အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကြောင့် ပြည်ပတွင် ပိတ်မိနေသည့် ဒေါ်လာသန်းပေါင်းများစွာ ထုတ်ယူနိုင်ရေး စစ်ကောင်စီက လျှို့ဝှက်ဘဏ်စာရင်းများ ဖွင့်လှစ်ခိုင်းထားသည်။
နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ရရန်ရှိသည့် ငွေများကို လက်ခံနိုင်ရန်အလို့ငှာ မြန်မာ့စီးပွားရေးဘဏ် (MEB) တွင် “ကံ့ကော်” အမည်ဖြင့် အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်ငွေစာရင်းများ ဖွင့်လှစ်ပေးရန် စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက ဧပြီလအတွင်း ဗဟိုဘဏ်ကို အကြောင်းကြားခဲ့သည်။
Myanmar Now က ရရှိထားသည့် ထိုလျှို့ဝှက်စာအရ ယမန်နှစ် ဖေဖော်ဝါရီလအတွင်း ဥရောပသမဂ္ဂ၏ MOGE အပေါ် ပိတ်ဆို့အရေးယူမှုကြောင့် စစ်ကောင်စီထံ မရောက်ရှိဘဲ ပြည်ပတွင် ပိတ်မိနေသော ငွေပမာဏ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ရှိသည်။
ယမန်နှစ် ဖေဖော်ဝါရီလအတွင်း ဂျာမနီ၊ ပြင်သစ် အစရှိသော နိုင်ငံများ ပေါင်းစုထားသည့် ဥရောပသမဂ္ဂက MOGE ကို ပိတ်ဆို့အရေးယူခဲ့သောကြောင့် ရခိုင်ကမ်းရိုးတန်းရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ရရှိရန် ငွေကြေးများ အပါအဝင် အခြားစွမ်းအင်ကဏ္ဍမှ ရရှိမည့် နိုင်ငံခြားငွေများ နိုင်ငံပြင်ပတွင် ပိတ်မိနေခြင်းဖြစ်သည်။
ထို့ကြောင့် Beneficiary Name (အကျိုးခံစားခွင့်ရှိသူအမည်) နေရာတွင် MOGE ကိုယ်စား မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) ၌ “ကံ့ကော်” ဆိုသော ငွေစာရင်းဖြင့် လက်ခံနိုင်ရန် စစ်ကောင်စီက စီစဉ်ခြင်းဖြစ်သည်။
ပိတ်မိနေသည့် ငွေများတွင် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအတွက် တရုတ်နိုင်ငံပိုင် ရေနံကော်ပိုရေးရှင်း CNOUC ထံမှ ရရှိသည့် ဒေါ်လာ ၃၂၆ ဒသမ ၈၀ သန်း အပါအဝင် ထိုင်းသို့ တင်ပို့နေသော စီမံကိန်းများမှ ဝင်ငွေများလည်း ပါဝင်သည်။
“မူလစာချုပ်ပါ အမေရိကန်ဒေါ်လာဖြင့် လွှဲပြောင်းရန် ခက်ခဲသဖြင့် တရုတ်နိုင်ငံသုံးငွေကြေး (RMB)၊ ထိုင်းငွေကြေး (Baht) တို့ဖြင့် လက်ခံရမည့်အခြေအနေ ဖြစ်ပေါ်နေပါသည်” ဟု လွန်ခဲ့သော နှစ်လကျော်၌ ဗဟိုဘဏ်ထံ စွမ်းအင်ဝန်ကြီးဌာနက ပေးပို့ခဲ့သော ထိုလျှို့ဝှက်စာတွင် ဖော်ပြသည်။
ဥရောပသမဂ္ဂက MOGE ကို ယမန်နှစ်ကတည်းက စီးပွားရေးပိတ်ဆို့ထားခြင်းကြောင့် ဖြစ်ပေါ်နေသည့် အခက်အခဲများအပြင် ဇွန်လတွင် စစ်တပ်ထိန်းချုပ်သည့် နိုင်ငံပိုင်ဘဏ်ကြီးသုံးခုအနက် နိုင်ငံခြားငွေ အဓိကစီမံသည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့တော့မည်ကို ထိုစာ၌ ကြိုတင်သတိပေးထားသည့်အပြင် ထိုပိတ်ဆို့မှုများကို ရှောင်ရှားရန် ယခုကဲ့သို့ MOGE ကိုယ်စား “ကံ့ကော်” အမည်ဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် အကောင့်တစ်ခုဖွင့်ရန် စီမံခဲ့ခြင်းဖြစ်ကြောင်း ထိုစာတွင် ဖော်ပြထားသည်။
MFTB နှင့် MICB တို့ကို စီးပွားရေးပိတ်ဆို့လိုက်မှုကြောင့် စစ်ကောင်စီသည် မြန်မာ့စီးပွားရေးဘဏ်ကို နိုင်ငံခြားငွေလက်ခံရရှိရေးအတွက် သုံးစွဲလာနိုင်ကြောင်း၊ အကြောင်းမှာ မြန်မာ့စီးပွားရေးဘဏ်သည် MFTB နှင့် MICB တို့ကဲ့သို့ နိုင်ငံခြားငွေပမာဏအများအပြားကို စီမံခန့်ခွဲမှုမရှိသော်လည်း နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိခြင်းနှင့် အိမ်နီးချင်းနိုင်ငံရှိ နိုင်ငံခြားဘဏ်များနှင့် ဆက်နွှယ်မှုများလည်း ရှိနေသောကြောင့်ဖြစ်သည်ဟု မြန်မာနိုင်ငံဗဟိုဘဏ်ရှိ အဆင့်မြင့်အငြိမ်းစားအရာရှိများနှင့် MOGE ၏ ငွေစီးဆင်းမှုများအကြောင်း သုတေသနပြုလုပ်ခဲ့ဖူးသည့် ပညာရှင်များက ထောက်ပြသည်။
“မြန်မာပြည်ဘဏ်တွေက အဖြူအမဲ လုံးလုံးကွဲနေတာ မဟုတ်ဘူး။ MFTB က နိုင်ငံခြားငွေ အဓိကကိုင်တယ်ဆိုပေမဲ့ ကျပ်ငွေတွေကိုလည်း အလုံးအရင်းနဲ့ ကိုင်တာကို တွေ့ရတယ်။ ထိုနည်းတူ မြန်မာ့စီးပွားရေးဘဏ် (MEB) ကလည်း ပြည်တွင်းကျပ်ငွေကို အဓိကကိုင်တယ်ဆိုပေမဲ့ အမေရိကန်ဒေါ်လာလို နိုင်ငံခြားငွေစာရင်းတွေလည်း ရှိနေတာပဲ” ဟု မြန်မာပြည်ရှိ ဘဏ်များနှင့် မြန်မာနိုင်ငံ၏ သယံဇာတဝင်ငွေများကို သုတေသနပြုလုပ်ဖူးသူ ပညာရှင်တစ်ဦးက ထောက်ပြသည်။
“မြန်မာ့စီးပွားရေးဘဏ်ကို စီးပွားရေးပိတ်ဆို့လိုက်ရင်တော့ ကျောက်မျက်ပြပွဲတွေကနေ ရနေတဲ့ နိုင်ငံခြားငွေပါ ပိတ်ဆို့သွားနိုင်တယ်။ ကျောက်မျက်ကရနေတဲ့ ငွေတွေက MFTB ကို မသွားဘဲ မြန်မာ့စီးပွားရေးဘဏ်ကို သွားနေလို့ပဲဖြစ်တယ်။ ဒီလိုပိတ်လိုက်ရင်တော့ တစ်ခြားတစ်ဖက်က ကြည့်ရင် ပြည်သူလည်း ထိမှာပဲ”
ညှပ်ပူးညှပ်ပိတ် အရေးယူခံရမှု
စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ အမြောက်အမြားရှာဖွေပေးနေသည့် နိုင်ငံပိုင် MOGE ကို ပိတ်ဆို့ အရေးယူရေး ပြည်တွင်းပြည်ပရှိ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက အပူတပြင်း တောင်းဆိုခဲ့သည်။
၂၀၂၂ ဖေဖော်ဝါရီလတွင် MOGE ကို ပိတ်ဆို့အရေးယူကြောင်း ဥရောပသမဂ္ဂက ကြေညာသည်။ အာဏာသိမ်းမှု တစ်နှစ်ပြည့်မြောက်ချိန်တွင် အဖွဲ့ဝင် ၂၇ နိုင်ငံပါ ဥရောပနိုင်ငံများအဖွဲ့က စစ်ကောင်စီအပေါ် လေးကြိမ်မြောက် ပိတ်ဆို့အရေးယူရာ၌ စီးပွားရေးလုပ်ငန်း ၄ ခု၊ လူပုဂ္ဂိုလ် ၂၂ ဦးနှင့်အတူ MOGE လည်း ပါဝင်ခဲ့ခြင်းပင်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအနေဖြင့် ပထမဆုံးအကြိမ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူခံရခြင်းဖြစ်ကာ ယခင်စစ်အစိုးရလက်ထက်၌ MOGE ကို အရေးယူပိတ်ဆို့ရန် ဆော်ဩခဲ့ကြသော်လည်း အထမမြောက်ခဲ့ပေ။ မြန်မာ့အရေးနှင့် ပတ်သက်၍ အလုံးစုံစီးပွားရေးပိတ်ဆို့မှုများ ချမှတ်ခဲ့သည့်တိုင် ကင်းလွတ်ခဲ့ခြင်းဖြစ်သည်။
စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းပြီးနောက် ဒေါ်လာသန်း ၅၀၀ ကျော် MOGE ထံ မရောက်ဘဲ ပြည်ပတွင် ပိတ်မိနေခြင်းမှာ ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုကြောင့်ဖြစ်သည်။ လက်ရှိတွင် စစ်ကောင်စီအပေါ် အမေရိကန်နှင့် ဥရောပသမဂ္ဂ အပါအဝင် ကနေဒါ၊ ဗြိတိန်နှင့် ဩစတြေးလျတို့ကလည်း အရေးယူပိတ်ဆို့မှုများ ချမှတ်ထားရာ အခြားပိတ်မိနေသည်များလည်း ရှိနိုင်သည်။
နိုင်ငံခြားသုံးငွေ အဓိကရှာဖွေပေးနေသည့် MOGE ကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူထားသော်လည်း အမေရိကန်က အရေးယူခြင်း မရှိသေးပေ။ ကျယ်ကျယ်ပြန့်ပြန့်တောင်းဆိုမှုများ ရှိနေသည့်တိုင် စစ်ကောင်စီအတွက် ဝင်ငွေရပေါက်ရလမ်းကြီးဖြစ်သော MOGE ကို အမေရိကန်က တိုက်ရိုက်အရေးမယူခြင်းအပေါ် ပြစ်တင်ဝေဖန်မှုများလည်း ရှိသည်။
သို့သော် နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်အစိုးရက ပြီးခဲ့သည့်လ ၂၁ ရက်တွင် ကြေညာသည်။
မြန်မာပြည်သူများကို ထောက်ခံအားပေးကြောင်း ပြသရန်နှင့် စစ်ကောင်စီကို ဆက်လက်ဖိအားပေးရန် ထိုသို့ အရေးယူခြင်းဖြစ်ကြောင်း၊ မြန်မာစစ်တပ်သည် MOGE ကဲ့သို့သော နိုင်ငံပိုင်လုပ်ငန်းများမှ ရရှိသော ဝင်ငွေဖြင့် နိုင်ငံတကာဈေးကွက်ကို လက်လှမ်းမီသည့် MICB နှင့် MFTB ဘဏ်တို့မှတစ်ဆင့် စစ်လက်နက်ပစ္စည်းများ ဝယ်ယူနေကြောင်း အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဥရောပသမဂ္ဂ၏ အရေးယူမှုကြောင့် ပြည်ပ၌ ဒေါ်လာသန်းပေါင်းများစွာ ပိတ်မိနေချိန် နိုင်ငံခြားဆက်ဆံမှုအများဆုံးနှင့် နိုင်ငံတကာတွင် ချိတ်ဆက်ထားသည့် Corresponding Bank Account အများဆုံးရှိသည့် နိုင်ငံပိုင်ဘဏ်ကြီးနှစ်ခု ပိတ်ဆို့ခံရခြင်းမှာ စစ်ကောင်စီအတွက် တစ်ပူပေါ်နှစ်ပူဆင့်သည့်အရေးဖြစ်သည်။
“ဒီဘဏ်နှစ်ခုက နိုင်ငံခြားဆက်ဆံမှု အများဆုံးဘဏ်တွေလေ။ အစိုးရဌာနတွေရဲ့ Transaction (ငွေလွှဲပြောင်းမှု) တွေအားလုံးက ဒီဘဏ်နှစ်ခုကို ဖြတ်ပြီးတော့ သွားကြတာ။ ငွေသွင်းငွေယူကိစ္စတွေမှာ အများကြီး ရိုက်ခတ်မှုဖြစ်နိုင်တယ်” ဟု ဗဟိုဘဏ်အရာရှိဟောင်းတစ်ဦးက Myanmar Now ကို ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်ကလည်း MOGE ကို အမေရိကန်က အရေးယူခြင်းမရှိသေးသော်လည်း ယင်းလုပ်ငန်းမှ ရရှိသည့် ဝင်ငွေများကို လက်ခံပေးနေသည့် ဘဏ်ကြီးနှစ်ခုကို အရေးယူလိုက်ခြင်းက ထိရောက်သည်ဟု မှတ်ချက်ပြုသည်။
“အရပ်ပြောပြောရရင် (စစ်ကောင်စီ) ပြာတောက်နေတယ်။ ကျွန်တော်တို့ သတင်းစကားတွေလည်း ကြားရတယ်။ အခု ကျော်ဖို့ခွဖို့ကိုလည်း နည်းလမ်းပေါင်းစုံ သုံးနေတာလည်း ရှိတယ်။ ဒါပေမဲ့ ကျော်ဖို့ခွဖို့ဆိုတာက ယခင်နဲ့ မတူတာရှိတယ်”
ရဲတံခွန်၊ ရွှေ၊ ဇောတိကနှင့် ရတနာစွမ်းအင်စီမံကိန်းများမှ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀၀ ကျော်ရှိ သဘာဝဓာတ်ငွေ့ရောင်းရငွေများ လက်ဝယ်ရောက်ရှိရေး စစ်ကောင်စီက နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေသည့်နည်းတူ NUG ကလည်း ထိုငွေများ စစ်ကောင်စီထံ မရောက်ရှိရေး ဘဏ္ဍာရေးစစ်ပွဲတစ်ခုနှယ် သဘောထားသည်ဟု ဦးတင်ထွန်းနိုင်က ဆိုသည်။
“ဒါသည် စစ်ပွဲပဲ။ သူတို့အပေါက်တွေကို ရသမျှလိုက်ပြီး ပိတ်ရမှာပဲ။ တိုက်ခိုက်ရမယ်။ ပိတ်ဆို့ရမယ်။ ဟန့်တားရမယ်။ ဒါကလည်း ကျွန်တော်တို့အလုပ်ပဲ”
ပိတ်ဆို့မှုကို စစ်ကောင်စီ ဘယ်လိုရှောင်ကွင်းနိုင်သလဲ
အမေရိကန်က ပိတ်ဆို့လိုက်လိုက်သည့် MICB နှင့် MFTB ဘဏ်တို့မှာ နိုင်ငံခြားသုံးငွေနှင့် ပတ်သက်၍ အခရာအကျဆုံးဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အများဆုံးချိတ်ဆက်ထားသည်။
နိုင်ငံပိုင်ဘဏ်ကြီးနှစ်ခုကို ကနေဒါနိုင်ငံနှင့် အမေရိကန်တို့က ပိတ်ဆို့အရေးယူလိုက်ပြီဖြစ်ရာ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ရောင်းရငွေများသာမက နိုင်ငံခြားသုံးငွေဖြင့် လည်ပတ်ရသည့် ကုန်သွယ်ရေးလုပ်ငန်းများလည်း အကြီးအကျယ်ထိခိုက်မည်ဖြစ်သည်။
နိုင်ငံပိုင် MFTB ဘဏ်မှာမူ နိုင်ငံတကာတွင် ချိတ်ဆက်ထားသည့် (Corresponding Bank) ဘဏ်အရေအတွက် အနည်းဆုံး ၅၀ အထိ ရှိပြီး ထိုဘဏ်များမှာ စင်ကာပူ၊ ဗြိတိန်၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဂျာမနီ၊ ဆွတ်ဇာလန်တို့အပါအဝင် နိုင်ငံအများအပြားရှိ ဘဏ်ကြီးများနှင့် ချိတ်ဆက်ထားသည်ဟု ၂၀၁၈ ခုနှစ်အတွင်း NRGI နှင့် Renaissance Institute တို့ ပူးပေါင်းပြုစုခဲ့သော နိုင်ငံပိုင်လုပ်ငန်းများအကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
ဘဏ်လုပ်ငန်းကျွမ်းကျင်သူများ အဆိုအရ MICB နှင့် MFTB ဘဏ်နှစ်ခု၏ Corresponding Bank Account အရေအတွက်မှာ ထိုပမာဏထက် ကျော်လွန်သည်ဟု သိရသည်။
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးငွေပေးချေမှုများသာမက အစိုးရဌာနများ၏ နိုင်ငံခြားငွေစာရင်းအတွက် မဖြစ်မနေသုံးစွဲရသည့် MFTB ဘဏ်သည် အမေရိကန်အခြေစိုက် Bank of America နှင့် ဗြိတိန်အခြေစိုက် Standard Chartered ကဲ့သို့သော ဘဏ်ကြီးများနှင့်ပါ ချိတ်ဆက်ထားပြီး ကွန်ရက်အကြီးမားဆုံးဘဏ်ဖြစ်သည်ဟု MFTB ဘဏ်အရာရှိဟောင်းတစ်ဦးက ဆိုသည်။
“(နိုင်ငံခြားငွေဝင်ထွက်မှုအတွက်) ပင်မထွက်ပေါက်ဖြစ်နေတာပေါ့။ တခြားရှိနေရင်တောင် ဒီကောင်လောက် အရေးမပါဘူး။ ပုဂ္ဂလိကဘဏ်တွေကနေ လွှဲနိုင်တဲ့လမ်းကြောင်း ရှိကောင်းရှိမယ်။ ဒါပေမဲ့ ဒါတွေက မပြောပလောက်ဘူး”
နိုင်ငံတကာတွင် Corresponding Bank Account အများဆုံးရှိသည့် MICB နှင့် MFTB ဘဏ်တို့ ပိတ်ဆို့အရေးယူခံလိုက်ရပြီးနောက် နိုင်ငံခြားသုံးငွေနှင့် ပတ်သက်၍ စစ်ကောင်စီအတွက် အားကိုးအားထားပြုဖွယ်ရာ နိုင်ငံပိုင်ဘဏ်အနေဖြင့် မြန်မာ့စီးပွားရေးဘဏ် (MEB) တစ်ခုတည်းသာ ရှိတော့သည်။
ပြည်တွင်း ငွေအလွှဲအပြောင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံပိုင် MEB ဘဏ်မှာ ပြိုင်ဘက်မရှိပေ။ MICB နှင့် MFTB ကဲ့သို့ နိုင်ငံတကာချိတ်ဆက်မှု အားမကောင်းသော်လည်း Corresponding Bank Account အနည်းနှင့်အများရှိသည်ဟုလည်း သိရသည်။
စစ်ကောင်စီအနေဖြင့် MICB နှင့် MFTB ဘဏ်တို့အစား ပုဂ္ဂလိကဘဏ်များကို လုပ်ပိုင်ခွင့်ပေးနိုင်သော်လည်း လက်တွေ့အကောင်အထည်ဖော်ရန် ခက်ခဲမည်ဟု ဘဏ်လုပ်ငန်းကျွမ်းကျင်သူလည်းဖြစ်သည့် ဗဟိုဘဏ်အရာရှိဟောင်းက ဆိုသည်။
“ပုဂ္ဂလိကကို သွားဖို့ဆိုတာလည်း ချက်ချင်းကောက်လုပ်လို့ မရဘူး။ ယန္တရားတစ်ခု တည်ဆောက်ဖို့က အဲလောက်မလွယ်ဘူးလေ။ စည်းကမ်းချင်းလည်း မတူဘူး။ အတိုင်းအတာချင်းလည်း မတူဘူး။ နောက်ပြီး နိုင်ငံတကာငွေကြေးစီးဆင်းမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) ကလည်း မြန်မာကို နာမည်ပျက်စာရင်းထဲ ထည့်ထားတော့ ပုဂ္ဂလိကဘဏ်တွေကလည်း အခုချိန်မှာ ရုန်းကန်နေရတဲ့အချိန်ဖြစ်တယ်”
FATF အဖွဲ့က မြန်မာနိုင်ငံသည် အကြမ်းဖက်မှုနှင့် ငွေကြေးခဝါချမှုများကို နိုင်ငံဘဏ်စနစ်ကို အသုံးချပြီး ပြုလုပ်လာနိုင်ကြောင်း နိုင်ငံတကာဘဏ်များအနေဖြင့် အထူးကြပ်မတ်စိစစ်ရန် ဇွန်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ပြည်ပတွင် ပိတ်မိနေသော ဒေါ်လာများထုတ်ယူရေးအတွက် စစ်ကောင်က မြန်မာ့စီးပွားရေးဘဏ်၌ ဒေါ်လာ၊ ယွမ်နှင့် ထိုင်းဘတ်သုံး ငွေစာရင်းများ ဖွင့်လှစ်စေခဲ့ပြီဖြစ်ရာ အခြားသော လုပ်ငန်းဆောင်တာများအတွက်လည်း လက်ကျန်နိုင်ငံပိုင်ဘဏ်ကို ပို၍ အားထားလာနိုင်သည်။
ပိတ်ဆို့မှုများကို ရှောင်ကွင်းရန် အာဏာသိမ်း စစ်တပ်က ကြိုးပမ်းအားထုတ်လာသော နည်းလမ်းများအနက် စစ်ကောင်စီအနေဖြင့် တရုတ်ယွမ်ငွေ၊ ထိုင်းဘတ်ငွေကဲ့သို့သော အခြားသော Currency (ငွေကြေး) များကို ပြောင်းလဲအသုံးပြုလာခြင်း၊ အစိုးရဌာနများ၏ နိုင်ငံခြားငွေစာရင်းအတွက် ပုဂ္ဂလိကဘဏ်များကို လုပ်ပိုင်ခွင့်ပေးခြင်း၊ အထက်ပါအတိုင်း လျှို့ဝှက်ဘဏ်အကောင့်များ ဖွင့်လှစ်ခြင်း၊ နိုင်ငံတကာကုန်သွယ်ရေးအတွက် ကြားခံကုမ္ပဏီများအသုံးပြုခြင်းတို့ ပါဝင်နိုင်သည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရန် နှစ်ရှည်စာချုပ်ချုပ်ဆိုထားသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်း လေးခုအနက် မုတ္တမကမ်းလွန်ရှိ ရတနာ၊ ရဲတံခွန်နှင့် ဇောတိကစီမံကိန်းတို့မှ သဘာဝဓာတ်ငွေ့ကို ထိုင်းသို့ တင်ပို့နေခြင်းဖြစ်ကာ ရခိုင်ကမ်းလွန် ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းသည် တရုတ်သို့ တင်ပို့ရောင်းချနေသည်။
အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံတကာရေနံကုမ္ပဏီကြီးအချို့ ထွက်ခွာသွားပြီးနောက် မုတ္တမကမ်းလွန်ရှိ စီမံကိန်းသုံးခုလုံးကို ထိုင်းရေနံကုမ္ပဏီများက ဦးဆောင်လုပ်ကိုင်လျက်ရှိသည်။ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကို တောင်ကိုရီးယားနိုင်ငံမှ Posco ကုမ္ပဏီက အော်ပရေတာအဖြစ် လုပ်ကိုင်နေသည်။ ထိုစီမံကိန်းများတွင် တောင်ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့မှ ကုမ္ပဏီများနှင့်အတူ MOGE က ပါဝင်ရင်းနှီးမြှုပ်နှံထားသည်။
အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံတကာကုမ္ပဏီကြီးများ ထွက်ခွာသွားခြင်း၊ ဖွံ့ဖြိုးရေးအကူအညီနှင့် ချေးငွေများရပ်ဆိုင်းသွားခြင်း၊ ကုန်ထုတ်လုပ်မှုလျော့ကျကာ ပို့ကုန်ဝင်ငွေနည်းလားခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ထပ်မံဝင်ရောက်မလာတော့ခြင်း စသော အကြောင်းများကြောင့် နိုင်ငံခြားငွေ ခန်းသည်ထက်ခန်းလာသော စစ်ကောင်စီအတွက် ရေနံနှင့် သဘာဓာတ်ငွေ့လုပ်ငန်းသည် အဓိကအားထားရာ ဖြစ်နေသည်။
စစ်ကောင်စီက လျှို့ဝှက်ဘဏ်စာရင်းများဖြင့် လက်ခံရယူရန် ကြိုးပမ်းနေသည့် ဒေါ်လာ သန်း ၅၀၀ ကျော်မှာ ရေနံနှင့် သဘာဓာတ်ငွေ့လုပ်ငန်း၏ ဝင်ငွေတချို့တစ်ဝက်သာဖြစ်သည်။
မုတ္တမကမ်းလွန်ရှိ ရတနာ၊ ရဲတံခွန်နှင့် ဇောတိကစီမံကိန်းများမှ သဘာဝဓာတ်ငွေ့ရောင်းရငွေများမှာ ထိုင်းနိုင်ငံ၏ ထိပ်သီးဘဏ်တစ်ခုဖြစ်သော Siam Commercial Bank တွင် ထားရှိသည်ဟု သိရသည်။
MOGE ဝန်ထမ်းဟောင်းတစ်ဦးကလည်း ထိုအချက်ကို အတည်ပြုပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ ရောင်းရငွေများနှင့် ပတ်သက်၍ ထိုင်းရှိ Siam Commercial နှင့် စင်ကာပူရှိ United Overseas Bank (UOB) တို့အပါအဝင် နိုင်ငံတကာဘဏ်အများအပြားတွင် လှည့်လည်ထားရှိသည်ဟု ဆိုသည်။
ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူပြီးနောက်ပိုင်း ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ဝင်ငွေများ ပိတ်မိနေကာ ယခုတစ်ကြိမ် နိုင်ငံပိုင်ဘဏ်နှစ်ခုကို အမေရိကန်က အရေးယူလိုက်သဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းဆောင်တာများ အခက်တွေ့နိုင်သည်ဟုလည်း အထက်ပါ MOGE ဝန်ထမ်းဟောင်းက ပြောသည်။
“ပစ္စည်းဝယ်တာတို့ ဘာတို့ ခက်ပြီပေါ့။ ပစ္စည်းတင်တာ သွင်းတာတွေ ခက်ပြီပေါ့။ ပိုက်ဆံတွေ ဘာတွေကတော့ ခက်နေတာပေါ့။ အခုလောလောဆယ် POSCO (ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအော်ပရေတာ) က သွင်းတဲ့ပိုက်ဆံတွေကလည်း တစ်နေရာမှာ နည်းနည်းခက်နေတာပေါ့” ဟု ၎င်းက ဆိုသည်။
“မုတ္တမကမ်းလွန် ရဲတံခွန်စီမံကိန်းက သဘာဝဓာတ်ငွေ့ဝယ်နေတဲ့ ထိုင်းနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ PTT ဆီကတော့ ဆက်ရတာပေါ့။ ဘတ်နဲ့ပဲ ရှင်းလိုက် ဘာနဲ့ပဲ ရှင်းလိုက်ရတာပေါ့။ လက်ရှိတော့ ဘာဖြစ်မယ် မသိဘူး။ ရခိုင်ကဓာတ်ငွေ့ကို တရုတ်ကို ရောင်းတဲ့ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းက ယွမ်နဲ့ သွားလို့ရပြီ ကြားတာပဲ။ ငွေကြေးစီးဆင်းမှုအရတော့ ယခင်ကဆို စင်ကာပူဘဏ်တွေက အဆင်ပြေပေမဲ့ စင်ကာပူက UOB ဘဏ်ကလည်း ခုတော့ (စစ်ကောင်စီအတွက်) သိပ်အဆင်မပြေဘူး။ MFTB ကို ပိတ်ဆို့လိုက်ရင် ဒေါ်လာစီးဆင်းလို့ မရတော့ဘူးလေ”
အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကြောင့် အိမ်နီးချင်းများနှင့် ကုန်သွယ်ရေးတွင် ဒေါ်လာအစား ယွမ်၊ ထိုင်းဘတ်နှင့် အိန္ဒိယ ရူပီးငွေများ အစားထိုးအသုံးပြုရန် စစ်ကောင်စီက အာဏာသိမ်းပြီးစကတည်း က စီစဉ်ခဲ့သော်လည်း လက်တွေ့အလုပ်မဖြစ်သဖြင့် မကြာခဏ ညွှန်ကြားချက်အပြောင်းအလဲများ ထုတ်ပြန်နေသည်။
နိုင်ငံပိုင်ဘဏ်ကြီးနှစ်ခုပါ ပိတ်ဆို့အရေးယူခံလိုက်ပြီးနောက် စစ်ကောင်စီက ဒေါ်လာအစားထိုး အခြားငွေကြေးများ အသုံးပြုရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းလာသည်။ ထို့ပြင် ရုရှားနိုင်ငံမှ Mir ငွေပေးချေကတ်စနစ်ကို အသုံးပြုနိုင်ရန်လည်း စစ်ကောင်စီက အားထုတ်လျက်ရှိသည်။
သဘာဝဓာတ်ငွေ့ရောင်းရငွေကို အကြောင်းပြုကာ နိုင်ငံပိုင်ဘဏ်ကြီးနှစ်ခု အရေးယူခံရသည့်အတွက် အနည်းနှင့်အများ ထိခိုက်နိုင်သော်လည်း အခြားနည်းလမ်းဖြင့် ကျော်လွှားနိုင်သည်ဟု ပြည်တွင်းရှိ ရေနံကုမ္ပဏီပိုင်ရှင်တစ်ဦးက ဆိုသည်။
“MOGE မှာ အရင်လို မဝင်တော့ပါဘူး။ သူ့မှာရှိတာ လေးခုထဲမှာ နှစ်ခုက ဓာတ်ငွေ့ကုန်သလောက် ဖြစ်နေပြီ။ တစ်ခုက တရုတ်ကို ရောင်းတယ်၊ တစ်ခုက ထိုင်းကို ရောင်းတယ်။ တရုတ်နဲ့ကတော့ အရင်လည်း ငွေပေးငွေယူ ရှိနေတော့ ဒေါ်လာနဲ့ မချေ ယွမ်နဲ့ ချေမှာပေါ့ဗျာ။ …ထိုင်းကလည်း ထိုင်းဘတ်ငွေနဲ့ ချေမှာပေါ့ဗျာ”
“ကျွန်တော်တို့နိုင်ငံရဲ့ အကြီးဆုံးကုန်သွယ်ဘက်က တရုတ်နဲ့ ထိုင်းလေ။ သူတို့နှစ်ခုပေါင်းတာက ၅၀ ရာခိုင်နှုန်းနီးပါး ရှိတယ်။ အရင်က လွယ်တာတော့ ခက်သွားမယ်။ ဒါပေမဲ့ လုံးဝကြီးပိတ်သွားဖို့တော့ ခက်ပါတယ်။ အရင်ကလည်း ဒီလိုပဲ ဟိုဘက်ပတ်လိုက် ဒီဘက်ကပတ်လိုက်နဲ့ လုပ်နေကြတာပဲလေ”
ယခင်စစ်အစိုးရလက်ထက်တွင် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုကို ရှောင်ရှားနိုင်ရန် စင်ကာပူနိုင်ငံရှိ ကုမ္ပဏီများနှင့် ဘဏ်ကို အားထားသုံးစွဲခဲ့သော်လည်း လက်ရှိ၌ စင်ကာပူသည် အမေရိကန်၏ လမ်းကြောင်းကို လိုက်ပြီး ပိတ်ဆို့မှုများ ပြုလုပ်လာသည်ဟု ထိုလုပ်ငန်းရှင်က ဆိုသည်။
“ဒါပေမဲ့ ကံကောင်းတာက ထိုင်းတို့ဘာတို့မှာ ဘဏ်စနစ်တွေ အရမ်းကောင်းလာတယ်။ အခု ထိုင်းအခြေအနေက လွန်ခဲ့တဲ့အနှစ် ၂၀ က စင်ကာပူဘဏ်တွေမျိုး ဖြစ်လာပြီ။ နိုင်ငံခြားသားအကောင့်တွေကိုလည်း ဖွင့်ခွင့်ပေးတယ်။ နောက် ကမ္ဘောဒီးယားကလည်း ဖွင့်ခွင့်ပေးတယ်။ နောက် ဒူဘိုင်းတို့ ဘာတို့ကလည်း ဖွင့်ခွင့်တွေပေးတယ်ဆိုတော့ နည်းနည်းတော့ ခုနကပြောသလို တစ်နာရီသွားရမယ့် ခရီးက လေးနာရီ ကြာသွားမယ်။ အဲဒီတော့ နည်းနည်း အချိန်ပိုကုန်တယ်။ အချိန်ဆိုတာ ပိုက်ဆံပဲလေ”
သို့သော် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ချိတ်ဆက်ထားသည့် နိုင်ငံပိုင်ဘဏ်နှစ်ခု ပိတ်ဆို့အရေးယူခံရသည်ဖြစ်ရာ အခြားငွေကြေးစနစ် ပြောင်းသုံးနိုင်သော်လည်း မြန်မာနိုင်ငံအနေဖြင့် ငွေကြေးခဝါချမှုနှင့် ပတ်သက်၍ အမည်ပျက်စာရင်း ထည့်သွင်းခံထားရသဖြင့် အခက်အခဲရှိနေဦးမည်ဖြစ်ကြောင်း ဗဟိုဘဏ်အရာရှိဟောင်းက ထောက်ပြသည်။
“ကျွန်တော်တို့နဲ့ ဆက်ဆံတဲ့ဘဏ်တွေက ပုဂ္ဂလိကဖြစ်ဖြစ် အစိုးရဘဏ်ဖြစ်ဖြစ် ဟိုဘက်က Corresponding လုပ်တဲ့ဘဏ်တွေက အရမ်းသတိထားပြီးတော့ စစ်တယ်။ အရင်လို မလွယ်ဘူး။ ပုံမှန်ထက် ပိုစစ်တယ်”
မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလွှဲပြောင်းမှု (Transaction) ၈၀ ရာခိုင်နှုန်းမှာ အမေရိကန်ဒေါ်လာဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း ၇၀ ရာခိုင်နှုန်းအထက် သုံးစွဲနေဆဲဖြစ်ကြောင်း၊ နိုင်ငံတကာဘဏ်များသည်လည်း ငွေကြေးတည်ငြိမ်မှုအရ ဒေါ်လာငွေစာရင်းကိုသာ အများဆုံးထားရှိကြောင်းလည်း ၎င်းက ပြောသည်။
ပိတ်ဆို့မှု ရှောင်ရှားရေး စစ်ကောင်စီ၏ နောက်ထပ်နည်းလမ်းတစ်ခုမှာ အမည်လွှဲများဖြင့် ကြားခံကုမ္ပဏီများကို အသုံးပြုခြင်းဖြစ်သည်။ နီးစပ်သည့်လုပ်ငန်းရှင်များဖြင့် ပြည်တွင်းပြည်ပတွင် ကုမ္ပဏီခွဲများတည်ထောင်ကာ ငွေလွှဲခြင်းများနှင့် လိုအပ်သောပစ္စည်းများ ဝယ်ယူတင်သွင်းခြင်းများတွင် အသုံးချလေ့ရှိသည်။
စစ်တပ်ပိုင်ကုမ္ပဏီများသည် အမည်ပြောင်းလှုပ်ရှားကာ အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုကို ရှောင်းရှားကာ စီးပွားရေးဆက်လုပ်နေသည်ဟု ဗြိတိန်အခြေစိုက် Global Witness နှင့် Earthrights International အဖွဲ့တို့ ပူးပေါင်းကာ လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
ပိတ်ဆို့အရေးယူခံထားရသည့် စစ်တပ်ပိုင် မြဝတီကုန်သွယ်ရေးကုမ္ပဏီသည် ဘုန်းမင်းမြတ်ဟူသော အမည်ဖြင့် ကုမ္ပဏီသစ်ထူထောင်ကာ စက်သုံးဆီနှင့် စားအုန်းဆီများ တင်သွင်းနေပြီး၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတတ် (MEHL) သည်လည်း မိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်သော Ever Meter မှတစ်ဆင့် ပြည်ပမှ ငွေလွှဲပြောင်းရယူခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ပိုင် အင်းဝဘဏ်နှင့် ဩစတြေးလျအခြေစိုက် ANZ ဘဏ်၊ စင်ကာပူမှ UOB နှင့် ဗီယက်နမ်ဘဏ် BIDV တို့အကြား ငွေကြေးလွှဲပြောင်းမှုမှတ်တမ်းများရှိနေကြောင်း Distributed Denial of Secrets ဆိုသောအဖွဲ့က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ဖွင့်ချခဲ့သည်။
သို့သော် စစ်ကောင်စီအနေဖြင့် နိုင်ငံတကာငွေပေးချေမှုများတွက် အလွယ်ဆုံးနည်းလမ်းအနေဖြင့် အခြားငွေကြေးများ အစားထိုးသုံးစွဲခြင်းကို ဦးစားပေးရွေးချယ်လာနိုင်သည်ဟု ဗဟိုဘဏ်ဝန်ထမ်းဟောင်းက ဆိုသည်။
“ဥပမာ တရုတ်ယွမ်နဲ့ ပြောင်းပြီးတော့ ဖွင့်မယ်။ ယူရိုနဲ့ ပြောင်းပြီးတော့ ဖွင့်မယ်။ အဖြစ်နိုင်ဆုံး အလွယ်ဆုံးနည်းလမ်းပေါ့လေ”
ဒေါ်လာဘီလျံချီရနေသော ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း
မြန်မာနိုင်ငံအနေဖြင့် လက်ရှိ တူးဖော်ထုတ်လုပ်နေဆဲ ကမ်းလွန်ရေနံစီမံကိန်းလေးခုအပြင် ထိုင်းနှင့် တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ပိုက်လိုင်းစီမံကိန်းများမှလည်း နှစ်စဉ် အမေရိကန်ဒေါ်လာငွေများ ရရှိနိုင်သည်။ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချခြင်းအပြင် တရုတ်-မြန်မာရေနံပိုက်လိုင်း အပါအဝင် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများအတွက် ဖြတ်သန်းခ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း စာချုပ်များအတွက် နှစ်စဉ်ပေးသွင်းရသည့် အခြားဆက်စပ် အခွန်အခများလည်း ရှိသေးသည်။
အာဏာမသိမ်းမီ ရေးဆွဲခဲ့သော ရသုံးမှန်းခြေငွေစာရင်း (ဘတ်ဂျက်) အရ ၂၀၂၂ ခုနှစ် မတ်လအထိ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ ကျပ်ငွေ ၂,၃၀၅ ဘီလျံ ရရှိရန် ခန့်မှန်းထားသည်။ အမေရိကန်ဒေါ်လာအားဖြင့် ၁ ဒသမ ၄ ဘီလျံကျော်ရှိကာ တစ်နိုင်ငံလုံးစုစုပေါင်းဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းသော ပမာဏဖြစ်သည်။
စစ်ကောင်စီကို ဆန့်ကျင်နေသော သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု (Blood Money) အဖွဲ့အဆိုအရ အာဏာသိမ်းပြီး နှစ်နှစ်တာအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ ဒေါ်လာ ၂ ဒသမ ၂၅ ဘီလျံ ဝင်ငွေရရှိခဲ့ပြီး ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချနေသော ရတနာစီမံကိန်းတစ်ခုတည်းမှပင် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံရှိသည်ဟု ဆိုသည်။
မုတ္တမကမ်းလွန်ရှိ ရတနာ၊ ရဲတံခွန်နှင့် ဇောတိကစီမံကိန်းသုံးခုလုံးမှ ထုတ်လုပ်ရရှိသော သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေခြင်းဖြစ်ကာ ထိုင်းအစိုးရ၏ အကောက်ခွန်ဦးစီးဌာနစာရင်းများအရ မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ဝယ်ယူခြင်းအတွက် ကုန်ကျသည့်ပမာဏမှာ ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ ၁ ဒသမ ၇ ဘီလျံ၊ ၂၀၂၂ ခုနှစ်တွင် ၂ ဒသမ ၄ ဘီလျံ၊ ယခုနှစ် မေလကုန်အထိ သန်း ၉၀၀ နီးပါးရှိသည်။
ထို့အတူ တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချနေသည့် ရခိုင်ကမ်းလွန်ရှိ ရွှေစီမံကိန်းမှ ဝင်ငွေသည်လည်း ပြီးခဲ့သည့်နှစ်တွင် ဒေါ်လာ ၁ ဒသမ ၄ ဘီလျံရှိသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ဖူးသည်။
စစ်ကောင်စီအနေဖြင့် သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချခြင်းအပြင် တရုတ်နှင့် ထိုင်းနိုင်ငံသို့ သွယ်တန်းထားသည့် ရေနံပိုက်လိုင်း၊ သဘာဓာတ်ငွေ့ပိုက်လိုင်းများမှလည်း သီးခြားဝင်ငွေများ ရရှိနိုင်သည်။ အဆိုပါ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြီးများတွင် ရင်းနှီးမြှုပ်နှံထားသည့် ပြည်ပကုမ္ပဏီများအနေဖြင့် အကျိုးအမြတ်ကြီးစွာ ရရှိနေကြောင်း ဗြိတိန်အခြေစိုက် Finance Uncovered အဖွဲ့နှင့် ပူးပေါင်း၍ Myanmar Now က ၂၀၂၁ ခုနှစ်အတွင်း သတင်းရေးသားခဲ့ပြီးဖြစ်သည်။
ထိုင်းနိုင်ငံသို့ သွယ်တန်းထားသည့် ပိုက်လိုက်များအနက် ရတနာစီမံကိန်းမှ မုတ္တမသဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးကုမ္ပဏီသည် ၂၀၁၉ ခုနှစ်အထိ အမြတ်ငွေ ဒေါ်လာ ၁ ဒသမ ၂၃ ဘီလျံ ရရှိခဲ့ပြီး ပိုက်လိုင်းလည်ပတ်မှုကုန်ကျစရိတ်မှာ ဒေါ်လာ ၂၂ ဒသမ ၃ သန်းသာ ရှိသည်။
ထို့အတူ ၂၀၁၇ မှ ၂၀၁၉ အထိ ရဲတံခွန်စီမံကိန်းမှ တနင်္သာရီပိုက်လိုင်းကုမ္ပဏီသည် ဒေါ်လာ ၃၀၈ သန်း၊ ဇောတိကစီမံကိန်းမှ အက်ဒမန်သယ်ယူပို့ဆောင်ရေးကုမ္ပဏီသည် ၃၆၂ သန်း၊ ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီသည် ၄၄၂ သန်း စသည်ဖြင့် အမြတ်ငွေ အသီးသီးရရှိခဲ့ကြသည်။
ထိုင်းနှင့် တရုတ်သို့ သဘာဝဓာတ်ငွေ့ တင်ပို့နေသော ပိုက်လိုက်များတွင် ရင်းနှီးမြှုပ်နှံထားသူများအနေဖြင့် ၂၀၁၇ မှ ၂၀၁၉ အထိ သုံးနှစ်စာအမြတ်ဝေစု ဒေါ်လာ ၁ ဒသမ ၁၁ ဘီလျံ ရရှိခဲ့ပြီး MOGE က ဒေါ်လာ ၁၆၈ သန်းဖြစ်သည်။
ထိုပိုက်လိုင်းများတွင် တရုတ်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီများနှင့်အတူ နိုင်ငံပိုင် MOGE ကလည်း ရာခိုင်နှုန်းအနည်းငယ်စီဖြင့် ပါဝင်ရင်းနှီးမြှုပ်နှံထားသည်။ ထိုစီမံကိန်းများတွင် ပြင်သစ်ရေနံကုမ္ပဏီ Total၊ အမေရိကန် Chevron ကုမ္ပဏီတို့လည်း ပါဝင်ရင်းနှီးမြှုပ်နှံခဲ့သည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၅ နှစ်ကျော် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လာသည့် Total ကုမ္ပဏီသည် အကြီးဆုံးကမ်းလွန်ရေနံစီမံကိန်းမှ နုတ်ထွက်သည့်အပြင် ၎င်းပါဝင်ရင်းနှီးမြှုပ်နှံထားသည့် အခြားစီမံကိန်းများလည်း ရပ်ဆိုင်းထားမည်ဟု ကြေညာခဲ့သည်။
မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု Total နှင့်အတူ လုပ်ကိုင်နေသည့် Chevron က ကြေညာထားသော်လည်း လက်ရှိအချိန်ထိ မုတ္တမကမ်းလွန်တွင် ရှိနေဆဲဖြစ်သည်။ အမေရိကန်ရေနံကုမ္ပဏီရှိနေဆဲဖြစ်ရာ MOGE ကို အမေရိကန်က ရုတ်တရက်အရေးယူနိုင်ဖွယ် မရှိဟုလည်း ယူဆရသည်။
စစ်ကောင်စီက ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နေဆဲဖြစ်ရာ အနောက်နိုင်ငံများအနေဖြင့် ယခုထက် ပိုမိုပြင်းထန်သော ပိတ်ဆို့မှုများ ချမှတ်နိုင်သည်ဟူသော ယူဆချက်များလည်း ရှိသည်။
ယခင်စစ်အစိုးရလက်ထက်တွင်လည်း MFTB နှင့် MICB ဘဏ်တို့ ပိတ်ဆို့ခံရဖူးရာ မြန်မာစစ်တပ်အတွက် အထူးအဆန်းမဟုတ်တော့သော်လည်း တစ်ခုတည်းသော လက်ကျန်နိုင်ငံပိုင်ဖြစ်သည့် MEB ဘဏ်ကိုပါ ပိတ်ဆို့အရေးယူလိုက်မည်ဆိုပါက စစ်ကောင်စီအတွက် အခက်ခဲဆုံးဖြစ်သွားနိုင်သည်ဟု နိုင်ငံခြားဘဏ်ဝန်ထမ်းတစ်ဦးက ဆိုသည်။
“မြန်မာ့စီးပွားရေးဘဏ်ကို Sanction ချလိုက်ရင် သက်ရောက်မှု အကြီးကြီးရှိသွားနိုင်တယ်။ ငွေကြေးစီးဆင်းမှုတွေ လုံးဝမဖြစ်နိုင်တော့ဘူး။ ODA (ဖွံ့ဖြိုးရေးချေးငွေအကူအညီ) တွေရှိတယ်။ အစိုးရချင်း ချေးထားတဲ့ငွေတွေရှိတယ်။ အကယ်၍ MEB ကို ချလိုက်ရင် သက်ရောက်မှုက အရမ်းကြီးသွားမယ်”
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)