သတင်း

စစ်ခေါင်းဆောင်ခရီးစဉ်မတိုင်မီ စစ်ထောက်လှမ်းရေးဟောင်းများ တရုတ်သို့ရောက်နေ

ဗိုလ်ချုပ်ခင်ညွှန့်၏တပည့်ဟောင်း စစ်ထောက်လှမ်းရေးဗိုလ်ချုပ်ဟောင်းများသည် တရုတ်အစိုးရအကြံပေးများနှင့် မြောက်ပိုင်းလက်နက်ကိုင်များအရေး ဆွေးနွေးခဲ့ကြသည်။

ဗိုလ်ချုပ်ခင်ညွှန့်၏ စစ်ထောက်လှမ်းရေးတပ်မှ ထိပ်တန်းဗိုလ်ချုပ်ဟောင်းများဖြစ်ကြသည့်  ဗိုလ်မှူးချုပ်ဟောင်းသိန်းဆွေ၊ ဗိုလ်မှူးကြီးဟောင်း ဦးလှမင်းတို့သည် အာဏာသိမ်းစစ်ခေါင်းဆောင်၏ ခရီးစဉ်မတိုင်မီ ရက်ပိုင်းအလိုတွင် တရုတ်နိုင်ငံသို့ရောက်ရှိနေပြီး  တရုတ်အစိုးရ၏ မူဝါဒအကြံပေး အဖွဲ့များနှင့် တွေ့ဆုံနေသည်။

ဒီမိုကရေစီလိုလားသည့် နိုင်ငံရေးအကျဉ်းသားများကို ရက်ရက်စက်စက်နှိမ်နှင်းမှုများကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားသည့် MI (ခေါ်) စစ်ထောက်လှမ်းရေးတပ်မှ အရာရှိဟောင်းများသည် Paragon Institute အမည်ဖြင့် တရုတ်နိုင်ငံ ပေကျင်းအခြေစိုက်  Think-Tank ဟုခေါ်သည့် သုတေသနနှင့်မူဝါဒရေးရာ အကြံပေးများနှင့် လိုက်လံတွေ့ဆုံနေခြင်းဖြစ်သည်။

Paragon Institute တွင် စစ်အစိုးရလက်ထက်က စစ်ထောက်လှမ်းရေးတပ်၏ နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲဟောင်း၊ ဗိုလ်မှူးချုပ်ဟောင်းသိန်းဆွေသည် ဥက္ကဌဖြစ်ပြီး  န.ဝ.တ စစ်အစိုးရ၏  ပြောခွင့်ရအရာရှိဟောင်းနှင့် ဗိုလ်မှူးကြီးဟောင်းလှမင်းသည် အထူးအကြံပေးဖြစ်သည်။


အဆိုပါနှစ်ဦးနှင့်အတူ  Paragon Institute အတွင်းရေးမှူး ဦးပြည့်ဖြိုးမောင်တို့သည် တရုတ်အစိုးရကို  နိုင်ငံခြားရေးမူဝါဒများ ချမှတ်ရန်အတွက် အကူအညီပေးနေသည့် Chahar Instituteနှင့် Taihe Institute Think-Tankအဖွဲ့များနှင့် အောက်တိုဘာ ၂၉ တွင် သီးခြားဆီတွေ့ဆုံခဲ့သည်။

စစ်ထောက်လှမ်းရေးရာရှိဟောင်းများနှင့် Chahar Instituteမှ တာဝန်ရှိသူများ

အောက်တိုဘာ ၂၉  ရက်နေ့က တွေ့ဆုံစဉ် စစ်ထောက်လှမ်းရေးဟောင်း၊ ဗိုလ်မှူးချုပ်ဟောင်း သိန်းဆွေသည် မြန်မာနိုင်ငံ၏လက်ရှိအခြေအနေများ၊ အထူးသဖြင့် နိုင်ငံမြောက်ပိုင်းမှ လူမျိုးစု လက်နက်ကိုင်တပ်များ၏ လက်တလောအခြေအနေများကို ထုတ်ဖော်ပြောဆိုခဲ့သည်ဟု Chahar Institute ကသတင်းထုတ်ပြန်သည်။ 

ထိုဆွေးနွေးမှုက စစ်ကောင်စီတပ်ကို အထိနာခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအကြောင်းဟုလည်း နားလည်ရသည်။

သို့သော်နာရီအနည်းငယ်အကြာတွင်  ‘နိုင်ငံမြောက်ပိုင်းမှ လူမျိုးစု လက်နက်ကိုင်တပ်များအကြောင်း  ဆွေးနွေးသည်’ ဆိုသည့် အချက်ကို Chahar Institute က၎င်းတို့၏ အင်တာနက်စာမျက်နှာမှ ပြန်လည်ဖယ်ရှားခဲ့ပြီး ဗိုလ်မှူးချုပ်ဟောင်း သိန်းဆွေသည်  ‘ပြည်တွင်းလုံခြုံရေးအခြေအနေများကို ဆွေးနွေးခဲ့သည်’ ဟုအစားထိုး ပြင်ဆင်တည်းဖြတ်ခဲ့သည်။

စစ်ထောက်လှမ်းရေးဟောင်းများသည် ပေကျင်းအခြေစိုက် Taihe Institute နှင့် အောက်တိုဘာ ၂၉ ရက်နေ့တွင်ပင် ထပ်မံတွေ့ဆုံခဲ့သည်။ ပြီးခဲ့သည့်နှစ်က တည်ထောင်ခဲ့သည့်  Taihe Institute သည်  အစိုးရနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများအတွက် သုတေသနနှင့် အကြံဉာဏ်များပေးနေသည့် အဖွဲ့ဖြစ်သည်။ နှစ်ဖက်အကြား တွေ့ဆုံမှုအတွင်း မည်သည့်အကြောင်းအရာများ ဆွေးနွေးသည်ဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါ။

စစ်ထောက်လှမ်းရေးဟောင်းများ၏  Paragon Institute အကြောင်း Myanmar Now  ကစုံစမ်းဆဲဖြစ်သည်။ 

ယင်းအဖွဲ့သည် မြန်မာနိုင်ငံတွင်း လှုပ်ရှားနေကြောင်း မှတ်တမ်းမှတ်ရာများမရှိသည်သာမက၊  စစ်ကောင်စီလက်အောက်(သို့မဟုတ်) မည်သည့်နိုင်ငံတွင် မှတ်ပုံတင်ထားသည့်အဖွဲ့ ဖြစ်သည်ကို မတွေ့ရှိရပေ။ Website နှင့် Facebook ကဲ့သို့သော အင်တာနက်တွင်လည်း ထိုအဖွဲ့၏အမည်ဖြင့် လွှင့်တင်ထားခြင်းမရှိသေးပါ။

ထိုလျှို့ဝှက်သောထိုအဖွဲ့အကြောင်း တရုတ်ဘက်ကထုတ်ဖော်ပြောကြားမှ ပထမဆုံးသိရှိရခြင်းဖြစ်သည်။

ယင်းမတိုင်မီတွင် စစ်ထောက်လှမ်းရေးဟောင်းများသည် စစ်ကောင်စီအတွက်အလုပ်လုပ်ပေးနေကြောင်း ဧရာဝတီသတင်းဌာနက စုံစမ်းဖော်ထုတ်ဖူးသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁တွင် အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း နိုင်ငံအဝှမ်းရှိ ၎င်းအား တွန်းလှန်နေသူများကို ဖိနှိပ်ရန် စစ်အစိုးရလက်ထက်က ထောက်လှမ်းရေးအရာရှိများကို ပြန်လည်ခေါ်ယူ၍ အကြံပေးခိုင်းခဲ့ထားသည်ဟု ဧရာဝတီသတင်းဌာနက ၂၀၂၂ နိုဝင်ဘာတွင် ရေးသားထုတ်ဖော်ထားသည်။ 
မင်းအောင်လှိုင်၏ ဖိတ်ကြားချက်ကြောင့် ဝါရင့်ထောက်လှမ်းရေး ဗိုလ်ချုပ်များဖြစ်ကြသည့်  ဦးခင်မောင်သိန်း၊ ဦးငွေထွန်းနှင့် ဦးသိန်းဆွေတို့သည် နေပြည်တို့သို့ သွားရောက်ခဲ့ပြီး စစ်ကောင်စီကို ကူညီနေသည်ဟု ဧရာဝတီကရေးသားသည်။

ဓာတ်ပုံ -Taihe institute’s Facebook

MI  (သို့မဟုတ်) အမည်ဆိုးဖြင့်ကျော်ကြားသည့် စစ်ထောက်လှမ်းရေးများ

၁၉၈၈ အရေးအခင်းကို ဖြိုခွဲပြီးအာဏာသိမ်းခဲ့သည့် စစ်အစိုးရလက်ထက်တွင် MI ဟုခေါ်ကြသည့် စစ်ထောက်လှမ်းရေးများသည် စစ်တပ်ထဲတွင် သြဇာအကြီးဆုံးဖြစ်သည်။ ထိုအဖွဲ့ကို ဗိုလ်ချုပ်ကြီး ခင်ညွန့်ကဦးဆောင်ခဲ့သည်။ 

စစ်ထောက်လှမ်းရေးများသည် ဒီမိုကရေစီလိုလားသူများ၊ ဆန္ဒပြကျောင်းသားများနှင့် စစ်အုပ်ချုပ်ရေးအဆုံးသတ်ရန်တောင်းဆိုသူများကို ရက်ရက်စက်စက် နှိမ်နှင်းမှုများကြောင့်  နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သည်။

၂၀၀၄ တွင်စစ်အစိုးရက ထောက်လှမ်းရေးအကြီးအကဲ  ဗိုလ်ချုပ်ကြီး ဦးခင်ညွန့်နှင့် သူ၏တပ်မှူးများကို  ဖမ်းဆီးခဲ့ပြီး  စစ်ထောက်လှမ်းရေးအဖွဲ့ကိုလည်းဖျက်သိမ်းခဲ့သည်။

လက်ရှိတွင်တရုတ်ပြည်ရောက်နေသည့် ဗိုလ်မှူးချုပ်ဟောင်းသိန်းဆွေသည် စစ်ထောက်လှမ်းရေးတပ်တွင် နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။  သူသည် သမ္မတဟောင်း ဦးသိန်းစိန်နှင့်အတူ စစ်တက္ကသိုလ် တက်ခဲ့ပြီး စစ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးအောက်တွင် တာဝန်ထမ်းဆောင်သည်။ ထို့နောက်ဘန်ကောက်တွင် စစ်သံမှူးဖြစ်လာပြီး ဗိုလ်ချုပ်ခင်ညွန့် ၏ လူရင်းအရာရှိဖြစ်သည်။ 
၂၀၀၄ တွင်စစ်အစိုးရက သူ့အားဗိုလ်ချုပ်ခင်ညွန့်နှင့်အတူဖမ်းဆီးပြီး  ထောင်ဒဏ် ၁၄၆ နှစ်  ချမှတ်ခဲ့သည်။

ဗိုလ်မှူးချုပ်ဟောင်းသိန်းဆွေ(လက်ဝဲဘက်သုံးဦးမြောက်)နှင့် Taihe institute တာဝန်ရှိသူများ (ဓာတ်ပုံ –  Chahar Institute’s Tencent QQ)

ထို့အတူ Paragon Institute ၏အထူးအကြံပေး ဗိုလ်မှူးကြီးဟောင်းလှမင်းသည် န.ဝ.တ စစ်အစိုးရ၏  ပြောခွင့်ရအရာရှိဟောင်းဖြစ်သည်။ သူသည် ၁၉၇၂ ခုနှစ်တွင် စစ်တက္ကသိုလ်တက်ရောက်ခဲ့ပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် တိုက်ခိုက်ရေးအရာရှိ၊ ကာကွယ်ရေးဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့သည်။ 

သူသည်လည်း အခြားစစ်ထောက်လှမ်းရေးများလိုပင် ထောင်ဒဏ်နှစ်ရှည်ကျခဲ့သည်။

၎င်းတို့နှစ်ဦးအပါအဝင် စစ်ထောက်လှမ်းရေးဟောင်းများကို သမ္မတဦးသိန်းစိန်က ၂၀၁၄ တွင်ထောင်မှပြန်လွှတ်ပေးခဲ့သည်။ 

စစ်ထောက်လှမ်းရေးများသည်  နိုင်ငံရေးအကျဉ်းသားများအပေါ် ၎င်းတို့ကျူးလွန်ခဲ့သည့်  ရက်စက်မှုများကို မှားယွင်းကြောင်းဝန်ခံလေ့မရှိဘဲ အထက်ကအမိန့်ပေးမှုကြောင့် ကျူးလွန်ရခြင်းဖြစ်ကြောင်း ကာကွယ်ပြောဆိုလေ့ရှိသည်။

ဗိုလ်မှူးချုပ်ဟောင်းသိန်းဆွေနှင့် Chahar Institute ဥက္ကဌ Han Fangming (ဓာတ်ပုံ –  Chahar Institute)

စစ်ခေါင်းဆောင်တရုတ်ပြည်ခရီးနှင့် စစ်ထောက်လှမ်းရေးအရာရှိများ

မြန်မာ့နိုင်ငံရေးမှ နှစ်၂၀ ကျော်ပျောက်ကွယ်နေသည့် စစ်ထောက်လှမ်းရေးများ  လူမြင်ကွင်းရှေ့  နောက်တကြိမ် ပြန်ရောက်လာသည်က အာဏာသိမ်းစစ်ခေါင်းဆောင်၏ တရုတ်ပြည်ခရီးစဉ်နှင့်လည်း ဆက်စပ်နေသည်။

၂၀၂၁ အာဏာသိိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံသို့ လာရောက်ရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဖိတ်ကြားခံထားရပြီး ယူနန်ပြည်နယ်ကူမင်းမြို့တွင် နိုဝင်ဘာ ၆ မှ ၇ ရက်အတွင်း ကျင်းပမည့် မဲခေါင်ဒေသနိုင်ငံ ခေါင်းဆောင်များအစည်းအဝေး ( Greater Mekong Subregion Summit) အစည်းအဝေးသို့ တက်ရောက်ရန်ရှိသည်။

အိမ်ရှင်တရုတ်နိုင်ငံကအစည်းအဝေးကို ကမကထပြုကျင်းပသော်လည်း အစည်းအဝေးကို စီစဥ်သူမှာ အာရှဖွံဖြိုးရေးဘဏ် (ADB) ဖြစ်သည်။

ထိုခရီးစဉ်မတိုင်မီ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် သြဂုတ်လလယ်တွင် နေပြည်တော်သို့  ရောက်လာခဲ့ပြီး စစ်ခေါင်းဆောင်နှင့် အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေတို့ကို တွေ့ဆုံခဲ့သည်။ ယင်းခရီးစဉ်အပြီး ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် ရှမ်းမြောက်မှလူမျိုးစုလက်နက်ကိုင်များအား စစ်တပ်ကိုဆက်လက်မတိုက်ခိုက်ရန် တရုတ်ကဖိအားများတောက်လျှောက်ပေးနေခဲ့သည်။

ပြီးခဲ့သည့်ဆယ်စုနှစ်များကို ပြန်ကြည့်မည်ဆိုပါက ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် သူ၏စစ်ထောက်လှမ်းရေး တပ်မှူးများသည် မြန်မာ-တရုတ် နယ်စပ်မှ လူမျိုးစုလက်နက်ကိုင်တပ်များနှင့် ဆက်ဆံရေးကောင်းများ ရှိကြသည်။

နိုင်ငံအရှေ့မြောက်ဘက် တရုတ်နယ်စပ်မှ ကွန်မြူနစ်တပ်များပြိုကွဲပြီးနောက် ယင်းဒေသရှိ လူမျိုးစု လက်နက်ကိုင် တပ်များနှင့် စစ်အစိုးရတို့ ၁၉၉၀ ဝန်းကျင်တွင် အပစ်ရပ်သဘောတူချိန်တွင် စစ်ထောက်လှမ်းရေးများက အဓိကကျသည့်နေရာမှ ပါဝင်ခဲ့သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်သည် တရုတ်နယ်စပ်မှ လူမျိုးစုလက်နက်ကိုင်တပ်များ၏ ထိုးစစ်ကိုရင်ဆိုင်ရချိန်တွင် စစ်ထောက်လှမ်းရေးများ သံတမန်ရေးရာစကားဝိုင်းအတွင်းသို့ တကျော့ပြန်ရောက်လာခဲ့ကြသည်။ 

စစ်ထောက်လှမ်းရေးအရာရှိဟောင်းများနှင့် တရုတ် Think-Tankအဖွဲ့များထံ သွားရောက်တွေ့ဆုံမှုသည် ဟန်ပြသက်သက်သာဖြစ်ပြီး ကောင်းမွန်သည့် အလားအလာမဟုတ်ကြောင်း မြန်မာ့အရေး ဆောင်းပါးများရေးသားနေသူ  David Mathiesonက သုံးသပ်သည်။ 


“ထောက်လှမ်းရေးအရာရှိတစ်ယောက်က အန္တရာယ်ရှိတာတစ်ခုခုလုပ်ဖို့အတွက် အသုံးချတဲ့ ရှေ့မျက်နှာစာတစ်ခုလိုပါပဲ”ဟု ၎င်းက ပြောသည်။

Show More

Related Articles

Back to top button