စီးပွားရေး

မူဝါဒအလွဲများက မြန်မာ့စီးပွားရေးကို ရာသက်ပန် ထိခိုက်စေမည်ဟု ကမ္ဘာ့ဘဏ်ပြော

စစ်တပ်က အာဏာသိမ်းပြီးနောက် ချွတ်ခြုံကျနေသည့် မြန်မာ့စီးပွားရေးအခြေအနေမှာ လက်ရှိအချိန်ထိ နာလန်မထူနိုင်သေးဘဲ မူဝါဒအလွဲများ ထပ်ခါထပ်ခါချလာခြင်းက တိုင်းပြည်စီးပွားရေးကို ရာသက်ပန် ထိခိုက်စေမည်ဟု ကမ္ဘာ့ဘဏ်က ယနေ့ (ဇွန် ၂၇) ထုတ်ပြန်လိုက်သည်။

မြန်မာ့စီးပွားရေး ဆက်လက် နှေးကွေးနေပြီး လာမည့် စက်တင်ဘာလအထိ ဂျီဒီပီ (တစ်နိုင်ငံလုံး အသားတင်ထုတ်လုပ်မှုတန်ဖိုး) တိုးတက်မှု ၃ ရာခိုင်နှုန်းသာ ရှိနိုင်သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းပြီး ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းခန့် နိမ့်ကျနေသည်ဟု ဆိုသည်။

မူဝါဒအပြောင်းအလဲများကြောင့် မသေချာမရေရာမှုနှင့်အတူ လုပ်ငန်းလည်ပတ်ရေး အနှောင့်အယှက်ရှိနေပြီး နိုင်ငံတကာကုန်သွယ်ရေးနှင့် ငွေပေးချေမှုများအတွက် ကန့်သတ်ချက်များလည်း ထပ်မံချမှတ်ထားသည်ဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။​

စစ်ကောင်စီလက်ထက်တွင် ဘဏ္ဍာရေးလိုငွေပြမှု မြင့်တက်လာပြီး ဂျီဒီပီ၏ ၅ ဒသမ ၄ ရာခိုင်နှုန်းအထိ ရောက်မည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

စွမ်းအင်ကဏ္ဍ အပါအဝင် ကာကွယ်ရေးနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအတွက် အသုံးစရိတ် မြင့်တက်လာသော်လည်း ကျန်းမာရေးနှင့် ပညာရေးကဏ္ဍတို့အတွက် အသုံးစရိတ်ကျဆင်းသွားကာ ဂျီဒီပီ၏ ၃ ရာခိုင်နှုန်းသာ ရှိသည်ဟုလည်း ဆိုသည်။

“စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက မညီမမျှဖြစ်လာပြီး ဆက်တိုက်ဖြစ်နေတဲ့ တုန်လှုပ်ဖွယ်ရာအဖြစ်အပျက်တွေက အဆင်းရဲဆုံးလူတွေကို ရိုက်ခတ်နေပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဒါရိုက်တာဖြစ်သူ Mariam Sherman က ပြောသည်။

“စားနပ်ရိက္ခာနဲ့ ပတ်သက်ပြီး တိုးတက်မှုမရှိတော့တာ ဒါမှမဟုတ် နောက်ကြောင်းပြန်လှည့်သွားတာက စိုးရိမ်စရာပါပဲ။ အိမ်ထောင်စုထက်ဝက်ကျော်ဟာ ပိုင်ဆိုင်မှုတွေ ထုတ်ရောင်းနေရတဲ့ အခြေအနေဆိုက်နေတယ်။ ငွေချေးရတာတွေ များလာတယ်။ အသုံးစရိတ်က အကန့်အသတ်ဖြစ်လာတယ်”

ယခုနှစ် မေလအတွင်း ကမ္ဘာ့ဘက်က ကောက်ယူခဲ့သော စစ်တမ်းအရ လယ်ယာလုပ်ကိုင်သည့် အိမ်ထောင်စု ၄၈ ရာခိုင်နှုန်းမှာ စားနပ်ရိက္ခာ မလုံလောက်တော့မည်ကို စိုးရိမ်နေကြပြီး ထိုအခြေအနေသည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းဖြစ်သည်။​

အစားအသောက်ဈေးနှုန်းများ မြင့်တက်လာသော်လည်း အလုပ်အကိုင်ဈေးကွက် ကျဆင်းလာပြီး ၂၀၁၇ မှ ၂၀၂၂ ခုနှစ်အတွင်း လုပ်အားခနှုန်းထားမှာ ၁၅ ရာခိုင်နှုန်းအထိပင် လျော့ကျလာသည်ဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်တွင် ပါရှိသည်။

လာမည့် စက်တင်ဘာလအထိ ပျမ်းမျှအားဖြင့် ငွေကြေးဖောင်းပွမှု ၁၄ ရာခိုင်နှုန်းအထိ ရှိနေနိုင်သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။ လာမည့်နှစ်တွင် ထပ်မံလျော့ကျနိုင်သော်လည်း ဘတ်ဂျက်လိုငွေကြောင့် ဗဟိုဘဏ်အပေါ် ဆက်လက်အားကိုးနေရမည်ဖြစ်သဖြင့် ငွေကြေးဖောင်းပွမှု ဆက်မြင့်တက်နေနိုင်သည်ဟုလည်း ဆိုသည်။​

မကြာမီရက်ပိုင်းက နိုင်ငံပိုင်ဘဏ်ကြီးနှစ်ခုကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်အစိုးရက ကြေညာလိုက်ပြီးနောက် အမေရိကန်ဒေါ်လာဈေး မြင့်တက်လာကာ စစ်ကောင်စီက တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားသော်လည်း ကျပ် ၃၀၀၀ ကျော်အထိ ရောက်ရှိနေသည်။

စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် နိုင်ငံပိုင် နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ယခုလ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန်၏ ပိတ်ဆို့အရေးယူမှုအသစ်ကြောင့် ဒေါ်လာဈေး မြင့်တက်လာခြင်းနှင့်အတူ ပြည်တွင်း၌ အခြားအကျိုးဆက်များလည်း ပေါ်လာသည်။

ကန့်သတ်ချက်များအပြင် တရားမဝင် လုပ်ငန်းလည်ပတ်ရန် စစ်ကောင်စီဘက်က ဖိအားပေးသဖြင့် ကြွေးမြီ ဒေါ်လာ ၁၅၆ သန်းကို အဆုံးခံကာ မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း နှစ်ပေါင်း ၂၅ နှစ်ကြာ အသေးစား ငွေကြေးဝန်ဆောင်မှုပေးနေသည့် Pact Global Microfinance Fund (PGMF) က ယမန်နေ့တွင် ထုတ်ပြန်သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button