အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဘာ့ကြောင့် ဤဆောင်းပါးကို ရေးရသလဲ 

နိုင်ငံရေးအကျဥ်းသားဖြစ်ဖူးခဲ့သော၊ Myanmar Now သတင်းဌာနအား လက်ရှိဦးဆောင်နေသော ကိုဆွေဝင်းသည် လွန်ခဲ့သည့်နှစ်များစွာကတည်းက ထောက်လှမ်းရေးနှင့် မီဒီယာတို့ဆက်နွှယ်မှုကို စိတ်ဝင်စားခဲ့ရာကတဆင့် ယခုဆောင်းပါး ရေးဖြစ်ခဲ့ပုံအကြောင်း ရှင်းပြထားပါသည်။

၂၀၀၃ ခုနှစ် ဇွန်လ၏ နေသာသော မနက်ခင်းဖြစ်သည်။ ကျွန်တော်အကျဉ်းကျနေသည့် မြင်းခြံအကျဥ်းထောင် သီးသန့်တိုက်သို့       အကျဥ်းဦးစီးဝန်ထမ်းတစ်ဦးက ယမန်နေ့ကထွက်သည့် သတင်းစာများ ယူဆောင်လာသည်။   

သတင်းစာများအနက် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် မြန်မာတိုင်းမ်သတင်းစာကိုလည်း ကျွန်တော်တို့ဖတ်ခွင့်ရသည်။ မြန်မာတိုင်းမ်တွင် ပါရှိသော သတင်းများသည် စစ်ခေါင်းဆောင်များ၏ လှုပ်ရှားမှုများကို မျက်နှာဖုံးသတင်းအဖြစ်လည်းကောင်း၊ ဝန်ကြီးဌာနများ၏ ထုတ်ပြန်ချက်များ၊ စီးပွားရေးကုန်သွယ်ရေးသတင်းများနှင့် AP၊ AFP သတင်း အေဂျင်စီများ၏ နိုင်ငံတကာသတင်းများဖြစ်သည်။ 

အင်္ဂလိပ်စာအရေးအသားကောင်းမွန်ခြင်းအပြင် စစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေဆုံမှုသတင်းများ၊ မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ရာဇာလီအစ္စမေးလ်၏ မြန်မာခရီးစဥ် သတင်းစာရှင်းလင်းပွဲများကို အခြားဂျာနယ်တို့မရေးသားခင် ရောင်စုံဓာတ်ပုံများဖြင့် ဦးစွာပါရှိ တတ်သောကြောင့် မြန်မာတိုင်းမ်ကို ကျွန်တော်ကြိုက်နှစ်သက်ပါသည်။ 

သို့ရာတွင် ထိုဇွန်လနံနက် ကျွန်တော့်ထံရောက်ရှိလာသော မြန်မာတိုင်းမ်စာစောင်ပါ မျက်နှာဖုံးသတင်းကို ဖတ်ရှုပြီး ကျွန်တော်ထိတ်လန့်သွားသည်။ သတင်းမှာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့သို့ ဝင်ရောက်လာသော စည်းကမ်းမဲ့ NLD မော်တော်ဆိုင်ကယ်သမားများကြောင့် မြို့ခံတို့မှာ ကြောက်ရွံ့နေကြပြီး မခံမရပ်ဖြစ်နေသည့် ဒေသခံများနှင့် ထိုစည်းကမ်းမဲ့ NLD ဆိုင်ကယ်သမားတို့ အချင်းများကြသည်ဟူ၏။ 

“NLD အလိုမရှိ”၊ “ပြည်ပအားကိုးပုဆိန်ရိုး” စသည့် စာတန်းပါ ဆိုင်းဘုတ်များကို မြို့ခံဆိုသူတို့က ကိုင်ဆောင်၍ လမ်းဘေးဝဲယာ၌ စနစ်တကျ တန်းစီ ဆန္ဒပြပုံကိုလည်း ထိုသတင်းတွင် ဖော်ပြထားသည်။ 

ထိုနေ့မှစ၍ မြန်မာတိုင်းမ်အား မည်သူများကဦးဆောင်နေပြီး၊ ဤဒီပဲယင်းသတင်းကို မည်သို့မည်ပုံရေးသားခဲ့သည်ကိုလည်း စုံစမ်းဦးမည်ဟု ကျွန်တော်စိတ်မှတ်ထားခဲ့ပါသည်။ 

တစ်နှစ်ခန့်အကြာ ၂၀၀၄ ခုနှစ်တွင် ထောက်လှမ်းရေးအဖွဲ့ဖျက်သိမ်းခံလိုက်ရသဖြင့် ထောက်လှမ်းရေးအဖွဲ့မှ ဗိုလ်မှူးချုပ်သိန်းဆွေ၊ ဗိုလ်မှူးချုပ်ခင်အောင်တို့လည်း ကျွန်တော်တို့ မြင်းခြံထောင်သို့ရောက်ရှိလာခဲ့ပါသည်။ မြင်းခြံထောင်သို့ ရောက်လာသည့် ဗိုလ်မှူးချုပ်သိန်းဆွေသည် ကျွန်တော်စိတ်ဝင်စားသည့် မြန်မာတိုင်းမ်သတင်းစာ၏ အဓိကပဲ့ကိုင်ရှင်ဆိုသည်ကို ကျွန်တော်သဘောမပေါက်ခဲ့ပါ။ 

မရှေးမနှောင်းပင်  ကျွန်တော်တို့ တစ်တိုက်လုံးရှိ နိုင်ငံရေးအကျဥ်းသားအများစုကို ထောင်ကလွှတ်ပေးလိုက်သည်။ ကျွန်တော်တို့အား ထောင်ကလွှတ်လိုက်ခြင်းသည် ထောက်လှမ်းရေးကဖမ်းထားသူအများအပြားကို လွှတ်ပေးခြင်းဖြစ်သည်။ 

ထောင်မှလွတ်ပြီး ၂၀၀၆ ခုနှစ်တွင် ကျွန်တော်သည် မြန်မာတိုင်းသို့  သတင်းထောက်အသင်အဖြစ် ရက်အနည်းငယ် လေ့လာရေးအဖြစ်သွားရောက်ခွင့်ရပါသည်။ စစ်တပ်ထိန်းချုပ်မှုအောက် မြန်မာနိုင်ငံရှိ သတင်းခန်းများ မည်သို့မည်ပုံလည်ပတ်နေသည်ကိုလေ့လာရန် ကျွန်တော်တက်ရောက်နေသည့် သင်တန်းတစ်ခုက စေလွှတ်ခြင်းဖြစ်ပါသည်။ 

ကျွန်တော်သိချင်သော ဒီပဲယင်းသတင်းကို ဤသတင်းခန်းက မည်သို့မည်ပုံထုတ်လုပ်ခဲ့ပုံကို မေးခွင့်မသာခဲ့ပါ။ အကြောင်းမှာ သတင်းခန်းတွင် တိုင်းပြည်၌ဖြစ်ပျက်နေသည့် ထိပ်တန်းရောက်နိုင်ငံရေးသတင်းအကြောင်းအရာများကို ရေးရန်ပင်မဆိုနှင့် ဆွေးနွေးမှုပင်မရှိပါ။ ဦးဆောင်နေသူများ၏ မူနှင့်သက်ဆိုင်ပါသည်။ တည်ရှိနေဆဲ စာပေစိစစ်ရေးစနစ်ကြောင့် ရေးရန်မဖြစ်နိုင်ရင်တောင် ဆွေးနွေးရန်တော့ကောင်းသည်ဟု တွေးမိပါသည်။ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအဖုံဖုံကို ရိုးရိုးသားသားကြိုးစားပြီး ရေးကြသည့်သတင်းထောက်များကိုလည်း မြင်တွေ့ခဲ့ရပါသည်။  

နောင် အနှစ် ၂၀ ခန့်အကြာ ကျွန်တော်သိချင်သည့် မြန်မာတိုင်းမ်၏ ဒီပဲယင်းသတင်း အကြောင်းကို သိခွင့်ဖြစ်ပေါ်လာပါသည်။ ၂၀၂၄ ခုနှစ်တွင် ထောက်လှမ်းရေး ဗိုလ်မှူးချုပ်ဟောင်း သိန်းဆွေနှင့် ဗိုလ်မှူးကြီးဟောင်းလှမင်းတို့ မင်းအောင်လှိုင်၏ အာဏာသိမ်းအပြီး ပထမဆုံးအကြိမ်သွားခွင့်ရမည့် တရုတ်ခရီးစဥ်အကြို ၎င်းတို့တရုတ်ပြည်သို့ရောက်ရှိနေသည့် သတင်းဖြစ်ပါသည်။ ၎င်းတို့သည် ပါရာဂွန်အင်စတီကျူ့ဆိုသည့် မြန်မာနိုင်ငံတွင် မကြားဖူးသည့် အဖွဲ့တစ်ခုကို ကိုယ်စားပြု၍ ရောက်ရှိနေခြင်းဖြစ်သည်။ 

ဦးသိန်းဆွေတို့၏ တရုတ်ခရီးစဥ်အား မြန်မာနောင်းက ဦးဦးဖျားဖျားထုတ်ဝေရာ စာဖတ်သူများ အထူးစိတ်ဝင်စားကြသဖြင့် တစ်ခါမျှ မကြားဖူးသော ၎င်းတို့၏  ပါရာဂွန်အင်စတီကျူဆိုသည့် အဖွဲ့အကြောင်းနှင့် ထိုအဖွဲ့တွင်ပါဝင်နေသူများအကြောင်း၊ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ၊ ပုဂ္ဂလိကနောက်ခံများကို မြန်မာနောင်းက လိုက်လံစုံစမ်းခဲ့ပါသည်။

ထိုစုံစမ်းမှုအတွင်း ဦးသိန်းဆွေသည် မြန်မာတိုင်းမ်သတင်းစာကို မည်သို့မည်ပုံကြိုးကိုင်ခြယ်လှယ်ခဲ့ပုံ၊ ထောင်ကလွတ်မြောက်ပြီးနောက်တွင်လည်း  ယခင်ထောက်လှမ်းရေးအရာရှိများနှင့် ပူးပေါင်းပြီး ကုမ္ပဏီထောင်ကာ စစ်တပ်ထံ ပစ္စည်းသွင်းနေပုံ၊ ထိုသို့ စစ်တပ်ထံ ပစ္စည်းသွင်းနေချိန်တွင် Frontier Myanmar သတင်းဌာနတွင်လည်း ပါဝင်ခဲ့ပုံကိုလေ့လာသိရှိခဲ့ရသည်။ 

ယခင်မြန်မာတိုင်းမ်တွင် လုပ်ကိုင်ခဲ့သည့် သြစတြေးလျနိုင်ငံသား အယ်ဒီတာက ဒီပဲယင်းသတင်းသည် ၎င်းအား ဗိုလ်မှူးချုပ်သိန်းဆွေကိုယ်တိုင် ထောက်လှမ်းရေးရုံးမှ ပေးပို့သည့်သတင်းဖြစ်ကြောင်းလည်း ပြောဆိုရှင်းပြသဖြင့် သိရှိခဲ့ရပါသည်။ 

ထိုအကြောင်းများကို အခြေခံ၍ “မြန်မာတိုင်းမ် နှင့် Frontier Myanmar သတင်းဌာနများ၏ ဝိုးတဝါး အတိတ်နှင့် ပစ္စုပ္ပန်” ဆောင်းပါးကို ရေးသား၍ မြန်မာနောင်းက ထုတ်ဝေလိုက်ပါသည်။ 

မြန်မာနောင်း စတင်ခဲ့သည့်သုံးနှစ်အတွင်းတွင် ကျွန်တော်တို့သတင်းဌာနသည့် သေးငယ်သည့် သတင်းဌာနတစ်ခုဖြစ်သည့်အပြင်၊ စာစောင်အနေဖြင့် ထုတ်နိုင်သည့် အခြေအနေလည်းမရှိသဖြင့်  ကျွန်တော်တို့ ရေးသားထုတ်လုပ်ထားသည့် သတင်းများအား မြန်မာနောင်းဝက်ဘ်ဆိုဒ်တွင် မတင်ခင် အခြားသတင်းတိုက်များကို ဦးစွာ ပုံနှိပ်ထုတ်ဝေစေသည့်  နည်းကိုကျင့်သုံးခဲ့ပါသည်။

ထိုအခြေအနေတွင် အခြား မြန်မာသတင်းခန်းများဆီ ကျွန်တော်နှင့် ကျွန်တော်တို့တိုက်ရှိ အယ်ဒီတာများက သွားရောက်ပြီး  ကျွန်တော်တို့သတင်းများအားအသုံးပြုပုံနှိပ်ပါရန် ပြောဆိုခဲ့ဖူးပါသည်။  

သတင်းလောကသည် ထိုသို့တစ်ဦးနှင့်တစ်ဦး အခြားနယ်ပယ်များကဲ့သို့ အပြန်အလှန် ဆက်ဆံမှုများရှိသဖြင့် ကျွန်တော့်အနေဖြင့်လည်း အခြားသတင်းဌာနများ၏ အကြောင်းများကို ရေးသားလိုခြင်းမရှိပါ။ 

သို့ရာတွင် မည်သည့်အကြောင်းအရာမဆို ပြည်သူတို့၏ အကျိုးစီးပွားရှိမည်ဆိုပါက ရေးရမည်ဆိုသည့်မူနှင့်အညီ မြန်မာနောင်းသည် ၂၀၁၉ ခုနှစ်တွင် တရုတ်အစိုးရက မြန်မာမီဒီယာများကို မည်သို့ငွေကြေးပေးပြီး အသုံးချနေပုံအကြောင်း ဆောင်းပါးရေးဖြစ်ခဲ့ပါသည်။ 

ယခုအခါတွင်လည်း စစ်ထောက်လှမ်းရေး၏ မီဒီယာကိုအသုံးချပုံ၊ မီဒီယာနှင့် ခရိုနီစီးပွားရေးလုပ်ငန်းရှင်များ အကြောင်းကို ထောက်လှမ်းရေးဟောင်းအဖွဲ့၏ ၂၀၂၄ ခုနှစ် တရုတ်ခရီးစဥ်အားအကြောင်းပြု၍ စုံစမ်းတွေ့ရှိမှုများအပေါ် အခြေခံ၍ မြန်မာနောင်းက ရေးဖြစ်လိုက်ပါသည်။ 

ဖတ်ရှုကြပါကုန်။