Myanmar Times and Frontier, Sonny Awe, Thein See

မြန်မာတိုင်းမ် နှင့် Frontier Myanmar သတင်းဌာနများ၏ ဝိုးတဝါး အတိတ်နှင့် ပစ္စုပ္ပန်

Myanmar Now သတင်းဌာန စုံစမ်းမှုအရ မြန်မာနိုင်ငံ၏ ထင်ရှားသော သတင်းဌာန နှစ်ခုတွင် စစ်ထောက်လှမ်းရေးအဖွဲ့နှင့် ဆက်စပ်သူများ ပါဝင်နေသည်ကို တွေ့ရှိရသည်။

(ဘာ့ကြောင့် ဤဆောင်းပါးကို ရေးရသလဲ ဆိုသည်ကိုဖတ်ရှုရန် ) 

 

၂၀၂၁ ခုနှစ်  ဒီဇင်ဘာလ၏ အပူချိန် သုညဒီဂရီအောက်ရောက်၍ ခိုက်ခိုက်တုန်အေးသည့် နေ့တစ်နေ့တွင် နော်ဝေနိုင်ငံအော်စလိုမြို့၌ နိုဘယ်လ်ငြိမ်းချမ်းရေးဆုပေးပွဲပြုလုပ်ခဲ့သည်။ ယင်းပွဲတွင် ဖိလစ်ပိုင်သတင်းစာဆရာမဖြစ်သည့် မာရီယာရက်ဆာနှင့် ရုရှားနိုင်ငံမှ ဒီမစ်ထရီ မူရာတော့တို့ကို လွတ်လပ်စွာပြောဆိုခွင့်အတွက် ပူးတွဲဆုပေးခဲ့သည်။ 

 

မာရီယာရက်ဆာက နိုဘယ်လ်ငြိမ်းချမ်းရေးဆုချီးမြှင့်ခံရခြင်းအတွက် မိန့်ခွန်းပြောကြားရာ အမှန်တရားကိုဖော်ထုတ်ပြီး၊ အာဏာရှိသူတို့ကို ရဲဝံ့စွာစိန်ခေါ်ခဲ့သည့် ကမ္ဘာတစ်ဝန်းရှိ သတင်းစာဆရာများကို လေးစားဦးညွှတ်ပါကြောင်းဖြင့် မိန့်ခွန်းကို စတင်ခဲ့သည်။ ထို့နောက် မာရီယာရက်ဆာသည် ကမ္ဘာတလွှားမှ စွန့်လွှတ်စွန့်စား သတင်းစာဆရာရှစ်ဦး၏ အမည်များကိုပါ ထုတ်ဖော်ပြောကြားခဲ့သည်။ ထိုသူတို့အများစုသည် လုပ်ကြံသတ်ဖြတ်ခံရပြီးဖြစ်သည်၊ သို့တည်းမဟုတ် အကျဥ်းကျနေသူများဖြစ်သည်။ 

 

ထိုရှစ်ဦးအနက် ပါဝင်သူတစ်ဦးသည် မြန်မာနိုင်ငံမှဖြစ်သည်။ “ခုနစ်နှစ်ကျော် ထောင်ကျပြီး နောက်ထပ်သတင်းဌာနတစ်ခုကို ထူထောင်ခဲ့တဲ့ ကျွန်မမိတ်ဆွေ ဆန်နီဆွေဟာ အခုဆိုရင် မြန်မာပြည်ကနေ ထွက်ပြေးလာရရှာပါတယ်” ဟု ၎င်းကဆိုသည်။ 

 

မြန်မာနိုင်ငံတွင် Myanmar Times  (မြန်မာတိုင်းမ်) သတင်းစာနှင့် Frontier Myanmar သတင်းဌာနနှစ်ခုတို့ ထူထောင်ရာတွင် ပါဝင်ခဲ့သည့် ဦးမြတ်ဆွေ (ခေါ်) ဆန်နီဆွေအကြောင်း ယခုကဲ့သို့ ကမ္ဘာ့ထိပ်သီး နိုဘယ်လ်ဆုပေးပွဲကြီးတွင်   ထည့်သွင်းပြောဆိုလိုက်ခြင်းသည် နှစ်ပေါင်းများစွာ ပုံသွင်းလာသည့် ပုံပြင်တစ်ပုဒ် အမြင့်ဆုံး အထွဋ်အထိပ်သို့ ဧကန်ရောက်ရှိသွားခြင်း ဖြစ်လေသည်။

 

ပုံစာ - ၂၀၂၁ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုပေးပွဲတွင် ဖိလစ်ပိုင်သတင်းစာ ဆရာမဖြစ်သည့် မာရီယာ ရက်ဆာ စကားပြောနေစဉ်။
ပုံစာ - ၂၀၂၁ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုပေးပွဲတွင် ဖိလစ်ပိုင်သတင်းစာ ဆရာမဖြစ်သည့် မာရီယာ ရက်ဆာ စကားပြောနေစဉ်။ (Photo: AFP/ဒီဇိုင်း Myanmar Now)

ပုံပြင်မှာ ဤသို့ဖြစ်သည်။ 

 

၂၀၀၀ ပြည့်နှစ်တွင် ထွက်ပေါ်လာသော မြန်မာတိုင်းမ်ကို ဆန်နီဆွေ ပူးတွဲထူထောင် လိုက်သည်မှစ၍ ၎င်းကို မြန်မာသတင်းလောက၏ ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်ကြီးအဖြစ် သမုတ်မှုများ စတင်ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။ 

 

ဆန်နီဆွေသည် စစ်အာဏာရှင်တို့၏ စာပေစိစစ်ရေးစနစ်ကို တွန်းလှန်တိုက်ဖျက်ကာ သတင်းစာလွတ်လပ်ခွင့်အတွက် ကြိုးပမ်းဆောင်ရွက်ရင်း နောင်တွင် ဖမ်းဆီးအကျဥ်းချ ခံခဲ့ရသည်ဟူ၍ ဖြစ်သည်။ ထိုမျှမက အကျဥ်းထောင်မှ လွတ်ပြီးနောက် Frontier Myanmar သတင်းဌာနကို ဦးဆောင်ရင်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းအပြီး စစ်တပ်၏ ဒုက္ခပေးမှုကြောင့် ၎င်းခမျာ တိုင်းတပါးသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရရှာသည် ဟူ၍လည်း ဖြစ်သည်။ 

 

ဤသို့ထုဆစ်ခဲ့သည့် ဇာတ်လမ်းနောက်ကွယ်တွင် ပိုမိုရှုပ်ထွေးသည့် အမှန်တရားများ ရှိနေသည်။ Myanmar Now ၏ စုံစမ်းဖော်ထုတ်မှုအရ ဆန်နီဆွေ၏ ဆယ်စုနှစ်သုံးခုအတွင်း တည်ရှိခဲ့သောလုပ်ငန်းများသည် ယခင်စစ်အစိုးရခေတ် စစ်ဗိုလ်ချုပ်များက စနစ်တကျစီမံဖန်တီးခဲ့သော ခေတ်မီဝါဒဖြန့်ချိရေးလှုပ်ရှားမှုများပေါ်တွင် အခြေပြု တည်ဆောက်ထားခြင်းဖြစ်သည်။   

 

လွန်ခဲ့သည့်တစ်နှစ်တာအတွင်း Myanmar Now သည် မည်သည့်အခါကမျှ ပုံနှိပ်ဖော်ပြခြင်း မရှိဖူးသော စာရွက်စာတမ်းများနှင့် ကုမ္ပဏီမှတ်တမ်းများကို ရှာဖွေလေ့လာခဲ့ပြီး ဆန်နီဆွေ၊ ၎င်း၏ ဖခင်ဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း သိန်းဆွေနှင့် အနီးကပ် အလုပ် လုပ်ကိုင်ခဲ့သူများနှင့်လည်း သီးသန့်မေးမြန်းခဲ့သည်။

 

ထိုလေ့လာမှုအရ ဆန်နီဆွေသည် ၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းကာလများတွင် စစ်တပ်ဝါဒ ဖြန့်ချိရေး စာအုပ်စာစောင်များကို ပုံနှိပ်ခဲ့သည့်အခြေအနေမှ စတင်ခဲ့ကာ၊ ထို့နောက် အများပြည်သူတို့ ကြောက်ရွံ့ခဲ့ရသည့် စစ်ထောက်လှမ်းရေး၏ တိုက်ရိုက်ပံ့ပိုးမှုဖြင့် မြန်မာတိုင်းမ် သတင်းစာဂျာနယ်ကို ပူးတွဲတည်ထောင်နိုင်ခဲ့သည်။ 


မြန်မာတိုင်းမ်သည် နိုင်ငံ၏ ပထမဦးဆုံး အမှီအခိုကင်းလွတ်လပ်သည့် သတင်းစာတစ်စောင်ဟု ဆန်နီဆွေက မကြာခဏပုံဖော်ပြောကြားခဲ့သည်။ သို့ရာတွင် ထိုသတင်းစာသည် စစ်ထောက်လှမ်းရေးက မြန်မာစစ်တပ်၏ ပုံရိပ်ကိုနိုင်ငံတကာတွင် အကောင်းမြင်စေရန်ပုံဖော်ရာတွင် စနစ်တကျအသုံးချခဲ့သော ဝါဒဖြန့်ချိရေးသတင်းစာ တစ်စောင်သာဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ 

 

မြန်မာတိုင်းမ်ကိုသုံး၍ ဝါဒဖြန့်ချိရေးလုပ်ငန်းကို ဦးဆောင်ဦးရွက်လုပ်ခဲ့သူသည် ဆန်နီဆွေ၏ဖခင် ဗိုလ်မှူးချုပ် သိန်းဆွေဖြစ်သည်။ စစ်ထောက်လှမ်းရေးလက်အောက်ရှိ မဟာဗျူဟာလေ့လာရေးဌာနခေါ် ဝါဒဖြန့်ချိရေး၊ စိတ်ဓာတ်စစ်ဆင်ရေးဌာနတွင် ဌာနမှူး အဖြစ်လုပ်ကိုင်နေသူ ဗိုလ်မှူးချုပ် သိန်းဆွေကိုယ်တိုင် မြန်မာတိုင်းမ်ကို ဆင်ဆာဖြတ်တောက်ခြင်းနှင့်သတင်းများကို တည်းဖြတ်ခြင်းပြုလုပ်ခဲ့ သည်။ ထို့အပြင် ၎င်းသည် ထောက်လှမ်းရေးက ရေးသားသည့် ဝါဒဖြန့်ချိရေးသတင်းများအား စာစောင်တွင် ထည့်သွင်းခြင်းကိုလည်း ကြီးကြပ်ခဲ့သည်။

 

မြန်မာတိုင်းမ်သည် ထိုခေတ်အချိန်က ဆင်ဆာစနစ်ကို တွန်းလှန်လှုပ်ရှားနေခဲ့ကြောင်း ဆန်နီဆွေက မကြာခဏပုံဖော်ပြောကြားခဲ့သော်လည်း သတင်းစာတိုက်၏ ကနဦးနှစ်များအတွင်း သတင်းထောက်များရေးသားခဲ့သည့် ထောင်နှင့်ချီသော သတင်းစာမူကြမ်းများကမူ စစ်ထောက်လှမ်းရေးက နိုင်ငံတကာစာဖတ်ပရိသတ်ကို မည်သို့ သတင်းစကားများပါးရန် လုပ်ဆောင်နေကြောင်း ဖော်ပြနေသည်။ 

 

ဆန်နီဆွေကိုယ်တိုင်ပင် သတင်းစာတိုက်၏ သတင်းများအား ၎င်း၏ ဖခင်ကိုယ်စား အတည်ပြုပေးရသည့် ဆင်ဆာလုပ်ငန်းတွင်လည်း ရံဖန်ရံခါ လုပ်ကိုင်ခဲ့သည်ကို မြန်မာတိုင်းမ် စာမူကြမ်းများတွင် တွေ့ရှိရသည်။ 

 

၂၀၀၄ ခုနှစ် စစ်ထောက်လှမ်းရေးဖျက်သိမ်းချိန် ဦးသိန်းဆွေနှင့် ဆန်နီဆွေတို့နှစ်ဦးလည်း ထောင်ကျခဲ့ကြသည်။ မြန်မာ့နိုင်ငံရေး အကူးအပြောင်းများဖြစ်ပေါ်နေချိန်  နှစ်ဦးသား ထောင်မှ လွတ်မြောက်လာပြီးနောက် ၎င်းတို့သည် Frontier Myanmar သတင်းဌာနကို ၂၀၁၅ ခုနှစ်တွင် ထူထောင်ခဲ့သည်။ Myanmar Now သတင်းဌာနက စုံစမ်းရရှိခဲ့သော ကုမ္ပဏီမှတ်တမ်းများအရ  ဦးသိန်းဆွေသည် Frontier Myanmar သတင်းဌာနတွင် ပိုင်ရှင်တစ်ဦးအဖြစ်လျှို့ဝှက်ပါဝင်နေခဲ့ပြီး၊ ၎င်းသည် တစ်ချိန်တည်းတွင် စစ်တပ်အတွက် လိုအပ်သည့် ပစ္စည်းများကို ဝယ်ယူပေးသည့် ကုမ္ပဏီတစ်ခုကိုလည်း ပူးတွဲ ထူထောင် လုပ်ကိုင်နေခဲ့သည်။ ၎င်းကုမ္ပဏီသည် ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံအတွင်း သွေးထွက်သံယိုမှုနှင့် စစ်မီးဟုန်းဟုန်းတောက်နေချိန်တွင် ပို၍ပင် လုပ်ငန်းများတိုးချဲ့ လာခဲ့ကြောင်း တွေ့ရှိရသည်။ 

 

နိုင်ငံခြားသံတမန်များ၊ နိုင်ငံခြား NGO ဝန်ထမ်းများကို ပစ်မှတ်ထား၍ အင်္ဂလိပ်ဘာသာဖြင့် အသားပေးထုတ်ဝေသည့် Frontier ကို မြန်မာနိုင်ငံတွင်း သိရှိသူနည်းလှသော်လည်း မြန်မာ့အရေးစိတ်ဝင်စားသည့် အင်္ဂလိပ်စာဖတ်ပရိသတ်ကြားတွင်မူ ၎င်းသည် နာမည်ရထားသည်။ သို့ရာတွင် အများသူငါမသိရှိသည်မှာ Frontier သည် ယခင်မြန်မာတိုင်းမ်တွင် ကျင့်သုံးခဲ့သည့် လူထုဆက်ဆံရေး (Public Relations) နှင့် သတင်းစာလုပ်ငန်းကို ရောနှောထားသည့် လုပ်နည်းလုပ်ဟန်များကို အသုံးချခဲ့ပြီး မြန်မာနိုင်ငံရှိ ခရိုနီများနှင့် အာဏာရှိသူတို့၏ အကျိုးစီးပွားများကို မြှင့်တင်ပေးခဲ့ခြင်းဖြစ် သည်။ 

 

Frontier ၏ ပိုင်ဆိုင်မှုပုံစံကို လွန်ခဲ့သည့်နှစ်များအတွင်း ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ သို့သော် Frontier ကို ယခင်နှင့် ယခုပိုင်ဆိုင်သူများသည် အာဏာသိမ်းမြန်မာစစ်တပ်နှင့် ဆက်နွှယ်နေမှုကြောင့် ပြည်ပရောက် မြန်မာသတင်းမီဒီယာအသိုင်းအဝိုင်းတွင် စိုးရိမ်မှုများ ဖြစ်ပေါ်နေသည်။ 

 

ဆန်နီဆွေကမူ Myanmar Now သတင်းဌာန၏ လေ့လာတွေ့ရှိမှုများသည် အဓိပ္ပာယ်မရှိကြောင်း၊ ၎င်း၏ဖခင်ဦးသိန်းဆွေသည် မြန်မာတိုင်းမ်နှင့် Frontier သတင်းဌာနနှစ်ခုလုံး၏ သတင်းလုပ်ငန်းများတွင် ပတ်သက်မှုမရှိကြောင်း ငြင်းဆိုသည်။ 


ဦးသိန်းဆွေကမူ မှတ်ချက်ပြုရန် ဆက်သွယ်မေးမြန်းမှုများကို အကြောင်းပြန်ကြားခြင်း မရှိပေ။

ဗိုလ်မှူးချုပ်ဟောင်းသိန်းဆွေနှင့် သားဖြစ်သူ ဦးမြတ်ဆွေ ခေါ် ဆန်နီဆွေ (ဒီဇိုင်း – Myanmar Now)

ဖအေတူ သား

ရာစုနှစ်တစ်ဝက်ကျော် စစ်တပ်က မြန်မာနိုင်ငံကို ဖိနှိပ်အုပ်ချုပ်ခဲ့ရာ ၁၉၉၀ ပြည့်လွန်နှစ်များတွင် စစ်ထောက်လှမ်းရေး၏ သြဇာသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။ စစ်ထောက်လှမ်းရေးသည် အစိုးရယန္တရားများတွင် ပါဝင်စွက်ဖက်လာပြီး၊ အများပြည်သူတို့၏ ဘဝကို နည်းပေါင်းစုံဖြင့် ခြယ်လှယ်လာနိုင်ခဲ့သည်။ 

 

သတင်းပေးများကို ကွန်ရက်ဖြန့်မွေးမြူလှုပ်ရှားမှုမှသည် လူထုကြား စစ်တပ်ကိုအမြဲ ကြောက်ရွံ့ထိတ်လန့်နေစေရန် စိတ်ဓာတ်စစ်ဆင်ရေး နည်းလမ်းများကိုသုံးစွဲပြီး ထောက်လှမ်းရေးက လှုပ်ရှားခဲ့သည်။ ၎င်းတို့၏ ရည်ရွယ်ချက်သည် စစ်တပ်ကို မကျေနပ်သည့် လူထုကို နှိပ်ကွပ်ထားရန်ဖြစ်သည်။ စစ်တပ်ကို ငြိမ်းချမ်းသောနည်းဖြင့် ဆန္ဒပြသူများနှင့် စစ်တပ်ကို သတ္တိရှိရှိဖြင့် ဝေဖန်သည့်မည့်သူ့ကိုမဆို ထောက်လှမ်းရေးက စိတ်ထင်တိုင်းဖမ်းဆီးပြီး ရက်ရက်စက်စက်ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ 

 

ထို့အပြင် နိုင်ငံအတွင်း၌ အလွန်တင်းကျပ်သည့် စာပေစိစစ်ရေးစနစ်ကိုလည်း စစ်ထောက်လှမ်းရေးက တိုက်ရိုက်ကိုင်တွယ်ပြီး ထိန်းချုပ်ခဲ့သည်။ စစ်ထောက်လှမ်းရေးများသည် စစ်တပ်၏ ရာဇဝတ်မှုများကို ဖုံးကွယ်ရေး၊ ပြည်ပတွင် နိုင်ငံရေးထောက်ခံမှုရရှိရန်နှင့် စစ်တပ်အသိုင်းအဝိုင်း ချမ်းသာကြွယ်ဝရေး အတွက်လည်း လုပ်ဆောင်ခဲ့ကြသည်။ 

 

ထိုသို့လုပ်ဆောင်ရန် ၎င်းတို့သည် စစ်တပ်တွင်း၌ ပိုမို၍ သဘောထားပျော့ပျောင်းသော၊ ပြုပြင်ပြောင်းလဲမှုကို လိုလားသောအဖွဲ့အဖြစ်ပုံဖော်ပြီး နိုင်ငံတကာ၏  ထောက်ခံမှုရယူရန်  စစ်ထောက်လှမ်းရေးက ကြိုးပမ်းခဲ့သည်။ ထိုကြိုးပမ်းမှုအတွက် စိတ်ဓာတ်စစ်ဆင်ရေး စီမံကိန်းကို မဟာဗျူဟာချ၍ လုပ်ဆောင်ခဲ့သည်။ 

 

ထိုစီမံကိန်းတွင် အခရာကျကျ ပါဝင်သူသည် စစ်ထောက်လှမ်းရေးတပ်၌ အထူးဖွဲ့စည်းထားသော မဟာဗျူဟာလေ့လာရေးဌာန (Office of Strategic Studies-OSS) အဖွဲ့ကို ဦးဆောင်သူ ဗိုလ်မှူးကြီး (နောင်ဗိုလ်မှူးချုပ်) သိန်းဆွေဖြစ်သည်။ ၎င်းသည် ထောက်လှမ်းရေး အကြီးအကဲ ခင်ညွန့်၏ အနီးကပ်လက်ထောက်တစ်ဦးဖြစ်သည်။  ၁၉၉၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော OSS ၏ တာဝန်များသည် ပြည်ပရှိ မြန်မာနိုင်ငံသားများကို စောင့်ကြည့် ထောက်လှမ်းရေးနှင့် နိုင်ငံခြားလော်ဘီများ၊ လူထုဆက်ဆံရေးအမည်ခံ PR အေဂျင်စီများနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာအလေးမထားသည့် သတင်းထောက်များကို အသုံးချ၍ စစ်တပ်ကို နိုင်ငံတကာတွင် ရှုမြင်မှုကောင်းစေရန်၊ စစ်တပ်နှင့် စစ်ထောက်လှမ်းရေး၏ ရာဇဝတ်မှုများကို ဖုံးကွယ်ရန် စနစ်တကျစီမံကိန်းများချ၍ လုပ်ဆောင်ရေးဖြစ်သည်။  

 

၁၉၆၂ စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးပေါ်ထွက်လာသည့် စစ်အရာရှိမျိုးဆက်တွင် ဗိုလ်မှူးကြီး သိန်းဆွေပါရှိခဲ့သည်။ ၎င်းသည်  နောင် သမ္မတဖြစ်လာမည့် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့်အတူ စစ်တက္ကသိုလ်အပတ်စဥ် (၉) မှ ကျောင်းဆင်းခဲ့သူဖြစ်သည်။  

 

ဦးသိန်းဆွေသည် ထိုင်းနိုင်ငံ ဘန်ကောက်တွင် စစ်သံမှူးအဖြစ်တာဝန်ထမ်းဆောင်အပြီး ရန်ကုန်သို့ပြန်ကာ မဟာဗျူဟာဌာနတွင် ဌာနကြီးမှူးအဖြစ်တာဝန်ယူနေသည့်အချိန် ၁၉၉၇ ခုနှစ်မှစ၍ လူမြင်ကွင်းထဲရောက်လာခဲ့သူဖြစ်သည်။ ထိုနှစ် ဇွန်လတွင် ပြုလုပ်သည့် စစ်တပ်သတင်းစာရှင်းလင်းပွဲ၌ အနောက်နိုင်ငံများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး        ဗန်းပြကာ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကို အားပေးကူညီ လုပ်ဆောင်နေသည်ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

စစ်ထောက်လှမ်းရေးအရာရှိ ကျော်သိန်း (ဝဲ)၊ သိန်းဆွေ (အလယ်) နှင် စစ်ထောက်လှမ်းရေး ဒုတိယအကြီးအကဲ ကျော်ဝင်း (ယာ)တို့ အား ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ရန်ကုန်၌ပြုလုပ်သည့် စစ်တပ်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ (AFP)

အနောက်နိုင်ငံများကို ၎င်းက ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်နေစဥ် ၎င်း၏ သားသမီးသုံးဦးအနက် ဒုတိယမြောက်ဖြစ်သူ ဆန်နီဆွေသည် အမေရိကန်နိုင်ငံကာလီဖိုးနီးယားရှိ San Mateo ကောလိပ်တွင် ကျောင်းတက်နေသည်။ 

 

အလွန်ဆင်းရဲမွဲတေနေပြီး ကမ္ဘာကြီးနှင့်အဆက်ဖြတ်ခံထားရသည့် မြန်မာနိုင်ငံ၌ ထိုအချိန်ကာလများတွင် နိုင်ငံခြားသို့သွားရောက်ကျောင်းတက်နိုင်သူအများစုသည် စစ်တပ်ထိပ်တန်း မိသားစုဝင်များသာဖြစ်သည်။ 

 

စစ်ထောက်လှမ်းရေးအရာရှိအများစုကဲ့သို့ပင် ဦးသိန်းဆွေသည် ၎င်း၏ စစ်ဘက်ဆိုင်ရာ ရာထူးကို အသုံးပြု၍ ချမ်းသာကြွယ်ဝရေးနည်းလမ်းမျိုးစုံကို ရှာဖွေခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ၎င်းသည် မြန်မာသတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း အများပိုင်ကုမ္ပဏီလီမိတက် (MICTDC) ဟုခေါ်သည့် ကုမ္ပဏီတွင် မန်နေဂျင်းဒါရိုက်တာဖြစ်လာခဲ့သည်။ ထိုကုမ္ပဏီသည် မြန်မာစစ်တပ်နှင့် တိုင်းပြည်တွင် ပေါ်ထွန်းကာစ နည်းပညာလုပ်ငန်းများကြား ပေါင်းကူးတံတားအဖြစ် ဖန်တီးပေးမည့် နိုင်ငံ၏ ပထမဆုံးသော အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းထားသည့် ကုမ္ပဏီစုကြီးဖြစ်သည်။ ထိုကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် အခြေခံအဆောက်အဦအတွက် ထောက်တိုင်ဖြစ်ခဲ့သကဲ့သို့ တစ်ဖက်တွင်လည်း စစ်ထောက်လှမ်းရေး၏ စီးပွားရေးလက်တံတစ်ခု ဖြစ်လာခဲ့သည်။ 

 

ထို့အပြင် စစ်အုပ်ချုပ်ရေးစနစ်အောက် အစစအရာရာခေတ်နောက်ကျနေချိန်တွင် မြန်မာနိုင်ငံသည် နည်းပညာအားဖြင့် တိုးတက်ပြောင်းလဲမှုများဖြစ်ပေါ်နေပြီဖြစ်ကြောင်း ထိုကုမ္ပဏီက စစ်တပ်အတွက် ပုံဖော်ပေးခဲ့သည်။ 

 

စစ်ထောက်လှမ်းရေးတွင် ဦးသိန်းဆွေ၏တန်ခိုးကြီးထွားလာချိန် သားဖြစ်သူ ဆန်နီဆွေသည် အမေရိကန်မှ မြန်မာနိုင်ငံသို့ပြန်လာပြီး ဖခင်၏ လုပ်ငန်းနှင့် တိုက်ရိုက်ဆက်စပ်နေသည့် စစ်တပ်အတွက်ဝါဒဖြန့်ချိရေးလုပ်ငန်းများကို လုပ်ကိုင်လေတော့သည်။ 

 

၁၉၉၇ ခုနှစ်၌ ဦးသိန်းဆွေနှင့် ဆန်နီဆွေမိသားစုသည် ရန်ကုန်ရှိ မိတ်ကောင်းပုံနှိပ်တိုက်ကို လွှဲပြောင်းဝယ်ယူခဲ့သည်။ ထိုပုံနှိပ်တိုက်သည် သိန်းဆွေမိသားစုပိုင်လုပ်ငန်းဖြစ်ကြောင်း ဆန်နီဆွေ၏ မြန်မာတိုင်းမ် သတင်းစာတွင် ပထမဦးဆုံး လုပ်ကိုင်ခဲ့သည့် အယ်ဒီတာများကဆိုသည်။ လက်ရှိ၎င်းပုံနှိပ်တိုက်၏ တာဝန်ခံသည် ဆန်နီဆွေ၏ အစ်မ ဒေါ်မာလာမော် (ခေါ် ) မာလာဘလက်ဝုဒ်ဖြစ်သည်။ 

 

ပုံနှိပ်တိုက်ဝယ်ယူလိုက်သည့် ၁၉၉၇ ခုနှစ်တွင်ပင် ဦးသိန်းဆွေမိသားစုသည် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ဝေသည့် မန္တလေးနေ့စဥ် သတင်းစာကို ပုံနှိပ်ခွင့် ကန်ထရိုက်ရရှိသွားသည်။ ထိုခေတ်အချိန်က ထောက်လှမ်းရေးသည် စည်ပင်ဌာနများတွင် များစွာဝင်ရောက်စွက်ဖက်ခြယ်လှယ်နေကြောင်း တပ်မတော်အရာရှိဟောင်းလည်းဖြစ်ပြီး ရန်ကုန်စည်ပင်ဌာနတွင် ထိပ်တန်းအရာရှိဖြစ်ခဲ့သူ ဗိုလ်မှူးကြီးဟောင်း သောင်းဝေဦးရေးသားသည့် စာအုပ်များတွင် ဖော်ပြထားသည်။ 

 

ထိုသို့ ထောက်လှမ်းရေး၏ သြဇာခံဖြစ်သော မန္တလေးနေ့စဥ်သတင်းစာသည် ထူးထူးခြားခြား မန္တလေးသတင်းများ တင်ဆက်ခြင်းမဟုတ်ဘဲ စစ်တပ်ထုတ်မြန်မာ့အလင်း၊ ကြေးမုံသတင်းစာ ဝါဒဖြန့် သတင်းများကို ပြန်လည်ရိုက်နှိပ်ဖော်ပြခြင်းသာဖြစ်သည်။ မန္တလေးမြို့ထုတ်သတင်းစာ အမည်ခံထားသဖြင့် မန္တလေးရှိ စီးပွားရေးလုပ်ငန်းကြော်ငြာများရရှိပြီး ငွေကြေးရှာဖွေရန် ဖန်တီးခဲ့သည့် ဝါဒဖြန့်သတင်းစာ တစ်စောင်သာဖြစ်သည်။

 

ဆန်နီဆွေပုံနှိပ်ခဲ့သော မန္တလေးနေ့စဥ်သတင်းစာသည် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းများကို ပြန်လည်ဖော်ပြသော ဝါဒဖြန့်ချိရေးသတင်းစာဖြစ်သည်။ (ပုံ- Myanmar Now)

ထို့အပြင် မိတ်ကောင်းပုံနှိပ်တိုက်သည် ၁၉၉၀ ပြည့်လွန်နှစ်များနှောင်းပိုင်းမှ စစ်ထောက်လှမ်းရေး ဖျက်သိမ်းခံရသည့် ၂၀၀၄ ခုနှစ်ကာလအထိ စစ်ထောက်လှမ်းရေးအရာရှိများ ကလောင်ဝှက်များဖြင့်ရေးသားသည့် ဝါဒဖြန့်ချိရေး စာအုပ်များကိုလည်း ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ထုတ်ဝေသည့်   “ MTA ဦးခွန်ဆာအဖွဲ့ ဘာ့ကြောင့် လက်နက်နဲ့       ငြိမ်းချမ်းရေးလဲခဲ့ရသလဲ” ဆိုသည့် စာအုပ်သည် မောင်ဖိုးရှုပ် ကလောင်အမည်ခံ စစ်ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးကြီးစန်းပွင့် ရေးသားခဲ့သော စာအုပ်ဖြစ်သည်။ ထိုစာအုပ်ကို စစ်ထောက်လှမ်းရေး ဗိုလ်မှူး အောင်ဇော်က စီစဥ်ထုတ်ဝေပြီး၊ ဦးသိန်းဆွေနှင့် ဆန်နီဆွေတို့ပိုင်သည့် မိတ်ကောင်းပုံနှိပ်တိုက်က အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် ပုံနှိပ်ခဲ့သည်။ 

 

ဗိုလ်မှူးကြီးစန်းပွင့် “ကျော်ထင်နော်ရထာ”ဆိုသည့် ကလောင်ဝှက်နှင့်ပင် မိတ်ကောင်း ပုံနှိပ်တိုက်က ထုတ်ဝေခဲ့သော နောက်ထပ်စာအုပ်တစ်အုပ်သည် “အမြဲတမ်းသတိထားရမည့် အိမ်နီးချင်း” ဆိုသည့် ထိုင်းနိုင်ငံကို အပုပ်ချတိုက်ခိုက်သော ထောက်လှမ်းရေးဝါဒဖြန့် စာအုပ်ဖြစ်သည်။ ထိုစာအုပ်တွင် အယုဒ္ဓယမြို့တော် ပျက်စီးခဲ့ရခြင်းသည် ဘန်ကောက်မြို့သစ်ကို တည်လိုသောကြောင့် အယုဒ္ဓယမြို့ဟောင်း အဆောက်အအုံများ၏ အုတ်များကို ယူသုံးခဲ့ခြင်းဖြစ်ပြီး မြန်မာက အယုဒ္ဓယမြို့ကို ဝင်ရောက်ဖျက်ဆီးတိုက်ခိုက်ခဲ့သည်ဆိုသည့် သမိုင်းသည် ထိုင်းက လုပ်ကြံထားသည့် ဇာတ်လမ်းဖြစ်ကြောင်း ရေးသားထားသည်။ 

 

မိတ်ကောင်းပုံနှိပ်တိုက်က စစ်ထောက်လှမ်းရေးဝါဒဖြန့်စာအုပ်များကို ထုတ်ဝေခဲ့သည့် ခိုင်မာသောအထောက်အထားများ မည်သို့ပင်ရှိစေ ပုံနှိပ်တိုက်ပိုင်ရှင်တစ်ဦးဖြစ်သူ ဆန်နီဆွေကမူ ပုံနှိပ်တိုက်သည် ထောက်လှမ်းရေး၏ လုပ်ငန်းများနှင့် အလျဥ်းပတ်သက်ခြင်း မရှိကြောင်းနှင့် ထောက်လှမ်းရေးအတွက် မည်သည့်လုပ်ငန်းမျှလုပ်ကိုင်ခဲ့ခြင်း မရှိကြောင်း Myanmar Now ကို ပြောင်ပြောင်တင်းတင်းငြင်းဆိုသည်။  

 

“ဒါက စီးပွားရေးသက်သက်အတွက်လုပ်ထားတဲ့  ပုံနှိပ်တိုက်တစ်ခုပါ။ ကျွန်တော့်ရဲ့ ဖောက်သည်တွေက ပုဂ္ဂလိကလုပ်ငန်းတွေကပဲ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

မိတ်ကောင်းပုံနှိပ်တိုက်က ထုတ်ဝေခဲ့သော စာအုပ်အချို့။ ဗိုလ်မှုးကြီး စန်းပွင့်ရေးသားသည့် ရှေးမြန်မာမင်းများလက်ထက် ထောက်လှမ်းရေးစာအုပ်တွင် စစ်ထောက်လှမ်းရေး ဒုတိယအကြီးအကဲဟောင်း စွန်ရဲကလောင်အမည်ခံ ဗိုလ်ချုပ်ကျော်ဝင်းအမှာစာ (ဒီဇိုင်း - Myanmar Now)

 

လွန်ခဲ့သည့်နှစ်ပေါင်းများစွာအတွင်း ဆန်နီဆွေသည် မိတ်ကောင်းပုံနှိပ်တိုက်ကို အကြောင်းပြု၍ ၎င်းသည်စာနယ်ဇင်းလုပ်ငန်းများတွင် မည်သို့မည်ပုံလုပ်ကိုင်ခဲ့ပုံ၊ သတင်းစာလုပ်ငန်းကို မည်မျှခုံမင်ပုံစသည်ဖြင့် ၎င်း၏ဘဝကို ပုံဖော်သည့် ဒဏ္ဍာရီတစ်ခုကို ဖန်တီးခဲ့သည်။ 

 

၎င်း၏ စာနယ်ဇင်းလုပ်ငန်းသည် မြန်မာနိုင်ငံရှိ နယ်သတင်းစာတစ်စောင်တွင် လုပ်ကိုင်ရာမှ စတင်ခဲ့ကြောင်းနှင့် မန္တလေးနေ့စဥ်သတင်းစာ ပုံနှိပ်ထုတ်ဝေခွင့်ကန်ထရိုက်ကို “ကံအကြောင်းဖန် မတော်တဆ” ရရှိခဲ့ခြင်းဖြစ်ကြောင်း တရားဝင်လူသိရှင်ကြားပြောဆို ထားသည်။ သို့ရာတွင် ၎င်းအမြဲတစေဖုံးကွယ်ထားခဲ့သည်မှာ ထိုမိတ်ကောင်းပုံနှိပ်တိုက်သည် ၎င်း၏ဖခင်ဖြစ်သူ ထောက်လှမ်းရေးအရာရှိ ကိုယ်တိုင်ပါဝင်သော မိသားစုလုပ်ငန်းဖြစ်ပြီး၊ ထိုပုံနှိပ်တိုက်သည် စစ်ထောက်လှမ်းရေး ဝါဒဖြန့်စာအုပ်များနှင့် မြန်မာ့အလင်း၊ ကြေးမုံ သတင်းများကို ပြန်လည်ဖော်ပြသော ဝါဒဖြန့် မန္တလေးသတင်းစာကို ပုံနှိပ်နေခဲ့သည်ဆိုသည့် အချက်ဖြစ်သည်။

 

နောင်တွင် မိတ်ကောင်းပုံနှိပ်တိုက်သည် ဆန်နီဆွေအား ‘သတင်းစာလွတ်လပ်ခွင့်ကာကွယ်သူ’ ဆိုသည့် ဂုဏ်ပုဒ်ကို ဖန်တီးပေးမည့် မြန်မာတိုင်းမ် သတင်းစာပေါ်ပေါက်ရန် အထောက်အကူပြုမည့် ယန္တရားဖြစ်လာတော့သည်။ 

 

ဥရောပသမဂ္ဂ(အီးယူ)အဖွဲ့ကြီးက စစ်ထောက်လှမ်းရေး ဦးသိန်းဆွေနှင့် ၎င်း၏ သားဖြစ်သူ ဆန်နီဆွေတို့အား စီးပွားရေးပိတ်ဆို့ဒဏ်ခတ်သည့်စာရင်းတွင် ၂၀၀၀ ပြည့်နှစ်က ထည့်သွင်းခဲ့ရာ ထိုနှစ်တွင်ပင် သိန်းဆွေမိသားစုသည် မြန်မာတိုင်းမ်ကို ပူးတွဲတည်ထောင် ခဲ့သည်။ 

 

သတင်းစာကို ပိုင်ဆိုင်မည့် Myanmar Consolidated Media ဆိုသည့် ကုမ္ပဏီကို ထူထောင်ရာတွင် ၅၁ ရာခိုင်နှုန်းကို မိတ်ကောင်းပုံနှိပ်တိုက်က ပိုင်ဆိုင်သည်။ မိတ်ကောင်းပုံနှိပ်တိုက်၏ ရှယ်ယာရှင်များတွင် နာမည်ကျော် ရုပ်ရှင်မင်းသမီး ခင်သီတာထွန်း၏ ခင်ပွန်း ဦးပြုံးမောင်မောင်လည်း ပါဝင်သည်။ ဦးပြုံးမောင်မောင်သည် စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်၏ စီးပွားရေးလူယုံတစ်ဦး ဖြစ်သကဲ့သို့ ဦးသိန်းဆွေမိသားစု၏ စီးပွားဖက်တစ်ဦးဖြစ်ကြောင်း မြန်မာတိုင်းမ်သတင်းစာတွင် လုပ်ကိုင်ခဲ့သည့် အယ်ဒီတာဟောင်းများကဆိုသည်။၎င်းသည် ခင်ညွန့်လက်အောက်ရှိ စစ်ထောက်လှမ်းရေးအတွက် အိုင်တီလုပ်ငန်းများကို ဝင်ရောက်လုပ်ကိုင်ပေးခဲ့သူဖြစ်ပြီး၊ ၎င်း၏ဖခင် ဒုတိယဗိုလ်မှူးကြီး တင်ထွန်းသည် ၁၉၇၀ ပြည့်လွန်နှစ်များ၌ ရေတပ်တွင် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

 

မြန်မာတိုင်းမ်ကို တည်ထောင်ရာတွင် ပါဝင်ခဲ့သော အရင်းအနှီးများသည် မိတ်ကောင်း ပုံနှိပ်တိုက်မှ ရခဲ့သောငွေများဖြစ်ကြောင်း၊ ၎င်းနှင့် ဦးပြုံးမောင်မောင်တို့ နှစ်ဦးပေါင်းပြီး  အမေရိကန်ဒေါ်လာ ၃၇,၀၀၀ ငွေကြေးကို တစ်ဝက်စီ အညီအမျှကျခံကာ ရင်းနှီးမြှုပ်နှံ ခဲ့ကြောင်း ဆန်နီဆွေက ဆိုသည်။ မြန်မာတိုင်းမ်၏ပိုင်ဆိုင်မှုတွင် ဦးသိန်းဆွေနှင့် အခြားမိသားစုဝင်များ မည်သို့မည်ပုံပါဝင်နေသနည်းဆိုသည့် မေးခွန်းကိုမူ ဆန်နီဆွေက ဖြေကြားခြင်းမရှိခဲ့ပေ။

 

စစ်ထောက်လှမ်းရေးအတွက် အိုင်တီနည်းပညာကို လုပ်ဆောင်ပေးခဲ့သူ မြန်မာတိုင်းမ်နှင့် Frontier Myanmar သတင်းဌာနတို့၏ ပိုင်ရှင်ဟောင်းတစ်ဦးဖြစ်သူ ဦးပြုံးမောင်မောင် (ဒီဇိုင်း၊ Myanmar Now)

ဦးပြုံးမောင်မောင်ထံ ဆောင်းပါးပါအချက်များနှင့်ပတ်သက်၍ဖြေကြားရန် Myanmar Now က အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ၎င်းက ပြန်လည်ဖြေကြားခြင်းမရှိပေ။ 

 

မြန်မာတိုင်းမ်သတင်းစာ ပိုင်ဆိုင်သည့် Myanmar Consolidated Media ကုမ္ပဏီ၏ ကျန်ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို British Virgin Islands တွင် မှတ်ပုံတင်ထားသော Far Eastern Consolidated Media ဟု အမည်ရသော၊  သြစတြေးလျနိုင်ငံသားသုံးဦးပိုင်ဆိုင်သော ကုမ္ပဏီက ထိန်းချုပ်ထားသည်။ ၎င်းတို့သည် သတင်းစာ၏ ကာလရှည်အယ်ဒီတာချုပ် ဖြစ်လာမည့် ရော့စ်ဒန်ကလေ (Ross Dunkley) နှင့် စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် ဘေလ်ကလော့ဖ် (Bill Clough) နှင့် ဟာရိုးကလော့ဖ် (Harold Clough) တို့ဖြစ်ကြသည်။ 


ဘေလ်နှင့် ၎င်း၏ဖခင်ဖြစ်သူ ဟာရိုးကလော့ဖ် တို့သည် သြစတြေးလျနိုင်ငံတွင် သတ္တုတွင်း၊ ဆောက်လုပ်ရေးနှင့် စွမ်းအင်ဆိုင်ရာလုပ်ငန်းများတွင် လုပ်ကိုင်ရင်းကြီးပွားချမ်းသာ လာသူများဖြစ်ပြီး ထိုအချိန်က ၎င်းတို့မိသားစုသည် မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝတွင်းထွက်လုပ်ငန်းများတွင် လုပ်ကိုင်ခွင့်ရရေး ကြိုးပမ်းနေချိန်ဖြစ်သည်။ 

 

၂၀၀၀ ပြည့်နှစ် နှစ်ဆန်းတွင်ပင် မိတ်ကောင်းပုံနှိပ်တိုက်သည် အပတ်စဥ်ထုတ် မြန်မာတိုင်းမ် ဂျာနယ်ကို စောင်ရေ ထောင်နှင့်ချီစတင်ရိုက်နှိပ်လေတော့သည်။ တပြိုင်တည်းတွင် ထိုပုံနှိပ်တိုက်သည် ထောက်လှမ်းရေးအရာရှိများနှင့် မြန်မာစစ်တပ်ရှိ စစ်အရာရှိကြီးများ၏ ဝါဒဖြန့်စာအုပ်များကိုလည်း ပုံနှိပ်နေသည်။

(ဒီဇိုင်း/Myanmar Now)

သူမတူတဲ့သတင်းစာ

၁၉၆၂ စစ်အာဏာသိမ်းပြီး မြန်မာ့ စာနယ်ဇင်း သတင်းစာလောကကို စစ်တပ်က ဖိနှိပ်ချေမှုန်း လာနိုင်ပြီးနောက် ပြည်တွင်းတွင် စစ်တပ်ထိန်းချုပ် သတင်းဌာနများနှင့် အနောက်နိုင်ငံများကထုတ်လွှင့်သည့် ဘီဘီစီ၊ ဗွီအိုအေ အသံလွှင့်အစီအစဥ်များကိုသာ လူထုက အားထားလာရသည်။ ထိုအခြေအနေသည် ၁၉၉၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းတွင် များစွာပြောင်းလဲလာသည်။ 

 

ယခင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက တည်ထောင်သော ဧရာဝတီမဂ္ဂဇင်း၊ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)၊ မဇ္ဈိမ စသောသတင်းဌာနများက စစ်အစိုးရလူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံအကြောင်း စတင် တင်ဆက်လာသည်။ ထို့အပြင် အမေရိကန်ပြည်ထောင်စုက VOA အသံလွှင့်ဌာနအပြင် လွတ်လပ်သောအာရှအသံ  မြန်မာပိုင်းကို စတင်တည်ထောင်လာသည်။  ဤတွင် နိုင်ငံပိုင် သတင်းစာများနှင့် မြန်မာ့ရုပ်မြင်သံကြားကိုသာအားပြုလာသော စစ်တပ်အတွက် ပြည်တွင်းနှင့် ပြည်ပကို ထိုးဖောက်ရန် လုံလောက်မှုမရှိသည့်အဖြစ်ကို ဆိုက်ရောက်လာသည်။ 

 

ထိုအခြေအနေတွင် မြန်မာတိုင်းမ် သတင်းစာပေါ်ပေါက်လာလေသည်။ မြန်မာတိုင်းမ် စတင်ရန်အကြံပြုခဲ့သူသည် အာဏာရှင်နိုင်ငံများတွင် မီဒီယာလုပ်ငန်းများ လုပ်ကိုင်သည့် အတွေ့အကြုံရထားသည့် သြစတြေးလျနိုင်ငံသား ဒန်ကလေဖြစ်သည်။ 

 

ဒန်ကလေသည် ဗီယက်နမ်နိုင်ငံတွင် Vietnam Investment Review သတင်းစာကို ထုတ်ဝေနေသူဖြစ်သည်။ (ထိုသတင်းစာသည် ယခုအချိန်တွင် ဗီယက်နမ်နိုင်ငံအစိုးရ ရင်းနှီးမြှုပ်နှံမှုနှင့် စီမံကိန်းဝန်ကြီးဌာနပိုင် စာစောင်ဖြစ်နေသည်။)

 

မြန်မာနိုင်ငံသို့၎င်းလာရောက်ချိန်တွင် စစ်ထောက်လှမ်းရေးအရာရှိ ဦးသိန်းဆွေ၊ သားဖြစ်သူ ဆန်နီဆွေနှင့် ဗိုလ်ချုပ်ကြီးခင်ညွန်၏ လူယုံဦးပြုံးမောင်မောင်တို့နှင့် ချိတ်ဆက်မိခဲ့သည်။ 

 

ဒန်ကလေ၏ မြန်မာတွင် သတင်းစာထုတ်မည့် အကြံကို ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်က ရိုးမကုမ္ပဏီ အိမ်ခြံမြေခရိုနီသူဌေး Serge Pun ခေါ် ဦးသိမ်းဝေပိုင် ရန်ကုန်ရှိ ပန်းလှိုင်ဂေါက်ကွင်းတွင် အတည်ပြုထောက်ခံခဲ့ခြင်းဖြစ်သည်။ (ပန်းလှိုင်အိမ်ရာ၊ ပန်းလှိုင်ဂေါက်ကွင်းမြေများကို စစ်ထောက်လှမ်းရေးတန်ခိုးထွားနေချိန်တွင် ထောက်လှမ်းရေးခေါင်းဆောင်များနှင့် ဆက်ဆံရေးအထူးကောင်းခဲ့သော ဦးသိမ်းဝေက ရရှိခဲ့ခြင်းဖြစ်သည်။)

 

“ထောက်လှမ်းရေး ဗိုလ်မှူးကြီးသိန်းဆွေက ကျွန်တော့်ကို ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ (ဂေါက်ကွင်းမှာပဲ) မိတ်ဆက်ပေးပါတယ်။ ဗိုလ်ချုပ်ကြီးက ကျွန်တော့်ကိုတွေ့တော့ ‘အိုး ဒါကျုပ်တို့လူပေါ့’ ဆိုပြီး ပြောပါတယ်။ ကျွန်တော်လည်း သူပြောတာကို နည်းနည်းပါးပါး သဘောတောင်ခွေ့မိနေတယ်” ဟု ၂၀၂၅ ခုနှစ် နှောင်းပိုင်း ၎င်းနေထိုင်ရာ သြစတြေးလျနိုင်ငံ အနောက်ဘက် Perth မြို့တွင် Myanmar Now နှင့် ပြုလုပ်သည့် မေးမြန်းခန်းတွင် ဒန်ကလေက ပြန်ပြောင်းပြောပြသည်။

(ဒီဇိုင်း/ Myanmar Now)

 

ဒန်ကလေ၏ ပြောဆိုချက်အရ မြန်မာတိုင်းမ် စီမံကိန်းသည် စစ်ထောက်လှမ်းရေးနှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့်သာမက မြန်မာစစ်တပ်၏ အဆင့်အမြင့်ဆုံး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ထောက်ခံအားပေးမှုကိုပါ ရရှိခဲ့သည်။ 

 

၁၉၉၀ ပြည့်လွန်နှစ်များအစောပိုင်းကာလ  မြန်မာနိုင်ငံကိုကိုယ်စားပြု၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နိုင်ငံခြား ခရီးစဥ်များသွားရောက်ရာတွင် သတင်းမီဒီယာများက စစ်တပ်အားပြင်းပြင်းထန်ထန်ဝေဖန်သည့် အခြေအနေများကို ကိုယ်တွေ့ရင်ဆိုင်ခဲ့ရကြောင်း၊ ထို့ကြောင့် သမားရိုးကျ မြန်မာ့အလင်းနှင့် ကြေးမုံများထက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံ၏ ပုံရိပ်ကိုမြှင့်တင်ပေးမည့် မီဒီယာများဖန်တီးရန် ၎င်းက စစ်ထောက်လှမ်းရေးဌာနကို ညွှန်ကြားခဲ့ကြောင်းလည်း ထိုစဥ်ကတာဝန်ရှိသည့် စစ်အရာရှိဟောင်း တစ်ဦး၏ စာအုပ်တစ်အုပ်တွင်လည်း ဖော်ပြထားသည်။

 

အကျိုးလို၍ ညောင်ရေလောင်းပြီ

မြန်မာတိုင်းမ်ကို စစ်တပ်၏ပုံရိပ် နိုင်ငံတကာတွင် မြှင့်တင်ရေးအတွက် အသုံးချရန် စစ်ခေါင်းဆောင်များက ရှုမြင်နေချိန်တွင် သတင်းစာ၏ သြစတြေးလျရင်းနှီးမြှုပ်နှံသူများကမူ ဤသတင်းစာလုပ်ငန်းမှတဆင့် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးအခွင့်အလမ်းများရရှိနိုင်မည်ဟု တွက်ဆခဲ့ကြသည်။ 

 

သြစတြေးလျသတ္တုတွင်း၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ပြီး ချမ်းသာနေသည့် ကလော့ဖ်သားအဖနှစ်ဦးသည် အလားတူ မြန်မာနိုင်ငံတွင်းရှိ သဘာဝသယံဇာတများကို ရရှိရန်လိုလား၍ မြန်မာတိုင်းမ်တွင် ၎င်းနှင့်အတူ ပါဝင်ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်ကြောင်း ရော့စ်ဒန်ကလေက ဆိုသည်။ 

 

“ကျွန်တော်လည်း သူတို့ကိုပြောပါတယ်။ မြန်မာနိုင်ငံတွင်းမှာ သတင်းမီဒီယာ လုပ်ငန်းကတဆင့် ဒီထက်ကြီးမားတဲ့ လုပ်ငန်းကြီးတွေရဖို့ နိုင်ငံရေးတံခါးတွေ ပွင့်လာနိုင်တယ်ပေါ့။ ဒါနဲ့ပဲ ကလော့သားအဖနဲ့ ကျွန်တော် မြန်မာတိုင်းမ်မှာ ရှယ်ယာအတူတူမြှုပ်နှံသူတွေဖြစ်လာတာပဲ” ဟု ဒန်ကလေကဆိုသည်။ 

 

ကလော့တို့သားအဖသည် မြန်မာတိုင်းမ်တွင်သာ ရင်းနှီးမြှုပ်နှံခြင်းမဟုတ်၊ ဦးသိန်းဆွေနှင့် ဆန်နီဆွေတို့၏ မိသားစုထဲတွင်လည်း ရင်းနှီးမြှုပ်နှံရေးလုပ်ခဲ့သည်။ ကလော့ဖ်သားအဖက ဆန်နီဆွေ၏ သားဖြစ်သူကို  သြစတြေးလျနိုင်ငံ Perth မြို့တွင် လူကုံထံ မိသားစုများသာ တက်နိုင်သည့် ပုဂ္ဂလိက Scotch College ကောလိပ်တွင် ငါးနှစ်တိုင်တိုင် ကျောင်းထားပေးခဲ့ပြီး၊ နှစ်စဥ် ကျောင်းစရိတ် သြစတြေးလျ ဒေါ်လာသုံးသောင်းမှ လေးသောင်းထိ အကုန်အကျခံပေးခဲ့ကြောင်း ဒန်ကလေကပြောဆိုသည်။ 

 

“သူတို့ (သိန်းဆွေတို့မိသားစု) က ဒီငွေကြေးကို ဘယ်တတ်နိုင်မလဲကွာ” ဟု ဒန်ကလေကဆိုသည်။ 

ကလော့ဖ်မိသားစု၏ အကျိုးလို၍ ညောင်ရေလောင်းခဲ့သော ရင်းနှီးမြှုပ်နှံမှုများသည် နောင်တွင်အသီးပွင့်လေသည်။ မြန်မာတိုင်းမ် သတင်းစာတိုက်တွင်း၌ပင် ဖွင့်ထားသော ၎င်းတို့၏ သြစတြေးလျနိုင်ငံအခြေစိုက် (Twinza Oil) တွင်းစားကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေခွင့် စာချုပ်တစ်ခုအား မြန်မာစစ်တပ်နှင့် ၂၀၀၆ ခုနှစ်တွင် ချုပ်ဆိုနိုင်ခဲ့သည်။ 

 

နေပြည်တော်တွင် ပြုလုပ်ခဲ့သော ယင်းစာချုပ်ချုပ်ဆိုပွဲအခမ်းအနားတွင် စစ်တပ်ဝန်ကြီးတစ်ဦးက ထိုကဲ့သို့ လုပ်ပိုင်ခွင့်ပေးခြင်းသည် သြစတြေးလျနိုင်ငံသားများက မြန်မာတိုင်းမ် အထမြောက်လာအောင် အကျိုးဆောင်ပေးခဲ့ခြင်းနှင့် အဓိကသက်ဆိုင်သည်ဟု ၎င်းကို ပြောဆိုခဲ့ကြောင်း ဒန်ကလေက ဆိုသည်။ 

 

တွင်းစားကုမ္ပဏီပိုင်ရှင် ဟာရိုးကလော့သည် ၂၀၂၂ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီဖြစ်သည်။ သားဖြစ်သူ ဘေလ်ကလော့ကို Myanmar Now က ဆက်သွယ်၍ မရခဲ့ပေ။

မြန်မာတိုင်းမ် သတင်းစာကို အဓိကထိန်းချုပ်ပဲ့ကိုင်ခဲ့သူသည် ဗိုလ်မှူးချုပ်သိန်းဆွေ ဦးဆောင်သည့် စစ်ထောက်လှမ်းရေးလက်အောက်ရှိ မဟာဗျူဟာလေ့လာရေး OSS ဌာန ဖြစ်သည်။  

 

သားဖြစ်သူ ဆန်နီဆွေသည် မြန်မာတိုင်းမ်တွင် လက်ထောက် အမှုဆောင်အရာရှိချုပ် အဖြစ်တာဝန်ယူခဲ့ပြီး သတင်းစာ၏ ကြော်ငြာကဏ္ဍကို တာဝန်ယူခဲ့သည်။

 

ဦးသိန်းဆွေ၊ ဆန်နီဆွေပိုင်ဆိုင်သည့် မိတ်ကောင်းပုံနှိပ်တိုက်သည် မြန်မာတိုင်းမ် ဂျာနယ်များကို ရိုက်နှိပ်နေချိန်၊ ဂျာနယ်ကို အင်တာနက်ပေါ်တွင်လည်း လွှင့်တင်ခဲ့သည်။ စစ်ထောက်လှမ်းရေး ထိန်းချုပ်ထားသည့် Golden Land အမည်ရ အင်တာနက် စာမျက်နှာတွင် မြန်မာတိုင်းမ် စတင်လွှင့်တင်ခဲ့ခြင်းဖြစ်သည်။ ထို Golden Land အင်တာနက်စာမျက်နှာတွင် မြန်မာတိုင်းမ်နှင့်အတူ ယှဥ်တွဲ၍ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေသည့် New Light of Myanmar  သတင်းစာနှင့် Information Sheet ဟုခေါ်သည့် စစ်ထောက်လှမ်းရေး သတင်းစာစောင်တို့ကို လွှင့်တင်ခဲ့ခြင်းဖြစ်သည်။

 

(စစ်ထောက်လှမ်းရေး ထိန်းချုပ်သည့် Golden Land အင်တာနက်စာမျက်နှာ။)
စစ်ထောက်လှမ်းရေး ထိန်းချုပ်သည့် Golden Land အင်တာနက်စာမျက်နှာတွင် နိုင်ငံပိုင် New Light of Myanmar သတင်းစာနှင့် Myanmar Times တို့အား အင်တာနက်တွင် စတင်ဖြန့်ချီခဲ့ပုံ။ (ပုံ-myanmar.com)

စစ်ထောက်လှမ်းရေး၏ ကျောထောက်နောက်ခံရှိခြင်းကြောင့် မြန်မာတိုင်းမ်အား ဝေဖန်မှုများ မကြာခင်ပေါ်ထွက်လာတော့သည်။ သတင်းစာ၏ အမှုဆောင်အရာရှိချုပ်နှင့် အယ်ဒီတာချုပ်ဖြစ်သူ ဒန်ကလေသည် စစ်တပ်အတွက် ဝါဒဖြန့်ပေးသူ ဖြစ်ကြောင်း ချင်းမိုင်အခြေစိုက် ဧရာဝတီသတင်းဌာနက ရေးသားခဲ့သည်။ 

 

ထိုသို့ ဝေဖန်မှုများရှိခဲ့သော်လည်း စစ်ထောက်လှမ်းရေးနှင့် မြန်မာတိုင်းမ်တို့ မည်သို့မည်ပုံဆက်နွှယ်ကြပုံကိုမူ

မြန်မာတိုင်းမ်၏ ပစ်မှတ်ထား စာဖတ်ပရိသတ်များ ဖြစ်သော နိုင်ငံခြားသံတမန်များ၊ ကုလသမဂ္ဂနိုင်ငံခြားဝန်ထမ်းများ

နှင့် နိုင်ငံခြား NGO ဝန်ထမ်းများကမူ ရှင်းရှင်းလင်းလင်းသဘောမပေါက်ခဲ့ကြပေ။ 

 

မြန်မာနိုင်ငံတွင် ထုတ်ဝေသည့် မည်သည့် ပုဂ္ဂလိကစာစောင်တစ်ခုနှင့်မျှမခြား မြန်မာတိုင်းမ် သည်လည်း အတူတူပါဟု နိုင်ငံခြားပရိသတ်ကို ဆွဲဆောင်နိုင်ခြင်းကြောင့် ဂျာနယ်ပါ စစ်တပ်ဝါဒဖြန့်ချိရေး သတင်းများသည် အောင်မြင်သည်ဟုဆိုနိုင်သည်။ ထို့အပြင် ဂျာနယ်၏ စာမျက်နှာ ထားသိုဖွဲ့စည်းမှုနှင့် ပုံနှိပ်အရည်အသွေးကောင်းခြင်း အင်္ဂလိပ်ဘာသာ ဖြင့်  သတင်းများကိုလည်း သြစတြေးလျနိုင်ငံသား အယ်ဒီတာများကိုယ်တိုင် တည်းဖြတ်ခြင်းနှင့် အနောက်တိုင်းသတင်းရေးဟန်ပေါက်ခြင်းကြောင့် နိုင်ငံခြားစာဖတ်ပရိသတ်များ မကြာခင်အကြိုက်တွေ့သွားကြသည်။ 

 

မြန်မာတိုင်းမ် စတင်ခဲ့သည့် ၂၀၀၀ ပြည့်နှစ်မှ စစ်ထောက်လှမ်းရေးဖျက်သိမ်းခံရသည့် ၂၀၀၄ ခုနှစ် ကာလအတွင်း သတင်းစာတိုက်တွင်းရေးသားခဲ့သည့် သတင်းစာမူကြမ်း ထောင်နှင့်ချီ အား Myanmar Now ကလေ့လာ ဖတ်ရှုခဲ့သည်။ အချို့သောသတင်းများသည် ပုံနှိပ်ထုတ်ဝေခွင့်ရခဲ့ပြီး ထုတ်ဝေခွင့်မရခဲ့သည့် သတင်းများစွာလည်း တွေ့ရှိခဲ့ရသည်။ 

မည်သို့ပင်ဖြစ်စေ မြန်မာတိုင်းမ်သည် ထိုကာလတွင် ရေးသားခဲ့သော အကြောင်းအရာ အများစုသည် စစ်အာဏာရှင်ခေါင်းဆောင်များ၏ လှုပ်ရှားပြောဆိုမှုများ၊ စစ်အုပ်ချုပ်ရေး လက်အောက်ခံ ဝန်ကြီးဌာနများ၏ ထုတ်ပြန်ချက်များနှင့် ဖျော်ဖြေရေးသတင်းများသာ အဓိကသာဖြစ်သည်။ 

 

သတင်းများ၏ ထူးခြားချက်သည်  မြန်မာ့အလင်း၊ကြေးမုံသတင်းစာပါ ခပ်ကြမ်းကြမ်း ဝါဒဖြန့် သတင်းများနှင့် မတူဘဲ နိုင်ငံခြားပရိသတ်အကြိုက်တွေ့စေမည့် ဟန်ဖမ်းထားခြင်းဖြစ်သည်။ စစ်တပ်ကပေးလိုသည့် သတင်းများကို ပုံစံသစ်ဖြင့်ဖြန့်ချိရင်း ရက်စက်ကြမ်းကြုတ်မှုများကြောင့် နှစ်ပေါင်းများစွာနာမည်ဆိုးဖြင့် ကျော်ကြားလာသည့် စစ်အာဏာရှင်ခေါင်းဆောင်များကို သဘောထားပျော့ပျောင်းသူများအဖြစ် မြန်မာတိုင်းမ်က ပုံဖော်ခဲ့သည်။ 

 

မြန်မာတိုင်းမ်သည် စစ်တပ်နှင့် ကင်းလွတ်မှုရှိမရှိအခြေအနေကို ဝေဝါးသွားစေသည့် နောက်ထပ်အချက်တစ်ချက်သည် အစဥ်အလာအားဖြင့် ရေးခွင့်မရသည့် အကြောင်းအရာများဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်စပ်သည့် သတင်းများ၊ စစ်တပ်၏ အဓမ္မလုပ်အားပေးခိုင်းစေမှုအကြောင်းအရာများကိုပါ ဖော်ပြခြင်းဖြစ်သည်။ 

 

ထို့ကြောင့် မြန်မာတိုင်းမ်သည် နိုင်ငံခြားစာဖတ်ပရိသတ်များ၏ အားပေးမှုလည်း ရရှိခဲ့သည်။ ပရိသတ်စိတ်ဝင်စားမည့် သတင်းများနှင့် အတူညှပ်၍ စစ်ထောက်လှမ်းရေးက ပေးလိုသည့် သတင်းများကိုလည်း မြန်မာတိုင်းမ်က ဖြန့်ချိနိုင်ခဲ့သည်။ 

 

“မြန်မာတိုင်းမ်ကိုတော့ အဲဒီအချိန်က စစ်အစိုးရက သူတို့ရဲ့ ဝါဒဖြန့်ချိရေး ကိရိယာတစ်ခု အဖြစ် မကြာခဏ သုံးစွဲခဲ့တာရှိပါတယ်။ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေပဲဖြစ်ဖြစ်၊ စီးပွားရေး ပိတ်ဆို့ခံရမှု ဘာပဲဖြစ်ဖြစ် တန်ပြန်ဖို့ စစ်အစိုးရက အသုံးချခဲ့တာပါ” ဟု ဒန်ကလေက ရှင်းပြသည်။

ပုံစာ- မြန်မာတိုင်းမ်၏ အမှုဆောင်အရာရှိချုပ်နှင့် အယ်ဒီတာချုပ်တာဝန်များယူခဲ့သူ ရော့စ်ဒန်ကလေ (Ross Dunkley) ကို ၎င်းနေထိုင်ရာ သြစတြေးလျနိုင်ငံ ပက်သ်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
မြန်မာတိုင်းမ်၏ အမှုဆောင်အရာရှိချုပ်နှင့် အယ်ဒီတာချုပ်တာဝန်များယူခဲ့သူ ရော့စ်ဒန်ကလေ (Ross Dunkley) ကို ၎င်းနေထိုင်ရာ သြစတြေးလျနိုင်ငံ ပက်သ်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။ (Myanmar Now)

“နိုင်ငံပိုင် ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာတွေက ဒီလိုမျိုးမစွမ်းနိုင်ဘူးဆိုတာ တအားရှင်းနေတာပါပဲ။  ဒါ့ကြောင့် မြန်မာတိုင်းမ်ဟာ စစ်တပ်က သူတို့ရဲ့ ရှုမြင်ပုံတွေကိုချပြဖို့ ဟစ်တိုင် သဘောမျိုးဖြစ်လာခဲ့တာပါ” ဟု ဒန်ကလေကဆိုသည်။ 

 

မြန်မာတိုင်းမ်ကို အသုံးချ၍ ကြိုးပမ်းခဲ့သည့် နောက်ထပ်ကိစ္စရပ်တစ်ခုသည် စစ်အစိုးရအတွင်း တပ်မတော်ထောက်လှမ်းရေးသည် သဘောထားပျော့ပျောင်းပြီး ပြုပြင်ပြောင်းလဲရေးကို လိုလားသူများဆိုသည့် ဇာတ်လမ်းဖြစ်သည်။ 

 

ဤဇာတ်လမ်းကို ပုံဖော်ရာတွင် စာနယ်ဇင်းဆင်ဆာတည်းဖြတ်မှုကို ဥပမာပေး၍ အသုံးချခဲ့သည်။ 

 

သမားရိုးကျ စစ်အရာရှိကြီးများကိုင်တွယ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၏ ဆင်ဆာအဖွဲ့ သည် အလွန်တင်းကျပ်သော်လည်း ထောက်လှမ်းရေးက ဆင်ဆာကိုင်တွယ်သည့် မြန်မာတိုင်းမ်တွင်မူ ပိုမိုပြီး သတင်းစာလွတ်လပ်ခွင့်ရနေသည်ဟူ၍ဖြစ်သည်။ ထို့ကြောင့် ထောက်လှမ်းရေးသည် ပြုပြင်ပြောင်းလဲမှုကို လိုလားသည်ဟူ၍ဖြစ်သည်။ 

 

အမှန်စင်စစ် ထိုအချက်သည် လိမ်ညာလှည့်ဖြားထားသော အချက်သာဖြစ်သည်။ 

 

အဘယ်ကြောင့်ဆိုသော် ပြန်ကြားရေး၏ ဆင်ဆာစည်းမျဥ်းစည်းကမ်းများကို ပြဋ္ဌာန်းခဲ့သည်မှာ စစ်ထောက်လှမ်းရေးပင်ဖြစ်ကြောင်း ထိုခေတ်အခါက ပုဂ္ဂလိက ဂျာနယ်နှင့် စာနယ်ဇင်းလုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။ သက်သေအထောက်အထားတစ်ခုအနေဖြင့် ၂၀၀၀ ပြည့်နှစ် မြန်မာတိုင်းမ် စတင်ပြီး တစ်ပတ်အကြာတွင်ပင် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်က ၎င်း၏လူယုံတစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီးမြင့်သိန်းအား ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်နှင့် စာနယ်ဇင်းထုတ်ဝေရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တရားဝင်ပြန်တမ်းထုတ်၍ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ပုံစာ- ဗိုလ်ချုပ်ကြီးခင်ညွန့်အမိန့်ဖြင့် ဗိုလ်မှူးကြီးမြင့်သိန်းအား ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်နှင့် စာနယ်ဇင်းထုတ်ဝေရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ကြောင်း ၂၀၀၀ ပြည့်နှစ် မေလ ၁၆ ရက် ပြန်တမ်း။
ဗိုလ်ချုပ်ကြီးခင်ညွန့်အမိန့်ဖြင့် ဗိုလ်မှူးကြီးမြင့်သိန်းအား ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်နှင့် စာနယ်ဇင်းထုတ်ဝေရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ကြောင်း ၂၀၀၀ ပြည့်နှစ် မေလ ၁၆ ရက် ပြန်တမ်း။

သို့ရာတွင်ကား မြန်မာတိုင်းမ် စာစောင်သည် မြန်မာ့သတင်းမီဒီယာလောကအတွက် ခေတ်သစ်ဆီသို့ ဆောင်ကြဉ်းနေပြီဟူသော ဇာတ်လမ်းသည် အရှိန်ဆက်ရနေသည်။ 

 

၂၀၁၁ ခုနှစ်တွင်  ဒန်ကလေသည်  မြန်မာနိုင်ငံတွင် အမျိုးသမီးတစ်ဦးနှင့် အချင်းများပြီး ဖမ်းဆီးခံရချိန် ၎င်းနှင့် မြန်မာတိုင်းမ် စာစောင်ကို သိက္ခာဆယ်ပေးမည့် မှတ်တမ်းရုပ်သံကို ထုတ်လုပ်ကြရာတွင် “သြဇာတိက္ကမကြီးတဲ့ လွတ်လပ်ခွင့်လိုလားသူ လစ်ဘရယ်သမားတွေက ဒီစာစောင်ကို ယခင်ကပံ့ပိုးခဲ့ကြပါတယ်။ သူတို့ဟာ ပြုပြင်ပြောင်းလဲရေးလိုလားသူတွေဖြစ်လို့ပါ” ဟူသော စာသားကိုထည့်၍ သုံးခဲ့ကြသည်။ 

 

၂၀၁၅ ခုနှစ် ဆန်နီဆွေက Frontier Myanmar သတင်းဌာနကို မစတင်မီ ရက်သတ္တပတ်အနည်းငယ်အလိုတွင် ဘန်ကောက်အခြေစိုက် Vero ဟု အမည်ရ PR ကြော်ငြာကုမ္ပဏီက ပရိုမိုးရှင်းဆောင်းပါးတစ်ပုဒ်ကို ဖြန့်ချိပေးခဲ့သည်။ 

 

ထိုဆောင်းပါးတွင် မြန်မာတိုင်းမ် သတင်းဌာနသည် တစ်ချိန်က “အလွန်မယုံနိုင်ဖွယ် သတင်းစာလွတ်လပ်ခွင့်များ” ရရှိခဲ့လေသည်ဟု ကြွေးကြော်ထားသည်။ ဆိုလိုသည်မှာ စစ်ထောက်လှမ်းရေး၏ အကူအညီပံ့ပိုးမှုများကြောင့် ပြန်ကြားရေး၏ ဆင်ဆာကိုဖြတ်စရာမလိုခဲ့သဖြင့်  မြန်မာတိုင်းမ် သတင်းစာသည် သတင်းစာလွတ်လပ်ခွင့်ကို ရရှိခဲ့ပြီး၊   မြန်မာတိုင်းမ် စီစဥ်ဦးဆောင်သူများသည်လည်း သတင်းစာလွတ်လပ်ခွင့်ကို မြတ်နိုးသူများဖြစ်သည်ဟူ၍ ပရိုမိုးရှင်းလုပ်ပေးခြင်းဖြစ်သည်။

 

ထိုဆောင်းပါး၏ ကလောင်ရှင်မှာ PR ကုမ္ပဏီ၏ ဝန်ထမ်းဟောင်း ထိုင်းလူမျိုး Pawares Wongpethkao ဖြစ်သည်။ Myanmar Now က ၎င်းကိုဆက်သွယ်သည့်အခါ ထိုဆောင်းပါးကို သူမရေးခဲ့ကြောင်းနှင့် ကုမ္ပဏီက သူ့နာမည်ကိုသုံးပြီး ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။ Vero ကုမ္ပဏီ ၏ အမှုဆောင်အရာရှိချုပ် Brian Griffin ကမူ ထိုဆောင်းပါးသည် ၎င်း၏ ဖောက်သည်များအား “အချက်အလက်ဝေမျှသော ဆောင်းပါးသာဖြစ်ပြီး အခြားရည်ရွယ်ချက်မရှိဟု” ဆိုသည်။

 

စစ်ထောက်လှမ်းရေးသည် ပြုပြင်ပြောင်းလဲရေးဝါဒီများဖြစ်ကြောင်း ဗိုလ်မှူးချုပ်သိန်းဆွေကိုယ်တိုင်ပင် တစ်ချိန်က ကြွေးကြော်ခဲ့ဖူးသည်။ မြန်မာတိုင်းမ် ပထမဆုံးစာစောင်မထွက်မီ ၂၀၀၀ ပြည့်နှစ် နှစ်ဆန်းတွင် ထွက်ရှိခဲ့သော Asiaweek မဂ္ဂဇင်းဆောင်းပါး တစ်ပုဒ်တွင် သိန်းဆွေက “မြန်မာတိုင်းမ်ဟာ တမူထူးမယ်၊ ပိုလွတ်လပ်မယ်။ ကျုပ်တို့ရဲ့မူကတော့ ပိုပိုပြီး ဖွင့်ပေးရေးပဲ။ နောက်ပြန်သွားလို့မ ရနိုင်တော့ဘူး” ဟု ၎င်းက ဆိုခဲ့ကြောင်း ကိုးကားဖော်ပြထားသည်။ 

 

သို့ရာတွင်ကား ကန့်လန့်ကာနောက်ကွယ်၌ မြန်မာတိုင်းမ်၏ လုပ်ငန်းများသည် စစ်တပ်၏ ထိန်းချုပ်ကွပ်ကဲမှုနှင့် တိတ်တဆိတ်လည်ပတ်နေလေတော့သည်။

တမူခြားတဲ့ ဆင်ဆာ

မြန်မာတိုင်းမ် စာစောင်အား ၂၀၀၀ ပြည့်နှစ် စတင်ထုတ်ဝေချိန် မြန်မာစစ်တပ်သည် ကမ္ဘာပေါ်တွင် အတင်းကျပ်ဆုံးသော ဆင်ဆာတည်းဖြတ်သည့် စနစ်တစ်ခုကိုလည်း ကျင့်သုံးနေချိန်ဖြစ်သည်။ မည်သည့် ဂျာနယ်၊ မဂ္ဂဇင်း စာစောင်မဆို ကြိုတင်၍ ပြန်ကြားရေးဝန်ကြီးဌာန၏ ဆင်ဆာတည်းဖြတ်သည့် အဖွဲ့ထံသို့ ပေးပို့ရသည်။ ဆင်ဆာအရာရှိများက ဝေါဟာရတစ်လုံးမကျန် စစ်ဆေးမှုကို ပြုကြသည်။ 

 

ထိုလုပ်ငန်းစဥ်တွင် သတင်းတစ်ပုဒ်လုံး ပယ်ခံရခြင်း၊ တစ်ခါတစ်ရံ ဂျာနယ်၊ မဂ္ဂဇင်းတစ်ခုလုံးကိုပင် မည်သည့်အကြောင်းပြချက်မျှမပေးဘဲ ပယ်ချလိုက ပယ်ချကြသည်။ ဆင်ဆာလုပ်ငန်းသည် လူအားအလွန်စိုက်ထုတ်ရသည့် လုပ်ငန်းဖြစ်သည့် အားလျော်စွာ ဂျာနယ်တစ်စောင်ဆင်ဆာတည်းဖြတ်ရသည်မှာ နာရီပေါင်းများစွာ ကြာမြင့်တတ်သည်။ ထို့ကြောင့် မဂ္ဂဇင်း ဂျာနယ်ထုတ်ဝေသူများသည် သူ့ထက်ငါ ဆင်ဆာလုပ်ငန်းတွင် အမြန်ဆုံးပြီးပြတ်သွားရန် အပြိုင်အဆိုင်ကြိုးစားတတ်ကြသည်။ 

 

“ဆင်ဆာအဖွဲ့ကို ထုတ်ဝေမယ့် မဂ္ဂဇင်းရဲ့ နမူနာ စောင်ရေ ၃၀ လောက်ကို ကြိုတင်ရတယ်။ ဆင်ဆာအဖွဲ့က ဟိုအပုဒ်ဖြုတ်ဒီအပုဒ်ဖြုတ်ဆို မဂ္ဂဇင်းတစ်ခုလုံးကို ဒီဇိုင်းပြန်လုပ်ရတာ တော်တော်ကိုမလွယ်ဘူး” ဟု ၂၀၀၀ ပြည့်နှစ်ကာလများက ပုဂ္ဂလိကမဂ္ဂဇင်းတစ်စောင်ကို တည်းဖြတ်ထုတ်လုပ်ခဲ့သူ အယ်ဒီတာတစ်ဦးကဆိုသည်။ 

 

မြန်မာတိုင်းမ်သည်လည်း ဤသို့ပင် အလားတူဖြတ်သန်းခဲ့ရကြောင်းနှင့် သတင်းစာလွတ်လပ်ခွင့်အတွက် ဆင်ဆာလူကြီးများနှင့် နပန်းလုံးခဲ့ရကြောင်း ဆန်နီဆွေက မကြာခဏ ပြောဆိုခဲ့သည်။ ၎င်းက ၂၀၁၇ ခုနှစ် ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် TEDx ဟောပြောပွဲတွင် “ဆင်ဆာဘုတ်အဖွဲ့ကို အားလုံးတင်ရတယ်။ သူတို့က စကားလုံးတစ်လုံးကို သဘောမကျရင် သတင်းတစ်ပုဒ်လုံး ပယ်ချတာပဲ။ ဒါပေမဲ့ ဒါဟာ ကျွန်တော်တို့အတွက် ပျော်ရွှင်ဖွယ်ရာ စိန်ခေါ်မှုပါ” ဟု ပြောဆိုခဲ့သည်။ 

ထို့အပြင် ၎င်းက “ပထမလေးနှစ်တာအတွင်း ဆင်ဆာအဖွဲ့နဲ့ စျေးဆစ်လိုက် သူတို့ရဲ့ ကန့်သတ်နယ်နိမိတ်တွေကိုတွန်းပြီး တိုးချဲ့လိုက်နဲ့ မြန်မာတိုင်းမ်ဟာ ဖြတ်သန်းခဲ့ရပါတယ်။ နောက်တော့ စကားလုံးတစ်လုံးမကြိုက်ရင် တစ်ပိုဒ်လုံးဖြုတ်ချင်ဖြုတ် သတင်းတစ်ပုဒ်လုံးတော့ မဖြုတ်ပါနဲ့ဆိုပြီး သူတို့နဲ့ ညှိနှိုင်းလိုက်ရတယ်” ဟု ၎င်းက British Council ထုတ် Voices Magazine နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဆိုခဲ့သည်။ 

 

မြန်မာတိုင်းမ် ဖြတ်သန်းရသည့် ဆင်ဆာဆိုသည်ကို အသေးစိတ်ရှင်းပြရန် ၎င်းအားမေးသောအခါ ဆန်နီဆွေက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင်ဖွဲ့ပေးထားသည့် အထူး “ဆင်ဆာကော်မတီ” ဆိုသည်မှာရှိပြီး ထိုအဖွဲ့တွင် စစ်အစိုးရဝန်ကြီးအဖွဲ့ဝင် ဝန်ကြီးများ၊ ၎င်း၏ ဖခင် ဗိုလ်မှူးချုပ် သိန်းဆွေ အပါအဝင် စစ်ထောက်လှမ်းရေးဌာန အကြီးအမှူးများနှင့် ထိုအဖွဲ့ကို ဖွဲ့ထားခဲ့ရာ ထိုအထူးကော်မတီကပင် မြန်မာတိုင်းမ်ကို သီးသန့်ဆင်ဆာလုပ်ကြောင်း ဆန်နီဆွေက ဆိုသည်။ 

 

သို့သော် ထိုအဖွဲ့တည်ရှိခဲ့သည်ဆိုသည့် မည်သည့်သက်သေအထောက်အထားကိုမျှ Myanmar Now က ရှာဖွေတွေ့ရှိခြင်းမရှိခဲ့ပါ။ 

 

ဒန်ကလေကမူ ထိုကဲ့သို့သော အထူးဆင်ဆာကော်မတီမရှိကြောင်းနှင့် မြန်မာတိုင်းမ်ကို သိန်းဆွေအပါအဝင် OSS စစ်ထောက်လှမ်းရေးအရာရှိများနှင့် ၎င်းကိုယ်တိုင်ပင် အလွတ်သဘောအားဖြင့် တည်းဖြတ်ကိုင်တွယ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

 

“ဒီတည်းဖြတ်တဲ့ကိစ္စအတွက်ဆိုပြီး ဘာအမိန့်တွေ၊ ပြန်တမ်းတွေဆိုပြီး ထုတ်ခဲ့တာမရှိဘူး။ အယ်ဒီတာအဖွဲ့ ဘာညာဆိုပြီးတော့လည်း ဖွဲ့ထားခဲ့တာ ဘာဆိုဘာမှမရှိဘူး” ဟု ဒန်ကလေကဆိုသည်။

 

ယခုကဲ့သို့ဆင်ဆာတည်းဖြတ်မှုအဖွဲ့ သတ်သတ်မှတ်မှတ်မရှိခြင်းက စစ်ထောက်လှမ်းရေး အတွက် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် OSS ထောက်လှမ်းရေးအရာရှိများက အကဲဆတ်သည့် သတင်းမှန်သမျှကို ၎င်းတို့စိတ်ကြိုက်ပယ်လိုပယ် ဖျက်လိုဖျက် လုပ်နိုင်ရုံတင်မက ၎င်းတို့ပေးလိုသည့် စစ်တပ်အုပ်ချုပ်မှုအောက် မြန်မာနိုင်ငံသည် တိုးတက်နေပြီ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများဝင်လာနိုင်ပြီ၊ ကမ္ဘာကြီးနှင့် မြန်မာပြန်လည်ချိတ်ဆက်နေပြီ စသည့် သတင်းစကားမျာကို မြန်မာတိုင်းမ်မှတဆင့် စိတ်တိုင်းကျ ဖန်တီးပုံဖော်ခွင့် ရရှိခြင်းကြောင့် ဖြစ်သည်။ 

 

မြန်မာတိုင်းမ် အောင်မြင်စေရန် ထောက်လှမ်းရေးက နည်းမျိုးစုံဖြင့် ကြိုးစားခဲ့ရာ မြန်မာတိုင်းမ်နှစ်ပေါင်းများစွာအသုံးပြုခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာနပိုင် ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းမပေါ်ရှိ ရုံးအဆောက်အအုံသည်ပင် ဦးသိန်းဆွေက ပြန်ကြားရေးဝန်ကြီး ဗိိုလ်မှူးချုပ်ကျော်ဆန်းကို ဖုန်းဆက်အမိန့်ပေးပြီး ရယူခဲ့ခြင်းဖြစ်ကြောင်း ဒန်ကလေကဆိုသည်။ 

 

ထို့အပြင်  မည်သည့် ဂျာနယ်မဂ္ဂဇင်းတိုက်ကမျှ မရနိုင်သည့် တစ်နိုင်ငံလုံးရှိ ထောက်လှမ်းရေးကွန်ရက်များက ရရှိသည့် “သတင်းဦးသတင်းထူး” များကိုလည်း မြန်မာတိုင်းမ်တွင် ဖော်ပြနိုင်ရန်လည်း ထောက်လှမ်းရေးအရာရှိများက ဖန်တီးပေးခဲ့သည်။ 

 

ဒန်ကလေ၏ ပြောဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ခေါင်းဆောင်များ တွေ့ဆုံမှု အခြေအနေကိုစစ်ထောက်လှမ်းရေးများက ၎င်းကိုသတင်းရေးသားနိုင်ရန် သတင်းပေး ခဲ့သည်။ ထို့အပြင် စစ်ခေါင်းဆောင်များ၏ အလုပ်သဘော နိုင်ငံခြားခရီးစဥ်များတွင်လည်း မည်သည့် သတင်းဂျာနယ်တိုက်၏ သတင်းထောက်ကိုမျှ ခေါ်ဆောင်ခြင်းမရှိဘဲ မြန်မာတိုင်းမ် တစ်ခုတည်းသာ ခေါ်ဆောင်ခဲ့သည်ဟု သိရှိရသည်။ 

 

ထို့အပြင် မြန်မာတိုင်းမ် နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးများ၊ ဝန်ကြီးများနှင့် အထူးသီးသန့်တွေ့ဆုံမေးမြန်းခန်းများ ပြုလုပ်နိုင်စေရန် ဗိုလ်မှူးချုပ်သိန်းဆွေနှင့် ထောက်လှမ်းရေးအရာရှိများက စီစဥ်ပေးခဲ့ကြကြောင်းလည်း ၎င်းကဆိုသည်။

 

ပုံစာ- ၂၀၀၃ ခုနှစ်ထုတ် မြန်မာ့တိုင်းမ် စာစောင်နှင့် ၂၀၀၄ ခုနှစ်ထုတ် New Light of Myanmar သတင်းစာတို့တွင် ဗိုလ်ချုပ်ကြီးခင်ညွန့်အကြောင်း မျက်နှာဖုံးသတင်းဖော်ပြစဉ်။ (Online Burma Library)
၂၀၀၃ ခုနှစ်ထုတ် မြန်မာ့တိုင်းမ် စာစောင်နှင့် ၂၀၀၄ ခုနှစ်ထုတ် New Light of Myanmar သတင်းစာတို့တွင် ဗိုလ်ချုပ်ကြီးခင်ညွန့်အကြောင်း မျက်နှာဖုံးသတင်းဖော်ပြစဉ်။ (Online Burma Library)

မြန်မာတိုင်းမ်၏ ရုံးတွင်း ငွေကြေးမှတ်တမ်းတစ်ခုကို Myanmar Now က ကြည့်ရှုလေ့လာခွင့်ရခဲ့ပြီး၊ ထိုမှတ်တမ်းအရ မြန်မာတိုင်းမ်သည် စစ်ထောက်လှမ်းရေးကို “ဆင်ဆာခနှင့် ကုန်ကျစရိတ်များ” ခေါင်းစဥ်ဖြင့် ပုံမှန်ငွေကြေးလည်းပေးရကြောင်း ဖော်ပြနေသည်။ 

 

မြန်မာတိုင်းမ် အတွက်အလုပ်လုပ်နေသော OSS ထောက်လှမ်းရေးဝန်ထမ်းများသည် အလွန် များပြားသဖြင့် ၎င်းတို့အတွက် လက်ဘက်ရည်ဖိုးအဖြစ် ဒေါ်လာနှစ်ထောင်သုံးထောင် အစရှိသဖြင့် လစဥ် ပေးရသည်ဟု ဒန်ကလေကဆိုသည်။ 

မြန်မာတိုင်းမ် သတင်းခန်းတွင်းရှိ IT စနစ်များကိုလည်း အသုံးချ၍ သတင်းထောက်များ၏ လှုပ်ရှားမှုများကိုလည်း လျှို့ဝှက်စောင့်ကြည့်သည့် အခြေအနေလည်းဖြစ်ပေါ်ခဲ့သည်။

 

အထက်တန်းကျောင်းအပြီး ဆယ်ကျော်သက်အရွယ်တွင် မြန်မာတိုင်းမ် သတင်းဌာနသို့ဝင်ရောက်လာခဲ့သော သတင်းထောက်ဟောင်း မဝေဖြိုးမြင့်၏ ပြောဆိုချက်အရ ၂၀၀၄ ခုနှစ်တွင် ၎င်းသည် အကဲဆတ်သောအကြောင်းအရာများကို အွန်လိုင်းတွင် ရှာဖွေနေသည်ဟူ၍ ရုံးတွင်စွပ်စွဲခံခဲ့ရသည်။

 

ရုံးစီမံခန့်ခွဲရေးဌာနမှ ၎င်းအားဆင့်ခေါ်ပြီး စာမျက်နှာ နှစ်မျက်နှာအပြည့်ရှိ၎င်းသုံးစွဲနေသော အီးမေးလ်လိပ်စာများ၊ လျှို့ဝှက်အက္ခရာများ (Password) နှင့် ၎င်း၏ အင်တာနက်တွင် ရှာဖွေခဲ့သည့် အကြောင်းအရာများကို ခေါ်၍ပြခဲ့သည်။ ၎င်းရှာဖွေခဲ့သည့် အကြောင်းအရာများတွင် မြန်မာနိုင်ငံရှိကလေးစစ်သားများကိစ္စကဲ့သို့သော အကဲဆတ်သည့် အကြောင်းအရာများလည်း ပါဝင်သည်။ ရုံးစီမံခန့်ခွဲရေးပုဂ္ဂိုလ်များက အဝတ်အစား၊ ဖက်ရှင် နှင့် အခြားပျော်ရွှင်စရာသတင်းများကိုသာရေးပါရန် ၎င်းကို သတိပေး ညွှန်ကြားခဲ့သည်။ 

 

ဒန်ကလေကမူ မဝေဖြိုးမြင့်သည် ငယ်ရွယ်သူဖြစ်သဖြင့် နိုင်ငံရေးအကြောင်းအရာများကို မရေးစေလိုသောကြောင့် ထိုကဲ့သို့ ရုံးပိုင်းက ပြောဆိုခဲ့သည်ကို မှတ်မိပါကြောင်းဝန်ခံပြော ဆိုသည်။ 

 

ဒန်ကလေ၏ ပြောဆိုချက်အရ ထောက်လှမ်းရေးပိုင် Bagan Cyber Tech နည်းပညာကုမ္ပဏီတွင် မြန်မာတိုင်းမ်၏ ရှယ်ယာရှင် ဦးပြုံးမောင်မောင်လည်း ပါဝင်လုပ်ကိုင်နေပြီး၊ ဦးပြုံးမောင်မောင်သည် Bagan Cyber Tech ၏ ဝန်ထမ်းများဖြင့် မြန်မာတိုင်းမ် ၏ IT အဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း ဆိုသည်။ Bagan Cyber Tech တွင် ဦးသိန်းဆွေသည်လည်း ဥက္ကဌအဖြစ် နေရာယူထားသည်။ 

 

“ ထောက်လှမ်းရေးနဲ့ …အဆက်အစပ်ရှိဖူးတဲ့ အိုင်တီသမားတွေကို အလုပ်ခန့်ခဲ့တာ မှန်ပါ တယ်။ ဒါပေမဲ့ သူတို့က သတင်းခန်းထဲမှာ တစ်ခုခုထူးထူးခြားခြား လာလုပ်နေတာ မရှိပါ ဘူး” ဟု ထောက်လှမ်းရေးများသည် သတင်းထောက်များ၏ အွန်လိုင်းလှုပ်ရှားမှုများကို စောင့်ကြည့်နေခြင်းမဟုတ်ကြောင်း ဒန်ကလေက ငြင်းဆိုသည်။ 

 

ဆန်နီဆွေကလည်း သတင်းခန်းထဲတွင် ထောက်လှမ်းရေးများချထားခြင်းမရှိဟု အလားတူဆိုသည်။

ပျော်ရွှင်ဖွယ်ရာ သတင်းများ

မြန်မာတိုင်းမ်စတင်သည့် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၄ ခုနှစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့သည့် အယ်ဒီတာဟောင်းများ၏ ထွက်ဆိုချက်များနှင့် ရုံးတွင်းမှတ်တမ်းများက သိန်းဆွေနှင့် ၎င်း၏ ထောက်လှမ်းရေးဌာနသည် နိုင်ငံတကာက မြန်မာစစ်တပ်ကို ရှုမြင်မှုကောင်းစေရန် ကြိုးပမ်းခဲ့ကြပုံကို ဖော်ပြနေသည်။ 

 

၂၀၀၁ ခုနှစ် မတ်လ ၁၅ ရက်စွဲဖြင့် ရေးသားထားသည့် မြန်မာတိုင်းမ်စာမူကို ထောက်လှမ်းရေးက ထုတ်ဝေရန်

မသင့်သဖြင့် ပယ်ချကြောင်း တွေ့ရှိရသည်။ ထိုသတင်းစာမူကြမ်းတွင် ရှေးဟောင်းပုဂံမြို့ရှိ ဘုရားများတွင် လျှပ်စစ်မီးချောင်းများ တပ်ဆင်ခြင်းသည် သဘာဝအလင်းရောင်ဖြင့် သပ္ပါယ်နေသည့် ဘုရားပုထိုးများကို အကျည်းတန်စေကြောင်း ဝေဖန်ချက်ပါရှိသည်။ ထိုအချိန်က ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုယ်တိုင် ဦးဆောင်၍ ပုဂံဘုရားများထိန်းသိမ်းပြုပြင်ရေးကို ဆောင်ရွက်နေသဖြင့် ထိုဝေဖန်ချက်ပါ ဆောင်းပါးကို ထောက်လှမ်းရေးများက ထုတ်ဝေခွင့်ပယ်ချခဲ့သည်။

 

နောက်ထပ်သတင်းစာမူ တစ်ပုဒ်ကိုမူ ဗိုလ်မှူးချုပ်သိန်းဆွေကိုယ်တိုင်ပယ်ချခြင်းဖြစ်သည်။ ထိုသတင်းတွင် ကျေးလက်ရှိ မြန်မာအမျိုးသမီးတစ်ဦး အဝတ်ထုပ်တစ်ထုပ်ကို ခေါင်းပေါ်တင်၍ လမ်းလျှောက်နေပုံပါရှိသည်။ မြန်မာနိုင်ငံကို ခေတ်နောက်ကျနေကြောင်း ဤပုံကဖော်ပြနေခြင်းကြောင့်ဟုဆိုကာ ၎င်းက ပယ်ချခြင်းဖြစ်သည်။ 

 

အချို့သောစာမူများတွင် OSS ထောက်လှမ်းရေးအရာရှိများက ၎င်းတို့ပေးလိုသည့် သတင်းစကားများနှင့် ကိုက်ညီရန် သတင်းများကိုတည်းဖြတ်ခဲ့သည်ကိုလည်း တွေ့ရသည်။ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလထုတ် သတင်းမူကြမ်းတစ်ပုဒ်တွင်   ခရိုနီသူဌေး ပက်စီသိန်းထွန်း (နောင်မြန်မာတိုင်းမ်ကို ဝယ်ယူမည့်သူ) က “ကျွန်တော်တို့လို ကုမ္ပဏီတွေအတွက် စီးပွားရေးမဟာဗျူဟာတွေ၊ နောက်ဆုံးပေါ်အဆင့်မြင့် စျေးကွက်ထိုးဖောက်နည်းတွေကို အကောင်အထည်ဖော်ပေးနိုင်တဲ့ ပညာတတ်တွေ မြန်မာနိုင်ငံမှာ ရှာရတာမလွယ်ပါဘူး” ဟု ၎င်းကို ကိုးကား၍ သတင်းရေးသားထားသည်။ မြန်မာနိုင်ငံတွင် ပညာတတ်မရှိဆိုသည့် အချက်ကို မနှစ်မြို့သော ထောက်လှမ်းရေးက “ပညာတတ်” ဆိုသည့် စကားရပ်ကို သတင်းထဲမှ ဖြတ်ထုတ်ခဲ့သည်။

 

မြန်မာတိုင်းမ်၏ သတင်းအများစုအား စိစစ်သူသည် ဗိုလ်မှူးချုပ်သိန်းဆွေ၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးသန်းနိုင်ဆိုသူဖြစ်သည်။  ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးသန်းနိုင်သည် မြန်မာတိုင်းမ်၏ တရားဝင်ထုတ်ဝေသူလည်းဖြစ်သည်။

ပုံစာ- မြန်မာတိုင်းမ်ထုတ်ဝေသူ ထောက်လှမ်းရေး ဗိုလ်မှုးသန်းနိုင်ဖြစ်ပြီး၊ ပုံနှိပ်တိုက်မှာ မိတ်ကောင်းပုံနှိပ်တိုက်ဖြစ်ကြောင်း မြန်မာတိုင်းမ်အစောပိုင်းစာစောင်များတွင် ဖော်ပြခဲ့ပုံ။
မြန်မာတိုင်းမ်ထုတ်ဝေသူ ထောက်လှမ်းရေး ဗိုလ်မှူးသန်းနိုင်ဖြစ်ပြီး၊ ပုံနှိပ်တိုက်မှာ မိတ်ကောင်းပုံနှိပ်တိုက်ဖြစ်ကြောင်း ၂၀၀၀ ခုနှစ်ထုတ် မြန်မာတိုင်းမ် စာစောင်များတွင် ဖော်ပြခဲ့ပုံ။

အကဲဆတ်သည့် သတင်းများကိုမူ ၎င်း၏ ဆရာ ဗိုလ်မှူးချုပ်သိန်းဆွေကိုယ်တိုင် ကြည့်ရှုပြီး ထူးခြားသည့် အခြေအနေများတွင် သိန်းဆွေက ဗိုလ်ချုပ်ကြီးခင်ညွန့်ထံသို့ သွားပြပြီး စာမူများကို ခွင့်ပြုချက်ရယူခဲ့သည်ဟု ဒန်ကလေကဆိုသည်။ 

သိန်းဆွေသည် မြန်မာတိုင်းမ်၏ သတင်းလုပ်ငန်းတွင် ထဲထဲဝင်ဝင် လွှမ်းမိုးခြယ်လှယ်နေပုံကို ယခုဆောင်းပါးမထွက်မီအထိ အများပြည်သူမသိခဲ့သော လျှို့ဝှက်ချက်ဖြစ်သည်။ မြန်မာတိုင်းမ်၏ သတင်းစာမူကြမ်းများတွင် “ဗိုလ်မှူးကြီး သိန်းဆွေ” သို့မဟုတ် “ဗိုလ်မှူးကြီး” ခင်ဗျား အစရှိသဖြင့် ၎င်းကိုဦးတိုက်ပြီး ဤသတင်းအတွက် မှတ်ချက်ပေးပါရန်၊ ဤသတင်းအားခွင့်ပြုပေးပါရန် အစရှိသဖြင့် အယ်ဒီတာများက ရေးသားထားသည့် လက်ရေးစာသားများလည်း ပါဝင်နေသည်ကို တွေ့ရသည်။ 

 

မြန်မာတိုင်းမ်တွင် ဒန်ကလေ၏  ပထမဆုံး လက်ထောက် အယ်ဒီတာအဖြစ်အလုပ်လုပ်ခဲ့သူ သြစတြေးလျနိုင်ငံသူ Jayne Dullard က မထုတ်ဝေမီထောက်လှမ်းရေးသို့ ဖက်စ်ဖြင့် ပေးပို့ခဲ့ရသည့် သတင်းစာမူများကို နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာသိမ်းဆည်းထားရာမှ Myanmar Now သတင်းဌာနထံ ယမန်နှစ်ကလာရောက်ပေးပို့ခဲ့သည်။

 

၎င်း၏ ပြောဆိုချက်အရ မြန်မာနိုင်ငံသို့သွားရောက်ပြီး စာတည်းအဖြစ်အလုပ်လုပ်ရမည့် အလုပ်ကြော်ငြာကိုတွေ့၍ အလုပ်လျှောက်ရာမှ မြန်မာတိုင်းမ်တွင် အလုပ်လုပ်ဖြစ်သွားသည်၊ သို့သော် မြန်မာနိုင်ငံသို့ရောက်ပြီး သတင်းခန်းထဲတွင် အလုပ်လုပ်နေသည့်အချိန်ထိ ထိုသတင်းခန်းကို စစ်ထောက်လှမ်းရေးများက ထိန်းချုပ်ထားသည်ကို မသိရှိခဲ့ပေ။ နေ့စဥ်ဆက်သွယ်ရသည့် သိန်းဆွေဆိုသည့်လူကိုလည်း သာမန်အစိုးရ ဆင်ဆာအရာရှိတစ်ဦး အဖြစ်သာထင်ခဲ့ပြီး နောင်တွင် ထိပ်တန်းစစ်ထောက်လှမ်းရေး အရာရှိဖြစ်သည်ကို သိရှိခဲ့ရသည်ဟု ၎င်းကရှင်းပြသည်။ 

 

၂၀၂၅ ခုနှစ်က မဲလ်ဘုန်းမြို့တွင် တွေ့ရသော မြန်မာတိုင်းမ် အယ်ဒီတာဟောင်း Jayne Dullard။ (ဓာတ်ပုံ - Myanmar Now)
၂၀၂၅ ခုနှစ်က မဲလ်ဘုန်းမြို့တွင် တွေ့ရသော မြန်မာတိုင်းမ် အယ်ဒီတာဟောင်း Jayne Dullard။ (ဓာတ်ပုံ - Myanmar Now)

လက်ရှိမဲလ်ဘုန်းမြို့ စိန့်ကေဒါအရပ်တွင် နေထိုင်သူ Jayne Dullard က ၎င်းသည် မြန်မာတိုင်းမ်တွင် ၂၀၀၁ ခုနှစ်မှ ၂၀၀၂ နှောင်းပိုင်း ၁၃ လကြာ သတင်းတည်းဖြတ်သည့် အလုပ်ကိုလုပ်ရစဥ် သိန်းဆွေနှင့် နေ့တဓူဝ ဆက်သွယ်လုပ်ကိုင်ခဲ့ရကြောင်း ရှင်းပြသည်။ 

 

“စိတ်မသက်သာစရာ အခြေအနေမျိုးနဲ့  နှစ်ပါးသွားခဲ့ရတာပါ။ ဦးသိန်းဆွေက သူ့ကိုယ်သူချစ်စရာကောင်းတဲ့ အဘိုးကြီးလို စတိုင်ပေးပြီး တစ်ခါတစ်ခါ အရွှန်းဖောက်နောက်ပြောင်တတ်သလို၊ တစ်ခါတစ်ခါလည်း စိတ်ဆိုးမာန်ဆိုး ငေါက်ငမ်းအော်ဟစ် တတ်ပါတယ်” ဟု ၎င်းကဆိုသည်။ 

 

“မှတ်မိပါသေးတယ်။ တစ်နေ့ ကျွန်မကို သူက “တော်စမ်း နင်ငါတို့နိုင်ငံကို လာဖျက်ဆီးဖို့လုပ်နေတာပဲ။ ငါတို့နိုင်ငံကို ဖျက်ဆီးဖို့ နင့်ကိုငါဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး” ဆိုပြီးအော်ဟစ်ပါတယ်။ သူတကယ် ပေါက်ကွဲနေတာပဲ။ ဟန်လုပ်တာမဟုတ်ဘူး သူတကယ်ကိုပြောနေတာပါ”

 

 သိန်းဆွေနှင့် Janye အပြန်အလှန်ပို့ပြီး နပန်းလုံးခဲ့ရသည့် မြန်မာတိုင်းစာမူကြမ်း တစ်ပုဒ်ကိုလည်း မှတ်တမ်းများတွင်တွေ့ရှိရသည်။ ထိုသတင်းတွင် မြန်မာရှိ အထည် ထုတ်လုပ်မှုများ ထိုးကျနေကြောင်းပါရှိပြီး၊ နိုင်ငံတကာအလုပ်သမားအဖွဲ့ (ILO) ၏ အလုပ်သမားအခွင့်အရေးဆိုင်ရာ ဝေဖန်မှုများအပြင် ဥရောပတိုက်ရှိ အဝတ်အထည် ကုမ္ပဏီကြီးဖြစ်သည့် Zara (ဇာရာ) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးအခြေအနေများကြောင့် အထည်အော်ဒါများမှာယူခြင်းကို ရပ်တန့်လိုက်ကြောင်း စသဖြင့်လည်း ပါရှိသည်။ ထိုသတင်းတွင် ဦးသိန်းဆွေက ILO ၏ ဝေဖန်ချက်နှင့် ဇာရာကုမ္ပဏီက အော်ဒါများလက်မခံကြောင်းအချက်များကို ဖြတ်ထုတ်လိုက်လေသည်။

ပုံစာ- မြန်မာတိုင်းမ်အယ်ဒီတာများက သတင်းစာမူကြမ်းများတွင် “ဗိုလ်မှူးကြီး သိန်းဆွေ” သို့မဟုတ် “ဗိုလ်မှူးကြီး” ခင်ဗျား အစရှိသဖြင့် ၎င်း၏ ခွင့်ပြုချက်ကိုတောင်းခံရခြင်းသည် နိစ္စဓူဝလုပ်ငန်းစဥ်ဖြစ်သည်။ (ဓာတ်ပုံ - Myanmar Now)
ပုံစာ- မြန်မာတိုင်းမ်အယ်ဒီတာများက သတင်းစာမူကြမ်းများတွင် “ဗိုလ်မှူးကြီး သိန်းဆွေ” သို့မဟုတ် “ဗိုလ်မှူးကြီး” ခင်ဗျား အစရှိသဖြင့် ၎င်း၏ ခွင့်ပြုချက်ကိုတောင်းခံရခြင်းသည် နိစ္စဓူဝလုပ်ငန်းစဥ်ဖြစ်သည်။ (ဓာတ်ပုံ - Myanmar Now)
ပုံစာ- မြန်မာတိုင်းမ်အယ်ဒီတာများက သတင်းစာမူကြမ်းများတွင် “ဗိုလ်မှူးကြီး သိန်းဆွေ” သို့မဟုတ် “ဗိုလ်မှူးကြီး” ခင်ဗျား အစရှိသဖြင့် ၎င်း၏ ခွင့်ပြုချက်ကိုတောင်းခံရခြင်းသည် နိစ္စဓူဝလုပ်ငန်းစဥ်ဖြစ်သည်။ (ဓာတ်ပုံ - Myanmar Now)

စစ်ထောက်လှမ်းရေးထိန်းချုပ်မှုအောက်ကာလနှင့် ထောက်လှမ်းရေး အလွန်ကာလများထိနှစ်ပေါင်းများစွာ  မြန်မာတိုင်းမ်တွင်သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူသည် မကြာသေးမီနှစ်များက ကွယ်လွန်ခဲ့သည့် ဦးဝင်းကျော်ဦးဖြစ်သည်။  

ဗိုလ်မှူးချုပ် သိန်းဆွေနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရပုံကို မကွယ်လွန်မီ ၂၀၂၂ ခုနှစ်က လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေါ်တွင် ၎င်းက ရေးသားခဲ့သည်။ ရန်ကုန်မြို့ရှိ ယာဥ်ထိန်းရဲများ အကြောင်း ၎င်းရေးသည့်သတင်းတွင် လာဘ်ထိုးရသည့်ကိစ္စရပ်ကို ထည့်သွင်းဖော်ပြရာ ရော့စ် ဒန်ကလေက ထိုအချက်ကို ဖြတ်တောက်လိုက်သဖြင့် ၎င်းက စောဒကတက်ခဲ့သည်။ 

 

“ဒါနဲ့ ရော့(စ်) က အောက်ထပ်မှာ ဗိုလ်ချုပ်သိန်းဆွေရောက်နေတယ်၊ သွားပြောချေတဲ့”။

 

သွားပြောတော့ လူကြီးလုပ်သူက “ကိုယ့်ထမင်း ကိုယ်စားပြီး အေးအေးဆေးဆေး နေပါကွာတဲ့” ဟု ၎င်းက ထိုဖြစ်စဥ်ကို ပြန်လည်ရေးပြသည်။ ထိုရေးသားချက်တွင်ပင် ၎င်းက “မြန်မာတိုင်း(မ်)သည် စစ်မဟာဗျူဟာ၏ ကြီးကြပ်မှုအောက်တွင်လုပ်နေရသလို၊ စာပေစိစစ်ရေးလည်း စစ်မဟာဗျူဟာ ညွှန်ူကြားချက်တွေအတိုင်း သွားနေရတဲ့ အဖွဲ့ အစည်း” ဟု ထုတ်ဖော်ရေးသားခဲ့သည်။

မြန်မာတိုင်းမ်သတင်းထောက်ဟောင်း ဦးဝင်းကျော်ဦး ရေးသားချက် (Win Kyaw Oo/Facebook)

ပြန်ကြားရေးလက်အောက် စာပေစိစစ်ရေးကိုင်တွယ်နေသည့် အရာရှိများသည် သဘောထားတင်းမာပြီး စစ်မဟာဗျူဟာ ထောက်လှမ်းရေးကမူ သဘောထား ပျော့ပျောင်းသူများဆိုသည့် အချက်သည် မဟုတ်မမှန် လုပ်ကြံထားသော အချက်ဖြစ်ကြောင်းလည်း ၎င်း၏ ထုတ်ဖော်ရေးသားချက်က ပေါ်လွင်စေပြန်သည်။ 

 

ဆန်နီဆွေကမူ မြန်မာတိုင်းမ်ကို ဆင်ဆာပြုလုပ်ရာတွင် ၎င်း၏ ဖခင်ပါခဲ့သည်ဆိုသော အချက်ကို ဝန်ခံသော်လည်း သတင်းလုပ်ငန်းတွင် မည်သို့မျှ လွှမ်းမိုးမှုမရှိခဲ့ကြောင်းဆိုသည်။ 

 

“ကျွန်တော့်အဖေက စာစောင်ရဲ့ မျက်နှာဖုံးသတင်းတွေကို မကြာခဏ ဆင်ဆာလုပ်ခဲ့တာ မှန်ပါတယ်။ (သတင်းခန်းထဲက) ဖက်စ်နဲ့လှမ်းပို့တဲ့သတင်းတွေကိုလည်း တစ်ခါတစ်ခါ သူစစ်ပါတယ်။ ဒါပေမဲ့ သတင်းအားလုံး သူစစ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ သူ့မှာအဲဒီလောက် အချိန်မရှိပါဘူး။ ဆင်ဆာလုပ်တာကတော့ သတင်းခန်းထဲမှာလုပ်တာလည်း မဟုတ်ပါဘူး၊ စစ်ရုံးမှာလုပ်တာပါ” ဟု ၎င်းကဆိုသည်။ 

 

တစ်ခါတစ်ရံ မြန်မာတိုင်းမ် သတင်းများကို သတင်းလုပ်ငန်းနှင့် မည်သို့မျှမပတ်သက်သော ဆန်နီဆွေက ထောက်လှမ်းရေး OSS ဌာနအရာရှိများကိုယ်စား ကိုင်တွယ်ခဲ့သည်။ 

 

“Ok (via Sonny)”  ဆန်နီက တဆင့်ခွင့်ပြုသည်ဟူသော အင်္ဂလိပ်ဘာသာဖြင့် လက်ရေးအမှတ်အသားများကို

မြန်မာတိုင်းမ် စာမူကြမ်းများတွင် တွေ့ရှိရသည်။

ရော့စ်ဒန်ကလေနှင့် ၎င်း၏ ပထမဆုံးလက်ထောက်အယ်ဒီတာ Jayne တို့နှစ်ဦးလုံးက ဆန်နီဆွေသည် သိပ်အကဲမဆတ်သောသတင်းများကို သူ့ဖခင်ကိုယ်စား ဝင်ရောက် အဆုံးအဖြတ် ပေးတတ်ကြောင်း အတည်ပြုပြောဆိုသည်။ 

 

ဆင်ဆာကို တိုက်ဖျက်ခဲ့ရပါသည်ဟု မကြာခဏကြွေးကြော်ခဲ့သော်လည်း ၎င်းကိုယ်တိုင် ဆင်ဆာအလုပ်ကို လုပ်ခဲ့ပါလားဆိုသည့် မေးခွန်းကို  ဆန်နီဆွေက ပြန်လည် ဖြေကြားခြင်းမရှိပေ။

ဆန်နီဆွေက ထောက်လှမ်းရေးကိုယ်စား ဆင်ဆာအဆုံးအဖြတ်ပေးခဲ့သည့် သတင်းအချို့။ (ဓာတ်ပုံ- Myanmar Now)

ဒီပဲယင်း သတ်ဖြတ်မှုသည် ယာဉ်စည်းကမ်းအငြင်းပွားမှုသာဖြစ်

စစ်ထောက်လှမ်းရေးဌာနသည် အကဲဆတ်သည့် နိုင်ငံရေးဖြစ်စဥ်များတွင် ၎င်းတို့ပျံ့နှံ့စေလိုသည့်သတင်းစကားများ ထုတ်လွှင့်ရန် သတင်းအသွင်ဆောင် ဝါဒဖြန့်သတင်းများကိုလည်း ၎င်းတို့ကိုယ်တိုင်ထုတ်လုပ်၍ မြန်မာတိုင်းမ် သတင်းထောက်များက ရေးသားသည့်ပုံစံဖြင့် သတင်းများ ထည့်သွင်းခြင်းဖြစ်သည်။ 

 

အထူးခြားဆုံးဖြစ်ရပ်တစ်ခုသည် ၂၀၀၃ ခုနှစ် စစ်ကိုင်းတိုင်းဒီပဲယင်းမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ လိုက်ပါလာသော ယာဉ်တန်းကို တိုက်ခိုက်မှုနှင့် ပတ်သက်သော သတင်းဖြစ် သည်။ ထိုဖြစ်စဥ်တွင် NLDပါတီဝင်များနှင့် ထောက်ခံအားပေးသူ လူပေါင်း ၇၀ ကျော်  ရိုက်နှက်သတ်ဖြတ်ခံခဲ့ရသည်။ 

 

ထိုသတင်းကို ပြည်တွင်း ပုဂ္ဂလိက ဂျာနယ်မဂ္ဂဇင်းများတွင် စစ်အစိုးရက ဖော်ပြခွင့်မပြုခဲ့သော်လည်း မြန်မာတိုင်းမ်တွင်မူ ထောက်လှမ်းရေးစိတ်ကြိုက် ပုံဖော်ထားသည့် မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့သည်။ 

 

တိုက်ခိုက်မှုဖြစ်သောနေ့သည် သောကြာနေ့ဖြစ်သည့်အလျောက် တနင်္လာနေ့တွင် ထွက်မည့် မြန်မာတိုင်းမ် ဂျာနယ်အတွက် နောက်ဆုံးအပြီးသတ်ဖောင်ကို စစ်ထောက်လှမ်းရေးထံမှ အတည်ပြုချက်အား သတင်းခန်းအယ်ဒီတာများက စောင့်မျှော်နေချိန်ဖြစ်သည်။ ထိုနေ့က မြန်မာတိုင်းမ်သတင်းခန်း၏ တာဝန်ကျအယ်ဒီတာသည် သြစတြေးလျနိုင်ငံသား ဂျက်ဖရီဂေါ့ဒတ် (Geoffrey Goddard) ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံမရောက်ခင် တရုတ်ကွန်မြူနစ်ပါတီ၏ ဘေဂျင်းရေဒီယိုအသံလွှင့်ဌာနတွင် အင်္ဂလိပ်ပိုင်းစာတည်း အဖြစ်လည်း လုပ်ခဲ့သူဖြစ်သည်။ 

 

“အဲဒီသောကြာနေ့ည သတင်းခန်းမှာ ကျွန်တော်အလုပ်လုပ်နေပါတယ်။ အဲဒီအချိန်မှာ သိန်းဆွေက ကျွန်တော့်ကို ဖုန်းဆက်ပြီး ‘မင်း မျက်နှာဖုံးသတင်းပြောင်းဖို့လိုမယ်’ လို့ပြောပြီး “ဒီပဲယင်းမှာ” ဘာဖြစ်သွားလဲဆိုတာကို ရေးသားထားတဲ့စာတစ်ခုကို လှမ်းပို့ပေးပါတယ်”

 

နောက်တစ်ပတ် တနင်္လာနေ့ ဇွန်လ ၂ ရက်နေ့ထုတ် မြန်မာတိုင်းမ်တွင် ထောက်လှမ်းရေးက ထုတ်လုပ်ပြီး နိုင်ငံခြားအယ်ဒီတာများက အရေးအသားကောင်းအောင် ပြင်ဆင်ပေးလိုက်သည့် ဒီပဲယင်း မျက်နှာဖုံးသတင်းမှာ ဤသို့ဖြစ်သည်။ 

 

“NLD ပါတီမှ မော်တော်ဆိုင်ကယ်စီးသမားများကြောင့် တစ်မြို့လုံး ချောက်ချား တုန်လှုပ်နေပါပြီ” ဟူ၍ဖြစ်သည်။ 

 

ထို ‘သတင်း’ တွင် ဖော်ပြထားသည်မှာ ဒီပဲယင်းမြို့အသွား လမ်းရှိ ဘုတလင်မြို့သို့ NLD ခေါင်းဆောင်များနှင့် ပါတီထောက်ခံသူများရောက်ရှိလာချိန် ၎င်းတို့အား မြို့မိမြို့ဖများက ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာကြပါရန် မေတ္တာရပ်ခံသည်။ သို့ရာတွင် ထိုမေတ္တာရပ်ခံချက်ကို ၎င်းတို့က မလိုက်နာသဖြင့် မြို့သူမြို့သားတို့ ‘ကြောက်ရွံ့တုန်လှုပ်’ ခဲ့ကြရသည်။ 

 

ထို့အပြင် ပါတီဝင်များသည် စည်းကမ်းမဲ့ ဆိုင်ကယ်သမားများဖြစ်သောကြောင့် မခံမရပ်နိုင်သော မြို့ခံများနှင့် နောက်ဆုံးအချင်းများကြသည်ဟူ၍ သတင်းတွင် ဖော်ပြထားသည်။

 

ဒီပဲယင်း အခင်းဖြစ်သည့်ညက ထုတ်ပြန်သည့် စစ်တပ်၏ ပြောဆိုချက်ကို အခြေခံ၍ရေးသားထားသော်လည်း လွတ်လပ်၍ အမှီအခိုကင်းသည့် သတင်းစာစောင်က သတင်းပေးပို့ရေးသားသည့်ပုံစံဖြင့် ထောက်လှမ်းရေးက 

မြန်မာတိုင်းမ်တွင် ဖော်ပြခြင်းဖြစ် သည်။ 

 

အမှန်တကယ် လွတ်လပ်သည့် နိုင်ငံပြင်ပရှိ သတင်းမီဒီယာများတွင်မူ ဒီပဲယင်း အစုလိုက်အပြုံလိုက်လူသတ်မှုကို စစ်တပ်က ကျူးလွန်ပြီဟု သတင်းရေးသားခဲ့ကြသည်။ ထိုသတ်ဖြတ်မှုသည် ၁၉၈၈ ခုနှစ် စစ်တပ်က သွေးထွက်သံယိုနှိမ်နင်းပြီးနောက် ဆယ်စုနှစ်တစ်ခုအတွင်း မြန်မာ့သမိုင်းတွင် လူသေမှုအများဆုံး ဖြစ်ခဲ့သည့် အဖြစ်အပျက်ဖြစ်သည်။

ပုံစာ- “NLD ပါတီမှ မော်တော်ဆိုင်ကယ်စီးသမားများကြောင့် တစ်မြို့လုံး ချောက်ချားတုန်လှုပ်နေရပါပြီ” ဟု ဒီပဲယင်းသတ်ဖြတ်မှုကို မြန်မာတိုင်းမ် က ဖော်ပြပုံနှင့် ဗြိတိန်အခြေစိုက် Guardian သတင်းက “ငှားရမ်းစုရုံးထားသည့် သူခိုးကြမ်းပိုးများက ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့အားတိုက်ခိုက်ခဲ့” ဟု ဖော်ပြပုံ။ (Online Burma Library နှင့် Guardian)
“NLD ပါတီမှ မော်တော်ဆိုင်ကယ်စီးသမားများကြောင့် တစ်မြို့လုံး ချောက်ချားတုန်လှုပ်နေရပါပြီ” ဟု ဒီပဲယင်းသတ်ဖြတ်မှုကို မြန်မာတိုင်းမ် က ဖော်ပြပုံနှင့် ဗြိတိန်အခြေစိုက် Guardian သတင်းက “ငှားရမ်းစုရုံးထားသည့် သူခိုးကြမ်းပိုးများက ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့အားတိုက်ခိုက်ခဲ့” ဟု ဖော်ပြပုံ။ (Online Burma Library နှင့် Guardian)

သြစတြေးလျနိုင်ငံသား ဂျက်ဖရီအတွက်မူ အခင်းဖြစ်သည့်နေ့က ဦးသိန်းဆွေ၏ ပြောဆိုပုံသည် ထူးခြားနေ၏။ ဗိုလ်ချုပ်ကြီးခင်ညွန့်၏ လက်ထောက်တစ်ဦးဖြစ်သည့် ထိပ်သီးထောက်လှမ်းရေး အရာရှိဖြစ်သော်လည်း ၎င်းက ဖြစ်ပျက်သည့်အခြေအနေကို လုံးဝမသိရှိကြောင်း ဟန်ကိုယ့်ခြင်းဖြစ်သည်။ 

 

“သူက မကျေနပ်တဲ့လေသံမျိုးနဲ့ပေါ့။ ကျွန်တော်လည်း ဒီကိစ္စတစ်ခုလုံးကို ထောက်လှမ်းရေးက မသိဘူးဆိုတာ ဖြစ်နိုင်ပါ့မလားလို့ စဥ်းစားမိသေးတယ်” ဟု ဂျက်ဖရီက ပြန်ပြောင်းပြောပြသည်။

 

ထိုအဖြစ်အပျက်ကို ပြန်ပြောင်းပြောရာတွင် ဂျက်ဖရီက သူသည်  ဘေဂျင်းရေဒီယိုအသံလွှင့်ဌာနတွင် အင်္ဂလိပ်ဘာသာ စာတည်းအဖြစ် လုပ်ခဲ့ဖူးသဖြင့် ဆင်ဆာစနစ်တို့၏ သဘောကို အကျွမ်းတဝင်ရှိဖူးကြောင်း ဆိုသည်။

 

“တီယန်နန်မင် အစုလိုက်အပြုံလိုက် သတ်ပွဲဖြစ်တဲ့အချိန် ကျွန်တော်ဟာ တရုတ်ပြည်ရဲ့ ဝါဒဖြန့်ယန္တရားထဲမှာ ထဲထဲဝင်ဝင်လုပ်နေတာပါ၊ ဒါ့ကြောင့် ခုလိုအခြေအနေတွေဟာ အသစ်တော့မဟုတ်ပါဘူး” ဟု ဂျက်ဖရီကဆိုပြီး သူဘာ့ကြောင့် ထောက်လှမ်းရေးက ပေးလာသည့် ဒီပဲယင်းလုပ်ကြံသတင်းကို လက်သင့်ခံခဲ့ကြောင်း  ရှင်းပြသည်။  

 

နောင်တွင် ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်တွင်မူ ဒီပဲယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ အခင်းမဖြစ်မီအခြေအနေများကို အောက်ခြေထောက်လှမ်းရေးတပ်ရင်းများက သတင်းပေးပို့နေသည်ကို အဆက်မပြတ်ရရှိနေခဲ့ကြောင်း ၎င်းက ရေးသားခဲ့သည်။ 

 

အခြေအနေအသေးစိတ်ကို ဖော်ပြသည့် နောင်ပေါက်ကြားလာသည့် ထောက်လှမ်းရေး တပ်တွင်းစာများကလည်း ထိုအချက်ကို သက်သေခံနေသည်။ မေလ ၁၉ ရက် ၂၀၀၃ ခုနှစ် ရက်စွဲပါ မန္တလေးတိုင်း ထောက်လှမ်းရေးတပ်ရင်း အမှတ် (၁) မှ ပေးပို့သောစာတွင် ၎င်းတို့တပ်ရင်းသည် ဒေါ်အောင်ဆန်းစုကြည်ပါ ယာဉ်တန်းမရောက်လာမီ ကြိုတင်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ ဝင် ၃၀၀ ကို အရပ်ဝတ်များဝတ်ဆင်၍ အသင့်နေရာ ယူခိုင်းထားကြောင်းနှင့် မြို့ဝင်မြို့ထွက်များတွင် “ပြည်ပအားကိုးပုဆိန်ရိုး အဆိုးမြင်ဝါဒီမြင်များအားဆန့်ကျင်ကြ” ဆိုသည့် ဆိုင်းဘုတ်များကို စိုက်ထူထားကြောင်းဖော်ပြထားသည်။

 

ထောက်လှမ်းရေး၏ ဒီပဲယင်းအဖြစ်အပျက်ကို လုပ်ကြံသတင်းထုတ်လုပ်မှုနှင့် ဆန်နီဆွေ၏ မြန်မာတိုင်းမ်သည် အမှီအခိုကင်းသော်လည်း ဆင်ဆာစနစ်ကြောင့်သာ အကန့်အသတ်များ   ရှိခဲ့ကြောင်း ပြောဆိုချက်များသည် တစ်ခုနှင့်တစ်ခုသွေဖည်နေသည်။

 

ထောက်လှမ်းရေးက မြန်မာတိုင်းမ်တွင် သတင်းထောက်များရေးထားသည့်အသွင်ဖြင့် သတင်းများထည့်ခြင်းသည်  ဤတစ်ကြိမ်တည်းမဟုတ်ကြောင်း သတင်းစာ၏ အယ်ဒီတာဟောင်းများကဆိုသည်။

 

ဒန်ကလေ၏ ပြောဆိုချက်အရ ထိုအချိန်က စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ထောက်လှမ်းရေးတပ်မှ ဗိုလ်မှူးကြီးလှမင်းသည် ကလောင်ဝှက်သုံး၍ မြန်မာတိုင်းမ်တွင် ရေးသားခဲ့သည်များ ရှိကြောင်းနှင့် ဂျာနယ်စတင်ကတည်းက ထောက်လှမ်းရေးက  ရေးချင်ရာရေးနိုင်ရန် အပတ်စဥ်စာစောင်တိုင်းတွင် စာမျက်နှာတစ်မျက်နှာလည်း သီးသန့်ပေးသုံးရန် နှုတ်သဘော တူညီချက်ထားရှိခဲ့ကြောင်း သိရှိရသည်။

 

 ထိုသို့ ထောက်လှမ်းရေးကို လုပ်ခွင့်များပေးထားခြင်းသည် ကျင့်ဝတ်ပိုင်းဆိုင်ရာ မမှန်ကန်သည်ကို သိရှိပါကြောင်း သို့ရာတွင် မြန်မာနိုင်ငံကို နိုင်ငံတကာက အကောင်းမြင်စေရန် ထောက်လှမ်းရေး၏ ရေးသားချက်များကို လက်သင့်မခံ၍ မရသည့် အခြေအနေဖြစ်ခြင်းကြောင့်သာ လက်ခံခဲ့ခြင်းဟု ဒန်ကလေကဆိုသည်။ 

 

“ထောက်လှမ်းရေးက မကြာမကြာ သူတို့ထည့်စေချင်တဲ့ သတင်းတွေ လာပေးပါတယ်…” ဟု ဒန်ကလေကဆိုသည်။ 

 

ထောက်လှမ်းရေးက ပေးသည့် သတင်းများကို နိုင်ငံခြားအယ်ဒီတာများက အရေးအသားဟန် ကောင်းမွန်စွာဖြင့် မြန်မာတိုင်းမ်တွင် ဖော်ပြပြီးနောက်၊ မြန်မာတိုင်းမ်ပါ ထိုသတင်းများကို လွတ်လပ်သည့် သတင်းမီဒီယာများက မြန်မာနိုင်ငံ၏ အခြေအနေကို ဤသို့ဤပုံ ဖော်ပြနေပါသည်ဟု စစ်ထောက်လှမ်းရေးများက နိုင်ငံတကာသို့ ပြန်လည်ဖြန့်ကြလေသည်။ 

 

 “ဒီသတင်းတွေကို သူတို့က အမေရိကန်လွှတ်တော်လိုနေရာမျိုးတွေဆီ ပို့ပါတယ်။ ရှင်းရှင်းပြောရရင် စနစ်တကျ စွဲဆောင်မှုကောင်းကောင်းနဲ့ ရေးနိုင်သားနိုင်တဲ့ အခြေအနေမျိုးသူတို့မှာ မရှိပါဘူး”ဟု ဒန်ကလေကဆိုသည်။ 

 

ထောက်လှမ်းရေးက ပေးသောသတင်းများကို မြန်မာတိုင်းမ်တွင်ထည့်ရန် တည်းဖြတ်ရခြင်းအပြင် မြန်မာစစ်တပ်၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသည့် ဝါဒဖြန့်စာများပါ ၎င်းကိုယ်တိုင်တည်းဖြတ်ပေးခဲ့ကြောင်း ဒန်ကလေက ရယ်မော၍ ဆိုသည်။ 

 

ထူးထူးခြားခြားအနေဖြင့်  ပြည်ပအားကိုးပုဆိန်ရိုးအဆိုးမြင်ဝါဒီများအားဆန့်ကျင်ကြ ဆိုသည့် အချက်အပါအဝင် စစ်တပ်၏ “ပြည်သူ့သဘောထား” လေးချက် အင်္ဂလိပ်ဘာသာ ကြွေးကြော်ချက်များကို ပို၍ကြည့်ကောင်းအောင် ပြင်ဆင်ရေးပေးခဲ့သည်ဟု ၎င်းကဆိုသည်။

 

“ပြည်သူ့သဘောထား” လေးချက်အား အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် စစ်တပ်ဝါဒဖြန့် ပိုစတာကို ရန်ကုန်မြို့တွင် ၂၀၀၀ ပြည့်နှစ် နှစ်ဆန်းက တွေ့ရစဉ်။
“ပြည်သူ့သဘောထား” လေးချက်အား အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် စစ်တပ်ဝါဒဖြန့် ပိုစတာကို ရန်ကုန်မြို့တွင် ၂၀၀၀ ပြည့်နှစ် နှစ်ဆန်းက တွေ့ရစဉ်။ (ပုံ- Martin Regg Cohn )

မြန်မာ့ပညာရေး ကမ္ဘာကို ရင်ဘောင်တန်းမည်

 

ထောက်လှမ်းရေး၏ အင်္ဂလိပ်ဘာသာဖြင့်လည်ပတ်သည့် ဝါဒဖြန့်စာစောင်ဖြစ်သည့် အားလျော်စွာ မြန်မာတိုင်းမ်သည် စစ်တပ်၏ အဆိုးရွားဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှု မျိုးစုံနှင့် ပတ်သက်၍ နိုင်ငံတကာ၏ ဝေဖန်မှုများကို တန်ပြန်ရာတွင် မကြာခဏအသုံးဝင်ခဲ့ သည်။ တစ်ခါတစ်ရံတွင် ပကတိအခြေအနေနှင့် ဝါဒဖြန့်သတင်းတို့ကြား ခြားနားချက်သည် အလွန်ကြီးမားခဲ့သည်။ 

 

ဗိုလ်ချုပ်ခင်ညွန့်နှင့် ထောက်လှမ်းရေးအရာရှိများသည်  သာမန် ဆန္ဒပြမှုလေးများ ပြုလုပ်သည့် တက္ကသိုလ်ကျောင်းသားများကိုပင်ထောင်နှင့်ချီဖမ်းဆီးပြီး နှစ်ရှည်ထောင်ချ ခဲ့သည့်အပြင် တက္ကသိုလ်များကိုလည်း မကြာခဏပိတ်ပစ်ခဲ့သည်။ 

 

ထိုအခြေအနေရှိသော်လည်း မြန်မာနိုင်ငံပညာရေးကော်မတီဥက္ကဌ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်သည်  ပညာရေးအဆင့်မြင့်ရေးလုပ်ငန်းများ မည်သို့မည်ပုံ အားသွန်ခွန်စိုက်ကြိုးပမ်းနေကြောင်း မြန်မာတိုင်းမ်တွင် ရောင်စုံဓာတ်ပုံများဖြင့်  ဝေဝေဆာဆာဖော်ပြခဲ့သည်။ 

 

၂၀၀၁ ခုနှစ် ဇန်နဝါရီလ မြန်မာတိုင်းမ် သီးသန့်အင်တာဗျူးတွင် ခင်ညွန့်က မြန်မာ့ပညာရေးကို “ကမ္ဘာတွင်ရင်ဘောင်တန်းနိုင်သည်အထိ ဘက်စုံတိုးတက်အောင်” လုပ်ဆောင်သွားမည် ဖြစ်ကြောင်းပြောဆိုထားသည်။  ထိုသို့ ခင်ညွန့်က ပြောကြားနေချိန်တွင် မြန်မာနိုင်ငံ၏ တက္ကသိုလ်များသည် မြို့စွန်မြို့ဖျားသို့ပြောင်းရွှေ့ခံထားရသည်။ ထိုအမည်ခံတက္ကသိုလ်များတွင်  ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်မရှိ၊  စာပေအသင်း၊ အားကစားအသင်း၊ စကားရည်လုအသင်းစသည်တို့ ဖွဲ့စည်းခွင့်မရှိဘဲ မျိုးဆက်များစွာ၏ အသိဉာဏ်ဖြစ်ထွန်းမှု၊ လူမှုဘဝဖြစ်ထွန်းမှုအဖုံဖုံကို စစ်တပ်က ပြင်းပြင်းထန်ထန် နှိပ်ကွပ်ထားချိန်ဖြစ်သည်။

 

ထိုကဲ့သို့ အလွန်အကြူး ပကတိနှင့် ကင်းဝေးသည့် ခင်ညွန့်၏ ပြောဆိုချက်ပါ ဝါဒဖြန့်သတင်းကို အရောင်အသွေးမှိန်မှိန် ခနော်နီခနောနဲ့ စာအရေးအသားများဖြင့် ထုတ်ဝေသော နိုင်ငံပိုင်သတင်းစာများတွင်မထည့်ဘဲ ရောင်စုံဓာတ်ပုံများနှင့် စာမျက်နှာအထားအသိုလှလှပပရှိသည့် မြန်မာတိုင်းမ်တွင် အင်္ဂလိပ်ဘာသာဖြင့် ထည့်သွင်းခြင်းက မတူညီသည့် သက်ရောက်မှုကို ဖြစ်ပေါ်စေသည်။ 

 

‘လွတ်လပ်သည့် ပုဂ္ဂလိကသတင်းစာ’ အသွင်ဖန်ထားသည့် မြန်မာတိုင်းမ်တွင် ဤသို့ ဝါဒဖြန့်သတင်းများကို ထည့်သွင်းခြင်းဖြင့် နိုင်ငံခြားသံတမန်များနှင့် နိုင်ငံခြား စာဖတ် ပရိသတ်များကို ပစ်မှတ်ထားလှုံ့ဆော်ရာတွင် ပိုခရီးရောက်မည်ဟု စစ်တပ်က ရှုမြင်ခဲ့သည်။ 

 

ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် အင်တာဗျူးကို ယခင် NLD ပါတီမှ မကျေနပ်၍ထွက်လာပြီး မြန်မာတိုင်းမ်၏ ပင်တိုင်ဆောင်းပါးရှင်  ဖြစ်ခန့်အပ်ခံရသူ မသိင်္ဂီက ပြုလုပ်ခဲ့ကာ၊ ထိုအင်တာဗျူးတစ်ခုလုံး အထမြောက်ရေးကို ဗိုလ်မှူးချုပ်သိန်းဆွေကိုယ်တိုင် စီစဥ်ခဲ့သည်ဟု အယ်ဒီတာဟောင်း Jayne က ဆိုသည်။ 

 

ထိုအင်တာဗျူးကို Jayne ကိုယ်တိုင်ပင်တည်းဖြတ်ခဲ့သည်။

 

၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်းဖြစ်သည့် International Labour Organisation (ILO) က မြန်မာနိုင်ငံသည် စနစ်တကျ ရည်ရွယ်ချက်ရှိရှိဖြင့် အဓမ္မခိုင်းစေမှုများကို ကျူးလွန်နေကြောင်း ကြေညာခဲ့ပြီး (ILO) အဖွဲ့ဝင်နိုင်ငံများက မြန်မာစစ်အစိုးရကို ဝိုင်းဝန်းအရေးယူကြရန်   သမိုင်းဝင်ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့သည်။ 

 

ထိုကာလများတွင် စစ်တပ်သည် စစ်မက်နယ်မြေများတွင် လက်နက်၊ ရိက္ခာများကို သယ်ယူရန် အကျဥ်းထောင်များမှ ဆွဲထုတ်ခံလာရသည့် အကျဥ်းသားများဖြင့် “ဝန်ဆောင်တပ်ရင်း” များကို ဖွဲ့စည်းပြီး လူသားတံတိုင်းအဖြစ် စတင်အသုံးချနေပြီဖြစ် သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ပေါ်ထွန်းကာစ စစ်တပ်နှင့် ခရိုနီသူဌေးများ၏ အကျိုးစီးပွားများနှီးနွှယ်နေသော ဆောက်လုပ်ရေးကဏ္ဍများအတွက်လိုအပ်သည့် ကျောက်ထုတ်လုပ်ရေးလုပ်ငန်းများတွင် အကျဥ်းသား ထောင်ပေါင်းများစွာကို အဓမ္မခိုင်းစေနေပြီဖြစ်သည်။ ထိုသို့လုပ်ဆောင်နေမှုများကြောင့် အကျဥ်းသားသေဆုံးမှုသည် ၂၀၀၁ ခုနှစ် နှင့် ၂၀၀၂ ခုနှစ်တို့တွင် ထောင်နှင့်ချီ အမြင့်ဆုံးပမာဏသို့ ရောက်ရှိနေချိန်ဖြစ်သည်။

 

၁၉၈၉ ဖေဖော်ဝါရီထုတ် စစ်တပ်၏ သတင်းစာရှင်းလင်းပွဲမှတ်တမ်းထုတ်ပြန်ချက် (ပြန်ကြားရေးဝန်ကြီးဌာန)
၁၉၈၉ ဖေဖော်ဝါရီထုတ် စစ်တပ်၏ သတင်းစာရှင်းလင်းပွဲ မှတ်တမ်းထုတ်ပြန်ချက် (ပြန်ကြားရေးဝန်ကြီးဌာန)

ထိုသို့အလွန်အကဲဆတ်သည့် အဓမ္မခိုင်းစေမှုအကြောင်းကို ပြည်တွင်းရှိ ဂျာနယ်မဂ္ဂဇင်းများက ရေးခွင့်မရသော်လည်း ILO ၏ ဆုံးဖြတ်ချက်ကို တန်ပြန်ရန် မြန်မာတိုင်းမ် က ၂၀၀၁ မေလတွင် “မြန်မာနှင့် အဓမ္မခိုင်းစေမှု” ဟု ဆိုသော ခေါင်းစဥ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို ထည့်သွင်းဖော်ပြခဲ့သည်။ 

 

ဆောင်းပါးတွင် ရေးသားထားသည်မှာ အဓမ္မခိုင်းစေမှုသည် စက်ဆုပ်ဖွယ်အလုပ်တစ်ခုဖြစ်ပါသည်။ သို့သော် အချို့သောအခြေအနေများမှလွဲ၍ ထိုကိစ္စသည် မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့်မရှိတော့ပါဟု ဆိုထားသည်။ 

 

မြန်မာတွင် အဓမ္မခိုင်းစေမှုရှိခြင်းကိုလည်း ထိုဆောင်းပါးက ကာကွယ်ပြောဆိုထားသည်။ မြန်မာနိုင်ငံ၏ ရှည်လျားလှသော နိုင်ငံနယ်နိမိတ်များ ကာကွယ်နေရသည့် အနေအထားနှင့် နိုင်ငံအနှံ့ လုံခြုံရေးတာဝန်များ ထမ်းဆောင်နေရသည်များကို ထည့်သွင်းစဥ်းစားကြည့်ပါက တပ်မတော်အနေဖြင့် အလွန်ကို မလွယ်ကူသောတာဝန်များကို ထမ်းရွက်နေရပါသည်ကို သိနိုင်ပါကြောင်းနှင့် ထို့အပြင် ထိုင်း-မြန်မာနယ်စပ်တွင် မူးယစ်ဆေးတိုက်ဖျက်ရေးအခြေအနေများကိုလည်း ထောက်ရှုပါက တပ်မတော်အနေဖြင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသည်ဟု ဆောင်းပါးက ကာကွယ်ပြောဆိုထားသည်။ 

 

ထိုသို့သော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံအား အဓမ္မခိုင်းစေမှုများ အပြီးတိုင် တိုက်ဖျက်ရေးတွင် ကူညီရန် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုများ ဆက်လက် မလုပ်သင့်တော့ကြောင်းနှင့် ဂျနီဗာမြို့တွင် ကျင်းပရန် ရှိသည့် ILO ညီလာခံတွင်လည်း အဖွဲ့ဝင်နိုင်ငံများက မြန်မာကို ဖိအားပေးမှုများ မပြုလုပ်သင့်ကြောင်း ဆောင်းပါးရှင်က တိုက်တွန်းထားသည်။

 

ဆောင်းပါးရှင်သည် ထိုအချိန်က ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် ရန်ကုန်တွင် လာရောက် တွေ့ဆုံသည့် ဆွစ်ဇာလန်ကျန်းမာရေးအတိုင်ပင်ခံဆိုသူ Gerald Moore ဖြစ်သည်။ အမှန်တွင် ၎င်း၏ ရေးသားချက်သည် အသစ်မဟုတ်။ ၁၉၉၇ ခုနှစ်တွင် စစ်တပ်၏ပြောရေးဆိုခွင့်ရ ထောက်လှမ်းရေးဗိုလ်မှူးကြီး လှမင်း၏ အဓမ္မလုပ်အားပေးခိုင်းစေချက်များနှင့် ပတ်သက်၍ ထုတ်ပြန်ချက်များကို အခြေခံရေးသားထားခြင်းသာဖြစ်သည်။ (ထိုထုတ်ပြန်ချက်များပါသော လှမင်း၏ The Way I see It စာအုပ်ကို အသစ်ပြန်လည်တည်းဖြတ်ပြီး ၂၀၂၅ ခုနှစ်တွင် ရန်ကုန်၌  ထုတ်ဝေခဲ့သည်။) 

 

မြန်မာနိုင်ငံအကြောင်းနှင့် ပတ်သက်၍ သုတေသနပြုနေသူ နိုင်ငံတကာလုံခြုံရေး ကဏ္ဍပညာရှင်  Andrew Selth က မြန်မာနိုင်ငံရှိထောက်လှမ်းရေးအဖွဲ့များသည် သတင်းစစ်ပွဲတွင် ပါဝင်ဆင်နွှဲနေသည်မှာ ကာလကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ဆိုသည်။ ထောက်လှမ်းရေးအဖွဲ့များသည် သတင်းမီဒီယာများကို မျက်ခြည်မပြတ်စောင့်ကြည့်ရေး မှသည် စစ်တပ်၏ အကျိုးစီးပွားကို မြှင့်တင်ရန် သတင်းမီဒီယာကို တစိုက်မတ်မတ် အသုံးချခဲ့သည်ဟု ၎င်းကဆိုသည်။ 

 

၂၀၂၃ ခုနှစ် သြစတြေးလျနိုင်ငံ ဘရစ်စဘိန်းမြို့ရှိ Griffith တက္ကသိုလ်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် “ မြန်မာထောက်လှမ်းရေးများသည် ပြည်တွင်းရှိ သတင်းစာ၊ မဂ္ဂဇင်းတို့ အားအဆက်မပြတ်စောင့်ကြည့်ရုံမျှမက အရပ်သားအစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်အား စောင်းမြောင်းတိုက်ခိုက်သည့် သတင်းများကိုလည်း သတင်းမီဒီယာများတွင် တက်တက်ကြွကြွ ထည့်သွင်းပြီး လှုပ်ရှားခဲ့ကြကြောင်း” Andrew Selth ကရေးသားခဲ့သည်။ 

 

“သတင်းမီဒီယာစာစောင်တွေမှာ ထောက်လှမ်းရေးက ဝင်ရောက်လှုပ်ရှားနေခဲ့တာရှိပါတယ်။မြန်မာတိုင်းမ်ကတော့ အထင်ရှားဆုံး ဥပမာပါပဲ”

 

ဥရောပတိုက်ရှိ အက်စတိုးနီးယားနိုင်ငံအခြေစိုက် သတင်းမီဒီယာသုတေသနဌာန အဖွဲ့၏ ဒါရိုက်တာဖြစ်သူ Marius Dragomir ကလည်း မြန်မာတိုင်းမ်သည် “ဖမ်းချုပ်ခံထားရသည့် ပုဂ္ဂလိကစာစောင်” တစ်ခုဟု သတ်မှတ်နိုင်ကြောင်း ဆိုသည်။ 

 

“ဖမ်းချုပ်ခံထားရသည့် ပုဂ္ဂလိကစာစောင်” ဆိုသည်မှာ အပေါ်ယံအမည်ခံသာ လွတ်လပ်သည့်စာစောင်ဖြစ်ပြီး အမှန်မှာ အာဏာပိုင်များက တရားမဝင်အားဖြင့် ထိန်းချုပ်ထားခံရသည့် စာစောင်ဖြစ်ကြောင်း၊ ထိုကဲ့သို့သော စာစောင်များသည် ဟန်ဂေရီ၊ တူရကီ၊ အဇာဘိုင်ဂျန်နှင့် ကမ္ဘောဒီးယားနိုင်ငံများကဲ့သို့သော အာဏာရှင်စနစ်ထွန်းကားသည့် နိုင်ငံများတွင်တွေ့ရလေ့ ရှိသည်ဟု ၎င်းကဆိုသည်။ ၎င်းတို့သုတေသနအဖွဲ့သည် သတင်းမီဒီယာများကို အသုံးချ၍ ဝါဒဖြန့်ချိခြင်း၊ သတင်းမှားများဖြန့်ချိခြင်းနှင့်  သတင်းမီဒီယာများက ကမ္ဘာတဝှမ်းရှိ ဒီမိုကရေစီစနစ်များကို မည်သို့မည်ပုံသက်ရောက်မှုရှိနေပုံကို လေ့လာသည့် အဖွဲ့ဖြစ်သည်။ 

 

“ဒီလိုမီဒီယာတွေကို အာဏာပိုင်အဖွဲ့အစည်းတွေက ငွေကြေးပိုင်းက တိုက်ရိုက်ပံ့ပိုးလို့ သော်လည်းကောင်း၊ စီမံခန့်ခွဲ့မှုပိုင်းက တိုက်ရိုက်ကိုင်တွယ်လို့သော်လည်းကောင်း လုပ်နေတာမျိုးမဟုတ်ပါဘူး” ဟု သုတေသီ Marius Dragomir ကဆိုသည်။

 

“အခု Myanmar Now ကရရှိလာတဲ့ သက်သေအထောက်အထားတွေကို လေ့လာ ရသလောက် မြန်မာတိုင်းမ်ဟာ ဆန်းပြားတဲ့ ဝါဒဖြန့်ချိရေးလှုပ်ရှားမှုတစ်ခုဆိုတာ အသေအချာပြောနိုင်ပါတယ်။ သမားရိုးကျသတင်းတွေကို အာဏာပိုင်တွေ ပေးချင်တဲ့ သတင်းအချက်အလက်တွေနဲ့ ရောပြီးထုတ်တာဟာ တကယ်ကို ဆန်းပြားတဲ့ ဝါဒဖြန့်ချိရေးပါ။ တချို့သော ဝါဒဖြန့်ချိရေးသတင်းတွေကို ဒီပုံစံနဲ့ ဖြန့်ရာမှာ တော်တော်ထိရောက်နိုင်ပါတယ်”

 

မြန်မာတိုင်းမ်သည် “ဖမ်းချုပ်ခံထားရသည့် ပုဂ္ဂလိကစာစောင်” ဆိုသည့် သတ်မှတ်ချက်အပေါ်  မှတ်ချက်တောင်းသည့်မေးခွန်းနှင့် ပတ်သက်၍ ဆန်နီဆွေက ပြန်လည်ဖြေကြားခြင်းမရှိပေ။

 

စစ်ထောက်လှမ်းရေး၏ စိတ်ဓာတ်ရေးရာစစ်ဆင်ရေးသည် မီဒီယာတွင်ပင် ရပ်တန့်သွားခဲ့ သည် မဟုတ်။ ၂၀၀၂ ခုနှစ်တွင် ထောက်လှမ်းရေးက ဝါရှင်တန်ဒီစီအခြေစိုက် ရီပါဘလင်ကန်ပါတီနှင့် ဆက်စပ်မှုရှိသော DCI အမည်ရ လော်ဘီအဖွဲ့အား ငှားရမ်းခဲ့သည်။ ၎င်းတို့၏ ရည်မှန်းချက်သည် စစ်တပ်၏ ပုံရိပ်နိုင်ငံတကာတွင်မြှင့်တင်ရေးနှင့် ထောက်လှမ်းရေးတပ်ဖွဲ့သည် ပြုပြင်ပြောင်းလဲမှုကိုလိုလားသည့် သဘောထားပျော့ပျောင်းသည့်အဖွဲ့ဖြစ်ကြောင်း ပုံဖော်ပေးရေးဖြစ်သည်။

 

ထိုအဖွဲ့နှင့် ထောက်လှမ်းရေးတို့ ဆက်သွယ်ရာတွင် ဗိုလ်မှူးချုပ်သိန်းဆွေနှင့် ဗိုလ်မှူးကြီးလှမင်းတို့နှစ်ဦးလည်း ပါဝင်ခဲ့သည်။ စစ်ထောက်လှမ်းရေးနှင့် ထိုလော်ဘီအဖွဲ့တို့ ချုပ်ဆိုထားသည့် စာချုပ်ပါအချက်အလက်များအရ လော်ဘီအဖွဲ့သည် ဝန်ဆောင်မှုများ အတွက် အမေရိကန်ဒေါ်လာ ၃၄၀,၈၆၂ ရရှိခဲ့သည်။ 

 

လော်ဘီအဖွဲ့၏ ဝန်ထမ်းများနှင့် ဗိုလ်မှူးကြီးလှမင်းတို့စုပေါင်းပြီး ရီပါဘလင်ကန်ပါတီနှင့် ဆက်စပ်သည့် Heritage Foundation ဆိုသော Think-tank အဖွဲ့တာဝန်ရှိသူများနှင့် ကန်လွှတ်တော်အမတ်များကို သွားရောက်တွေ့ဆုံခဲ့ကြသည်။ လော်ဘီအဖွဲ့က အမေရိကန်သတင်းခန်းများသို့ သွားရောက်ပြီး မြန်မာပြည်အရေး ရှင်းလင်းပြောကြားမှုများကိုလည်း ပြုလုပ်ခဲ့ကြကြောင်း အမေရိကန်တရားရေးဌာနက Myanmar Now ၏ တောင်းခံချက်အရပေးပို့လာသော မှတ်တမ်းအစီရင်ခံစာများအရ သိရှိရသည်။ 

  

ထိုကာလများတွင် မြန်မာတိုင်းမ်သည် လော်ဘီအဖွဲ့က တဆင့် အမေရိကန်အစိုးရသို့ ပေးပို့ရန်သင့်တော်မည့် သတင်းအကြောင်းအရာများကို ပုံမှန်ထုတ်လုပ်ခဲ့သည်။ ထိုအကြောင်းအရာများသည် စစ်တပ်၏ မူးယစ်တိုက်ဖျက်ရေးလှုပ်ရှားမှုများနှင့် နိုင်ငံရေးအကျဥ်းသားများကို လွှတ်ပေးနေကြောင်း သတင်းများဖြစ်သည်။  (နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို စစ်တပ်က ဆက်လက်ဖမ်းဆီးနေသည့် အခြေအနေများကိုမူ ထိုသတင်းများတွင် ဖော်ပြခဲ့ခြင်း(လုံးဝ) မရှိပေ။

 

မင်းအောင်လှိုင်ဦးဆောင်သည့် လက်ရှိမြန်မာစစ်တပ်နှင့်လည်း DCI လော်ဘီအဖွဲ့တို့သည် လွန်ခဲ့သည့်နှစ် ဇူလိုင်လတွင် စာချုပ်တစ်ခုချုပ်ဆိုခဲ့ကြသည်။  DCI နှင့် မြန်မာစစ်တပ်တို့ ယခင်နှင့် ယခုချုပ်ဆိုသည့် အခြေအနေများနှင့်စပ်လျဥ်းသော မေးခွန်းများကို ထိုအဖွဲ့က ပြန်လည်ဖြေကြားခြင်းမရှိပေ။

ပုံစာ- မြန်မာစစ်တပ်၏ ပုံရိပ်အား အမေရိကန်သတင်းစာများကတဆင့် မြှင့်တင်ရန် စစ်ထောက်လှမ်းရေးနှင့် DCI လော်ဘီတို့ ချုပ်ဆိုခဲ့သည့်စာချုပ်။
စစ်ထောက်လှမ်းရေးနှင့် အမေရိကန် DCI လော်ဘီတို့ ၂၀၀၂ခုနှစ်က ချုပ်ဆိုခဲ့သည့်စာချုပ်နှင့် ဆက်စပ်သောလှုပ်ရှားမှုများ။ ဤမှတ်တမ်းတင်တွင် တွေ့ရသည့် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဦးလင်းမြိုင်သည် နောင်တွင် ရိုးမကုမ္ပဏီ ဦးသိမ်းဝေ၏ အကြံပေးဖြစ်လာသည်။ (ကိုးကား/အမေရိကန်တရားရေးဌာန)

ပြည်တွင်းမီဒီယာနှင့် ပြည်ပရှိအဖွဲ့များကို ချိတ်ဆက်ပြီး စစ်တပ်ပေးလိုသော သတင်းစကားများကို ထောက်လှမ်းရေးက ဖြန့်ချိခဲ့သည့် အားထုတ်မှုများသည် တဖြည်းဖြည်းအကျိုးရလဒ်များပေါ်ထွက်လာသည်။ နိုင်ငံခြားသံတမန်များကြားတွင် ထောက်လှမ်းရေးအဖွဲ့သည် စစ်တပ်အတွင်း “သဘောထားပျော့ပျောင်းသော” အဖွဲ့ဆိုသည်ကို ယုံကြည်သူများရှိလာပြီး မြန်မာတိုင်းမ်ကိုပင် ဝါဒဖြန့်ချိရေးလက်နက်မဟုတ် အဆင့်အတန်းရှိသည့် စာစောင်တစ်ခုဟုပင် ရှုမြင်မှုများရှိလာသည်။ 

 

ယခင်စစ်အစိုးရခေတ်တွင် DCI အဖွဲ့နှင့် လုပ်ဆောင်မှုများသည် ထင်သလောက် မအောင်မြင်သော်လည်း နိုင်ငံတကာ၏ ဖိအားများလျော့ခဲ့၏ဟု ၂၀၀၀ ပြည့်နှစ်များက ဝါရှင်တန်ဒီစီမြို့တော်ရှိ မြန်မာသံရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ထောက်လှမ်းရေးအရာရှိဟောင်း ဦးအောင်လင်းထွဋ်သည် ၎င်း၏ Facebook ပေါ်တွင် မကြာမီက ရေးသားခဲ့သည်။

 

ကြမ္မာငင်ပြီ

ထောက်လှမ်းရေးသည် သဘောထားပျော့ပျောင်းသူများဖြစ်ကြောင်း ပြောဆိုချက်များသည် ခင်ညွန့်နှင့်ထောက်လှမ်းရေး အဖွဲ့တို့ ၂၀၀၄ အောက်တိုဘာလတွင် ဖြုတ်ချခံရပြီး ပို၍ပင် ကျယ်လောင်လာခဲ့သည်။ 

 

ဦးသိန်းဆွေနှင့် ဆန်နီဆွေတို့လည်း ဖမ်းဆီးထောင်ချခံခဲ့ရသည်။  ဆန်နီဆွေသည် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများအသင်း အက်ဥပဒေချိုးဖောက်မှုဖြင့် ထောင် ၁၄ နှစ်ကျော်ချမှတ်ခံရသည်။ ထိုသို့ ပုဒ်မတပ်ခံရခြင်းသည် မိတ်ကောင်းပုံနှိပ်တိုက်က ထောက်လှမ်းရေးအရာရှိများ၏ ဝါဒဖြန့်စာအုပ်များကို ပြန်ကြားရေးဝန်ကြီးဌာန၏ ဆင်ဆာမဖြတ်ဘဲ ပုံနှိပ်ခြင်းကြောင့်လော သို့တည်းမဟုတ် မြန်မာတိုင်းမ်အား ပြန်ကြားရေးဝန်ကြီးဌာန၏ ဆင်ဆာသို့ မပို့ဘဲ ထုတ်ဝေခြင်းကြောင့်လော မသဲကွဲပေ။  

 

သို့ရာတွင် ယုတ္တိမတန်သည်မှာ မြန်မာတိုင်းမ်က ပြန်ကြားရေးဆင်ဆာမဖြတ်ဘဲ ထောက်လှမ်းရေး၏ တိုက်ရိုက်ကိုင်တွယ်မှုဖြင့် လေးနှစ်တိုင်တိုင် ထုတ်ဝေနေသည်ကို  ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် ယခင်ကတည်းက ခွင့်ပြုထားခြင်းဖြစ်သည်။ 

 

မြန်မာတိုင်းမ်သတင်းများနှင့် ပတ်သက်ပြီး နောက်ကွယ်တွင် အမှန်တကယ် ထိန်းချုပ်ဆုံးဖြတ် ပေးနေသည့် ဦးသိန်းဆွေကိုမူ ပုံနှိပ်ထုတ်ဝေသည့် ကိစ္စဖြင့် ထောင်မချဘဲ ပြည်သူပိုင်ပစ္စည်းခိုးယူမှု၊ အဂတိခြစားမှု အစရှိသောပုဒ်မများစွာဖြင့် ထောင်အနှစ် ၁၀၀ ကျော်ချလိုက်သည်။

 

၎င်းတို့ နှစ်ဦးဖမ်းဆီးခံခဲ့ရသော်လည်း မြန်မာတိုင်းမ်မှာမူ စိုးစိမျှ ထိခိုက်မှုမရှိပေ။ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒန်ကလေအပါဝင် သတင်းတိုက်လုပ်ငန်းတွင် ပါဝင်လုပ်ဆောင်နေသူမည်သူမျှ ဖမ်းဆီးခံရခြင်းမရှိဘဲ၊ စစ်တပ်ထိန်းချုပ်ထားသည့်  ဝက်ဘ်ဆိုက်တွင်ပင် မြန်မာတိုင်းမ်ကို ဆက်လက်လည်ပတ်စေသည်။ 

 

ထို့ကြောင့် ဒုတိယအမှုဆောင်အရာရှိချုပ်အဖြစ်လုပ်နေသော ဆန်နီဆွေဖမ်းခံရခြင်းသည် မြန်မာတိုင်းမ်က ပြန်ကြားရေး၏ ဆင်ဆာကိုဖြတ်သန်းခြင်းမရှိခဲ့ဆိုသည့်အချက်နှင့် မသက်ဆိုင်ကြောင်းထင်ရှားနေသည်။ ၎င်းဖမ်းဆီးခံရခြင်းသည် ဗိုလ်ချုပ်ကြီးခင်ညွန့်၏သား ဦးရဲနိုင်ဝင်း၏ အခြေအနေနှင့် သွား၍ တူညီနေသည်ကိုတွေ့ရှိရသည်။ ဦးရဲနိုင်ဝင်းသည် ဖခင် ကြမ္မာမငင်မီ ထောက်လှမ်းရေးအရာရှိများ ဝင်ရောက်လုပ်ကိုင်နေသည့် Bagan Cybertech ကုမ္ပဏီကို ဦးစီးနေသူဖြစ်သည်။ အရပ်သားဖြစ်သော  ဦးရဲနိုင်ဝင်းနှင့် ဆန်နီဆွေတို့သည် ထောက်လှမ်းအရာရှိများ၏ မိသားစုဝင်ဖြစ်ခြင်းသက်သက်ကြောင့် ဖမ်းဆီးခံရခြင်း မဟုတ်ဘဲထောက်လှမ်းရေး၏ စီးပွားရေးလုပ်ငန်းများနှင့် ယန္တရားများတွင် တိုက်ရိုက်ပါဝင်နေခြင်းကြောင့် ဖြစ်သည်။ 

 

ဦးသိန်းဆွေ၏ သမီးဒေါ်မာလာမော်သည် Bagan Cybertech ကုမ္ပဏီတွင်စျေးကွက်ရှာဖွေရေးနှင့် ပြန်ကြားရေးတာဝန်ခံအဖြစ်  ထိုအချိန်က အလုပ်လုပ်နေသော်လည်း ဖမ်းဆီးခံရခြင်းမရှိဘဲ FMI နှင့် ရိုးမကုမ္ပဏီပိုင်ရှင် ဦးသိမ်းဝေ၏ လုပ်ငန်းခွင်တစ်ခုသို့ ပြောင်းရွှေ့သွားသည်။

 

ဒန်ကလေသည် ဆင်ဆာစည်းကမ်းများဖြင့် အဖမ်းမခံရသည်သာမက ၎င်း၏ မြန်မာတိုင်းမ်ရှိ ရှယ်ယာများလည်း ထိခိုက်ခဲ့ခြင်းမရှိပေ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက တဆင့် မြန်မာတိုင်းမ်ဆက်လက်လုပ်ကိုင်ဖို့ အားပေးပြောဆိုကြောင်း ဒန်ကလေက ပြန်ပြောင်းပြောပြသည်။

 

သန်းရွှေသည်  မြန်မာတိုင်းမ်၏ မြန်မာ၊ အင်္ဂလိပ်နှစ်စောင်လုံးကိုလည်း ဖတ်ရှုကြောင်းနှင့်ဝန်ကြီးဌာနတိုင်း မြန်မာတိုင်းမ်ကို ဝယ်ယူဖတ်ရှုရမည်ဟုလည်း မှာကြားတတ်သည်ကို သိရှိခဲ့ရကြောင်း ဒန်ကလေကဆိုသည်။

 

သို့ရာတွင် အပြောင်းအလဲအားဖြင့် ဆန်နီဆွေ၏ မြန်မာတိုင်းမ် ရှယ်ယာများကို စွယ်စုံမီဒီယာတိုက်ပိုင်ရှင် ဦးတင်ထွန်းဦး (လက်ရှိ စစ်တပ်ခန့် သတင်းစာကောင်စီ ဥက္ကဋ္ဌ) အားလွှဲပေးရန်ကိုမူ ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောဆိုခဲ့ကြောင်း သိရှိရသည်။

 

“အစိုးရက မြန်မာတိုင်းမ်ကို ဆက်ရှိစေချင်တယ်တို့ပြောတယ်၊ ဒါပေမဲ့ ပါတနာအသစ်နဲ့ လုပ်ဖို့ပြောပါတယ်” ဟု ဒန်ကလေကဆိုသည်။ 

 

ဆန်နီဆွေ၏ ရှယ်ယာများအား မြန်မာတိုင်းမ်တွင်ပင် အတိုင်ပင်ခံမန်နေဂျာအဖြစ်လုပ်ကိုင်နေသူ ၎င်း၏ ဇနီးဒေါ်ယမင်းထင်အောင်က လွှဲပြောင်းယူခဲ့ပြီး၊  နောင်တွင် ဒေါ်ယမင်းထင်အောင်က ၎င်း၏ ရှယ်ယာများကို ဦးတင်ထွန်းဦးအား လွှဲပြောင်းရောင်းချခဲ့သည်။ အခြားအပြောင်းအလဲတစ်ခုမှာ ထောက်လှမ်းရေး ဖြုတ်ထုတ်သတ်လုပ်ချိန်တွင် ထောင်မကျဘဲ တပ်မှအနားပေးခံရသော  ဦးသိန်းဆွေ၏ လက်ထောက်ဟောင်း ထောက်လှမ်းရေးအရာရှိ ဦးဝေလင်းကိုလည်း ဒန်ကလေက မြန်မာတိုင်းမ်၏ လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ် အဖြစ်ခန့်အပ်ခဲ့သည်။

 

(ဒီဇိုင်း/Myanmar Now)
(ဒီဇိုင်း/Myanmar Now)

နောင်ဆယ်နှစ်ခန့်ကြာသော ဆန်နီဆွေနှင့် ဦးသိန်းဆွေတို့ အခြားထောက်လှမ်းရေး အရာရှိဟောင်းများအနှင့်အတူ မရှေးမနှောင်း ထောင်မှလွတ်မြောက်လာကြသည်။ 

 

ထောက်လှမ်းရေးလက်ထက် လုပ်ဆောင်ခဲ့သည်များကို နောင်တရပါသလားဟု သတင်းထောက်များက ဦးသိန်းဆွေကို ထောင်မှအထွက်တွင် မေးသောအခါ ၎င်းက “သမိုင်းက အဆုံးအဖြတ်ပေးသွားမှာပါ။ အခြားမှတ်ချက်ပေးစရာမရှိပါ” ဟု ခပ်ပြတ်ပြတ်ဖြေခဲ့သည်။ 

 

၎င်းနှင့် သားဖြစ်သူတို့ ထောင်အပြင်ဘက်သို့ ရောက်ရှိချိန်တွင် မြန်မာနိုင်ငံသည် စစ်တပ်က ကြိုးကိုင်ထားသည့် တစ်ဝက်တစ်ပျက်ဒီမိုကရေစီစနစ်သို့ စပ်ကူးမတ်ကူး ပြောင်းလဲချိန် ဖြစ်သည်။ စစ်တပ်၏ သြဇာ အလွန်ကြီးဆဲဖြစ်သော်လည်း အပြောင်းအလဲများစွာတို့ ဖြစ်ပေါ်နေပြီဖြစ်သည်။

 

ထုတ်ဝေခြင်းမပြုမီ ကြိုတင်စိစစ်သည့် ဆင်ဆာစနစ်လည်း ဖျက်သိမ်းလိုက်ပြီဖြစ်ပြီး ပုဂ္ဂလိကမီဒီယာအများအပြားလည်း ပေါ်ပေါက်လာနေချိန်ဖြစ်သည်။ စစ်အုပ်ချုပ်ရေးနှင့် စစ်ထောက်လှမ်းရေးခေတ်ကကဲ့သို့ အမှောင်တိုက်သွင်းပြီး ဖိနှိပ်ထားသည့်အခြေအနေမှ လူ့အဖွဲ့အစည်းအတွင်း သိသိသာသာ အကြောက်တရားလျော့ကျသွားပြီး၊ သတင်းစာလွတ်လပ်ခွင့်၊ အများပြည်သူတို့၏ လွတ်လပ်စွာပြောဆိုခွင့်တို့သည် တဖြည်းဖြည်းတိုးမြင့်လာနေသည်။ 

 

ဆန်နီဆွေအတွက်မူ ဤအပြောင်းလဲများသည် အခွင့်အလမ်းအသစ်များ ဆောင်ကြဉ်းလာခြင်း ဖြစ်သည်။ 

 

“ချက်ချင်းပဲ ကျွန်တော်သတင်းစာလုပ်ငန်းကို ပြန်သွားတယ်။ ရူးတယ်လို့မထင်ဘူးလား” ဟု သူက ၂၀၁၇ ခုနှစ်က ပြုလုပ်သည့် TEDx ဟောပြောပွဲတွင် ပြောဆိုခဲ့သည်။

 

Frontier Myanmar မွေးဖွားခြင်း

ဆန်နီဆွေသည် ထောင်ကလွတ်လာပြီးနောက် မြန်မာတိုင်းမ်ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးစားခဲ့ရာ  မအောင်မမြင် ဖြစ်ခဲ့သည်။ ထို့နောက် အိမ်ခြံမြေခရိုနီ ရိုးမဘဏ်ပိုင်ရှင် ဦးသိမ်းဝေ ငွေကြေးစိုက်ထုတ်သည့် မဇ္စျိမ နေ့စဉ်သတင်းစာ (ပုံနှိပ်ဗားရှင်း) တွင် CEO အဖြစ်လုပ်ကိုင်ခဲ့ပြီး၊ တစ်နှစ်ခန့်အကြာ ထိုမှထွက်ကာ ၂၀၁၅ ခုနှစ်တွင် ဆန်နီဆွေသည် Frontier Myanmar ကို စတင်တည်ထောင်ခဲ့သည်။ 

 

စတင်တည်ထောင်ချိန်က Frontier ကို မြန်မာနိုင်ငံမှတ်ပုံတင် Black Knight Media ကုမ္ပဏီက ထုတ်ဝေခဲ့ပြီး၊ ထိုကုမ္ပဏီကို စင်ကာပူမှတ်ပုံတင်  Salween International ကုမ္ပဏီက ရှယ်ယာ ၄၉ ရာခိုင်နှုန်းနှင့် မြန်မာမှတ်ပုံတင်  M Media International ကုမ္ပဏီ က ၅၁ ရာခိုင်နှုန်း ပူးတွဲပိုင်ဆိုင်မှုဖြင့်   ထိန်းချုပ်ထားခဲ့သည်။  

 

Salween International Pte Ltd ဆိုသည်မှာ စစ်ထောက်လှမ်းရေးတန်ခိုးထွားချိန်  ရန်ကုန်ရှိ လှိုင်သာယာနှင့် သန်လျင်မြို့တို့တွင် အိမ်ခြံမြေလုပ်ငန်းများ အကောင်အထည် ဖော်ရန် မြေဧကထောင်ချီ ရရှိသွားသူ FMI/ရိုးမကုမ္ပဏီပိုင်ရှင် ဦးသိမ်းဝေ၏ မီဒီယာဆက်ဆံရေးဝန်ဆောင်မှု ကုမ္ပဏီဖြစ်သည်။  Salween International ပိုင်ရှင်မှာ ရိုးမကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ စင်ကာပူနိုင်ငံသူ Sylvia Saw Mckaige ဖြစ်သည်။ 

 

Frontier အားထုတ်ဝေသည့်  Black Knight Media ၏ ကျန် ၅၁ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည့် M Media ကုမ္ပဏီ တွင် ကုမ္ပဏီ၏ ဒါရိုက်တာနှင့် ရှယ်ယာရှင်များမှာ ဆန်နီဆွေ၊ ၎င်း၏ ညီဖြစ်သူ ဦးနေလင်းအောင် နှင့် ဖခင်ဦးသိန်းဆွေ အပြင် ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ လူယုံလည်းဖြစ်ပြီး မြန်မာတိုင်းမ်ရှယ်ယာရှင်ဟောင်းဖြစ်သူ  ဦးပြုံးမောင်မောင်တို့ လည်း ပါဝင်ခဲ့ပြန်သည်။

(ဒီဇိုင်း: Myanmar Now)

 

၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့သော M Media ကုမ္ပဏီကို ကနဦးတွင် ဆန်နီဆွေနှင့် ဦးပြုံးမောင်မောင်တို့  ညီမျှစွာ ပိုင်ဆိုင်ခဲ့ကြကြောင်း Myanmar Now က ကြည့်ရှုခွင့်ရ ခဲ့သော ရှယ်ယာရှင်စာရွက်စာတမ်းများအရ သိရသည်။ ထိုအချိန်သည် ဦးသိန်းဆွေ အကျဉ်းကျခံနေရဆဲ ကာလ ဖြစ်ကာ၊ ဥပဒေအရ ကုမ္ပဏီတွင် ဒါရိုက်တာ နှစ်ဦးရှိရန် လိုအပ်သောကြောင့် ဦးပြုံးမောင်မောင်သည် M Media တွင် ဒါရိုက်တာအနေဖြင့် ပါဝင်လာခဲ့ခြင်း ဖြစ်ကြောင်း ဆန်နီဆွေကဆိုသည်။

 

ထို့အပြင်၎င်းက ဦးပြုံးမောင်မောင်သည် M Media တွင် ငွေရင်းနှီးမြှုပ်နှံမှု မရှိခဲ့ကြောင်းလည်း ဆိုသည်။ ကုမ္ပဏီ ပိုင်ဆိုင်မှု စာရွက်စာတမ်းများအရလည်း ဦးပြုံးမောင်မောင် အမှန်တကယ် ရင်းနှီးမြှုပ်နှံခြင်း ရှိခဲ့လားဆိုသည်မှာ ရှင်းရှင်းလင်းလင်းမရှိပေ။ 

 

တည်ထောင်ပြီးနောက် M Media သည် ရှယ်ယာအသစ်များ ရောင်းချခဲ့ပြီး ဦးသိန်းဆွေသည် ပူးတွဲပိုင်ရှင် ဖြစ်လာခဲ့ကြောင်း ရှယ်ယာ စာရွက်စာတမ်းများအရ သိရသည်။ Frontier စတင်တည်ထောင်ပြီး တစ်နှစ်အကြာတွင် ဦးပြုံးမောင်မောင်သည် ကုမ္ပဏီမှထွက်ခွာသွား ခဲ့ပြီး သူ၏ရှယ်ယာများကို ဆန်နီဆွေ ၏ညီဖြစ်သူ ဦးနေလင်းအောင် ထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း ဆန်နီဆွေက ဆိုသည်။ 

 

စစ်ထောက်လှမ်းရေးနှင့် ဆက်စပ်သည့် အငြင်းပွားဖွယ် ပုဂ္ဂိုလ်များ Frontier တွင် တရားဝင်ပိုင်ရှင်များအဖြစ် ပါဝင်နေသည်ကိုမူ လျှို့ဝှက်ခဲ့ကြကာ၊ ထိုသတင်းဌာနတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းအများစုကပင် ထိုအချက်ကို မသိရှိခဲ့ကြကြောင်းဆိုသည်။ 

 

သို့သော် ဦးသိန်းဆွေနှင့် ဦးပြုံးမောင်မောင်တို့  နောက်ကွယ်မှ ပါဝင်ခဲ့ကြောင်း သဲလွန်စများ ရှိခဲ့သည်။ ရန်ကုန်ရှိ Frontier Myanmar စတင်ဖွင့်လှစ်သည့် အခမ်းအနားတွင် ဦးပြုံးမောင်မောင်နှင့် ဦးသိန်းဆွေတို့သည် ဆန်နီဆွေ ၏နောက်တွင် ထိုင်နေကြသည့် ပုံများရှိသည်။ အမည်မဖော်လိုသော Frontier Myanmar နိုင်ငံခြားအယ်ဒီတာဟောင်း တစ်ဦးကမူ ဦးသိန်းဆွေသည် Frontier ရုံးခန်းတွင် မကြာခဏရှိနေပြီး လုပ်ငန်းနှင့်ပတ်သက်၍ ဆန်နီဆွေ ကို အကြံပေးခဲ့ကြောင်း Myammar Now ကိုပြောကြားသည်။ 

 

ထောက်လှမ်းရေးခေတ် မြန်မာတိုင်းမ်ကို အမွှမ်းတင်ရေးသားသည့်  Frontier Myanmar က ၂၀၁၇ ခုနှစ်တွင် ထုတ်သည့် ဆောင်းပါးတစ်ပုဒ်တွင် ဦးသိန်းဆွေသည် Frontier ကို ပိုင်ဆိုင်သော Black Knight Media ၏ ဘုတ်အဖွဲ့ဝင်ဖြစ်ကြောင်း အတိုချုံ့မှတ်ချက် တစ်ခု ပါရှိခဲ့သည်။ ဤအချက်သည် နောက်တစ်နှစ်တွင် ဒါရိုက်တာရာထူးမှ ဦးသိန်းဆွေ အနားယူခဲ့သည့် အချိန်အထိ သူသည် Frontier နှင့် ဆက်စပ်မှုရှိခဲ့ကြောင်း  Myanmar Now က ရှာတွေ့နိုင်ခဲ့သည့် တစ်ခုတည်းသော ဖော်ပြချက်လည်း ဖြစ်သည်။

 

ဆန်နီဆွေ သည် Frontier နှင့် ဦးသိန်းဆွေ၏ ယခင်က ဆက်စပ်ခဲ့မှုကို  ဝန်ခံခဲ့သော်လည်း သူ၏ဖခင်သည် “သတင်းလုပ်ငန်းနှင့်ဆိုင်သည့် ဆုံးဖြတ်ချက်ချမှတ်ခြင်းများနှင့် ဆွေးနွေးမှုများတွင် ပါဝင်ခဲ့ခြင်းမရှိကြောင်း” ၎င်းကပြောဆိုသည်။  

 

Frontier သည်  စာဖတ်သူများထံမှ အဖွဲ့ဝင်အဖြစ် လစဥ်ငွေကြေးထည့်နိုင်သည့်  အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ရန် နိုင်ငံတကာအလှူရှင်များထံမှ ထောက်ပံ့ကြေးများ ရယူလိုသောကြောင့် ၂၀၁၉ ခုနှစ်တွင် ဦးသိန်းဆွေသည် Black Knight Media ၏ ဒါရိုက်တာအဖြစ်မှ နုတ်ထွက်ခဲ့ကြောင်း ဆန်နီဆွေ က ပြောဆိုသည်။ ယခင်စီးပွားရေးပိတ်ဆို့ခံရမှုစာရင်းတွင်ပါရှိသူတစ်ဦး Frontier တွင် ဆက်ရှိနေပါက အခြေအနေများ ရှုပ်ထွေးသွားမည်စိုး၍ဟု ဆန်နီဆွေက ဆိုသည်။ 

 

“ပိတ်ဆို့အရေးယူခံခဲ့ရဖူးတဲ့ လူတစ်ယောက် နာမည် ကုမ္ပဏီ စာရွက်စာတမ်းတွေပေါ်မှာ ထားမယ်ဆိုရင် အလှူရှင်တွေကို ဆွဲဆောင်ဖို့ လွယ်မယ့် ကိစ္စမျိုး မဟုတ်ဘူးလေ။ သူတို့အနေနဲ့  ဦးသိန်းဆွေက  Frontier လုပ်ငန်းတွေမှာ အခန်းကဏ္ဍတစ်ခုခုကနေ ပါဝင်နေတယ်လို့ ယူဆသွားနိုင်ပါတယ်” ဟု ဆန်နီဆွေကဆိုသည်။

 

ပုံစာ- ၂၀၁၅ ခုနှစ် Frontier Myanmar စတင် ဖွင့်လှစ်သည့်အခမ်းအနားတွင် ဆန်နီဆွေ စကားပြောနေစဉ်။ (Facebook)
၂၀၁၅ ခုနှစ် Frontier Myanmar စတင် ဖွင့်လှစ်သည့်အခမ်းအနားတွင် ဆန်နီဆွေ စကားပြောနေစဉ်။ (Facebook)

Frontier သည် ယခင် စစ်ထောက်လှမ်းရေးအဖွဲ့ ၏ နိုင်ငံတကာ ဝါဒဖြန့်ချိရေး ဌာနကို ဦးဆောင်ခဲ့ဖူးသူများနှင့် တိုက်ရိုက်ဆက်နွှယ်ခဲ့သော်လည်း ၎င်းကိုနောက်ပိုင်းငွေကြေး ထောက်ပံ့ခဲ့သော အလှူရှင်များထံသို့ ထိုဆက်စပ်မှုကို ထုတ်ဖော် အသိပေးပြောကြားခဲ့ခြင်း မရှိခဲ့ပေ။ 

 

Frontier ကို ငွေကြေးပံ့ပိုးပေးခဲ့ဖူးသော ဒိန်းမတ်နိုင်ငံ အခြေစိုက် International Media Support မီဒီယာဖွံ့ဖြိုးရေးအဖွဲ့အစည်းက Frontier တွင် ဦးသိန်းဆွေ ပါဝင်ခဲ့မှုကို လုံးဝမသိရှိခဲ့ရပါကြောင်း၊ လူထုအားဖိနှိပ်သည့် အဖွဲ့အစည်းများနှင့်ဆက်စပ်မှုရှိသည့် မည်သည့်အဖွဲ့ကိုမှ သိလျက်နှင့် အားပေးကူညီမည်မဟုတ်ကြောင်း ပြောသည်။ 

 

ကန်အခြေစိုက် International Center for Journalists အဖွဲ့ကလည်း  Frontier အား ငွေကြေးအနည်းငယ်ပံ့ပိုးဖူးကာ ထိုစဥ်က သတင်းဌာန၏ နောက်ခံနှင့်ပတ်သက်၍ ပြဿနာ တစ်စုံတစ်ရာ မတွေ့ရှိခဲ့ကြောင်းနှင့် Frontier ကလည်း ဦးသိန်းဆွေ၏ ပါဝင်မှုအခြေအနေနှင့် ပတ်သက်၍ ၎င်းတို့အား အသိပေးခဲ့ခြင်းလည်း မရှိဟုဆိုသည်။

 

Frontier ကိုငွေကြေးနှစ်ပေါင်းများစွာပံ့ပိုးနေသော ဆွစ်ဇာလန်အခြေစိုက် Fondation Hirondelle ကမူ ဦးသိန်းဆွေ၏ အခန်းကဏ္ဍဟောင်းကို ယခင်က လုံးဝမသိခဲ့ကြောင်း ပြောခဲ့သော်လည်း ၎င်းတို့အနေဖြင့် Frontier ကို ဆက်လက် ထောက်ပံ့မည် ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ Frontier ကို မည်သူများက ပိုင်ဆိုင်၍ ထိုပိုင်ဆိုင်သူတို့၏ နောက်ခံအကြောင်းတရားကို စုံစမ်းရန် စိတ်မဝင်စားကြောင်း ၎င်းအဖွဲ့က ဆိုသည်။ 

 

“ကျွန်တော်တို့ရဲ့ တာဝန်က မိတ်ဖက် မီဒီယာတွေရဲ့ ပိုင်ဆိုင်မှုဆိုင်ရာ ဖွဲ့စည်းပုံတွေကို စုံစမ်းစစ်ဆေးဖို့ မဟုတ်ဘဲ သူတို့ရဲ့ သတင်းထုတ်လုပ်မှုတွေကို ပံ့ပိုးဖို့ပါပဲ” ဟု ၎င်းအဖွဲ့၏ ပြောခွင့်ရ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

အမေရိကန်နိုင်ငံ Southern Illinois တက္ကသိုလ်မှ ပါမောက္ခလည်းဖြစ်ပြီး  မြန်မာ့မီဒီယာဆိုင်ရာ သုတေသီတစ်ဦးလည်း ဖြစ်သူ Lisa Brooten က မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲများဖြစ်ပေါ်ပြီးနောက် အချို့အလှူရှင်များသည် မီဒီယာလုပ်ငန်းတွင် ပါဝင်နေသည့် အကျိုးစီးပွားများအကြောင်းကို နားမလည်ဘဲ မီဒီယာကဏ္ဍသို့ ရန်ပုံငွေ ထောက်ပံ့ရန် အဆောတလျင် ခုန်ဝင်သွားခဲ့သည်ဟု ပြောဆိုသည်။ 

 

“အနာဂတ်မှာ စီးပွားရေး ရင်းနှီးမြှုပ်နှံနိုင်ရေး လမ်းခင်းဖို့၊ စစ်တပ်ဆီက မျက်နှာသာရဖို့  ရည်မှန်းချက်တွေနဲ့  မီဒီယာ ကဏ္ဍမှာ အတွေ့အကြုံနည်းတဲ့ အလှူရှင် အများအပြားဟာ ဒီနယ်ပယ်ထဲကို အမြန် ဝင်ရောက်လာကြပြီးတော့ ကြိုးပမ်းခဲ့ကြပါတယ်” ဟု Lisa Brooten က ဆိုသည်။ 

 

နိုင်ငံတကာအလှူရှင်များသည် နိုင်ငံရေးအပြောင်းအလဲဖြစ်နေစဉ် မြန်မာနိုင်ငံတွင်  ကာလရှည် လုပ်ကိုင်နေသည့် သတင်းမီဒီယာထောက်ပံ့ရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းမရှိကြဘဲ စစ်တပ်နှင့် ပူးပေါင်း၍ “အများပြည်သူ ဝန်ဆောင်မှုမီဒီယာ ဆိုသည့် ကဏ္ဍကို” တည်ထောင်ရန်သာ အားထုတ်ခဲ့ကြောင်းလည်း ၎င်းကထောက်ပြသည်။

Frontier နှင့် ဦးသိန်းဆွေ၏ အရိပ်

၂၀၂၁ စစ်တပ် တကျော့ပြန် အာဏာသိမ်းပြီးနောက် စစ်အုပ်စုသည် သတင်းထောက်များကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပြီး၊ သတင်းဌာနအခြေစိုက်ရာ ရုံးများကို ဝင်ရောက် စီးနင်းခြင်း၊ မီဲဒီယာလိုင်စင်များ ပယ်ဖျက်ခြင်း၊ မီဒီယာအဖွဲ့အစည်းများကို တားမြစ်ပိတ်ပင်ခြင်းနှင့် ဝေဖန်သူ မည်သူ့ကိုမဆို ဖမ်းဆီး အကျဉ်းချခြင်းတို့ကို ပြုလုပ်ခဲ့သည်။ စစ်တပ်၏ နှိပ်ကွပ်မှုတွင် ၎င်းတို့မကြိုက်သော သတင်းဌာနများ၏ ပိုင်ရှင်များ၊ တာဝန်ခံထုတ်ဝေသူများနှင့် သတင်းခန်းရှိ တာဝန်အရှိဆုံးသော အယ်ဒီတာများကို ပစ်မှတ်ထား၍ ဖမ်းဆီးခဲ့သည်။ 

 

Frontier ကို စစ်ကောင်စီက သတင်းဌာနတစ်ခုအနေဖြင့် တရားဝင် တားမြစ်ခြင်း၊ ပိုင်ရှင်များကိုလိုက်လံဖမ်းဆီးခြင်း၊ သတင်းခန်းသို့ ဝင်ရောက်စီးနင်းခြင်း မရှိခဲ့သော်လည်း Frontier ၏ သတင်းသမားနှစ်ဦးမှာမူ ခေတ္တခဏ ဖမ်းဆီးခံခဲ့ရသည်။ 

 

သို့သော် Frontier ကို ပိုင်ဆိုင်နေခဲ့သည့် Black Knight Media ၏  ရုံးခန်းနှင့်  ပိုင်ရှင်များအပေါ် စစ်ကောင်စီက မည်သည့် အရေးယူမှုမျှ မရှိခဲ့ပါ။ ပိုင်ရှင်များသည် မြန်မာနိုင်ငံမှ တရားဝင်ခရီးသွားလာရာတွင်လည်း အနှောင့်အယှက်ကင်းစွာ သွားလာနိုင်ခဲ့ကြသည်။

ပေါက်ကြားလာသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများမှတ်ပုံတင်ဌာန စာရွက်စာတမ်းများအရ Frontier ကို ထုတ်ဝေသော Black Knight Media သည် စစ်အုပ်ချုပ်ရေးအဖွဲ့လက်အောက်ရှိ အစိုးရဌာနများကို ၎င်း၏ နှစ်စဥ် ကုမ္ပဏီရှင်းတမ်းများ ၂၀၂၅ နိုဝင်ဘာလအထိ တင်သွင်းခဲ့ကြောင်း  တွေ့ရှိရသည်။ ကုမ္ပဏီရှင်းတမ်းအရ ကုမ္ပဏီ၏ အမြတ်ငွေများထိုးကျသော်လည်း လုပ်ငန်းများဆက်လက် လည်ပတ်နေ သေးကြောင်း သိရှိရသည်။ ထို့အပြင် ကုမ္ပဏီ၏ ရုံးဝန်ထမ်းများသည်လည်း မြန်မာနိုင်ငံအတွင်းတွင် လုပ်ငန်း လုပ်ကိုင်နေကြသေးသည်။

 

သို့သော် ၂၀၂၁ ခုနှစ်တွင် Frontier အား စီမံထိန်းချုပ်ပိုင်ခွင့်ကို  ဆန်နီဆွေ  စီမံထိန်းချုပ်လျက်ရှိသော စင်ကာပူအခြေစိုက် Boomerang Media ကုမ္ပဏီသို့ လွှဲပြောင်းခဲ့သည်။ ဆန်နီဆွေသည် ဤလွှဲပြောင်းမှု ဆုံးဖြတ်ချက် ချခဲ့ရသည့် အကြောင်းရင်းများနှင့် ပတ်သက်သော မေးခွန်းများကို မဖြေခဲ့ပါ။

 

အာဏာသိမ်းပြီးမကြာမီ ဦးသိန်းဆွေနှင့် စစ်ထောက်လှမ်းရေးအရာရှိဟောင်းများသည် အာဏာသိမ်းခေါင်းဆောင်များကို အကြံပေးကူညီနေကြောင်း သတင်းများ ထွက်ပေါ်လာသည်။

 

တုံ့ပြန်ချက်အနေဖြင့် Frontier က ဦးသိန်းဆွေသည် Black Knight Media ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦး ဖြစ်ခဲ့ဖူးကြောင်းကို ပထမဆုံးအကြိမ် တရားဝင်အတည်ပြုခဲ့ပြီး၊ သို့သော် သူသည် အိုမင်းနာမကျန်းဖြစ်နေကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော  လက်ရှိစစ်အုပ်စုနှင့် ဆက်စပ်မှုများသည် အခြေအမြစ်မရှိသည့် ကောလာဟလများဖြစ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။

 

သို့ရာတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ဦးသိန်းဆွေ နှင့် ယခင်စစ်အာဏာရှင်ခေတ် ပြောရေးဆိုခွင့်ဖြစ်ခဲ့သူ စစ်ထောက်လှမ်းရေးအရာရှိဟောင်း ဗိုလ်မှူးကြီးလှမင်းတို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ တရုတ်ခရီးစဥ်အကြို

ဘေဂျင်းမြို့သို့ သွားရောက်ခဲ့သည့် ခရီးစဥ်ကြောင့်  Frontier နှင့် ပတ်သက်၍ ယခင်ရှိခဲ့သော စိုးရိမ်မှုများ ပို၍ပင်မြင့်တက်လာသည်။

 

ထိုခရီးစဥ်အတွင်း ဦးသိန်းဆွေနှင့် ဦးလှမင်းတို့သည် မြန်မာနိုင်ငံတွင် တစ်ခါမျှသိရှိဖူးခြင်းမရှိသော Paragon Institute လေ့လာရေးအဖွဲ့ ဆိုသည်ကို ကိုယ်စားပြု၍ မြန်မာနိုင်ငံ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း တရုတ်နိုင်ငံအဖွဲ့အစည်းများက ထုတ်ပြန်ခဲ့သည်။ နေပြည်တော်ရှိသတင်းရင်းမြစ်များအဆိုအရ ထိုခရီးစဥ်တွင် တရုတ်နိုင်ငံရှိ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများ မြန်မာနိုင်ငံတွင်ချထားရေးဆွေးနွေးခဲ့သည်ဟု သိရှိရသည်။

 

ဗိုလ်မှူးကြီးဟောင်းလှမင်း(ယာ - တတိယမြောက်) နှင့် ဗိုလ်မှူးချုပ်ဟောင်း သိန်းဆွေ(အလယ်) တို့ တရုတ်နိုင်ငံသို့ ၂၀၂၅ ခုနှစ်က ရောက်ရှိခဲ့စဉ်။ (ဓာတ်ပုံ -Benefm)

အငြင်းပွားဖွယ်ရာ ကိစ္စ ပြင်းထန်လာသော အခါတွင် Frontier သည် စာဖတ်ပရိသတ်များ စိတ်ချလာအောင် အာမခံချက်ပေးရန် ကြိုးစားခဲ့သည်။

 

ယခုဆောင်းပါးအတွက် Myanmar Now ကမေးခွန်းများပေးပို့ပြီး ရက်ပိုင်းအတွင်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ပြန်သော Frontier ၏ ကြေညာချက် တစ်ခုတွင် ဦးသိန်းဆွေသည် Black Knight Media ၏ ဒါရိုက်တာတစ်ဦး ဖြစ်ခဲ့ဖူးကြောင်း ဝန်ခံခဲ့သော်လည်း၊ သူသည် Frontier တွင် “မည်သည့်ရာထူးမှမရှိ၊ မည်သည့်၊ ပါဝင်ပတ်သက်မှုမှမရှိကြောင်း နှင့် မည်သည့် ငွေကြေးဆိုင်ရာ ပါဝင်ဆက်စပ်မှုမျှမရှိ” ကြောင်း ဖော်ပြခဲ့သည်။ 

 

ရက်သတ္တပတ် အနည်းငယ် အကြာတွင်၊ ဖခင်ဖြစ်သူ ဦးသိန်းဆွေနှင့် စစ်ကောင်စီတို့ ပူးပေါင်းလုပ်ဆောင်မှုနှင့် ပတ်သက်၍ ဆန်နီဆွေ က သူ “လုံးဝမသိခဲ့”ကြောင်းနှင့် “ထိုအကြောင်းကို ဖတ်ရသောအခါ အမှန်တကယ် တုန်လှုပ်သွားခဲ့”ကြောင်း ဖော်ပြသော ကြေညာချက် နောက်တစ်ခု ထုတ်ပြန်ခဲ့သည်။

 

သို့သော် Myanmar Now က တွေ့ရှိခဲ့သော အထောက်အထားများအရ ဦးသိန်းဆွေသည် အာဏာမသိမ်းမီ Black Knight Media ၏ ဒါရိုက်တာအဖြစ် ရှိနေစဉ်၊  တစ်နည်းဆိုသော် Frontier ၏ ပိုင်ရှင်တစ်ဦးအဖြစ်ရှိနေစဥ် အချိန်ကတည်းက စစ်တပ်နှင့် စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေခဲ့သည်။ 

 

၂၀၁၆ ခုနှစ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် မှတ်ပုံတင်ဌာနမှတ်တမ်းများအရ ဦးသိန်းဆွေနှင့် ဦးပြုံးမောင်မောင်တို့သည် ဦးခင်ညွန့်၏ အတွင်းရေးမှူးဟောင်း ဗိုလ်မှူးကြီးတင်ဦး နှင့်အတူ Delta-X Solutions ဟုခေါ်သော ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ကြသည်။  စစ်ဘက်ထောက်လှမ်းရေးအရာရှိဟောင်း  ဗိုလ်မှူးကြီးမြင့်ဦးသည်လည်း ထိုကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးအဖြစ် စာရင်းသွင်းထားသည်ကိုတွေ့ရှိရသည်။  

 

ဦးသိန်းဆွေ၊ ဦးပြုံးမောင်မောင်နှင့် ဦးတင်ဦး တို့သုံးဦးလုံးသည် ထောက်လှမ်းရေး၏ နည်းပညာကုမ္ပဏီဖြစ်သော Bagan Cyber Tech တွင်လည်း ၂၀၀၀ ပြည့်နှစ်များက အတူတူလုပ်ကိုင်ကြဖူးသူများဖြစ်သည်။ 

 

Delta-X Solutions ကုမ္ပဏီသည် မြန်မာစစ်တပ်၏ ကာကွယ်ရေးပစ္စည်း ဝယ်ယူရေး ညွှန်ကြားရေးမှူးရုံး (ကကဝယ်) သို့ ပစ္စည်းများ တင်သွင်းပေးခြင်းဖြစ်ကြောင်း Myanmar Now က ကြည့်ရှုခွင့်ရခဲ့သော သတင်းပေါက်ကြားလာသည့် စာရွက်စာတမ်း တစ်ခုအရ သိရသည်။

 

ပုံစာ - ဦးသိန်းဆွေ ၂၀၁၄ ခုနှစ် အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ပြီးနောက် ရန်ကုန်လေဆိပ်တွင် စကားပြောနေစဉ်။ ပုံတွင် Delta-X Solutions ကုမ္ပဏီ၏ ဒါရိုက်တာများ ဖြစ်လာမည့် စစ်ထောက်လှမ်းရေး အရာရှိဟောင်းများ ဖြစ်ကြသော ဦးတင်ဦး နှင့် ဦးမြင့်ဦး တို့ကိုလည်း တွေ့ရစဉ်။ မြန်မာတိုင်းမ်ထုတ်ဝေသူ ဗိုလ်မှူးသန်းနိုင်ကိုလည်း ဦးသိန်းဆွေ၏ နောက်ဘက်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)

Delta-X ကုမ္ပဏီဝန်ထမ်းဟောင်းတစ်ဦးပြောဆိုချက်အရ ကုမ္ပဏီသည် ၂၀၁၈ ခုနှစ်တွင် မြန်မာစစ်တပ်ထံသို့ ပစ္စည်းများ ပေးသွင်းခဲ့သည်။  ကုမ္ပဏီသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းကာလတွင်  စစ်တပ်၏ဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးတွင် ပြန်လည်မှတ်ပုံတင်ခဲ့ပြီး “ဆက်သွယ်ရေးပစ္စည်းနှင့် အပိုပစ္စည်းများ” ပေးသွင်းခြင်းလောက်သာ လုပ်ဆောင်ခဲ့ရာမှ  “ရေကြောင်းဆိုင်ရာ စက်ကိရိယာပစ္စည်းများနှင့် အပိုပစ္စည်းများ” ထည့်သွင်းပေးပို့ရေးအထိ လုပ်ငန်းတိုးချဲ့ခဲ့ကြောင်း Myanmar Now ကရရှိထားသည့် စာရွက်စာတမ်းများတွင် ဖော်ပြထားသည်။ 

 

ကုမ္ပဏီမှာ ဂြိုလ်တုအင်တာနက်နှင့် အိုင်တီဝန်ဆောင်မှုများပေးသည့် ဦးပြုံးမောင်မောင်၏  ကုမ္ပဏီတစ်ခုဖြစ်သည့် SoutheastNet Technologies (SEANET) ၏ ရုံးခန်းမှာပင်လည်ပတ်နေခဲ့သည်။

 

ကုမ္ပဏီသည် မှတ်ပုံတင်ပြီးကတည်းက မည်သည့်လုပ်ငန်းမျှ မလုပ်ဆောင်ခဲ့ကြောင်း Delta-X ကုမ္ပဏီတာဝန်ရှိသူ ဦးမြင့်ဦးက ပြောဆိုသည်။ ဆန်နီဆွေကလည်း သူသည် Delta-X အကြောင်း “ကြားဖူးခြင်းပင်မရှိကြောင်း” ဆိုသည်။ 

၎င်း၏ဖခင်နှင့်ပတ်သက်သော အငြင်းပွားမှုများကြောင့် ဆန်နီဆွေ သည် Frontier မှ ခြေလှမ်းပြန်ဆုတ် လာခဲ့သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် သူသည် မဂ္ဂဇင်း၏ အမှုဆောင်အရာရှိချုပ်အဖြစ်မှ နုတ်ထွက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ လအနည်းငယ်အကြာတွင် သူသည် Frontier ကို ထိန်းချုပ်ထားခဲ့သော စင်ကာပူအခြေစိုက် Boomerang Media ရှိ သူ၏ ရှယ်ယာများကို Bangkok Post သတင်းစာ အယ်ဒီတာချုပ်ဟောင်း ထိုင်းလူမျိုး Pichai Chuensuksawadi ထံသို့ လွှဲပြောင်းပေးခဲ့သည်။

 

(ပုံ-Myanmar Now)

ပီချိုင်း (Pichai) သည် ယခုအခါ Boomerang Media ရှိ ရှယ်ယာ ၉၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်သည်။ ကျန် ခုနစ်ရာခိုင်နှုန်း ကိုမူ Frontier ၏ အယ်ဒီတာ နှင့် ယခင် မြန်မာတိုင်းမ် အင်္ဂလိပ်ဘာသာ အစီအစဉ်၏ အယ်ဒီတာဟောင်း သောမတ်စ်ကင်း (Thomas Kean)  က ပိုင်ဆိုင်သည်။

 

သို့သော် ဆန်နီဆွေ  သည် Frontier နှင့် ဆက်စပ်မှုများ ရှိနေသေးသည်။ သူသည် ချင်းမိုင်မြို့ရှိ Greenhouse အမည်ရ Co-working space ဆိုသည့် လုပ်ငန်းကိုပိုင်ဆိုင်သည့် Boomerang Network (Thailand) ကုမ္ပဏီတွင် ဆက်လက်၍ CEO အဖြစ်ဆောင်ရွက်နေပြီး၊ ထိုကုမ္ပဏီတွင် Frontier ၏ ပိုင်ရှင်အသစ်ဖြစ်သူထိုင်းလူမျိုး ပီချိုင်းက ပါဝင်နေသည်။

 

အကျိုးစီးပွားများကြားရှိ နယ်နိမိတ်များ မှုန်ဝါးလာခြင်း

Frontier သည် မြန်မာနိုင်ငံနှင့် ပတ်သက်သော စီးပွားရေးနှင့် နိုင်ငံရေး သတင်းများကို အင်္ဂလိပ်ဘာသာဖြင့် တင်ဆက်ပေးသည့်အတွက် နိုင်ငံခြားသားများအကြား ကောင်းမွန်သော ဂုဏ်သတင်းကို ရရှိခဲ့သည်။

 

သို့ရာတွင် မြန်မာတိုင်းမ် မှာကဲ့သို့ပင် ဖုံးကွယ်ထားသည့် အကျိုးစီးပွားများ သည် Frontier Myanmar ၏ သတင်းလုပ်ငန်းများတွင် ဆက်လက်ပတ်သက်နေခဲ့သည်။ ယခုတစ်ခါတွင်တော့ စစ်ထောက်လှမ်ရေးက နောက်ကွယ်ကတိုက်ရိုက်ကြိုးကိုင်သည့် ကိစ္စရပ်မဟုတ်ဘဲ အသွင်တစ်မျိုးဖြစ်သည်။ 

 

Frontier သည် ၎င်းအား ငွေကြေး အထောက်အပံ့ပေးသူများ၏ အကျိုးစီးပွားများကို မြှင့်တင်ပေးရန် ကြားခံအဖြစ် ဆောင်ရွက်ခဲ့ကြောင်း Myanmar Now ၏ စုံစမ်းစစ်ဆေးမှုက ညွှန်ပြနေသည်။

 

ပထမဆုံးအချက်အနေဖြင့် ၂၀၁၅ မှ ၂၀၂၁ ခုနှစ်အထိ Frontier ၏ထုတ်ဝေသူဖြစ်ခဲ့သော Black Knight Media သည် မဂ္ဂဇင်းထုတ်ဝေးရေးတစ်ခုတည်းမဟုတ်ဘဲ၊ စီးပွားရေး လုပ်ငန်းများကို ပုံရိပ်မြှင့်တင်ပေးသည့် ကြော်ငြာနှင့် မီဒီယာပြန်ကြားရေးဝန်ဆောင်မှုများပါပေးသည့် PR ကုမ္ပဏီဖြစ်သည်။ ပို၍ ထူးခြားသည်မှာ Black Knight ကို ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်သည့်  စင်ကာပူ အခြေစိုက် Salween International PR ကုမ္ပဏီသည် လည်း ဦးသိမ်းဝေ၏  ရိုးမကုမ္ပဏီ အတွက် ပြန်ကြားရေးနှင့် လူထုဆက်ဆံရေး (PR) လုပ်ငန်းကို ဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။  ထို Salween International ၏ ပိုင်ရှင် Saw Sylvia Mckaige သည် ရိုးမ၏ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည်။ 

 

ဦးသိမ်းဝေ ၏ စီးပွားရေး အင်ပါယာတွင် အိမ်ခြံမြေနှင့် ဘဏ်လုပ်ငန်းမှစ၍ အစားအသောက်နှင့် ဝီစကီ လုပ်ငန်းအထိ စီးပွားရေးလုပ်ငန်းမျိုးစုံ ပါဝင်သည်။ ၎င်းသည် ကိုယ်ထူကိုယ်ထကြိုးစားပြီး ချမ်းသာလာသော စီးပွားရေးသမားတစ်ဦး အသွင်ဖြင့် လွန်ခဲ့သည့် နှစ်များစွာအတွင်း ပုံဖမ်းခဲ့သော်လည်း အသွင်ယူထားသည့် ထိုပုံရိပ်နှင့် ပတ်သက်၍ မြန်မာ့အရေး စောင့်ကြည့်လေ့လာသူများကြားတွင်ဝေဖန်မှုများနှင့် အငြင်းပွားဖွယ် အခြေအနေများရှိနေသည်။

ရော့်စဒန်ကလေက ၎င်းသည် ဦးသိမ်းဝေ ပိုင်ဆိုင်သော ဂေါက်ကွင်းတစ်ခုတွင် စစ်ထောက်လှမ်းရေး အကြီးအကဲ ဦးခင်ညွန့်ထံ မြန်မာတိုင်းမ်အတွက် အကြံဥာဏ် တင်ပြခဲ့သောအခါက ဦးသိမ်းဝေ နှင့် ဦးခင်ညွန့်ကြား စီးပွားရေး ဆက်စပ်မှုများကို သူသတိပြုမိခဲ့ကြောင်း ပြောခဲ့သည်။ 

 

“သူတို့ အချင်းချင်း ကောင်းကောင်း သိကျွမ်းကြပါတယ်” ဟု ဒန်ကလေက ဆိုပြီး ရန်ကုန်တွင် အိမ်ခြံမြေ စီမံကိန်းများအတွက် ဦးခင်ညွန့်က ဦးသိမ်းဝေကို မြေများ ပေးအပ်ခဲ့ကြောင်းလည်း ဖြည့်စွက် ပြောကြားသည်။

 

Frontier နှင့်  ၎င်းကိုပိုင်ဆိုင်သည့် Black Knight Media ၏ စီးပွားရေးလုပ်ငန်းများအတွက် ပုံရိပ်မြှင့်တင်ရေး PR  လုပ်ငန်းများကြားစည်းသည် မကြာခဏ မှုန်ဝါးသွားလေ့ရှိကြောင်း Frontier ဝန်ထမ်းဟောင်းများက ပြောကြားသည်။ PR  ကြော်ငြာဆန်ဆန် သတင်းထုတ်ပြန်ချက်များကို Frontier ၏ အင်္ဂလိပ်ပိုင်းတွင် ထုတ်ဝေခဲ့သကဲ့သို့  မြန်မာပိုင်း အယ်ဒီတာအဖွဲ့ကိုလည်း ဘာသာပြန်စေပြီး မြန်မာဘာသာဖြင့်လည်း ထုတ်ဝေစေခဲ့ကြောင်း မဂ္ဂဇင်းတွင်နှစ်များစွာလုပ်ခဲ့သည့် အယ်ဒီတာဟောင်းတစ်ဦးကဆိုသည်။ 

 

၂၀၁၆ ခုနှစ်တွင် Frontier မဂ္ဂဇင်းက မြန်မာစစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီကို ထူထောင်ခဲ့သူ စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးအကြောင်း အမွှမ်းတင်ပေးသည့် ဆောင်းပါးတွင် ရိုးမ၏ ပြောရေးဆိုခွင့်နှင့် Frontier ပူးတွဲပိုင်ရှင် Saw Sylvia  McKaige ကို သတင်းဆောင်းပါးရှင် အမည် ထည့်သွင်းပေးခဲ့သည်အထိ ဖြစ်ခဲ့သည်။

 

ထိုသို့ စီးပွားရေးလုပ်ငန်းများအကြောင်း ကြော်ငြာကဲ့သို့ရေးသားထားသည့် သတင်းများကို ဒေသတွင်း နိုင်ငံတကာသတင်းဌာနအချို့တွင်လည်း ငွေကြေးယူကာ ထုတ်ပြန်လေ့ရှိပြီး၊ ခြားနားချက်မှာ ထိုထုတ်ပြန်ချက်များသည် သတင်းမဟုတ်ကြောင်းနှင့် သတင်းဌာနက ကြော်ငြာပေးခြင်းဖြစ်ကြောင်း  ရှင်းလင်းစွာ အသိပေး (Disclaimer) ခြင်းဖြင့် ဖော်ပြရသည်။

၂၀၁၆ ခုနှစ်က ရိုက်ကူးထားသည့် ဤဓာတ်ပုံတွင် ရိုးမကုမ္ပဏီ ၏ ပြောရေးဆိုခွင့်ရှိသူနှင့် Frontier Myanmar တွဲဖက်ပိုင်ရှင်ဟောင်း Saw Sylvia McKaige (ဝဲ) ကို ရိုးမကုမ္ပဏီအကြီးအကဲ ဦးသိမ်းဝေနှင့် အတူ တွေ့ရစဉ်။ ဆန်နီဆွေ (အလယ်) နှင့် Frontier Myanmar ၏ လက်ရှိပိုင်ရှင် Pichai Chuensuksawadi (ယာ အစွန်) တို့ကိုလည်း တွေ့ရစဉ်။ (ဓာတ်ပုံ - Facebook)

ထိုသို့ အသိပေးချက်မပါသော ရိုးမ၏ စီးပွားရေးလုပ်ငန်းများအတွက် ကြော်ငြာဆန်သည့် သတင်းများစွာကို Frontier သည် စတင်ထုတ်ဝေသည့် အချိန်မှစ၍ ရေးသားပေးခဲ့သည်။ ဤအခြေအနေနှင့်ပတ်သက်၍ ဦးသိမ်းဝေနှင့် ရိုးမကုမ္ပဏီပြောခွင့်ရ Saw Sylvia McKaige တို့ကို မေးခွန်းများပေးပို့မေးမြန်းခဲ့သော်လည်း ၎င်းတို့က ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။  

 

၂၀၁၅ ခုနှစ်၊ ဇူလိုင် ၇ ရက်နေ့တွင် ရိုးမကုမ္ပဏီသည် မြန်မာနိုင်ငံတွင် KFC ၏ ပထမဆုံးဆိုင်ခွဲကို ဖွင့်လှစ်သောအခါ Frontier ၏ မျက်နှာဖုံး သတင်းဆောင်းပါးတွင် “အနောက်တိုင်း အသင့်စား အစားအစာများကို  တောင့်တနေသူများ ဝမ်းသာခဲ့ကြသည်” ဟု ရေးသား ဖော်ပြခဲ့သည်။ ထိုသတင်းတွင် Frontier ပူးတွဲပိုင်ရှင်မှာ မြန်မာနိုင်ငံရှိ KFC  ဆိုင်များနှင့် ရိုးမကုမ္ပဏီတို့၏ ပြောခွင့်ရဖြစ်ကြောင်း ဖော်ပြခဲ့ခြင်းမရှိသကဲ့သို့ Frontier ကို ထုတ်ဝေသည့် Black Knight Media သည်လည်း စီးပွားရေးကြော်ငြာများကိုပါ ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီဖြစ်ကြောင်း စာဖတ်သူများကို အသိပေးခြင်းမရှိပေ။ 


၂၀၁၉ ခုနှစ် ကာလ နှင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းသည့် ကာလကြားတွင်  Frontier သည် ရိုးမ စီးပွားရေးလုပ်ငန်းများ ဖြစ်ကြသည့်  Seagram’s ဝီစကီ၊ Little Sheep ဟော့ပေါ့၊ YKKO၊ နေရောင်ခြည် စွမ်းအားထုတ်လုပ်ဖြန့်ချိရေး မိုက်ကရိုပါဝါ၊ စားသောက်ဆိုင် Auntie Anne’s စသော လုပ်ငန်းများကို ပုံရိပ်မြှင့်တင်ပေးသည့် သတင်းများစွာကို ဖော်ပြခဲ့သည်။ ထိုသတင်းဆောင်းပါးများကို သာမန် သတင်းများအသွင် ဖော်ပြခဲ့သော်လည်း သတင်းရေးသားသူ အမည်မပါဘဲ၊ ကြော်ငြာပုံစံသတင်းများကဲ့သို့ ဖတ်ရှုရပြီး ထိုစီးပွားရေးလုပ်ငန်းများ၏ တာဝန်ရှိသူတို့က ၎င်းတို့၏ လုပ်ငန်းများ မည်မျှအောင်မြင်နေကြောင်း ကြွေးကြော်ထားသည်ကို ကိုးကား၍ ရေးသားထားသည်။

ပုံစာ- ရိုးမကုမ္ပဏီအုပ်စု ၏ အမှုဆောင် အရာရှိချုပ် (CEO)ဟောင်း ဦးသိမ်းဝေ (ခေါ် )Serge Pun နှင့် ၎င်း၏စီးပွားရေးလုပ်ငန်းများ အကြောင်းကို Frontier Myanmar က မကြာခဏ အမွှမ်းတင် ဖော်ပြခဲ့သည်။
ရိုးမကုမ္ပဏီအုပ်စု ၏ အမှုဆောင် အရာရှိချုပ် (CEO)ဟောင်း ဦးသိမ်းဝေ (ခေါ် )Serge Pun နှင့် ၎င်း၏စီးပွားရေးလုပ်ငန်းများ အကြောင်းကို Frontier Myanmar က မကြာခဏ အမွှမ်းတင် ဖော်ပြခဲ့သည်။

မြန်မာနှင့် အင်္ဂလိပ်ဘာသာထုတ်ဝေမှု နှစ်ခုလုံးတွင်  ကြော်ငြာပုံစံ PR ထုတ်ပြန်ချက်များကို  မည်သည့်ရှင်းလင်းချက်မျှ မပါဘဲ ဖော်ပြခြင်းမျိုးသည် မြန်မာတိုင်းမ်တွင်လည်း ဖြစ်ခဲ့ပြီး၊ ထိုပုံစံကို Frontier တွင် ဆက်လက်လုပ်ကိုင်ခြင်းဖြစ်ကြောင်း ထိုကိစ္စရပ်များတွင် ကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်ပေးခဲ့ရသူ လုံခြုံရေးအခြေအနေကြောင့် အမည်မဖော်လိုသူ ဝန်ထမ်းဟောင်း တစ်ဦးကဆိုသည်။

ဥရောပတိုက်မှ မီဒီယာသုတေသီ Marius Dragomir က သတင်းမီဒီယာတိုက်များကို ပိုင်ဆိုင်သည့် ကုမ္ပဏီများသည် အခြားသောစီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် ကြော်ငြာနှင့် ပုံရိပ်မြှင့်တင်        ကာကွယ်ပေးရေး PR လုပ်ငန်းများတွင်  အကျိုးစီးပွားများ တပြိုင်နက် ရှိနေသည် ဆိုပါက စာဖတ်သူများအား ထိုအချက်ကို ထင်ထင်ရှားရှား ပွင့်လင်းမြင်သာမှုပြုလုပ် ရလေ့ရှိကြောင်း  ထောက်ပြသည်။ 

 

“မီဒီယာတိုက်ပိုင်တွေဟာ တခြားဘယ်ကုမ္ပဏီတွေမှာ ဘယ်လိုတွေပါဝင်နေတယ်ဆိုတာ စာဖတ်သူတွေကို ချပြရမှာပါ။ ဒါတင်မကဘူး PR လုပ်ငန်း နဲ့ဆက်စပ်နေတဲ့ ဒီသတင်းတိုက်တွေက ထုတ်တဲ့သတင်းတွေမှာ အကျိုးစီးပွားတွေ ယှက်နွှယ်နေပြီဆိုရင် ဒီသတင်းတွေရဲ့အောက်မှာ ဝါကျတစ်ကြောင်းထည့်ပြီး ဘယ်လိုအကျိုးစီးပွားပဋိပက္ခတွေ ဒီသတင်းမှာပါဝင်နိုင်တယ်။ သို့ပေမယ့် ဒီသတင်းကို ဘာဖိအားမှမပါဘဲ လွတ်လွတ်လပ်လပ်ရေးထားတဲ့သမာရိုးကျ သတင်းဆိုတာဖြစ်တဲ့အကြောင်း ဖော်ပြသင့်ပါတယ်” ဟု ၎င်းကဆိုသည်။

 

ရိုးမဦးသိမ်းဝေ ၏ လုပ်ငန်းများအား သတင်းဖော်ပြရာတွင် မည်သည့် အကျိုးစီးပွားပဋိပက္ခမျှ မရှိခဲ့ဟု ဆန်နီဆွေက ငြင်းဆိုသည်။ ရေးသားခဲ့သည့်သတင်း ကိစ္စများကို အယ်ဒီတာအဖွဲ့ကသာ တာဝန်ယူခြင်း ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။ 

 

Frontier ၏ အယ်ဒီတာချုပ်ဟောင်းနှင့် လက်ရှိ တွဲဖက်ပိုင်ရှင်ဖြစ်သူ သောမတ်စ်ကင်း (Thomas Kean) ကမူ ရိုးမ လုပ်ငန်းများအကြောင်း သတင်းများသည် “သတင်းအတိုလေးတွေနဲ့ တစ်ခါတစ်ရံ ကြေညာချက်တွေကနေ ဒါမှမဟုတ် နိုင်ငံတကာမီဒီယာက သတင်းတွေကို ပြန်ရေးထားတာတွေပဲ ဖြစ်တယ်” ဟု ကာကွယ်ပြော ဆိုသည်။

 

 သို့ရာတွင် Frontier ၏ အကျိုးစီးပွားပဋိပက္ခအခြေအနေတစ်ခုတွင် သောမတ်စ်ကင်း ကိုယ်တိုင်လည်း ပါဝင် ပတ်သက်ခဲ့ဖူးသည်။ ၎င်းသည် ဦးပြုံးမောင်မောင်၏  ကုမ္ပဏီတစ်ခု က အင်တာနက် ဝင်ဆောင်မှုများစတင်ပေးနေပြီဆိုကြောင်း မိတ်ဆက်သည့် သတင်းဆောင်းပါး တစ်ပုဒ်ကို Frontier တွင် ရေးသားခဲ့သည်။ 

 

 ဦးပြုံးမောင်မောင်အား မေးမြန်းခန်းပြုလုပ်ပြီး သတင်းရေးခဲ့သော သောမတ်စ်ကင်းက ထိုဆောင်းပါး ရေးသားသည့်အချိန်၌ ဦးပြုံးမောင်မောင်သည် Frontier ၏ ပိုင်ရှင်တစ်ဦးဖြစ်နေသော်လည်း၊ ထိုအချက်ကို သူမသိရှိခဲ့သဖြင့် စာဖတ်သူများကို အသိမပေးခဲ့ကြောင်း ဆိုသည်။

 

သို့ရာတွင် ထိုဆောင်းပါးမထွက်မီရက်ပိုင်းအလို ဆန်နီဆွေက ဦးပြုံးမောင်မောင်၏ SEANET အင်တာနက် ကုမ္ပဏီ စတင်မိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး Frontier သည် ကုမ္ပဏီ၏ ပထမဆုံးဖောက်သည် ဖြစ်လိမ့်မည်ဟု Facebook ပေါ်တွင် ရေးသားခဲ့သည်။

 

Frontier တွင်ဖော်ပြခဲ့သည့် ဦးပြုံးမောင်မောင်၏ စီးပွားရေးလုပ်ငန်း အကြောင်းဆောင်းပါး
Frontier တွင်ဖော်ပြခဲ့သည့် ဦးပြုံးမောင်မောင်၏ စီးပွားရေးလုပ်ငန်း အကြောင်းဆောင်းပါး
၂၀၁၆ ခုနှစ်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် SEANET Myanmar အင်တာနက် ကုမ္ပဏီ မိတ်ဆက်ပွဲ၌ မြန်မာတိုင်းမ် နှင့် Frontier Myanmar တို့တွင် ယခင်က ရှယ်ယာရှင်တစ်ဦးဖြစ်ခဲ့သူ ဦးပြုံးမောင်မောင် အမှာစကား ပြောကြားနေစဉ် ဦးသိန်းဆွေ (ရှေ့ဆုံးတန်း၊ (ဝဲ) ဒုတိယမြောက်) ကိုတွေ့ရစဉ်။
၂၀၁၆ ခုနှစ်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် SEANET Myanmar အင်တာနက် ကုမ္ပဏီ မိတ်ဆက်ပွဲ၌ မြန်မာတိုင်းမ် နှင့် Frontier Myanmar တို့တွင် ယခင်က ရှယ်ယာရှင်တစ်ဦးဖြစ်ခဲ့သူ ဦးပြုံးမောင်မောင် အမှာစကား ပြောကြားနေစဉ် ဦးသိန်းဆွေ (ရှေ့ဆုံးတန်း၊ (ဝဲ) ဒုတိယမြောက်) ကိုတွေ့ရစဉ်။ (ဓာတ်ပုံ - SEANET)

ဦးသိန်းဆွေ၊ ဆန်နီဆွေနှင့် ၎င်းတို့၏ မိသားစုဝင်များသည်  Frontier ကို  ၎င်းတို့ကိုယ်ပိုင် စီးပွားရေး အကျိုးစီးပွားများ မြှင့်တင်ရန်အတွက်လည်းအသုံးချခဲ့ကြသည်။ Myanmar Now ရရှိထားသည့် အထောက်အထားများအရ ဆန်နီဆွေ၏  အစ်မဖြစ်သူ မာလာမော် ခေါ် မာလာဘလက်ဝုဒ်နှင့် ၎င်း၏ ဗြိတိန်နိုင်ငံသား ခင်ပွန်း Nigel Blackwood တို့ သည် ၂၀၁၂ ခုနှစ်တွင် Myanmar Bureau ဟုခေါ်သော စီးပွားရေးအကြံပေးကုမ္ပဏီ တစ်ခု တည်ထောင်ခဲ့ပြီး နိုင်ငံခြားကုမ္ပဏီများကို မြန်မာအာဏာပိုင်များနှင့် ချိတ်ဆက်ပေးသည့်လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။

အကျဉ်းထောင်မှ ဦးသိန်းဆွေ လွတ်မြောက်လာပြီး ၎င်းသည်  ထိုကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဖြစ်လာခဲ့သည်။ 

“ဦးသိန်းဆွေသည် ယခုရတနာပုံတယ်လီပို့ ဟုခေါ်သည့် ပုဂံဆိုက်ဘာတက်ခ် ကုမ္ပဏီ၏ ဥက္ကဋ္ဌ၊ မြန်မာသတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း အများပိုင်ကုမ္ပဏီလီမိတက် (MICTDC)၏ ဥက္ကဋ္ဌ၊ နိုင်ငံတော်အဆင့်သတင်းထုတ်ပြန်ရေးအဖွဲ့တွင် အဆင့်မြင့်တာဝန်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ဖူးပြီး၊ စစ်တက္ကသိုလ်တွင် စာသင်ကြားဖူးကာ ငြိမ်းချမ်းရေးလုပ်ငန်းများတွင်လည်း ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရှိကြောင်း” ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုထုတ်ပြန်ချက်တွင် ဆန်နီဆွေကိုလည်း Myanmar Bureau ၏ “မီဒီယာ မိတ်ဖက်” အဖြစ် ကြေညာကာ သူသည် Frontier ကို စီမံခန့်ခွဲနေသူ ဖြစ်ကြောင်း အမွှမ်းတင် ဖော်ပြထားသည်။ 

 

ဦးသိန်းဆွေ၏ ဇနီးဖြစ်သူ ဒေါ်ခင်ထွေးမော်နှင့် ဆန်နီဆွေ၏ ဇနီးဖြစ်သူ ဒေါ်ယမင်းထင်အောင်တို့ပါ ပါဝင်နေသည့် Myanmar Bureau အကြောင်း မေးခွန်းများကို ဦးသိန်းဆွေနှင့် ဆန်နီဆွေတို့က ပြန်လည်ဖြေကြားခြင်းမရှိပေ။

 

(ပုံ-Myanmar Now)

“ကျွန်မအမြင်ကတော့ သြဇာအာဏာရှိသူတွေက သူတို့ရဲ့ အာဏာကိုအသုံးချပြီး ငွေရှာကြတာပဲ၊ ဒါမျိုးတွေက မြန်မာမှာရော၊ ဇင်ဘာဘွေနိုင်ငံမှာရော၊ တခြား အာဏာရှင်နိုင်ငံတွေမှာရော ဖြစ်လေ့ဖြစ်ထရှိတာပါ” ဟု မြန်မာတိုင်းမ်သတင်းဌာန၏ အယ်ဒီတာဟောင်း Jayne Dullard ကဆိုသည်။

ယုံကြည်မှုအခက်အခဲများနှင့် ရင်ဆိုင်လာရသည့် Frontier

ဆန်နီဆွေ၏ မီဒီယာအကျိုးစီးပွားများနှင့် ပတ်သက်၍ သံသယ မေးခွန်းများစွာ ရှိနေသော်လည်း နိုင်ငံတကာအသိုင်းအဝိုင်းတွင် သူ၏ ဂုဏ်သတင်းများစွာ မထိခိုက်သေးပေ။

 

သို့သော် ဦးသိန်းဆွေက စစ်ကောင်စီကိုယ်စား တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် အချိန်မှစ၍ ပြည်ပရောက်မြန်မာမီဒီယာ အသိုင်းအဝိုင်းအတွင်း Frontier အပေါ် စိုးရိမ်မှုများ တိုးပွားလာခဲ့သည်။

 

ထိုမတိုင်မီကတည်းက သတင်းထောက်များနှင့် တက်ကြွလှုပ်ရှားသူများက ဆန်နီဆွေ၏ ချင်းမိုင်ရှိ ပြည်ပရောက်မီဒီယာများအတွက်ဆိုကာ ဖွင့်ထားသည့် Greenhouse ဟု အမည်ရသည့်  Co-working space အဆောက်အအုံကို အသုံးပြုရန် စိုးရိမ်နေကြောင်း ပြောကြားခဲ့မှုများ ပေါ်ပေါက်ခဲ့သည်။ 

 

အမေရိကန်အခြေစိုက် ဒစ်ဂျစ်တယ်လှုပ်ရှားမှုအဖွဲ့ Access Now အဖွဲ့အစည်းတာဝန်ရှိသူများက ချင်းမိုင်ရှိ ထိုအဆောက်အအုံတွင် အခမ်းအနားတစ်ခု ပြုလုပ်ရန် အဆိုပြုသောအခါ သူက  ကန့်ကွက်ခဲ့ကြောင်း ၎င်းအဖွဲ့တွင် လုပ်ကိုင်နေသည့် မြန်မာတိုင်းမ်သတင်းထောက်ဟောင်း မဝေဖြိုးမြင့်က ပြောသည်။ 

 

မြန်မာတိုင်းမ်တွင်လုပ်စဥ်အခါက ၎င်း၏ အွန်လိုင်းလှုပ်ရှားမှုများကို ဌာနတွင်း စောင့်ကြည့်ခံခဲ့ရသောကြောင့် အလားတူလုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှု ကိစ္စရပ်ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သဖြင့်  ထိုသို့ကန့်ကွက်ခဲ့ခြင်းဟု ၎င်းကဆိုသည်။ 

 

Greenhouse ရုံးနေရာ ကို Boomerang Network (Thailand) က ပိုင်ဆိုင်ပြီး ထိုကုမ္ပဏီကို ဆန်နီဆွေနှင့်အတူ  လက်ရှိ Frontier ပိုင်ရှင်ဖြစ်သူ ပီချိုင်း (Pichai) တို့ တွဲဖက်ပိုင်ဆိုင်သည်။  Boomerang Network (Thailand) ကုမ္ပဏီကို Frontier အတွက် ငွေကြေးရှာနိုင်ရန် ထူထောင်ခဲ့ကြောင်း ဆန်နီဆွေက လူသိရှင်ကြား ပြောကြားထားသည်။ 

 

ဆန်နီဆွေ၏ လူသိနည်းသော နောက်ထပ်လုပ်ငန်းတစ်ခုမှာ အင်တာနက်ပေါ်တွင် မြန်မာလူမျိုးတို့ ပြောဆိုလှုပ်ရှားနေသည်များကို မှတ်တမ်းယူပြုစု၍ အစီရင်ခံစာများရေးကာ ရောင်းချခြင်းဖြစ်သည်။ ထိုအစီရင်ခံစာများအား နိုင်ငံခြားသံရုံးများကို ရောင်းချပေးနေကြောင်း ဆန်နီဆွေက နိုင်ငံခြားသတင်းဌာနတစ်ခုနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုထားသည်။ ထိုလုပ်ငန်း အကြောင်းနှင့် ပတ်သက်၍ မေးမြန်းချက်များကို ဆန်နီဆွေက ဖြေဆိုခြင်း မပြုခဲ့ပါ။

 

ပုံစာ - ၂၀၂၄ ခုနှစ် ဇူလိုင်လက ထိုင်းနိုင်ငံအတွင်း တစ်နေရာ၌ ဆန်နီဆွေ ၊ ဦးသိန်းဆွေနှင့် Pichai တို့ကို တွေ့ရစဉ်။
၂၀၂၄ ခုနှစ် ဇူလိုင်လက ထိုင်းနိုင်ငံအတွင်း တစ်နေရာ၌ ဆန်နီဆွေ ၊ ဦးသိန်းဆွေနှင့် Pichai တို့ကို တွေ့ရစဉ်။ (Photo- Facebook)

ယမန်နှစ်တွင် Frontier ၏ ပိုင်ရှင်အဖြစ် ဆက်ခံသူ ပီချိုင်း သည်လည်း မြန်မာ စစ်ကောင်စီ အဖွဲ့ဝင်များနှင့် တွေ့ဆုံမှုများကြောင့် ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများကြား စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။ 

 

“ကျွန်တော်ဟာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအများအပြားက အစိုးရအရာရှိဟောင်းတွေနဲ့ ရော၊ ဖြစ်နိုင်ရင် လက်ရှိမြန်မာအစိုးရရဲ့ တာဝန်ရှိသူတွေနဲ့ ရော ဆက်လက်ပြီးတော့ တွေ့ဆုံဖြစ်ပါတယ်။ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးသတင်းတွေ ရအောင် လုပ်နေတာပါ” ဟု ပီချိုင်းက Myanmar Now ကို ပြောဆိုသည်။ 


မြန်မာစစ်အုပ်ချုပ်ရေးအဖွဲဲ့မှ မည်သူများနှင့်တွေ့ဆုံသည်လဲဟု ၎င်းကို မေးသောအခါ သတင်းရင်းမြစ်ကိုလျှို့ဝှက်ရသည့် သတင်းမီဒီယာကျင့်ဝတ်အရ မဖြေနိုင်ပါဟု ၎င်းက ပြန်ကြားခဲ့သည်။ သို့ရာတွင် ၎င်းသည် သတင်းထောက်၊ သတင်းစာဆရာအဖြစ် လုပ်ကိုင်နေပါလားဟု မေးမြန်းသောအခါတွင်မူ ထိုသို့လုပ်ကိုင်ခြင်းတော့ မရှိကြောင်း ၎င်းက ဆိုသည်။

ပုံစာ- ဦးသိန်းဆွေနှင့် ပီချိုင်းတို့သည် ၎င်း၏ လေးစားအားကျရသည့် ပုဂ္ဂိုလ်များဖြစ်ကြောင်း ဆန်နီဆွေက Facebook တွင်ရေးသားခဲ့ပုံ။
ဦးသိန်းဆွေနှင့် ပီချိုင်းတို့အား အတူယှဥ်တွဲတွေ့ရပုံ (Sonny Swe/Facebook)

မြန်မာစစ်ကောင်စီနှင့် Frontier ဆက်နွှယ်မှုရှိကြောင်းပြောဆိုချက်များကို “ကောလာဟလများ” အဖြစ်  ဆန်နီဆွေက ပယ်ချပြီး ထိုအခြေအနေကို စိုးရိမ်ကြောင်း ၎င်းကဆိုသည်။  

 

Frontier ကို ပိုင်ဆိုင်သူများ၏ စစ်ထောက်လှမ်းရေးအသိုင်းအဝန်းနှင့် ဆက်စပ်နေမှု အခြေအနေသည် မြန်မာမီဒီယာ အသိုင်းအဝိုင်းအတွက် အခက်အခဲ ဖြစ်စေကြောင်း၊ ထိုင်းနိုင်ငံအခြေစိုက် မြန်မာသတင်းမီဒီယာအဖွဲ့များနှင့် ဖွဲ့စည်းထားသည့် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ   အတွင်းရေးမှူး ဦးတိုးဇော်လတ်က ဆိုသည်။ 

 

“သူတို့ရဲ့ လက်ရှိဝန်ထမ်းတွေကို ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေမှာ ပါဝင်ခွင့်ပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်းပါဝင်သင့်တယ်လို့ ယုံကြည်လို့ပါ” ဟု ၎င်းက ဆိုသည်။ 

 

“ဒါပေမဲ့ ကျွန်တော်တို့ထဲက တော်တော်များများက လုံခြုံရေးနဲ့ ပတ်သက်ပြီး အတော်လေး စိုးရိမ်နေကြပါတယ်။ Frontier ကနေတဆင့် ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ထောက်လှမ်းရေးလက်ထဲ တနည်းနည်းနဲ့ ရောက်သွားမှာကို စိုးရိမ်နေကြတာပါ” ဟု သူက ပြောခဲ့သည်။