
အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်မြောက်ပိုင်းမှ တောင်ပိုင်းအထိ ထိုးစစ်ကို အရှိန်မြှင့်လာပြီးနောက် နာမည်ကျော် ငပလီကမ်းခြေရှိရာ သံတွဲမြို့မှစစ်ကောင်စီစခန်းများကို ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ပြင်းထန်စွာတိုက်ခိုက်ခဲ့သည်။
ငပလီကမ်းခြေသို့ တစ်ခုတည်းသော လေကြောင်းဝင်ပေါက်ဖြစ်သည့် သံတွဲလေဆိပ် (မဇင်လေဆိပ်) ကို AA က ဇူလိုင် ၇ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်လိုက်သည်။
မြန်မာနိုင်ငံ၏ ရှေးအကျဆုံးနှင့် အလှပဆုံးအပန်းဖြေကမ်းခြေစာရင်းဝင် ငပလီကမ်းခြေတစ်လျှောက် ဇိမ်ခံဟိုတယ်ကြီးများ ပိုင်ဆိုင်ကြသည့် နေပြည်တော်မှ စစ်ဗိုလ်ချုပ်ကြီးများအတွက်မူ ထိုသတင်းက သတင်းဆိုးဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်ကို မျက်နှာမူထားပြီး ကမ်းရိုးတန်းအရှည် ၈ မိုင်ခွဲခန့်ရှိသည့် ငပလီကမ်းခြေမှ အကောင်းဆုံးမြေနေရာများကို စစ်အုပ်ချုပ်ရေးခေတ်အဆက်ဆက်တွင် အာဏာပိုင်များက ဒေသခံများထံမှ မတရားသိမ်းယူခဲ့သည်။ ထိုမြေများကို အသုံးပြု၍ စစ်ခေါင်းဆောင်တို့၏ မိသားစုဝင်များ၊ စစ်တပ်နှင့်ပူးပေါင်းပြီး လုပ်ပိုင်ခွင့်ရယူထားသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များက ဇိမ်ခံဟိုတယ်ကြီးများ ဆောက်လုပ်ခဲ့သည်။
ထောင်စုနှစ်အလွန်ကာလများမှ ယနေ့အချိန်ထိ ငပလီတွင် တည်ရှိသော ဟိုတယ်လုပ်ငန်းများကို Myanmar Now က လေ့လာဆန်းစစ်ခဲ့ရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်သည့်လက်ထက်တွင် ကာကွယ်ရေးဝန်ကြီးဌာနက ဧက ဒါဇင်နှင့်ချီ၍ ငပလီမြေသိမ်းမှုတွင် ဦးဆောင်ခဲ့သည်ကို တွေ့ရသည်။ ထိုမြေများပေါ်တွင် ဗိုလ်ချုပ်ကြီးသန်းရွှေ၏ သား၊ ထိုစဉ်က စစ်တပ်ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီးမောင်အေး၏ သမီး၊ ရုပ်ရှင်မင်းသားကြီး ကောလိပ်ဂျင်နေဝင်း၏ သမီးဖြစ်သူအပါအဝင် စစ်တပ်နှင့် ရင်းနှီးသည့် ပုဂ္ဂလိကလုပ်ငန်းရှင်ဆိုသူများက ဟိုတယ်လုပ်ငန်းများကို လုပ်ကိုင်ခွင့်ရနေခဲ့သည်။
ထိုမြေအများစုကို ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စစ်ထောက်ချုပ်ရုံးက မြေပိုင်ရှင်ပြုလုပ်ကာ ဟိုတယ်လုပ်ငန်းလုပ်ကိုင်သူများကို တစ်လလျှင် ပျှမ်းမျှ အမေရိကန်ဒေါ်လာ တစ်ထောင် (၁,၀၀၀) နှုန်းခန့်ဖြင့် နှစ်ရှည်ငှားရမ်း လုပ်ကိုင်ခဲ့သည်မှာ မကြာသေးမီလပိုင်းအတွင်း AA တပ်တော်က သံတွဲမြို့နေရာအများစုကို မထိန်းချုပ်ခင်အချိန်ထိဖြစ်သည်။
ငပလီကမ်းခြေရှိ စစ်ဗိုလ်ချုပ်မိသားစုများနှင့် ခရိုနီများပိုင်ဆိုင်သော ဟိုတယ်လုပ်ငန်းများ၏ အနာဂတ်သည် AA ၏စီးပွားရေးရင်းနှီးမြှုပ်နှံမှု မူဝါဒအပေါ် မူတည်သည်ဟု AA ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်မှုရှိသော ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက မှတ်ချက်ပြုသည်။
“ဒီပိုင်ဆိုင်မှုတွေက ဘယ်လိုရယူခဲ့တာလဲ၊ တရားသဖြင့် ရယူခဲ့တာလား၊ မြေတွေကို သူတို့အကျိုးစီးပွားအတွက် သိမ်းယူပြီးလုပ်ခဲ့တာလား၊ အဲဒီအပေါ်မူတည်ပြီး ပထမအချက်စဉ်းစားရမှာပေါ့။ ဒုတိယတစ်ချက်က အဲဒီခရိုနီတွေရဲ့ စီးပွားရင်းနှီးမြှုပ်နှံမှုဟာ ရခိုင်ပြည်အတွက် ဆက်ပြီးတော့ အကျိုးပြုနိုင်မလား၊ အာရက္ခတပ်တော် AA ဘက်ကရော ဆက်ပြီးအသိအမှတ်ပြုနိုင်မလား၊ အဲဒီအချက်တွေအပေါ် မူတည်ပြီးတော့ သူတိုရဲ့ ပိုင်ဆိုင်မှုလုပ်ငန်းတွေဟာ အတည်ပြုချင်လည်းပြုမယ်၊ ပယ်ဖျက်ရင်လည်း ပယ်ဖျက်မယ်” ဟု သူက ပြောသည်။
အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေသားပိုင်ဟိုတယ်
ငပလီကမ်းခြေတွင် စစ်တပ်၏ မြေသိမ်းမှုများထဲမှ အထင်ရှားဆုံးဖြစ်ရပ်မှာ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က သံတွဲအခြေစိုက် အမှတ် (၅၅) ခြေလျင်တပ်ရင်း တိုးချဲ့ရန်ဆိုသည့် အကြောင်းပြချက်ဖြင့် ငပလီကမ်းခြေတစ်လျှောက်ရှိ ဇီးဖြူကုန်း၊ ရွှေဝါချိုင်၊ မြပြင်၊ လင်းသာ စသည့် ကျေးရွာများမှ ဒေသခံတို့၏ မြေများကို သိမ်းဆည်းခဲ့မှု ဖြစ်သည်။
များမကြာမီ ထိုမြေအားလုံးကို ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ထောက်ချုပ်ရုံးပိုင်အဖြစ် အမည်ဖောက်ခဲ့သည်။
စစ်တပ်ရေရှည်အာဏာတည်မြဲစေရန် ၎င်းစိတ်တိုင်းကျရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲ အတည်ပြုပြီးသည့်နောက် မကြာမီ ဗိုလ်ချုပ်သန်းရွှေနှင့် အပေါင်းအပါများသည် နိုင်ငံပိုင်မြေများ၊ နိုင်ငံပိုင်စက်ရုံများကို ပုဂ္ဂလိပိုင်ပြုရေးခေါင်းစဉ်ဖြင့် လက်ဝါးကြီးအုပ်ထိန်းချုပ်ခဲ့သည်။
ထိုသို့ပြုရာတွင် စစ်ထောက်ချုပ်ရုံး၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီတို့အပြင် ခရိုနီများဖြစ်သော ထူးကုမ္ပဏီ၏ ဦးတေဇ၊ ကမ္ဘောဇကုမ္ပဏီပိုင်ရှင် ဦးအောင်ကိုဝင်းတို့နှင့် များစွာသော စစ်တပ်နှင့် ပတ်သက်သည့် အဆွယ်အပွားများစွာက နိုင်ငံပိုင်မြေများနှင့် လုပ်ငန်းများကို သူခိုးစျေးဖြင့် အချောင်ရယူခဲ့သည်။ ၂၀၁၀ အကြံအဖန်ရွေးကောက်ပွဲလုပ်ပြီး ဗိုလ်ချုပ်သန်းရွှေက ၎င်းထူထောင်သည့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ အာဏာမလွှဲမီတစ်နှစ်ခန့်အလို ၂၀၀၉ ဇွန်လတွင် သူ၏သားသမီးရှစ်ဦးအနက်မှ အငယ်ဆုံးဖြစ်သည့် ထိုအချိန်က အသက် ၄၂ နှစ်ရှိပြီဖြစ်သည့် ဦးသန့်ဇော်ရွှေကို ငပလီတွင် ဟိုတယ်ဆောက်ခွင့် ချပေးခဲ့သည်။
ဘင်္ဂလားပင်လယ်အော်သို့ မေးတင်ထားသည့် သံတွဲခရိုင် မြပြင်ကျေးရွာရှိ စစ်ထောက်ချုပ်ရုံးနာမည်ဖောက်ထားသည့် မြေ ၅ ဒသမ ၂၀ ဧကကို အနှစ် ၄၀ ကြာ ငှားရမ်းစာချုပ်ဖြင့် စစ်တပ်က လုပ်ပိုင်ခွင့်ချပေးခဲ့ခြင်းဖြစ်သည်။
ထိုမြေပေါ်တွင် ဦးသန့်ဇော်ရွှေက ‘Thande Beach Hotel – Ngapali’ (သံတဲကမ်းခြေဟိုတယ်-ငပလီ) အမည်ဖြင့် အခန်းပေါင်း ၇၀ ခန့်ပါသည့် ကြယ်လေးပွင့်ဟိုတယ် ဆောက်လုပ်ခဲ့သည်။
တစ်နေ့လျှင်အခန်းငှားခ ဒေါ်လာ ထောင်ချီ ရနိုင်သော်လည်း ဦးသန့်ဇော်ရွှေက စစ်ထောက်ချုပ်ရုံးသို့ ပေးရမည့် ငါးဧကကျော် မြေငှားရမ်းခနှုန်းမှာ တစ်လ မြန်မာကျပ်ငွေ ၂၁ သိန်းနှင့် အမေရိကန်ဒေါ်လာ ၁၀၈၃ သာ ဖြစ်သည်။

ထို့ပြင် ငှားရမ်းခကို ၅ နှစ်တစ်ကြိမ်ပြင်ဆင်ခွင့်ရှိသော်လည်း မူလငှားရမ်းခ၏ ၁၅ ရာခိုင်နှုန်းထက် မပိုရဟု ဦးသန့်ဇော်ရွှေ၏ ကုမ္ပဏီဖြစ်သည့် Bagan Thande Hotel Group နှင့် စစ်ထောက်ချုပ်ရုံးတို့ကြား ၂၀၀၉ ခုနှစ် ဇွန် ၃၀ တွင် ချုပ်ဆိုသည့် စာချုပ်တွင် ဖော်ပြထားသည်။


ယင်းစာချုပ်ကို ထိုအချိန်က မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှူးချုပ် မောင်မောင်သိမ်းက ခွင့်ပြုမိန့် လက်မှတ်ရေးထိုးထားသည်ကို တွေ့ရသည်။
ထိုစာချုပ်မှာ အာဏာသိမ်းပြီးနောက် ပေါက်ကြားလာသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှတ်တမ်းများ၏ တစ်စိတ်တစ်ဒေသဖြစ်သည်။
ဦးသန့်ဇော်ရွှေသည် ပုဂံမှ အထင်ကရဟိုတယ်တစ်ခုဖြစ်သည့် ပုဂံသံတဲဟိုတယ်ကိုလည်း ဖခင်ဖြစ်သူအာဏာရချိန်တွင် နှစ်ရှည်အငှားစာချုပ်ဖြင့် လုပ်ပိုင်ခွင့်ရခဲ့သည်။ အာဏာရှင်ဟောင်းသည် စစ်တပ်ရာထူးမှ အနားမယူမီ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မျှော်ရစ်သဘာဝကြိုးဝိုင်းဧရိယာတွင် ပါဝင်သည့် ပင်လယ်ကမ်းစပ်တစ်လျှောက်ရှိ မြေ ၁၇၂ ဧကကို ၂၀၁၁ ဖေဖော်ဝါရီလအတွင်း ကြိုးဝိုင်းမြေအဖြစ်မှ ပယ်ဖျက်ကာ သမီးဖြစ်သူ ဒေါ်သန္တာရွှေ၊ ဒေါ်ဒေဝါရွှေတို့၏ ကုမ္ပဏီကို ပေးခဲ့ကြောင်း Myanmar Now ၏ ယမန်နှစ်က ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
‘၁’ ပြီးတော့ ‘၂’
ဗိုလ်ချုပ်မောင်အေးသည် စစ်အစိုးရလက်ထက်တွင် နံပါတ် ၂ အဆင့် စစ်အာဏာရှင်အဖြစ် တန်ခိုးထွားခဲ့သည့် စစ်ဗိုလ်ချုပ်ဖြစ်သည်။
ဗိုလ်ချုပ်သန်းရွှေသားနည်းတူ ဗိုလ်ချုပ်မောင်အေး၏ သမီးသည်လည်း ငပလီမှ နောက်ထပ်အကောင်းဆုံးမြေကွက်တစ်ခုတွင် ဟိုတယ်ဆောက်လုပ်ထားသည်။
ငပလီကမ်းခြေ၏ ခါးလယ်တည့်တည့်တွင် တည်ရှိပြီး ပြေပြစ်သောသဲသောင်ပြင်နှင့် ကျယ်ပြောသော ပင်လယ်မြင်ကွင်းရှိသည့် မြပြင်ကျေးရွာရှိ မြေလေးဧကကျော်ကို ဗိုလ်ချုပ်မောင်အေး၏သမီး ဒေါ်နန္ဒာအေးက ၂၀၁၄ ခုနှစ်ကတည်းက ပိုင်ဆိုင်ထားသည်။ ဒေါ်နန္ဒာအေး၏ ခင်ပွန်းသည်မှာ ဗိုလ်ချုပ်သန်းရွှေလက်ထက် တန်ခိုးထွားခဲ့သည့် စက်မှု (၁) ဝန်ကြီး ဗိုလ်ချုပ်အောင်သောင်း၏ သားဖြစ်သူ ဦးပြည်အောင် ဖြစ်သည်။
ငပလီကမ်းခြေတွင် ၎င်း၏ မြေနေရာယူပုံက အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေ၏သားထက် ပိုပြီး ပါးနပ်သည်။
ထိုမြေလေးဧကကျော်ကို စစ်တပ်ထံမှ ငှားရမ်းခြင်းမျိုးမဟုတ်ဘဲ ဒေါ်နန္ဒာအေးက ဥယျာဉ်ခြံမြေကို စည်ပင်ဌာနကို တင်၍ သူ၏ကိုယ်ပိုင်အမည်ဖောက်ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် စာရွက်စာတမ်းအထောက်အထားများအရ သိရသည်။
ထိုမြေပေါ်တွင် ဟိုတယ်ဆောက်လုပ်ခွင့်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၁၇ နိုဝင်ဘာတွင် ရရှိခဲ့ခြင်းဖြစ်သည်၊ ဒေါ်နန္ဒာအေးက အခန်းပေါင်း ၄၆ ခန်းပါရှိသည့် ဇိမ်ခံအဆင့်မြင့် Pristine Mermaid Resort ဟိုတယ်ကို ဆောက်လုပ်ထားသည်။
ထိုဟိုတယ်မှာ ငပလီကမ်းခြေတွင် အကောင်းဆုံးနှင့် စျေးအကြီးဆုံးဟိုတယ်စာရင်းဝင်သည်။

ဒေါ်နန္ဒာအေးမှာ သူ၏ ခင်ပွန်းဖြစ်သူ ဦးပြည်အောင်နှင့်အတူ သစ်လွင်သောကြာပန်းဟိုတယ်အုပ်စု (Pristine Hotel Group) အနေဖြင့် လုပ်ကိုင်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ခွင့်ပြုချက်ရရှိရန် တင်ပြသော စာရွက်စာတမ်းများအရ သိရသည်။ (ဦးပြည်အောင်၏မွေးချင်းဖြစ်သူ မိုးအောင်သည် စစ်ကောင်စီ၏ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် လက်ရှိ တာဝန်ယူထားပြီး ယခုနှစ် ဇန်နဝါရီလမတိုင်မီအထိ ရေတပ်ဦးစီးချုပ်ရာထူးရရှိခဲ့သူဖြစ်သည်။)
Pristine Hotel Group သည် မြန်မာနိုင်ငံ၏ အထင်ကရ ခရီးသွားဒေသများဖြစ်သည့် ရှေးဟောင်း ပုဂံဒေသနှင့် ရှမ်းပြည်နယ် အင်းလေးတို့တွင်လည်း Pristine နာမည်ဖြင့် ဟိုတယ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။

AA တပ်များ သံတွဲကို ထိုးစစ်မဆင်မီ သီတင်းပတ်အနည်းငယ်အလို မေလ ၁၃ ရက်နေ့အထိ ဟိုတယ်ဖွင့်လှစ်ကြောင်း Facebook မှတစ်ဆင့် ကြေညာခဲ့သော်လည်း ထိုရက်နောက်ပိုင်းတွင် အရောင်းမြှင့်တင်ခြင်းများ ရပ်နားခဲ့သည်။