သတင်း

အီးယူပိတ်ဆို့မှုကြောင့် တရုတ်ကို ဓာတ်ငွေ့တင်ပို့ရောင်းချငွေများ ပိတ်မိနေ

ဥရောပသမဂ္ဂ (အီးယူ) ၏ ဒဏ်ခတ်အရေးယူမှုကြောင့် တရုတ်နိုင်ငံသို့ တင်ပို့သည့် သဘာဝဓာတ်ငွေ့ ရောင်းရငွေများ အာဏာသိမ်းစစ်ကောင်စီထံ မရောက်ရှိဘဲ ပြည်ပဘဏ်စာရင်းတွင် ပိတ်နေသည်ဟု သိရှိရသည်။

နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အီးယူက ယခုနှစ် ဖေဖော်ဝါရီလတွင် အ ရေးယူပိတ်ဆို့ခဲ့ရာ ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ တရုတ်နိုင်ငံကို သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချရာမှ ရရှိသည့်ငွေများကို သီးခြားဘဏ်စာရင်းကို ပြောင်းထည့်နေရခြင်းဖြစ်သည်။​

ဓာတ်ငွေ့ရောင်းရငွေများကို တတိယအဖွဲ့အစည်းတစ်ခု ထိန်းချုပ် Escrow Accounts သို့ ပြောင်းထည့်ပေး နေရကြောင်း ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း အော်ပရေတာ တောင်ကိုရီးယားနိုင်ငံမှ POSCO ကုမ္ပဏီ ပြော ရေးဆိုခွင့်ရှိသူကို ကိုးကား၍ AP သတင်းဌာနက ရေးသားသည်။ 

ရွှေဓာတ်ငွေ့စီမံကိန်းမှာ ပုံမှန်အတိုင်း လည်ပတ်လုပ်ကိုင်နေသည်ဟု POSCO ကုမ္ပဏီက ဆိုသော်လည်း အခြားရင်းနှီးမြှုပ်နှံသူများကို မည်သို့ အကျိုးအမြတ်ခွဲပေးနေကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ 

ရခိုင်ကမ်းလွန် ဘင်္ဂလားပင်လယ်အော်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် OSCO က ၅၁ ရာခိုင်နှုန်း၊ တောင်ကိုရီးယားနိုင်ငံပိုင် KOGAS က ၁၇ ရာခိုင်နှုန်း၊ MOGE က ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံပိုင် ONGC နှင့် အခြားအိန္ဒိယကုမ္ပဏီတစ်ခုဖြစ်သော GAIL တို့က ၈ ဒသမ ၅ ရာခိုင်နှုန်းစီ ပါဝင်ရင်းနှီးမြှုပ်နှံထားသည်။

ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို မိုင်ပေါင်း ၅၀၀ နီးပါး ရှည်လျားသည့် ပိုက်လိုင်းမှတဆင့် တရုတ် နိုင်ငံကို တင်ပို့ရောင်းချနေခြင်းဖြစ်သည်။ ဓာတ်ငွေ့ရောင်းရငွေကို ယူရိုငွေဖြင့် ပေးချေရန် သဘောတူစာ ချုပ်ချုပ်ဆိုထားပြီး တရုတ်နိုင်ငံပိုင်ဘဏ်မှတဆင့် ငွေလွှဲသော်လည်း အီးယူပိတ်ဆို့မှုကြောင့် လွှဲမရ တော့ကြောင်း သိရသည်။​

အီးယူပိတ်ဆို့မှုကြောင့် MOGE ကို တိုက်ရိုက်လွှဲပေးနိုင်ခြင်း မရှိဘဲ သီးခြားဘဏ်စာရင်းတွင် ပိတ်မိနေ သည့် ငွေပမာဏမှာ မတ်၊ ဧပြီနှင့် မေလသုံးလစာအတွက်ပင် အမေရိကန် ဒေါ်လာ ၃၄ သန်းရှိသည်ဟု  စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တက်ကြွလှုပ်ရှားသူများထံမှ သိရသည်။ 

“Bank of China က မပေးဘဲနဲ့ Suspend (ဆိုင်းငံ့) လုပ်ထားတယ်။ Escrow အကောင့်ထဲမှာ ထည့်ထားတယ် လို့ သူတို့ပြောတယ်” ဟု POSCO ကုမ္ပဏီနှင့် တွေ့ဆုံခဲ့သော တောင်ကိုရီးအခြေစိုက် တက်ကြွလှုပ်ရှားသူ များထံမှ သိရကြောင်း ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။ 

အရပ်သားအစိုးရ အာဏာပြန်ရချိန်တွင် ပြည်သူပိုင်ဖြစ်သော ထိုဓာတ်ငွေ့ရောင်းရငွေများ ပြန်ရနိုင် ကြောင်း သယံဇာတဝင်ငွေများမှာ စစ်ကောင်စီရရှိမည့် ဓာတ်ငွေ့ဝင်ငွေများ ဖြတ်တောက်ရန် လှုပ်ရှား နေသည့် Blood Money တက်ကြွလှုပ်ရှားသူများအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နှင့် ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချရာမှ တစ်နှစ်လျှင် ဒေါ်လာ ၂ ဘီလျံအထိ ဝင်ငွေရရှိနိုင်ကြောင်း AP သတင်းတွင် ဖော်ပြသည်။

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် အနောက်နိုင်ငံများမှ ရေနံကုမ္ပဏီကြီးများ ထွက်ခွာသွားသည့်နည်းတူ မ ကြာမီက ဒီမိုကရေစီလိုလားသူ လေးဦးကို စစ်ကောင်စီက ကွပ်မျက်စီရင်ခြင်းကြောင့် ဒဏ်ခတ်အရေး ယူမှုများ ဆက်ဖြစ်လာနိုင်ကြောင်းလည်း သိရသည်။ 

ထင်ရှားသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်နှင့် အခြားသူနှစ်ဦးကို သေဒဏ်စီရင်ခဲ့သော အာဏာသိမ်းစစ်ကောင်စီကို အဓိပ္ပာယ်ရှိသည့် ဒဏ်ခတ်အရေး ယူမှုများ ပြုလုပ်ရန် အချိန်တန်ပြီဖြစ်ကြောင်း  အမေရိကန် အထက်လွှတ်တော်အမတ် မစ်ချ်မက်ကော် နယ်က ထုတ်ပြန်ပြောဆိုထားသည်။ 

“MOGE အပေါ် ဒဏ်ခတ်အရေးယူမှုတွေလည်း ပါရပါမယ်” ဟု အရပ်သားအစိုးရအဖွဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ အမေရိကန်လွှတ်တော်မတ်က ဆိုသည်။ 

စစ်တပ်က လိုအပ်သည့် လက်နက်ခဲယမ်းများကို ဓာတ်ငွေ့ရောင်းရငွေဖြင့် ဝယ်ယူနေခြင်းကြောင့် နိုင်ငံ တကာအနေဖြင့် နိုင်ငံပိုင် MOGE ကို ဒဏ်ခတ်အရေးယူရန် ပြည်တွင်းပြည်ပ တက်ကြွလှုပ်ရှားသူများက လည်း အစဉ်တစိုက် တောင်းဆိုနေသည်။ 

“ဖိနှိပ်ခံပြည်သူတွေ၊ သူရဲကောင်းတွေရဲ့ အသက်တွေနဲ့ အနောက်နိုင်ငံတွေက လောင်းကြေးထပ်နေတာ လားပေါ့။ အခုချိန်က စောင့်ကြည့်ရတော့မယ့် အချိန်မဟုတ်ဘူး။ ချက်ချင်းအမြန် စစ်တပ်ကို ပြိုလဲအောင် ဒီစစ်တပ် အသက်သွေးကြော Energy Sector ကို အရေးယူရတော့မယ့်အချိန်ပါ” ဟု Blood Money အဖွဲ့ဝင် က ပြောသည်။ 

နိုင်ငံပိုင် MOGE ကို အရေးယူပိတ်ဆို့ရန် ဝိုင်းဝန်းဆော်ဩနေသည့် အနှောက်အယှက်များ ရှိသော်လည်း ကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုလ ၁၇ ရက် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။ 

ဒီမိုကရေစီလိုလားသူ လေးဦးကို ကွပ်မျက်လိုက်သည့်အတွက် စစ်ကောင်စီ၏ အဓိက နိုင်ငံခြားငွေအရင်း အမြစ်တစ်ခုဖြစ်သော စွမ်းအင်လုပ်ငန်းကို အမေရိကန်က ပစ်မှတ်ထား အရေးယူပိတ်ဆို့တော့မည်ဖြစ် ကြောင်း Foreign Policy မဂ္ဂဇင်းက ယခုလဆန်းပိုင်းတွင် ရေးသားသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button