
နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံခြားငွေ သုံးစွဲမရဖြစ်နေသည့်အပြင် ကုန်သွယ်ရေးလုပ်ငန်းများအတွက် ငွေပေးချေရာ၌ အခက်အခဲဖြစ်နေသည်ဟု အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ညည်းတွားပြောဆိုနေသည်။
ပြီးခဲ့သည့်လကုန်ပိုင်းက နေပြည်တော်တွင် ပြုလုပ်သော အစည်းအဝေး၌ အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်ကာ ရက်ပိုင်းအတွင်း ရန်ကုန်မြို့၌ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင်လည်း အလားတူပင် ထပ်မံပြောဆိုခဲ့သည်။
၎င်းတို့ တာဝန်ယူချိန်တွင် နိုင်ငံတကာက ပိတ်ဆို့မှုများ လုပ်ဆောင်လာပြီး၊ ရှိပြီးသား နိုင်ငံခြားသုံးငွေများ သုံးစွဲမရစေရန်အပြင် ကုန်ပစ္စည်းရောင်းရငွေများ မပေးချေနိုင်စေရေးအတွက်ပါ မျိုးစုံပိတ်ဆို့လာသည်ဟု စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့သည်။
နိုင်ငံခြားသုံးငွေနှင့် ပတ်သက်၍ အရေးအပါဆုံးသော နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူကြောင်း ကြေညာအပြီး ရက်ပိုင်းအတွင်း အာဏာသိမ်းခေါင်ဆောင်ကိုယ်တိုင် ထိုသို့ ထုတ်ဖော်ပြောဆိုလာခြင်းပင်။
နှစ်စဉ် ဒေါ်လာဘီလျံချီ ဝင်ငွေရနေသည့် နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူပြီးနောက်ပိုင်း ဒေါ်လာ သန်းပေါင်း ၅၀၀ ကျော် ၎င်းတို့ထံ မရောက်ရှိဘဲ ပြည်ပတွင် ပိတ်မိနေသဖြင့် နေပြည်တော်မှ စစ်ဗိုလ်ချုပ်ကြီးများ ခေါင်းခဲနေသည်။
နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ်ရုံးချုပ်၌ အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်၊ ထိုင်းဘတ်ငွေတို့ဖြင့် လျှို့ဝှက်ဘဏ်စာရင်းများ ဖွင့်လှစ်စေပြီး ပိတ်မိနေသောဒေါ်လာငွေများ ရရှိရေးအတွက် စစ်ကောင်စီက ကြိုးပမ်းလျက်ရှိသည်။
ဇွန်လ ၃၀ ရက်နေ့က နေပြည်တော်၌ ဝန်ကြီးများ၊ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များကို ဆင့်ခေါ်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး အစည်းအဝေးပြုလုပ်ရာတွင် ပြည်ပပို့ကုန် အားနည်းနေသည့်အကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အကျယ်တဝင့်ပြောဆိုခဲ့သည်။
ယခင်အစိုးရနှစ်ဆက်တွင် ကုန်သွယ်ရေးလိုငွေပြခဲ့သော်လည်း နိုင်ငံတကာမှ ထောက်ပံ့ငွေ၊ ကူညီငွေနှင့် ချေးငွေများဖြင့် ဖြေရှင်းခဲ့ပြီး ၎င်းတို့လက်ထက်တွင် လိုသမျှ မှာယူနေမည်ဆိုပါက နိုင်ငံခြားငွေလိုအပ်မှု များလာမည်ဖြစ်ရာ ရနိုင်သမျှ ကုန်ပစ္စည်းထုတ်လုပ်ရန် တာဝန်ရှိသည်ဟု ဆိုသည်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ မှ ၂၀၁၆ အထိ ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁၂ ဘီလျံကျော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင်လည်း ဒေါ်လာ ၁၂ ဒသမ ၆၁ ဘီလျံ လိုငွေပြခဲ့သည်ဟု စစ်ခေါင်းဆောင်က ဝေဖန်သည်။
စီးပွားရေးကျဆင်းနေမှုကို သိရှိရန် ဝန်ကြီးဌာနလေးခုကို တာဝန်ပေး၍ လေ့လာသုံးသပ်စေခဲ့ရာ ပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံကြီးအချို့က ၎င်းတို့စိတ်တိုင်းကျအစိုးရကို ငွေကြေးထောက်ပံ့ကာ စွမ်းဆောင်ရည်မြင့်မားသည့် ပုံစံမျိုးဖြစ်အောင် ဖန်တီးခဲ့သည်ဟုလည်း NLD အစိုးရကို အပြစ်တင်ထားသည်။
ဇွန်လ ၂၇ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာသစ်၌ အာဏာသိမ်းပြီးနောက် ချွတ်ခြုံကျနေသည့် မြန်မာ့စီးပွားရေးမှာ လက်ရှိအချိန်ထိ နာလန်မထူနိုင်သေးဘဲ မူဝါဒအလွဲများ ထပ်ခါထပ်ခါ ချလာခြင်းက တိုင်းပြည်စီးပွားရေးကို ရာသက်ပန်ထိခိုက်စေမည်ဟု ထည့်သွင်းဖော်ပြသည်။
မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းသည် ၃ ရာခိုင်နှုန်းသာ ရှိနိုင်ပြီး အာဏာမသိမ်းမီ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းခန့် နိမ့်ကျနေကာ ကုန်စျေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုများကြောင့် ပြည်သူထက်ဝက်ခန့်မှာ စားနပ်ရိက္ခာ မလုံလောက်မည်ကို စိုးရိမ်နေကြသည်ဟုလည်း ကမ္ဘာ့ဘဏ်က ဆိုသည်။
ထို့ပြင် သွင်းကုန်များလာပြီး ကုန်သွယ်မှုလိုငွေ မြင့်လာကြောင်း၊ ယခုနှစ် ပထမငါးလအတွင်း ပို့ကုန် ၁၆ ရာခိုင်နှုန်း ကျဆင်းသွားကာ ထိုအထဲတွင် သဘာဝဓာတ်ငွေ့နှင့် အထည်ချုပ်တင်ပို့မှု သိသိသာသာ ကျဆင်းခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။
၎င်းတို့လက်ထက်တွင် ကုန်သွယ်ရေးပိုငွေပြနေသည်ဟု အစဉ်တစိုက်ကြွေးကြော်လေ့ရှိသည့် စစ်ကောင်စီက နိုင်ငံတကာပိတ်ဆို့အရေးယူမှုများကြောင့် ငွေပေးချေမှုဆိုင်ရာအကျပ်အတည်းများ ရင်ဆိုင်လာရချိန်တွင် ဒေါ်လာအစား တရုတ်ယွမ်၊ အန္ဒိယရူပီးနှင့် ထိုင်းဘတ်တို့ဖြင့် တိုက်ရိုက်ပေးချေသည့်အစီအစဉ်ကို အထူးအားစိုက်လာသည်။
၂၀၂၁ ဒီဇင်ဘာမှစ၍ အကြီးဆုံးကုန်သွယ်ဖက်များဖြစ်သည့် တရုတ်၊ ထိုင်းနှင့် နယ်စပ်မှ ကုန်သွယ်ရာတွင် ဒေါ်လာအစား သက်ဆိုင်ရာနိုင်ငံများ၏ ငွေကြေးဖြင့် တိုက်ရိုက်ပေးချေရန် စတင်ခဲ့ပြီး အိန္ဒိယရူပီးနှင့် အလားတူပေးချေရန်လည်း ဆောင်ရွက်နေသည်။
တိုက်ရိုက်ပေးချေခြင်းနှင့် နိုင်ငံခြားငွေအဝင်အထွက်ကို ကိုင်တွယ်ရန် ၂၀၂၂ နိုဝင်ဘာတွင် ထိုင်းနယ်စပ်ကုန်သွယ်ရေးတွင် ဘဏ်စနစ်အသုံးပြုသလို ဒုတိယအဆင့်အဖြစ် ယခုနှစ် ဩဂုတ် ၁ တွင် တရုတ်နှင့် အလားတူကုန်သွယ်မှု စတင်မည်ဟု စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီးဌာနက ဇွန် ၂၃ တွင် ထုတ်ပြန်သည်။
အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် ဒေါ်လာဖြင့် ပေးချေရာတွင် ပိတ်ဆို့မှုများရှိလာသဖြင့် ကုန်သွယ်ဖက် အိမ်နီးချင်းနိုင်ငံငွေကြေးဖြင့် တိုက်ရိုက်ပေးချေရန် စီစဉ်ခြင်းဖြစ်ကြောင်း မန္တလေးမြို့မှ အမည်မဖော်လိုသည့် ကုန်သည်ကြီးတစ်ဦးက ဆိုသည်။
“ယွမ်နဲ့ ရောင်းတဲ့အခါကျတော့ Transaction (ငွေကြေးလွှဲပြောင်းခြင်း) ပြဿနာကို ကျော်လွှားတဲ့ သဘောပါပဲ။ ဒေါ်လာဆိုရင် Transaction တွေမှာ Sanction (အရေးယူပိတ်ဆို့မှု) ရှိနေတဲ့အတွက်ကြောင့် တစ်ခါတလေ လွှဲလို့မရဘူးလေ။ အဲ့ဒါကို ကျော်ဖြတ်လို့ရအောင် တိုက်ရိုက် ယွမ်သုံးလိုက်တာပေါ့” ဟု သူက ဆိုသည်။
အိန္ဒိယနှင့် ကုန်သွယ်ရာတွင် ရူပီးနှင့် ကျပ် တိုက်ရိုက်ပေးချေရန် မူအားဖြင့် သဘောတူညီမှုရထားပြီး နောက်ပိုင်းတွင် အလားတူဘဏ်စနစ်သုံးရန် ကြေညာဖွယ်ရှိသည်ဟု ၎င်းက ဆိုသည်။
အမေရိကန်၏ အရေးယူပိတ်ဆို့မှုကြောင့် ၂၀၂၁ မှစ၍ ကုန်သွယ်ရာ၌ ဒေါ်လာဖြင့် ပေးချေရန် ခက်ခဲလာကြောင်း စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးက ဇွန် ၁၂ ကာလကတ္တားမြို့တွင် ပြုလုပ်သည့် ပို့ကုန်မြှင့်တင်ရေးဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။
ကျပ်နှင့် ရူပီး တိုက်ရိုက်ပေးချေမှုကို ဆောင်ရွက်ခွင့်ရသည့်ဘဏ်အဖြစ် Punjab National Bank ကို အန္ဒိယအစိုးရက ရွေးချယ်ထားပြီး စစ်ကောင်စီဗဟိုဘဏ်နှင့် ညှိနှိုင်းလျက်ရှိကာ ထိုသို့ပေးချေမှုကြောင့် နှစ်နိုင်ငံကုန်သွယ်မှု နှစ်ဆတိုးလာမည်ဟု ၎င်းက ဆိုသည်။
“ဒေါ်လာအပေါ် မှီခိုမှုလျှော့ချရန် အိမ်းနီးချင်းနိုင်ငံတွေနဲ့ ဒီအထူးအစီအစဉ်ကို ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဆိုသည်။
ရူပီးနှင့် ကျပ် တိုက်ရိုက်ပေးချေမည့်အစီအစဉ်ကို ဇူလိုင်လကုန်၌ အပြီးသတ်ဆောင်ရွက်မည်ဖြစ်ကြောင်း အိန္ဒိယကို မြန်မာပို့ကုန်များ ရောင်းချရာတွင် ရူပီးကို လက်ခံမည်ဖြစ်ပြီး သွင်းကုန်များ တင်သွင်းရာတွင် ထိုရူပီးများကို ပြန်လည်အသုံးပြုမည်ဖြစ်သည်ဟု သိရသည်။
ယခင်က နယ်စပ်တွင် ကုန်သွယ်ရေးပေးချေမှုများကို ဟွန်ဒီအပါအဝင် အခြားငွေပေးချေမှုများရှိပြီး ယခုအခါ မှောင်ခိုကုန်သွယ်မှုမှလွှဲ၍ ဘဏ်မှ ပေးချေမည်ဖြစ်ရာ ပြည်တွင်းပုဂ္ဂလိဘဏ်များကိုလည်း တရုတ်ယွမ်၊ ထိုင်းဘတ်နှင့် ရူပီးငွေအကောင့်များကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ခွင့်ပြုလာကြောင်း မန္တလေးမြို့မှ ကုန်သည်က ဆိုသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)