အာရက္ခတပ်တော် (AA) ၏ ထိန်းချုပ်မှုအောက် အလုံးစုံနီးပါးရောက်လုဖြစ်သော ရခိုင်ပြည်နယ် သံတွဲမြို့၏ နာမည်ကျော်ငပလီကမ်းခြေရှိ ရခိုင်ပြည်သူလူထုပိုင် မြေဧက ၁၀၀ ကျော်ကို၂၀၀၀ ပြည့်နှစ်ဝန်းကျင်တွင် စစ်တပ်က အတင်းအဓမ္မသိမ်းယူခဲ့သည်။
ထိုမြေများအတွက် လျော်ကြေးငွေကို စစ်တပ်က ဒေသခံများကို တစ်ဧကလျှင် ငွေကျပ် ၇၀၀၀ နှုန်းဖြင့်သာ ပေးခဲ့သည်။
ဟိုတယ်လုပ်ငန်းများအတွက် စစ်တပ်က သိမ်းယူခဲ့သော မြေဧကမှာ စုစုပေါင်း ဧက ၁၀၃.၁၁ ဧက ဖြစ်ပြီး သံတွဲလေဆိပ်အနီး ဇီဖြူကုန်းကျေးရွာမှ မြေဧက ၃၅.၅၃ ဧက၊ ရွှေဝါချိုင်ကမ်းခြေမြေ ၆၃.၁၅ ဧကနှင့် သံတွဲ မွေးမြူရေးနှင့် ရေလုပ်ငန်း ငါးပြတိုက်မြေ ၄.၄၃ ဧက တို့ ဖြစ်သည်။
မတန်တဆစျေးနှိမ်ပြီး လျော်ကြေးပေးကာ အတင်းအကျပ် ဖယ်ရှားခံရသော သံတွဲဒေသခံများ၏ မြေပေါ်တွင် စစ်ဗိုလ်ချုပ်မိသားစုများအပြင် ၎င်းတို့နှင့် နီးစပ်သည့် ခရိုနီစီးပွားရေးလုပ်ငန်းရှင်များကလည်း ဇိမ်ခံဟိုတယ်ကြီးများကို ဆောက်လုပ်ခဲ့သည်။
ဒေသခံများသည် မိမိကိုယ်ပိုင်မြေယာများ ဆုံးရှုံးရသည့်အပြင် ထိုမြေပေါ် တည်ဆောက်ထားသော ဇိမ်ခံဟိုတယ်ကြီးများတွင်သာ အောက်ခြေသိမ်းအလုပ်အကိုင်များသာ ရရှိခဲ့ကြသည်။
“ဒေသခံတွေက ဒီလိုစစ်ပွဲတွေ မဖြစ်ခင် အခြေအနေမှာဆိုရင် စစ်ပွဲမဖြစ်တာ တစ်ခုပဲလေ၊ ကိုယ့်ရဲ့ ပိုင်ဆိုင်တဲ့ မြေတွေကို သူများတွေက လက်ဝါကြီးအုပ်ခြယ်လှယ်ပြီးတော့ လုပ်နေတာ၊ ဒေသခံလူတွေကကျတော့ အဲဒီဟိုတယ်တွေမှာ အိပ်ရာခင်းလျှော်တာ၊ စားပွဲထိုးတာလောက် အဆင့်ပဲ။ ဒေသခံတွေကို အလုပ်အကိုင်အခွင့်အလမ်းပေးထားပါတယ်ဆိုပြီး လုပ်နေတာ” ဟု သံတွဲမြို့ဒေသခံ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
၂၀၁၃ ခုနှစ် စစ်ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်ရောက်ချိန်တွင် ကာယကံရှင် မြေပိုင်ရှင်များက မြေယာနစ်နာမှုများအတွက် ထုတ်ဖော်ပြောဆိုလာသလို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကလည်း ငပလီကမ်းခြေရှိ တပ်သိမ်းမြေများအကြောင်းကို လွှတ်တော်၌ မေးခွန်ထုတ်လာခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီ ANP ကျောက်ဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က စစ်တပ် သိမ်းယူထားသော ထိုမြေများ၏ မူလပိုင်ဆိုင်သူများ နစ်နာမှုမရှိစေရန်နှင့် လျော်ကြေးငွေကိစ္စရပ်များ မည်သို့ ဖြေရှင်းပေးနိုင်မည်လဲဟု မေးခွန်းမေးခဲ့သည်။
ထိုအချိန်က ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က မြေသိမ်းဆည်းခဲ့စဉ်က ဦးပိုင်ပေါက်တောင်သူများအတွက် မြေလျော်ကြေးငွေများနှင့် ကွင်းအမှတ် (၂၀၁) ရှိ မြေ ၈.၄၅ ဧက မှာ ၆၀ x ၄၀ ပေ အိမ်ခြံမြေကွက်များကို အစားထိုးချမှတ်ပေးခဲ့သော်လည်း တောင်သူ ၃၇ ဦးတို့က လျော်ကြေးငွေနှင့် နေအိမ်ခြံမြေကွက်များကို ထုတ်ယူခဲ့ပြီး ကျန်တောင်သူ ၂၉ ဦးတို့အနေဖြင့် ထုတ်ယူခြင်းမရှိသဖြင့် အဆိုပါ လျော်ကြေးငွေများကို မြန်မာ့စီးပွားရေးဘဏ်သို့ ပြန်လည်အပ်နှံပေးခဲ့ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
သို့သော် ထိုဟိုတယ်လုပ်ငန်းများက နှစ်စဉ်ရရှိသော အခွန်ဘဏ္ဍာငွေအတိအကျကို ဖြေကြားသွားခြင်းမရှိပေ။
စစ်တပ်သိမ်း ငပလီကမ်းခြေမြေများပေါ်တွင် လုပ်ပိုင်ခွင့်ရရှိသူများမှာ မင်းဇာနည်ကုမ္ပဏီ (၆.၆၁ဧက)၊ ဧဒင်အုပ်စုကုမ္ပဏီ (၆.၆၁ဧက)၊ ဖော်ကျွန်းအင်တာနေရှင်နယ် (Fortune International) ကုမ္ပဏီ (၅.၆၅ ဧက)၊ မက်စ်မြန်မာ (Max Myanmar) ဟိုတယ်ကုမ္ပဏီ (၁၁.၃၀ ဧက)၊ Amazing ကုမ္ပဏီ (၄.၄၃ ဧက)၊ ပုဂံ-သံတဲဟိုတယ် အုပ်စုကုမ္ပဏီ (၅.၂၀ ဧက)၊ ကျောက်စိမ်းနဂါးကုမ္ပဏီ (၆.၆၀ ဧက)၊ ထူးထရိတ်ဒင်းကုမ္ပဏီ (၅.၅၄ ဧက)၊ Kappa International ကုမ္ပဏီ (၄.၃၄ ဧက) တို့ဖြစ်သည်။
စစ်တပ်က ထိုဟိုတယ်လုပ်ငန်းများကို မြေငှားပြီး လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း အာဏာသိမ်းပြီးနောက်ပိုင်း ပေါက်ကြားလာသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် စာရွက်စာတမ်းများအရ သိရခြင်းဖြစ်သည်။
ထိုမြေများပေါ်တွင် တည်ဆောက်ထားသော အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေသားပိုင်ဟိုတယ်နှင့် ဗိုလ်ချုပ်မောင်အေး၏သမီး ဒေါ်နန္ဒာအေးတို့ပိုင် ဟိုတယ်လုပ်ငန်းများအကြောင်းကို AA လက်ထဲ ရောက်သွားသည့် ငပလီကမ်းခြေမှ စစ်ဗိုလ်ချုပ်များနှင့် ခရိုနီတို့၏ ဇိမ်ခံဟိုတယ်များ (အပိုင်း ၁) တွင် ရေးသား ဖော်ပြပြီးဖြစ်သည်။
ယခု အပိုင်း ၂ တွင်မူ မြေတစ်ဧကလျော်ကြေး ကျပ် “၇၀၀၀” ဖြင့် ငပလီကို လက်ဝါးကြီးအုပ်ကာ ဟိုတယ်လုပ်ငန်းလုပ်ကိုင်ကြသော ကွယ်လွန်သူ ရုပ်ရှင်မင်းသားကြီး ကောလိပ်ဂျင်နေဝင်း၏ သမီး ခရိုနီစီးပွားရေးလုပ်ငန်းရှင် ဒေါ်သန္တာနေဝင်း၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လူယုံစီးပွားရေးလုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင်မိသားစု၊ အာဏာရှင်မိသားစု၏ စီးပွားဖက်ဖြစ်သော ပအိုဝ်းပြည်သူ့စစ်ခေါင်းဆောင် ဦးနေဝင်းထွန်းနှင့် ခရီုနီစီးပွားရေးရှင်များပိုင် ဟိုတယ်လုပ်ငန်းများအကြောင်း ဖော်ထုတ်ထားပါသည်။
ဤကုမ္ပဏီများသည် အဓမ္မသိမ်းဆည်းမြေများကို စစ်တပ်ထံမှ ငှားရမ်းလုပ်ကိုင်နေသောကြောင့် စစ်တပ်၏ ဘဏ္ဍာရေးယန္တရားကို ကျားကန်ပေးနေသော လုပ်ငန်းများဖြစ်သည်။
ကောလိပ်ဂျင်သမီး
ကွယ်လွန်သူ ရုပ်ရှင်မင်းသားကြီး ကောလိပ်ဂျင်နေဝင်းနှင့် ၎င်း၏ သားသမီးနှစ်ဦးဖြစ်သူ အဆိုတော် ဟေမာနေဝင်းနှင့် သရုပ်ဆောင် ရာဇာနေဝင်းတို့ကို မြန်မာပြည်သူအများသိရှိကြသည်။
သို့ရာတွင် မြန်မာပြည်သူများမသိရှိသည်က ကောလိပ်ဂျင်၏ သမီးကြီးဖြစ်သူ ဒေါ်သန္တာနေဝင်းမှာ ဦးသန်းရွှေခေတ်နှင့် ဦးသိန်းစိန်ခေတ်တွင် စီးပွားရေးလုပ်ကွက်များ မြိုးမြိုးမြက်မြက်ရရှိထားသူ ခရိုနီလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။
၎င်းသည် ကုမ္ပဏီ ၈ ခုခန့်တွင် ပိုင်ဆိုင်မှုအကျိုးစီးပွားများရှိနေသည်။ ၎င်းပိုင် အခန်း ၇၅ ခန်းပါ ငပလီရှိ Ngapali Bay Villas and Spa ဟိုတယ်သည် ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ထောက်ချုပ်ရုံးထံက အနှစ် ၇၀ စာချုပ်ဖြင့် ငှားရမ်းထားသည့် မြေပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ် ၎င်းနှင့် စစ်ထောက်ချုပ်ရုံးတို့ချုပ်ဆိုသော စာချုပ်အရ ငပလီရှိ မြေ ၄.၃၄ ဧကကို နှစ်စဉ် မြေငှားရမ်းခအဖြစ် ကနဦး ကျပ်သိန်းတစ်သောင်းပေးသွင်းရမည်ဖြစ်ပြီး၊ ထို့ပြင် နှစ်စဉ် ကျပ် ၂၁၇ သိန်းနှင့် အမေရိကန်ဒေါ်လာ ၁၀၈၅၀ ပေးသွင်းရမည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် မှတ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။
တစ်နည်းဆိုသော် ငပလီကမ်းခြေ၏ မြေ ၄ ဧကကျော်အတွက် ၎င်းတို့က ထိုအချိန်က ဒေါ်လာတစ်သန်းနှင့် ညီမျှသည့် ကျပ်ငွေကို စစ်တပ်အား ပေးရမည်ဖြစ်ပြီး၊ ထို့နောက် ပျမ်းမျှ လစဉ် ဒေါ်လာ ၁၀၀၀ ခန့်သာ ပေးသွင်းရန် လိုသည်။
စစ်ထောက်ချုပ်ရုံးသည် များစွာသောမြေယာများကို ပိုင်ဆိုင်ပြီး ထိုမြေများကို အငှားချသည့်အခါ စာချုပ်များတွင် ကာကွယ်ရေးဝန်ကြီးဌာနပိုင် ဘဏ်စာရင်းသို့ ငွေလွှဲပြောင်းရမည်ဟု ဖော်ပြလေ့ရှိသည်။
၂၀၂၁ အာဏာမသိမ်းခင်က လွှတ်တော်အမတ်များထံ ဖြန့်ဝေပေးသည့် ကာကွယ်ရေးဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့များ၏ အထွေထွေဘဏ္ဍာရေးဆိုင်ရာအချက်အလက်များတွင်မူ စစ်ထောက်ချုပ်ရုံး၏ ဝင်ငွေများကို ဖော်ပြထားခြင်းမရှိခဲ့ပေ။
ဒေါ်သန္တာနေဝင်းသည် ငပလီတွင်သာမဟုတ် စစ်တပ်နှင့် လက်ဝါးချင်းရိုက်ပြီး ရထားသော အခြားစီးပွားရေးအခွင့်အလမ်းများလည်း ပိုင်ဆိုင်ထားသူဖြစ်သည်။
ရန်ကုန် ဗဟန်းမြို့နယ် အမှတ် (၇) ကုက္ကိုင်းရိပ်သာလမ်း၊ ရွှေတောင်ကြားရပ်ကွက် (၂) တွင် နေထိုင်သော ၎င်းနှင့် ဦးကျော်စိန် ဒါရိုက်တာများအဖြစ် ပါဝင်သော Kappa International ကုမ္ပဏီသည် ရှေးဟောင်း ပုဂံမြို့တော်၏ နယ်နိမိတ်အတွင်းရှိ ညောင်ဦးခရိုင် တောင်ဘီကျေးရွာတွင် သရပါ အမည်ရသော ဟိုတယ်ဆောက်လုပ်ရန် ဗိုလ်ချုပ်သန်းရွှေခတ်၌ စစ်တပ်ထံမှ မြေ ၄ ဧက ကျော်ကို အနှစ် ၃၀ စာချုပ်ဖြင့် ၂၀၀၃ ခုနှစ်တွင် ရရှိခဲ့သည်။
ထို့ပြင် ၎င်း၏ Kappa ကုမ္ပဏီသည် ဗိုလ်ချုပ်ကြီးဟောင်း သမ္မတသိန်းစိန်ခေတ် ၂၀၁၃ ၌ ရှမ်းပြည်နယ် ညောင်ရွှေမြို့တွင် သစ်တောဝန်ကြီးဌာနပိုင် အင်းလေကန် ဘေးမဲ့တောရိုင်းမြေနေရာ ၂၁ ဧကကျော်၌ Villa Inle Resort ဇိမ်ခံဟိုတယ် ဆောက်လုပ်ရန် လုပ်ပိုင်ခွင့်များရရှိခဲ့သည်။
ထိုဟိုတယ်သည် အခန်းခ တစ်ညတာ ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၂၀၀ ကျပြီး မကြာသေးမီအချိန်ကမှ ပိတ်သိမ်းထားသည်။
ငပလီက စစ်ခေါင်းဆောင် လူယုံဟိုတယ်
ဒေါ်သန္တာနေဝင်းနှင့်အတူ စီးပွားဖက်လုပ်ကိုင်သူများတွင် Kappa International ကုမ္ပဏီ၏ ဒါရိုက်တာများအဖြစ် ပါဝင်နေသူ ရန်ကုန်မြို့ အင်းစိန်မြို့နယ်ဇာတိ ဦးမင်းဒင်နှင့် ၎င်း၏ သားဖြစ်သူ ခရိုနီ ဦးအောင်မျိုးမင်းဒင်တို့ ပါဝင်သည်။
ဦးအောင်မျိုးမင်းဒင်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၏ အထက်တန်းကျောင်းသားတစ်ဦးဖြစ်ခဲ့ဖူးပြီး တပ်ချုပ်မိသားစုနှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းကြားတွင် သိကြသည်။
စစ်ခေါင်းဆောင်များနှင့် ရင်းနှီးသည့်အကျိုးဆက်အဖြစ် ငပလီကမ်းခြေမှ ဇီးဖြူကုန်းကျေးရွာရှိ စစ်တပ်သိမ်းထားသည့် မြေ ၄ ဧကခွဲခန့်တွင် ဦးအောင်မျိုးမင်းဒင်ပိုင်သည့် Amazing Hotels & Resorts လုပ်ငန်းစုက ဟိုတယ်ဆောက်လုပ်ခွင့်ရခဲ့သည်။
ထိုဟိုတယ်မှာ Amazing Ngapali Resort အမည်ရှိ အခန်း ၄၉ ခန်းပါ ကြယ် ၄ ပွင့်အဆင့်ရှိ ဟိုတယ်ဖြစ်သည်။
၂၀၁၁ မင်းအောင်လှိုင် တပ်ချုပ်ရာထူးရပြီးနောက်ပိုင်း ပုဂံနှင့် ကျိုင်းတုံဒေသ ခရီးစဉ်တိုင်းလိုလိုတွင် ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင်ကိုပါ ပူးတွဲ တွေ့ရလေ့ရှိသည်။
ငပလီကမ်းခြေက တပ်သိမ်းမြေများကို ခရိုနီများထံ ဟိုတယ်လုပ်ငန်းလုပ်ကိုင်ရန် ခွဲဝေပေးချိန်တွင် ဦးအောင်မျိုးမင်းဒင်၏ အမေးဇင် (Amazing) ကုမ္ပဏီကလည်း ၄.၄၃ ဧက ကို ၂၀၀၇ ခုနှစ်တွင် စစ်ထောက်ချုပ်ထံမှ BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့်ရရှိခဲ့သည်။
ခရိုနီ ဦးအောင်မျိုးမင်းဒင်
ဦးအောင်မျိုးမင်းဒင်၏ ဇနီးဖြစ်သူ ဒေါ်အေးအေးမြင့် ပိုင်ဆိုင်သော Minor Myanmar ကုမ္ပဏီသည်လည်း ၂၀၁၅ ခုနှစ်တွင် ငပလီကမ်းခြေက Max Myanmar ကုမ္ပဏီ၏ မက်စ်ဟိုတယ်မြေနေရာကို လက်လွှဲယူကာ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ထောက်ချုပ်ရုံးနှင့် ၂၀၁၆ ခုနှစ်တွင် နှစ်ရှည်စာချုပ်ပြန်လည်ချုပ်ဆိုခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ မှတ်တမ်းအရ သိရသည်။
ထိုမြေနေရာသည် ၁၁.၃၀ ဧက ကျယ်ဝန်းပြီး သံတွဲလေဆိပ်မှ တောင်ဘက် ၃ ကီလိုမီတာမှ ၄ ကီလိုမီတာခန့်ရှိ ဇီဖြူကုန်းကျေးရွာတွင် တည်ရှိသည်။ ဦးအောင်မျိုးမင်းဒင်၏ အမေးဇင် (Amazing) ကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိထားသော နေရာနှင့် ကပ်လျက်ဖြစ်သည်။
တည်ဆောက်လည်ပတ်လွှဲပြောင်း BOT စနစ်ဖြင့် ကနဦး နှစ် ၅၀ နှင့် ၁၀ နှစ် ၂ ကြိမ်အထိ သက်တမ်းတိုးလုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ပြီး မြေငှားရမ်းခအဖြစ် တစ်နှစ်လျှင် ကျပ်သိန်း ၈၀၀ ကျော် (၈၁,၄၁၆,၅၀၀) ဖြင့် ပေးသွင်းရမည်ဟု အစိုးရမှတ်တမ်းများတွင် ဖော်ပြထားသည်။
Amazing ကုမ္ပဏီသည် ၁၉၆၂ ခုနှစ်တွင် ငပလီဂေါက်ကွင်းအဖြစ် အာဏာရှင် ဦးနေဝင်းသိမ်းဆည်းခဲ့သည့် မြေနေရာကိုလည်း ငှားရမ်းလုပ်ကိုင်ခွင့်ရရှိထားသေးသည်။
ဦးအောင်မျိုးမင်းဒင်သည် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌလည်းဖြစ်ပြီး ငပလီကမ်းခြေ အပါအဝင် မြန်မာနိုင်ငံ၏ အထင်ကရခရီးသွားဒေသများတွင် Amazing အမည်ပါသော ဟိုတယ်နှင့် အပန်းဖြေစခန်းပေါင်း ၁၂ အထိ လုပ်ကိုင်နေကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
အာဏာရှင်မိသားစု၏ စီးပွားဖက် သို့မဟုတ် ပအိုဝ်းစစ်ဘုရင်ကြီးပိုင်ဟိုတယ်
ရှမ်းပြည်တောင်ပိုင်းမှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဟုခေါ်သည့် ပအိုဝ်းလက်နက်ကိုင်တပ်သည် အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေ၊ အာဏာရှင်လက်သစ် ဗိုလ်ချုပ်မင်းအောင်လှိုင်တို့ကို အစဉ်အဆက် သြဇာခံသည့်တပ်ဖွဲ့ဖြစ်သည်။
ပတ္တမြားနဂါးနေဝင်းထွန်းဟု လူသိများသည့် ဗိုလ်မှူးကြီးနေဝင်းထွန်းသည် ထိုအဖွဲ့၏ ဗဟိုတွဲဖက်အတွင်းရေးမှူးနှင့် စီးပွားရေးတာဝန်ခံလည်းဖြစ်သည်။
ငပလီကမ်းခြေ မြပြင်ကျေးရွာရှိ ဗိုလ်ချုပ်သန်းရွှေသားနှင့် ဗိုလ်ချုပ်မောင်အေးသမီးပိုင် ဟိုတယ်ဘေးတွင် ဗိုလ်မှူးကြီးနေဝင်းထွန်းပိုင် Jade Marina Resort ဟိုတယ်ကို တည်ဆောက်ထားသည်။
စစ်တပ်က သိမ်းထားသည့် ငပလီကမ်းခြေမြေများထဲမှ မြေ ၆ ဧကခွဲကျော်ကို နှစ် ၃၀ သက်တမ်းဖြင့် PNO ခေါင်းဆောင် ဗိုလ်မှူးကြီးနေဝင်းထွန်းက ၂၀၀၇ ခုနှစ် ၉ လပိုင်း ၁၃ ရက်နေ့တွင် နေပြည်တော်၌ စာချုပ်ချုပ်ဆိုခဲ့သည်ဟု ကုမ္ပဏီဘက်က ၂၀၁၆ ခုနှစ်၌ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံသို့ တင်ပြသော မှတ်တမ်းများအရ သိရသည်။
ထိုစာချုပ်ကို ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယစစ်ထောက်ချုပ် ဗိုလ်မှူးကြီးအောင်မင်းသိန်းက အတည်ပြုလက်မှတ်ရေးထိုးထားပြီး အသိသက်သေအဖြစ် လက်ထောက်စစ်ထောက်ချုပ်ဖြစ်သူ ဒုတိယဗိုလ်မှူးကြီးအောင်သူက လက်မှတ်ထိုးထားသည်။
ယင်းစာချုပ်အတွင် စာချုပ်ရပ်စဲခြင်း အပိုဒ်တွင် သူပုန်ထခြင်း၊ အဓိကရုဏ်းဖြစ်ခြင်းများ၊ သပိတ်မှောက်ခြင်း၊ သဘာဝဘေးဒုက္ခများ အစရှိသည့် မလွန်ဆန်နိုင်သောဖြစ်ရပ်တစ်ခုခုသည် ၆ လထက် ကြာမြင့်လာပါက စာချုပ်ကို ရပ်စဲနိုင်ကြောင်း ဖော်ပြထားသည်။
ဗိုလ်မှူးကြီးနေဝင်းထွန်းပိုင် ကျောက်စိမ်းနဂါး (Gem) ကုမ္ပဏီအနေဖြင့် ထိုအချိန်က စာချုပ်ချုပ်ဆိုထားခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်တွင်မူ ၎င်း၏ မိသားစုပိုင် Jade Marina Resort Hotel ကုမ္ပဏီအနေဖြင့် ပြောင်းလဲချုပ်ဆိုခဲ့သည်။
MIC မှ ပေါက်ကြားလာသော ဟိုတယ်လုပ်ငန်းအဆိုပြုလွှာများနှင့် ကုမ္ပဏီအထောက်အထားများ
ထိုအခါ မြေငှားရမ်းခွင့်သက်တမ်းကို ကနဦး နှစ် ၅၀ နှင့် ၁၀ နှစ် ၂ ကြိမ် သက်တမ်းတိုးခွင့်ရှိသည်ဟု ပြောင်းလဲလိုက်သည်။
ထို Jade Marina Resort Hotel ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင်များမှာ ဦးနေဝင်းထွန်းက ဥက္ကဋ္ဌ၊ ဇနီးဖြစ်သူ ဒေါ်အေးအေးမြင့် (ဒါရိုက်တာ)၊ သမီး ဒေါ်မြင့်မြတ်သူ (အုပ်ချုပ်မှုဒါရိုက်တာ)၊ သားအကြီး ဦးရဲမြတ်သူ (ဒါရိုက်တာ) နှင့် သားအငယ် ဦးမင်းမြတ်သူ (ဒါရိုက်တာ) တို့ဖြစ်သည်။
မြေ ၆ ဧကခွဲကျော်အတွက် မြေငှားခက တစ်လလျှင် ကျပ် ၂၇ သိန်းခွဲနှင့် အမေရိကန်ဒေါ်လာ ၁၃၇၅ ဒေါ်လာသာ ကျသင့်ကြောင်း ၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ တင်ပြထားသော ကုမ္ပဏီ၏ လုပ်ငန်းခွင့်ပြုချက် တောင်းခံသည့် အဆိုပြုလွှာအရ သိရသည်။
တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ မှ ၂၀၀ ကြား တန်ကြေးရှိသည့် ဟိုတယ်ခန်းပေါင်း ၈၈ ရှိသည့် ထိုဟိုတယ်အတွက် မြေငှားခက ပြောပလောက်သည့်ပမာဏမရှိခဲ့။
စစ်တပ်က ထိုသို့သောအကျိုးအမြတ်များပေးထားသည့်အတွက် အခြားတစ်ဖက်တွင် ဗိုလ်မှူးကြီးနေဝင်းထွန်းက သူ၏ PNO ပြည်သူ့စစ်များကို စစ်တပ်ကို ဆန့်ကျင်သူများကို နှိမ်နင်းစေခဲ့သည်။
နိုင်ငံအရှေ့ပိုင်း ကရင်နီဒေသမှ တော်လှန်ရေးတပ်များကို တန်ပြန်ထိုးစစ်ဆင်နေသည့် စစ်ကောင်စီ၏ စစ်ဆင်ရေးတွင် PNO ပြည်သူ့စစ်အများအပြား ပါဝင်တိုက်ခိုက်နေသည်။
စစ်တပ်ကျောထောက်နောက်ခံဖြင့် ကိုယ်ပိုင်စစ်တပ်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ တည်ထောင်နေသည့် ပအိုဝ်းစစ်ဘုရင်ကြီးသည် စစ်ကောင်စီကို ဆန့်ကျင်သည့် ရခိုင်တပ်များက ငပလီကမ်းခြေကို ချီတက်လာချိန်တွင်တော့ မည်သို့မျှမတတ်နိုင်တော့ဘဲ သူ၏ဇိမ်ခံဟိုတယ်ကို လက်လွှတ်လိုက်ရပြီဖြစ်သည်။
ခရိုနီ ဦးမြဟန်ပိုင် ဟိုတယ်
စစ်အစိုးရလက်ထပ်တွင် တန်ခိုးထွားခဲ့သည့် စက်မှု (၁) ဝန်ကြီး ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးအောင်သောင်း၏ သားဖြစ်သူ ဦးနေအောင်နှင့် ရင်းနှီးပြီး ကောင်းမွန်သည့် ဆက်ဆံရေးရှိသော Fortune International Group ၏ ဥက္ကဋ္ဌ ဦးမြဟန်သည်လည်း ငပလီကမ်းခြေ တပ်သိမ်းမြေပေါ်တွင် မကြာခင်အချိန်ထိ ဟိုတယ်လုပ်ငန်းလုပ်ကိုင်နေသည်။
အစဉ်အဆက် အာဏာရှင်များနှင့် ဆက်ဆံရေးကောင်းသည့် ဦးမြဟန်သည် စစ်တပ်ထောက်ခံချက်ဖြင့် တပ်ပိုင်မြေများပေါ်တွင် စီးပွားရေးလုပ်ငန်းအများအပြားကို လုပ်ကိုင်ခွင့်ရခဲ့သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
သူသည် စစ်တပ်ပိုင် ဆက်သွယ်ရေးအော်ပရေတာ MyTel တွင် ဒါရိုက်တာတစ်ဦးလည်း ဖြစ်သည်။
MyTel ကို ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel က ရှယ်ယာ ၄၉ ရာခိုင်နှုန်း၊ မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက ၂၈ ရာခိုင်နှုန်းနှင့် Myanmar National Telecom Holding (MNTH) အများပိုင်ကုမ္ပဏီက ၂၃ ရာခိုင်နှုန်းထည့်ဝင်ကာ ပူးပေါင်းလုပ်ကိုင်ခြင်းဖြစ်သည်။ ဦးမြဟန်သည် MNTH ၏ ဥက္ကဋ္ဌ ဖြစ်သည်။
ဦးမြဟန်၏ ဟိုတယ်လုပ်ငန်းသည် Blue Oceanic Bay Resort (Hotel At The Rock) ဖြစ်ပြီး ငပလီကမ်းခြေ ဇီးဖြူကုန်းကျေးရွာရှိ စစ်တပ်က သိမ်းယူထားသော မြေ ၅ ဧကခွဲကျော်တွင် တည်ဆောက်ထားသည်။
ထိုဟိုတယ်မှာ AA က တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သော သံတွဲလေဆိပ်နှင့် နှစ်ကီလိုမီတာခန့်သာ ကွာဝေးသည်။
ဦးမြဟန်သည် ထိုမြေကို BOT စနစ်ဖြင့် ကာကွယ်ရေးဝန်ကြီး၊ စစ်ထောက်ချုပ်ရုံးက နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့်ပေးထားသည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် မှတ်တမ်းများအရ သိရသည်။ သို့သော် ငှားရမ်းခ မည်မျှရှိသည်ကို မသိရပေ။
ဦးမြဟန်၏ Fortune International Group သည် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် မြေ ဧက ၂၀ ကျော်ကိုလည်း BOT စနစ်ဖြင့် နှစ်ရှည်လုပ်ကိုင်ခွင့်ရရှိထားပြီး ထိုမြေပေါ်တွင် အဆင့်မြင့်အိမ်ရာစီမံကိန်းတည်ဆောက်မည်ဖြစ်သည်။
Fortune International လုပ်ငန်းစုသည် စင်ကာပူနိုင်ငံတွင်လည်း ကုမ္ပဏီခွဲတစ်ခုဖွင့်လှစ်ထားပြီး ပြည်တွင်း၌ ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်း၊ ဆက်သွယ်ရေးကုမ္ပဏီ၊ ရုပ်မြင်သံကြားထုတ်လွှင့်သည့်လုပ်ငန်း၊ လျှပ်စစ်နှင့်စွမ်းအင်လုပ်ငန်း အပါအဝင် လုပ်ငန်းကဏ္ဍမျိုးစုံ လုပ်ကိုင်ရန် ကုမ္ပဏီခွဲ ၆ ခုအထိ ရှိသည်ဟု ကုမ္ပဏီ၏ ထုတ်ပြန်ထားချက်အရ သိရသည်။
အခြား ခရိုနီပိုင် ငပလီဟိုတယ်များ
၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ရခိုင်ပြည်နယ် သံတွဲအခြေစိုက် အမှတ် (၅၅) ခြေလျင်တပ်ရင်း တိုးချဲ့ရန်ဟုဆိုကာ ဒေသခံများထံမှ သိမ်းယူခဲ့သော ထိုမြေ ၃၅.၅၃ ဧကပေါ်တွင်လည်း ယခင်စစ်အစိုးရများလက်ထက်က အခွင့်ထူးခံ ခရိုနီကြီးတချို့ကလည်း ဟိုတယ်လုပ်ငန်းများ လုပ်ကိုင်ခွင့်ရထားသည်။
ထိုမြေများသည် သံတွဲလေဆိပ်၏ တောင်ဘက် မဇင်ကျေးရွာမှ ဇီးဖြူကုန်းကျေးရွာအထိ ပါဝင်သည်။
ဦးတေဇ ပိုင်ဆိုင်သည့် ထူးထရိတ်ဒင်းကုမ္ပဏီ၊ ဧရာဝတီဘဏ်သူဌေး Max Myanmar ဦးဇော်ဇော်၊ ဗိုလ်ချုပ်သန်းရွှေလက်ထက်တွင် စီးပွားရေးလုပ်ကိုင်ခွင့်များရခဲ့သလို NLD အစိုးရနှင့် ဆက်ဆံရေးကောင်းခဲ့ပြီး မင်းအောင်လှိုင်လက်ထက် အကျဉ်းကျနေသည့် ဦးချစ်ခိုင်၏ ဧဒင်အုပ်စုတို့သည်လည်း စစ်တပ်သိမ်းထားသည့် ငပလီကမ်းခြေမှ မြေခွဲတမ်းများကို ရရှိခဲ့ကြသူများ ဖြစ်သည်။
ဦးတေဇခွဲတမ်းရခဲ့သည့် မြေ ၅.၅၄ ဧကပေါ်တွင် Aureum Palace Hotel & Resort အမည်ဖြင့် ဟိုတယ်လုပ်ငန်းလုပ်ကိုင်သည်။ ထို ၅ ဧကကျော်အတွက် ဦးတေဇသည် ကာကွယ်ရေးဝန်ကြီးဌာနနှင့် နှစ် ၅၀ မြေငှားစာချုပ်ချုပ်ဆိုထားပြီး တစ်နှစ်လျှင် မြေငှားခ ကျပ် ၂၂၇ သိန်း နှင့် အမေရိကန်ဒေါ်လာ ၁၃၈၅၀ ကို နှစ်စဥ်ပေးသွင်းရမည်ဖြစ်ကြောင်း ၂၀၀၇ နှစ်ချုပ်ဆိုခဲ့သည့် ယင်းစာချုပ်တွင် ဖော်ပြပါရှိသည်။ တည်ဆောက်လည်ပတ်လွှဲပြောင်း (BOT) စနစ်ဖြစ်ကြောင်း စာချုပ်တွင်ပါရှိသည့်သဖြင့် မြေငှားသက်တမ်း အနှစ် ၅၀ ပြည့််သည် ၂၀၅၇ ခုနှစ်တွင် ထိုဟိုတယ်ကို စစ်တပ်သို့လွှဲပြောင်းပေးရမည်ဖြစ်သည်။
ဦးဇော်ဇော်ကမူ မြေ ၁၁.၃၀ ဧကအထိ အများဆုံးရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ထိုမြေနေရာကို အထက်တွင် ဖော်ပြခဲ့သော ခရိုနီ ဦးအောင်မျိုးမင်းဒင် ဇနီးပိုင် ကုမ္ပဏီက ပြန်လည်လက်လွှဲရယူထားသည်။
ဦးချစ်ခိုင်၏ ဧဒင်အုပ်စုသည် မြေ ၆ ဧက ကျော်ရရှိခဲ့ပြီး နိုင်ငံတကာဟိုတယ်လုပ်ငန်းစုအမှတ်တံဆိပ် Hilton ဟိုတယ်လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။
စီးပွားရေးလုပ်ငန်းရှင် ဦးညိုမင်း ပိုင်ဆိုင်သော မင်းဇာနည်ကုမ္ပဏီအုပ်စုကလည်း Merciel Retreat & Resort ဟိုတယ်လုပ်ငန်းကို လုပ်ကိုင်နေသည်။
အလားတူ ငပလီကမ်းခြေရှိ Hotel ACE ကို သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် အားကစားဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ဦးတင့်ဆန်းမိသားစုက ပိုင်ဆိုင်သည်။
မြန်မာ့ထိပ်တန်းခရိုနီ ကမ္ဘောဇလုပ်ငန်းစုပိုင် ဦးအောင်ကိုဝင်း၏လူယုံ ဦးဆန်းနောင်၏ Myanmar Alinkar Group ကလည်း ငပလီကမ်းခြေ၊ ဂေါ့ကျေးရွာတွင် Jasmine Ngapali Resort ဟိုတယ်လုပ်ငန်း လုပ်ကိုင်သည်။
၂၀၂၃ခုနှစ် ဇန်နဝါရီလတွင် (၈) ကြိမ်မြောက် ထိုင်း-မြန်မာ နှစ်နိုင်ငံ စစ်ဘက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို Jasmine Ngapali Resort ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုအစည်းအဝေးတက်ရောက်လာသော ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Chalermpol Srisawat ကိုလည်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Pristine Mermaid Resort ဟိုတယ်၌ သီးသန့်တွေ့ဆုံခဲ့သေးကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
AA ၏ သံတွဲမြို့သို့ ထိုးစစ်ဆင်ခဲ့သော ဇွန်လအတွင်းက တိုက်ပွဲများ၌ ထို Jasmine ဟိုတယ်သည် လက်နက်ကြီးထိမှန်ခဲ့သေးသည်။
မြန်မာနိုင်ငံ၏အကောင်းဆုံးကမ်းခြေကို ဝေခြမ်းခွဲတမ်းချခဲ့ကြသည့် စစ်ဗိုလ်ချုပ်များနှင့် ခရိုနီများ၏ ငပလီအိပ်မက်သည် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်အောက် လွင့်မျောပျောက်ကွယ်သွားရန် ရှိနေသည်။
လက်ရှိတွင် AA သည် သံတွဲမြို့မှ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်းများဖြစ်ကြသည့် ခမရ ၅၆၆ ၊ ခလရ (၅၅) နှင့် သံတွဲ (ငပလီ) လေဆိပ်တို့ကို ထိန်းချုပ်ထားသည်။ AA ၏ထိုးစစ်က အရှိန်မြင့်နေပြီး မကြာမီတွင် သံတွဲမြို့နှင့် ငပလီကမ်းခြေတို့ကို အပြီးသတ်သိမ်းနိုင်မည်ဟု ဒေသခံတို့က ယူဆကြသည်။
စစ်တပ်နှင့် မြေငှားစာချုပ်များတွင် သူပုန်သူကန်ထပါက စာချုပ်ပျက်ပြယ်သည်ဟု ဖော်ပြထားရာ ငပလီကမ်းခြေရှိ အဓမ္မသိမ်းမြေများမှ စစ်တပ်က ရရှိနေသည့် ဝင်ငွေများမှာ ယခုအခါ နိဋ္ဌိတံလေပြီဖြစ်သည်။