စစ်တပ်အမာခံ ခရိုနီစီးပွားရေးလုပ်ငန်းရှင်များနှင့် နှီးနွှယ်ပတ်သက်သည့် သရုပ်ဆောင်အချို့၏ နိုင်ငံတကာစင်မြင့်တွင် ပါဝင်ခွင့်ရရေးခြေလှမ်းမှာ ကန့်ကွက်မှုများကြောင့် ဖယ်ရှားခံနေရသည်။
စစ်တပ်နှင့် ဆက်နွယ်မှုရှိပြီး ခရိုနီလက်သစ်အဖြစ် စွပ်စွဲခံနေရသည့် NPKI Group ကုမ္ပဏီကို ဦးဆောင်နေသည့် ဦးနိုင်ဖြိုးကျော်(ခ) Eric Yang ၏ ဇနီး သရုပ်ဆောင် ဝတ်မှုံရွှေရည်၏ ကြော်ငြာဓာတ်ပုံများကို ကမ္ဘာ့ထိပ်တန်း ဖက်ရှင်နှင့် လူမှုဘဝမဂ္ဂဇင်းဖြစ်သော Vogue Thailand ၏ Facebook နှင့် Instagram တို့တွင် ယခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် တင်ခဲ့သော်လည်း ကန့်ကွက်မှုများကြောင့် ပြန်လည်ဖြုတ်ချခဲ့ သည်။
Vogue Thailand သည် အမေရိကန်အခြေစိုက် ထိပ်တန်းဖက်ရှင်မဂ္ဂဇင်းဖြစ်သော Vogue ၏ ထီးရိပ်အောက် ကမ္ဘာနိုင်ငံများနှင့် ဒေသအလိုက် တရားဝင်ထုတ်ဝေနေသော မဂ္ဂဇင်းများအနက် ထိုင်းနိုင်ငံဆိုင်ရာ စာစဉ်တစ်စောင်လည်း ဖြစ်သည်။
Vogue Thailand ၏ ပုံနှိပ်စာစဉ်နှင့် ဝက်ဘ်ဆိုက်တွင်မဟုတ်ဘဲ ၎င်းတို့၏ Facebook နှင့် Instagram တို့တွင် ဝတ်မှုံရွှေရည်ဓာတ်ပုံပါသော MYA brand ကြော်ငြာကို စက်တင်ဘာလ ၁၅ ရက်တွင် တင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
စစ်အာဏာရှင်များနှင့် အကျိုးစီးပွားဆက်နွှယ်သည့် သရုပ်ဆောင်တစ်ဦးကို Vogue Thailand ၏ စင်မြင့်တွင် နေရာပေးဖော်ပြခြင်းကို ကန့်ကွက်ခဲ့ပြီးနောက် ထိုကဲ့သို့ဖြုတ်ချခဲ့ကြောင်း ပြည်တွင်းနှင့် နိုင်ငံတကာရှင်ရှင် အကြောင်းအရာများကို ရေးသားတင်ဆက်နေသည့် Cinema Boulevard ကို တည်ထောင်သူ ကိုငွေယံသွန်းက Myanmar Now ကို ပြောသည်။
ကန်ကွက်လွှာထုတ်ပြန်ခဲ့သလို Vogue Thailand၊ Vogue၊ Vogue ရုံးချုပ်နှင့် ထိုမဂ္ဂဇင်းကိုပိုင်သည့် မီဒီယာကုမ္ပဏီကြီးဖြစ်သည့် Condé Nast ထံသို့ အီးမေးလ်မှ ကန့်ကွက်စာပေးပို့ခဲ့ကြောင်း ၎င်းက ဆိုသည်။
“ဝတ်မှုံရွှေရည်ကို “ဓာတ်ပုံမော်ဒယ်” တစ်ယောက်အဖြစ်ပဲ ဖော်ပြတဲ့အခါ Vogue ရဲ့ နိုင်ငံတကာပရိသတ်တွေနဲ့ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်သလို မြန်မာပြည်ကနေ ထွက်ပြေးတိမ်းရှောင်လာရသူတွေ အများဆုံးနေထိုင်ရာလည်းဖြစ်တဲ့ ထိုင်းနိုင်ငံက ပရိသတ်တွေအတွက် သူနဲ့ တိုက်ရိုက်အကျိုးစီးပွားဆက်နွှယ် နေသူတွေနဲ့ သူကိုယ်စားပြုတဲ့ မြန်မာနိုင်ငံက အခြေအနေတွေကို ချန်လှပ်ထားသလိုဖြစ်တယ်လို့ ကျွန်တော်တို့က မြင်ပါတယ်” ဟု သူကပြောသည်။
“နောက်ပြီးတော့ ဒီလိုမျိုး အာဏာရှင်အစိုးရနဲ့ ဆက်နွှယ်နေသူတွေကို သူတို့ရဲ့ အကျိုးစီးပွားအတွက် ပလက်ဖောင်းပေးတာမျိုး မဖြစ်သင့်ဘူးလို့ ယုံကြည်တဲ့အတွက် ကျွန်တော်တို့က ဒါကို စာထုတ်ပြန်ပြီး ကန့်ကွက်ခဲ့တာပါ”ဟု သူက ဆက်ပြောသည်။
ကန့်ကွက်လွှာထုတ်ပြန်ပြီးနောက် ၈ နာရီအကြာတွင် လူမှုကွန်ရက်ပလက်ဖောင်းပေါ်မှ သရုပ်ဆောင် ဝတ်မှုံရွှေရည်၏ ဓာတ်ပုံပါပို့စ်အောက်တွင် မှတ်ချက်ပေးမှုကို ပိတ်ပင်ခဲ့ပြီး နောက်တစ်ရက်၌ ထိုပို့စ်ကို လုံးဝမတွေ့ရတော့ကြောင်း ၎င်းက ပြောသည်။ သို့သော် Vogue ဘက်မှ ကန့်ကွက်လွှာနှင့်ပတ်သက်၍ တိုက်ရိုက်တုံ့ပြန်မှုမရှိသေးဟု ၎င်းက ဆိုသည်။
နေ့စဉ်နှင့်အမျှ လူ့အခွင့်အရေးချိုးဖောက်ခံရသည့် အာဏာရှင်လက်အောက်ရောက်နေသော မြန်မာကဲ့သို့ နိုင်ငံမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအကြောင်းကို စင်တင်ရာတွင် ထိုချိုးဖောက်မှုများနှင့်ပတ်သက်၍ ၎င်းတို့၏ ထုတ်ဖော်ပြောဆိုမှု၊ ရပ်တည်မှု၊ အာဏာရှင်များနှင့် အကျိုးစီးပွားအရ ဆက်နွှယ်မှုရှိမရှိနှင့် ပတ်သက်၍ စိစစ်ရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။
ယခုကဲ့သို့ နိုင်ငံတကာစင်မြင့်တွင် စစ်တပ်နှင့်အကျိုးစီးပွားဆက်နွှယ်သည့် သရုပ်ဆောင်တစ်ဦး၏ အနုပညာလှုပ်ရှားမှုအကြောင်း ဖယ်ရှားမှုမှာ ဒုတိယအကြိမ်ဖြစ်သည်။
၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် စစ်တပ်အမာခံ ခရိုနီသူဌေးကြီး ဦးတေဇ၏သမီး ရေချယ်တေဇ (ခေါ်) ထူးထွေးတေဇ၏ ဖက်ရှင်ဒီဇိုင်းအကြောင်းများ ရေးသားဖော်ပြခဲ့သည့် သတင်းကို Justice For Myanmar(JFM) ၏ စာပို့တောင်းဆိုမှုကြောင့် Vogue Italia က အင်တာနက် စာမျက်နှာပေါ်မှ ပြန်လည်ဖြုတ်ချပေးခဲ့ဖူးသည်။
ဦးတေဇ၏ သမီးဖြစ်သော ရေချယ်တေဇသည် အီတလီနိုင်ငံ Polimoda Fashion School တွင် ဖက်ရှင် ဒီဇိုင်းပညာသင်ယူခဲ့သူဖြစ်ပြီး ထိုစဉ်က အီတလီနိုင်ငံ မီလန်မြို့တွင်နေထိုင်ကာ ဖက်ရှင်ဒီဇိုင်းနာအဖြစ် လုပ်ကိုင်ရန် ကြိုးပမ်းနေခဲ့သူဖြစ်သည်။ ၎င်းကို အမေရိကန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ထားသည်။
စစ်တပ်နှင့် ဆက်နွှယ်သည့် အနုပညာလုပ်သူအချို့သည် ဓာတ်ပုံတစ်ပုံမှစ၍ ငွေကုန်ကြေးကျများစွာ ရိုက်ကူးထုတ်လုပ်သည့် ရုပ်ရှင်ဇာတ်လမ်းများအထိ အသုံးပြုပြီး နိုင်ငံတကာစင်မြင့်ပေါ်တွင် ခြေလှမ်း လှမ်းနိုင်ရန် စိတ်ကူးယဉ်နေသော်လည်း ၎င်းတို့၏ ရပ်တည်ချက်နှင့် ပတ်သက်မှုများကြောင့် ပြည်သူပရိသတ်၏ စံသတ်မှတ်မှုအောက် ပြိုလဲသွားကြောင်း စစ်တပ်ကိုဆန့်ကျင်တော်လှန်နေသည့် လူငယ်ဒါရိုက်တာ သည်ခေတ်နေက Myanmar Now ကို ပြောသည်။
“ပြည်သူက လက်မခံရင် ဘယ်အစိုးရမှလည်း အဓွန့်ရှည်မှာမဟုတ်သလို ဘယ်အနုပညာရှင်မှလည်း ပြည်သူပရိသတ်ဆိုတာလက်မခံရင် အဓွန့်ရှည်မယ်လို့မထင်ဘူး။ ဘယ်အနုပညာတွေကမှလည်း အဓွန့်ရှည်မယ်လို့ ကျွန်တော်မထင်ပါဘူး”ဟု ၎င်းက ပြောသည်။
လူထုအပေါ် အကြမ်းဖက်မှုများကျူးလွန်နေသည့် စစ်တပ်ကို နိုင်ငံတကာက အရေးယူပိတ်ဆို့သကဲ့သို့ ၎င်းတို့နှင့် ဆက်နွှယ်၍ အခွင့်အရေးရနေပြီး စစ်တပ်ကို တနည်းတဖုံပြန်လည်ထောက်ကန်ပေးသည့် အနုပညာရှင်ဆိုသူများ ကို လူထုကမှတ်တမ်းတင်၍ နိုင်ငံတကာအသိုင်းအဝိုင်းကို အသိပေးရန်လိုကြောင်း ၎င်းက ပြောသည်။
အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့ကို အစဉ်တစိုက်ထောက်ခံသည့် အနုပညာရှင်ဆိုသူများကို ဦးဆောင်ခိုင်း၍ ရုပ်ရှင်နယ်ပယ်တွင် အကြီးအကျယ်ဝါဒဖြန့်ချိနေပြီး လူမှုကွန်ရက်များပေါ်တွင်လည်း ဝါဒဖြန့်ချိမှုနှင့် ဆက်နွှယ် သော ရုပ်ရှင်အတိုအစများစွာတွေ့ရကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် ယခုရက်ပိုင်းအတွင်း စစ်တပ်ကိုထောက်ခံသည့် သရုပ်ဆောင်နှင့် ဒါရိုက်တာအချို့က အဓမ္မစစ်ထဲသွင်းသည့် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ လူငယ်များကို အပြစ်ဖို့၍ စစ်တပ်အား မျက်နှာလိုမျက်နှာရလုပ်သည့်လုပ်ရပ်များအပေါ် ဝေဖန်မှုများကျယ်ပြန့်နေသည်။
Vogue Thailand ၏ Facebook နှင့် Instagram တို့တွင် ဓာတ်ပုံများဖြုတ်ချခံရမှုနှင့်ပတ်သက်၍ သရုပ်ဆောင် ဝတ်မှုံရွှေရည်က လူသိရှင်ကြားတုံ့ပြန်မှုမရှိသေးပေ။ သို့ရာတွင် ကန့်ကွက်မှုကြောင့် ဖြုတ်ချခံလိုက်ရသော ဓာတ်ပုံများကို ၎င်း၏ Facebook ပေါ်တွင် ယမန်နေ့တွင် ပြန်တင်ထားသည်ကို တွေ့ရှိရသည်။
ဝတ်မှုံရွှေရည်၏ ခင်ပွန်း ဦးနိုင်ဖြိုးကျော်သည် အရပ်သားအရေခြုံ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏သမီး မခင်သီရိသက်မွန်နှင့်အတူ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် Seventh Sense Company Limited တွင် ဒါရိုက်တာအဖြစ်ပါဝင်၍ အာဏာမသိမ်းမီကတည်းက အကျိုးတူလုပ်ငန်းများ လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း Myanmar Now ၏ သတင်းဆောင်းပါးဟောင်းတစ်ပုဒ်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
ထို့အပြင် ၎င်းဦးဆောင်သည့် NPKI Group သည် Ve Ve အချိုရည်နှင့် ဖျော်ရည်လုပ်ငန်း၊ ရုပ်ရှင်ထုတ်လုပ်ရေး၊ ကုန်ထုတ်လုပ်ငန်း၊ နည်းပညာနှင့် ဝန်ဆောင်မှုများဆောင်ရွက်နေကြောင်း ထိုကုမ္ပဏီ၏ ဝက်ဘ်ဆိုက်စာမျက်နှာ တွင် ဖော်ပြထားသည်။ ၎င်းသည် လျှပ်စစ်ကားနှင့် လျှပ်စစ်ကား အားသွင်းရုံများလည်ပတ်လုပ်ကိုင်သော NPK Motor Co Ltd ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။
စစ်ခေါင်းဆောင် မကြာသေးမီက သွားရောက်ခဲ့သည့် တရုတ်နိုင်ငံခရီးစဉ်တွင်လည်း ဦးနိုင်ဖြိုးကျော် လိုက်ပါသွားခဲ့သည်။



