးကိစ္စမှာ တရားဥပဒေနှင့်အညီသာ ဖြစ်နိုင်ပါသည်” ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌများအဖြစ် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှားနိုင်ငံတို့က တာဝန်ယူခဲ့သည်။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်များယူခဲ့သည့် ထိုနိုင်ငံများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရန်၊ ပြန်လွှတ်ပေးရန်တို့ကို အလွတ်သဘောတွေ့ဆုံမှုများနှင့် သတင်းစာရှင်းလင်းပွဲများတွင်သာ ပြောဆိုခဲ့ပြီး တရားဝင်စာ မထုတ်ပြန်နိုင်ခဲ့ပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယခု ၂၀၂၆ ခုနှစ်တွင် အလှည့်ကျ ဥက္ကဋ္ဌဖြစ်လာသည့် ဖိလစ်ပိုင်နိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကိုတိုက်ရိုက် ရည်ညွန်းရေးသားကာ ခြွင်းချက်မရှိ အပြည့်အဝ ပြန်လွှတ်ပေးရန် စာထုတ်ပြန်ခဲ့သည့် ပထမဦးဆုံးသော အာဆီယံ ဥက္ကဋ္ဌဖြစ်လာပြီး စစ်အုပ်စုကို အတင်းမာဆုံးသဘောထား ပြသခဲ့သည့် နိုင်ငံဖြစ်လာခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၏ ထိုသဘောထားသည် အာဆီယံနိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်စွက်ခြင်းဖြစ်သည်ဟု စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ကြေညာထားသည်။

“အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများတွင် ဖိအားပေးခြင်း သို့မဟုတ် ဝင်ရောက်စွက်ဖက်ခြင်း သဘောသက်ရောက်သည့် ဆောင်ရွက်ချက်များကို ရှောင်ရှားရန် လိုအပ်ပါသည်” ဟု ကြေညာချက်တွင် ထည့်သွင်းထားပြီး “ ကိစ္စရပ်တစ်ခုချင်းစီအလိုက် တုံ့ပြန်သွားမည်” ဟုလည်း ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုမှုကို စစ်အုပ်စုက ရန်သူကဲ့သို့ တုံ့ပြန်မည်ဖြစ်ပြီး ထိုအချက်သည် စစ်ခေါင်းဆောင်၏ နောက်ကျောမလုံမှုကို ပြသနေခြင်းဖြစ်သည်ဟု Myanmar Now ၏ နိုင်ငံရေးလေ့လာသုံးသပ်သူ ပင်တိုင်ဆောင်းပါးရှင် သုတဇော်က ဆိုသည်။

“တကယ်တော့ မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်လက်ထဲက အာဏာကို လုယက်သိမ်းပိုက်ထားတာဆိုတော့၊ သူ့ကို လွှတ်ပေးဖို့ တောင်းဆိုသူတိုင်း ရန်သူပမာ တုံ့ပြန်မှာပါပဲ။ (သူ) အတုအယောင် သမ္မတရာထူး ယူထားပါစေ နောက်ကျော မလုံဘူး ဖြစ်နေတာပါ။ သူအကြောက်ဆုံးက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ရင် သူ့လက်ထဲက အာဏာပါ လက်လွှတ်ဆုံးရှုံးသွားနိုင်တာ မို့လိုပါ” ဟု ပြောသည်။

စစ်ခေါင်းဆောင်သည် သမ္မတရာထူးကိုရယူပြီးနောက် ယခုနှစ်မေလနှင့် ဇွန်လတို့တွင် ဒေသတွင်း အင်အားကြီးနိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် တရုတ်နိုင်ငံများသို့ သွားရောက်ခဲ့သည်။

စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့်အာဆီယံ ထိပ်သီးအစည်းအဝေးများကို တက်ခွင့်မရသော်လည်း ဒေသတွင်း အာဆီယံနိုင်ငံများဖြစ်သည့် လာအိုနှင့် ထိုင်းနိုင်ငံများသို့ ဇူလိုင်လနှင့် ဩဂုတ်လတို့အတွင်း အရပ်ဝတ်အရေခြုံ သမ္မတအဖြစ် သွားရောက်ခဲ့သည်။

ထိုသို့ ဒေသတွင်း အင်အားကြီးနိုင်ငံအချို့နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံအချို့၏ လိုက်လျောမှုကိုရလာသည့် စစ်ခေါင်းဆောင်သည် ယုံကြည်မှုရလာပြီး အာဆီယံကို စတင်တိုက်ခိုက်လာခြင်းဖြစ်သည်ဟုလည်း သုတဇော်က ပြောသည်။

စစ်ခေါင်းဆောင်သည် ၂၀၂၁ ခုနှစ်ကတည်းက သဘောတူခဲ့သည့် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် (Five-Point Consensus) မှာ အဖွဲ့ဝင်နိုင်ငံ အားလုံး၏ သဘောတူညီချက် မဟုတ်ဘဲ ထိုစဉ်က အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ၏ နောက်ဆက်တွဲ ထုတ်ပြန်ချက်သာဖြစ်သည်ဟု ငါးနှစ်ကျော်ကြာတွင် ဆင်ခြေပေး ငြင်းဆန်လာခဲ့သည်။

အာဏာသိမ်းအပြီး ၁၈ လအကြာ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁ ရက်က ပြောသည့် ၎င်း၏ မိန့်ခွန်းတွင်မူ အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်မဖော်နိုင်ခြင်းမှာ ကိုဗစ်ရောဂါကို ကာကွယ်ရန် အပြင်းအထန်လုံးပန်းနေရပြီး၊ ဆန္ဒပြမှုများနှင့် “အကြမ်းဖက်မှုများ”ကို ဖြေရှင်းနေရခြင်းကြောင့် ဖြစ်သည်ဟု ဆင်ခြေပေးခဲ့သည်။

ထို့အပြင် “(၂၀၂၂ခုနှစ်) ယခုနှစ်မှာတော့ အခြေအနေအားလုံး တိုးတက်လာပြီဖြစ်တဲ့အတွက် ဘုံသဘောတူညီချက် ၅ ရပ်ထဲက ဦးစားပေးဆောင်ရွက်နိုင်တာတွေ အဖြစ်နိုင်ဆုံး အာဆီယံ မူဘောင်နဲ့အညီ ဆောင်ရွက်သွားပါမယ်” ဟု မိန့်ခွန်းတွင် ထည့်သွင်း ကတိပေးခဲ့သော်လည်း

ထိုကတိ မတည်နိုင်ကြောင်း ထင်ရှားသည့် လက္ခဏာများ ပြသခဲ့ပြီးဖြစ်သည်။

ထို့အပြင် အာဆီယံက သဘောတူညီချက်တွင် အပါအဝင်ဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ခန့်အပ်ပြီး မြန်မာ့အရေး ဖြေရှင်းရန်ကြိုးပမ်းမည့် အချက်ကိုလည်း ပိုမိုရဲတင်းစွာ တုံ့ပြန်လာသည်ကို တွေ့ရသည်။

“နောင်တွင် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ရေးနှင့် ၎င်း၏အခန်းကဏ္ဍမှာ ဆက်လက်လိုအပ်ခြင်း ရှိမည်မဟုတ်” ဟု စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဩဂုတ်လ ၈ ရက် ထုတ်ပြန်ချက်တွင် ပါရှိသည်။

လွန်ခဲ့သည့် ငါးနှစ်အတွင်း အာဆီယံ၏ သံတမန်ရေး ဖိအားများကို စစ်အုပ်စုက အချိန်ဆွဲခဲ့ပြီး ယခုအခါ မူလသဘောတူညီချက်၏ တရားဝင်မှုကိုပါ ဆန့်ကျင်လာခြင်းသည် အာဆီယံနှင့် သံတမန်ရေးအရ လမ်းခွဲရန် ဦးတည်လာသည့် လက္ခဏာဖြစ်သည်။

“မြန်မာနိုင်ငံက ဦးဆောင်သော မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် အာဆီယံနှင့်ဆက်ဆံရေး တိုးတက်စေရန် ဆောင်ရွက်သွားမည်” ဟု ဩဂုတ်လ ၈ ရက် ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

စစ်အုပ်စု၏ အာဆီယံအပေါ်ကို တင်းမာသည့်သဘောထား၊ အာဆီယံဘုံသဘောတူညီချက်ကို ဆန့်ကျင့်မှုတို့ကြောင့် မြန်မာနှင့်ပတ်သက်သည့် ပြတ်သားသော ဖြေရှင်းမှုလုပ်နိုင်မှသာ အာဆီယံ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်လိမ့်မည်ဟု သုတဇော်က သုံးသပ်သည်။

“အခုမှ (အာဆီယံဘုံသဘောတူညီချက်ကို) သဘောမတူခဲ့ပါဘူးလို့ ငြင်းဆန်နေတဲ့အပေါ် အာဆီယံဘက်က နှုတ်ဆိတ်မနေသင့်တော့ဘဲ ပြတ်ပြတ်သားသား ဖြေရှင်းရပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် အာဆီယံ ဂုဏ်သိက္ခာကျဆင်း သွားပါလိမ့်မယ်” ဟုပြောသည်။

စစ်အုပ်စုသည် အာဆီယံ အထူးသံတမန်ကိုပင် လက်မခံတော့ကြောင်း ကြေညာလိုက်သည့်အတွက် အာဆီယံ၏ မြန်မာ့အရေး မူဝါဒများမှာ လုံးဝ အသက်မဲ့သွားနိုင်ဖွယ်ရှိသည်။

လာမည့် အာဆီယံ ထိပ်သီးအစည်းအဝေးများတွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့်စစ်အုပ်စုကို မည်ကဲ့သို့ ပိုမို ပြင်းထန်သော အရေးယူမှုများ ပြုလုပ်လာမည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button