၂၀၀၀ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၂၁ အာဏာသိမ်းချိန်တွင် ပိတ်သိမ်းသွားခဲ့သော Myanmar Times သတင်းစာသည် သတင်းစာလွတ်လပ်ခွင့် ခံကတုတ်ဟု သတင်းစာကို ပိုင်ဆိုင်သူများက နိုင်ငံတကာအသိုင်းအဝိုင်းတွင် ကြွေးကြော်ခဲ့ကြလေသည်။

Myanmar Times သတင်းစာ နှင့် Frontier Myanmar သတင်းဌာနကို တည်ထောင်ခဲ့သူ ဆန်နီဆွေ ကိုလည်း ကမ္ဘာ့အဖိနှိပ်ဆုံးနိုင်ငံတစ်နိုင်ငံတွင် သတင်းစာလွတ်လပ်ခွင့်အတွက် ကြိုးပမ်းသူ ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်ကြီးအဖြစ် ပုံဖော်ခဲ့ကြသည်။

သို့ရာတွင် Myanmar Now သတင်းဌာနက တစ်နှစ်တာ စုံစမ်းဖော်ထုတ်မှုအရ ဆန်နီဆွေ၏ ဖခင်ဖြစ်သူ ဗိုလ်မှုးချုပ် သိန်းဆွေနှင့် စစ်ထောက်လှမ်းရေးများသည် မြန်မာတိုင်း(မ်)သတင်းစာကို မည်သို့မည်ပုံ ကြိုးကိုင်ပြီး ဝါဒဖြန့်ချိရေး ယန္တရားတစ်ခုအဖြစ်အသုံးချခဲ့ပုံကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့အပြင် သိန်းဆွေနှင့် စစ်ထောက်လှမ်းရေး ခရိုနီပြုံးမောင်မောင်တို့သည် ဆန်နီဆွေ၏ Frontier Myanmar တွင် လျှို့ဝှက်ရှယ်ယာရှင်များအဖြစ်ပါဝင်နေခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရသည်။