စုံစမ်းဖော်ထုတ်ရေးသားမှု

ဦးသန်းရွှေ အာဏာမစွန့်မီ သမီးများအတွက် တနင်္သာရီမှ မြေဧကရာချီ ရယူခဲ့

တိုင်းပြည်ဘဏ္ဍာ၊ သယံဇာတနှင့် စီးပွားရေးအင်ပါယာကို မည်သူမျှ မခန့်မှန်းနိုင်သော ပမာဏအထိ မောင်ပိုင်စီးပြီးဖြစ်လျက်နှင့်ပင် လောဘဇောမသတ်နိုင်သည့် စစ်အာဏာရှင်တို့၏ စရိုက်သဘာဝကို ပေါ်လွင်စေသည့် မြေပုံနှင့် အထောက်အထားတချို့ကို Myanmar Now က ရရှိထားသည်။

မြန်မာပြည်၏ တောင်ဘက်စွန်းအကျဆုံး တနင်္သာရီကမ်းမြှောင်ဒေသရှိ အလွန်လှပသော အက်ဒမန် (ကပ္ပလီ) ပင်လယ်ကမ်းစပ်ကို မေးတင်ထားသည့် ပြည်သူပိုင်မြေဧက ၂၀၀ နီးပါးကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို မစွန့်လွှတ်မီ လပိုင်းအလိုတွင် သမီးများထံ မည်သို့မည်ပုံ လွှဲပေးခဲ့သည်ကို ထိုစဉ်က သစ်တောရေးရာဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော စာရွက်စာတမ်းများအရ သိရှိရသည်။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မျှော်ရစ်သဘာဝကြိုးဝိုင်းဧရိယာတွင် ပါဝင်သည့် ပင်လယ်ကမ်းစပ်တစ်လျှောက်ရှိ မြေ ၁၇၂ ဧကကို ဦးသန်းရွှေက ၂၀၁၁ ဖေဖော်ဝါရီလအတွင်း ကြိုးဝိုင်းမြေအဖြစ်မှ ပယ်ဖျက်၍ သမီးဖြစ်သူ ဒေါ်သန္တာရွှေ၊ ဒေါ်ဒေဝါရွှေတို့၏ ကုမ္ပဏီကို ပေးခဲ့ခြင်း ဖြစ်သည်။

၂၀၁၀ နိုဝင်ဘာ ၇ တွင် နေပြည်တော်၌ မဲပေးနေသည့် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ။ ထိုရွေးကောက်ပွဲဖြင့် သူ၏ တပည့် စစ်ဗိုလ်ချုပ်များကို အာဏာလွှဲပေးခဲ့သည်။ ဓာတ်ပုံ – AFP

ထိုစဉ်က ဦးသန်းရွှေသည် စစ်ယူနီဖောင်းဝတ်အစိုးရ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဥက္ကဋ္ဌအဖြစ် ရှိနေဆဲဖြစ်သည်။ သူဦးဆောင်သည့် နအဖ၏ သစ်တောရေးရာဝန်ကြီးဌာနက ၂၀၁၁ ခုနှစ်၊ ဖော်ဖော်ဝါရီ ၂၁ ရက်နေ့တွင် ဒေါ်သန္တာရွှေ၊ ဒေါ်ဒေဝါရွှေတို့ ဒါရိုက်တာအဖြစ် တာဝန်ယူထားသော Win Hotel & Resorts Co, Ltd (ဝင်းဟိုတယ်နှင့်အပန်းဖြေလုပ်ငန်းကုမ္ပဏီလီမိတက်) ကို ‘ဟိုတယ်လုပ်ငန်းအတွက်’ ဟု အကြောင်းပြ၍ ထိုမြေများလွှဲပေးသည်။

ထိုသို့လွှဲပြီး တစ်လဝန်းကျင် ၂၀၁၁ မတ် ၃၀ ရက်နေ့တွင် စစ်ယူနီဖောင်းဖြင့် တိုင်းပြည်ကို နှစ် ၂၀ နီးပါး အုပ်ချုပ်ခဲ့သည့် ဦးသန်းရွှေက နအဖ ဥက္ကဋ္ဌ၊ တပ်ချုပ်အဖြစ်မှ အနားယူသည်။ ၂၀၁၀ တွင် အတုအယောင်ရွေးကောက်ပွဲကျင်းပကာ ၎င်းကိုယ်တိုင် အရပ်ဝတ်ပြောင်းဝတ်ခိုင်းထားသည့် သူ၏ တပည့် ဗိုလ်ချုပ်ကြီးဟောင်းများ ဦးဆောင်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ရွေးကောက်ပွဲတွင် အနိုင်ပေးခဲ့ပြီးနောက် ဦးသန်းရွှေက အာဏာလွှဲပေးခဲ့ခြင်းဖြစ်သည်။

ဦးသန်းရွှေ၏ သမီးနှစ်ဦးထံ အမိန့်ကြော်ငြာစာအမှတ် (၀၅၁/၂၀၁၁) ဖြင့် မြေများလွှဲပေးခဲ့သူမှာ ၎င်း၏ သစ်တောဝန်ကြီး ထိုစဉ်က ဗိုလ်မှူးချုပ်သိန်းအောင်ဖြစ်သည်။ ဦးသန်းရွှေ အာဏာလွှဲပေးခဲ့သည့် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးအစိုးရလက်ထက်တွင် ဗိုလ်မှူးချုပ်သိန်းအောင်သည် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်ဖြစ်လာသည်။ လက်ရှိတွင် ဦးသိန်းအောင်သည် ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံအဖွဲ့ဝင်အဖြစ် ရှိနေဆဲဖြစ်သည်။ ဦးသိန်းအောင်၏ သားဖြစ်သူမှာ စစ်တက္ကသိုလ်အပတ်စဉ် (၃၈) ဆင်း ဗိုလ်ချုပ်ဇော်ဟိန်းဖြစ်ပြီး လက်ရှိအာဏာရှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် တာဝန်ပေးထားသည်။

ပြည်သူပိုင်မြေ ရယူမှု ရာဇဝင်

အဖြူရောင်သဲသောင်ကမ်းခြေရှိသည့်၊ နှစ်ရှည်သစ်ပင်များဖြင့် စိမ်းညို့နေပြီး အလွန်လှပသည့် တနင်္သာရီကမ်းရိုးတမ်းရှိ မြေကို တိတ်တဆိတ်ယူထားသည့် ဒေါ်ဒေဝါရွှေနှင့် ဒေါ်သန္တာရွှေတို့၏ Win Hotel & Resorts Co, Ltd မှတ်ပုံတင်အမှတ်မှာ ၁၁၇၇၃၄၀၉၉ ဖြစ်ပြီး ရန်ကုန်၊ လှိုင်မြို့နယ်၊ ပြည်လမ်းနှင့် ရွှေဟင်္သာလမ်းထောင့်ရှိ ရွှေလရောင်တာဝါတွင် ရုံးချုပ်တည်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှတ်တမ်းတွင် တွေ့ရသည်။

ဦးသန်းရွှေသမီးများ မျက်စိကျခဲ့သော ကမ်းရိုးတန်းမြေနေရာသည် လောင်းလုံးမြို့ အနောက်မြောက်ဘက် မျှော်ရစ်ဆံတော်ရှင်စေတီအနီးတွင် ရှိသည်။ အိမ်ခြေ ၃၀၀ကျော် ရှိသော ကမ်းပနီရွာနှင့် အနီးကပ်ဆုံးဖြစ်သည်။ ကမ်းပနီရွာသည် ကျောက်ဆင်ရွာ၊ သဘော့ဆိပ်ရွာ၊ ပြင်ကြီးရွာ၊ ကရင်ကြီးရွာတို့နှင့်အတူ ကျောက်ဆင်ကျေးရွာအုပ်စုတွင် ပါဝင်သည်။ ထိုဒေသတွင် ပင်လယ်ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးသူ အများစုနေထိုင်သည်။ စိုက်ပျိုးရေးလုပ်ကိုင်သူများလည်း ရှိသည်။

ဒူးရင်း၊ ရာဘာ၊ အုန်း၊ ကွမ်းသီး၊ ပိန္နဲ၊ သီဟိုဠ် စသည့် နှစ်ရှည်ပင်များ အပြည့်ဖြင့် စိမ်းစိမ်းစိုစိုရှိပြီး အက်ဒမန်ပင်လယ်ပြင်နှင့် ထိစပ်နေသော ထိုဒေသတွင် ဘိုးဘွားစဉ်ဆက် ဓားမဦးချ လုပ်ကိုင်လာသည့် ဒေသခံတို့၏ ဥယျာဉ်ခြံမြေများရှိသည်။ ၂၀၀၁ တွင် မျှော်ရစ်စေတီ အနီးတစ်ဝိုက်ရှိ လယ်မြေ၊ ဥယျာဉ်ခြံမြေ၊ ရွာမြေ စုစုပေါင်း ၁၇၆၃၂ ဧကကို နအဖအစိုးရက မျှော်ရစ်သဘာဝကြိုးဝိုင်းအဖြစ် သတ်မှတ်သည်။ ထိုအထဲတွင် ကျောက်ဆင်ကျေးရွာအုပ်စု အပါအဝင် ကျေးရွာပေါင်း ၁၂ ရွာမှာ ကြိုးဝိုင်းမြေဧရိယာထဲတွင် ပါဝင်သွားသည်။

အာဏာရှင်အမိန့်ဖြင့် ရုတ်တရက် ပြည်သူပိုင်သိမ်းခဲ့သော မြေများထဲမှ ဧက ၂၀၀ နီးပါးကို နောင် ၁၀ နှစ်အကြာတွင် ကြိုးဝိုင်းမြေအဖြစ်မှ ပယ်ဖျက်ကာ ဦးသန်းရွှေက သူ့သမီးများကို လက်သိပ်ထိုးပေးခဲ့ခြင်း ဖြစ်သည်။

အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ သမီးများ သိမ်းယူလိုက်သည့် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မျှော်ရစ်သဘာဝကြိုးဝိုင်းဧရိယာတွင် ပါဝင်သည့် ပင်လယ်ကမ်းခြေရှိ မြေ ၁၇၂ဧက တည်နေရာ။

၎င်းတို့၏ လယ်မြေ၊ ဥယျာဉ်ခြံမြေများအတွက် အခွန်ပေးခဲ့ရပြီး နှစ်အလိုက် မြေခွန်ပြေစာများ လက်ဝယ်ရရှိခဲ့ကြောင်း ဒေသခံအချို့ထံမှ စုံစမ်းသိရှိရသည်။

စစ်အစိုးရက သဘာဝကြိုးဝိုင်းမြေအဖြ သတ်မှတ်ပြီးနောက်တွင်မူ မြေခွန်ဆောင်ကာ စိုက်ခွင့်ပျိုးခွင့်မရတော့သော်လည်း မူလနေရာတွင် ယနေ့တိုင် ပိုနေမြဲကျားနေမြဲ နေထိုင်ခွင့်ရခဲ့ကြောင်းလည်း ၎င်းတို့က ပြောကြသည်။

ထိုခေတ်က ကျောက်ဆင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတာဝန်ယူခဲ့သည့် ဦးသိန်းစိုး၏ အဆိုအရ ကြိုးဝိုင်းမြေအဖြစ် သတ်မှတ်ပြီး ၉ နှစ်အကြာ ၂၀၁၀ တွင် ၎င်းတို့ဒေသသို့ တပ်အရာရှိတချို့ အရပ်ဝတ်ဖြင့် ရောက်လာကာ ပင်လယ်ကမ်းစပ်တစ်လျှောက် မှန်ဘီလူးဖြင့် တစ်ဖုံ၊ လှေဖြင့် တစ်နည်း လှည့်လှည် ကြည့်ရှုခဲ့ပြီးနောက်တွင် ထိုသို့ မြေလွှဲပြောင်းမှု ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ကြည့်သွားပြီး နောက်တစ်လလောက်မှာ ဒီနေရာကို သူတို့ ဝယ်ချင်တယ်ဆိုပြီး ယောက်ျားနှစ်ယောက် ပြန်ရောက်လာတာ။ အဲဒီတုန်းကတော့ ဦးသန်းရွှေ ဘာညာတော့ ကျွန်တော်တို့ မသိခဲ့ဘူး” ဟု အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်သည့် အုပ်ချုပ်ရေးမှူးဟောင်းက ပြောသည်။

မြေတစ်ဧကကို ငွေကျပ် ၂ သိန်းမှ ၆ သိန်းအတွင်း ညှိနှိုင်းကာ ဝယ်ယူသွားသည့် ထိုအမျိုးသားနှစ်ဦးသည် အငြိမ်းစားတပ်အရာရှိများဖြစ်သည်ဟု တစ်စွန်းတစ်စကြားရရုံမှအပ ပြုသမျှ နုခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

လပိုင်းရက်ပိုင်းအတွင်း သံဆူးကြိုးဖြင့် စည်းရိုးခတ်ပစ်လိုက်သည့် မြေ ၁၇၂ ဧကမှာ ဦးသန်းရွှေသမီးများအတွက် ဖြစ်သည်ကိုမူ နှစ်အတန်ကြာမှ ကြားသိခဲ့ရကြောင်း အထက်ပါ အုပ်ချုပ်ရေးမှူးဟောင်းနှင့် ဒေသခံနှစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက ဟိုတယ်ဖွင့်မည်ဟု အကြောင်းပြ၍ ဦးသန်းရွှေသမီးများ လက်တစ်လုံးခြား ရယူခဲ့သည့် မြေနေရာတွင် ယနေ့အချိန်အထိ မည်သည့်လုပ်ငန်းမျှ အကောင်အထည်ဖော်ခြင်းမရှိသေးဟု ၎င်းတို့ထံမှ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှတ်တမ်း။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှတ်တမ်း။

ဒေသခံတို့ မြေစွန့်လွှတ်ရန် စစ်ဗိုလ်များက ဖိအားပေးခဲ့သည်ဟု တနင်္သာရီတိုင်းလွှတ်တော် လောင်းလုံမြို့နယ် အမှတ် (၁) မဲဆန္ဒနယ် အမတ်ဟောင်း ဦးဗိုလ်ထွေးက ပြောသည်။

“မဖြစ်စလောက်ဈေးနဲ့ပေါ့ဗျာ၊ လာပြီးတော့ ခင်ဗျားရောင်းမှ ရတော့မယ်၊ မရောင်းရင် ဘယ်သူက သိမ်းတော့မယ်၊ အလကားဖြစ်မယ့်အတူ ဒီလောက်နဲ့ ရောင်းလိုက်ပါ၊ ကျေနပ်လိုက်ပါ ဆိုပြီးတော့ လုပ်သွားတာ” ဟု သူက ပြောသည်။

ဦးဗိုလ်ထွေးသည် ၂၀၁၅ မှ ၂၀၂၀ အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြု၍ လောင်းလုံမြို့နယ် တိုင်းလွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၂၀၂၁ တွင် NLD အစိုးရကို ဖြုတ်ချကာ ဦးသန်းရွှေထံမှ တပ်ချုပ်ရာထူးအမွေဆက်ခံသူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းလိုက်ပြီးနောက် စစ်ကောင်စီက ဆန့်ကျင်သူမှန်သမျှကို အတိုင်းအဆမဲ့ ရက်ရက်စက်စက်ပြုမူနေသဖြင့် နေရပ်စွန့်၍ လွတ်မြောက်ရာထွက်ပြေးရသူများထဲတွင် ဦးဗိုလ်ထွေးလည်း ပါဝင်သည်။

နိုင်ငံကို ခေတ်ဆိုးထဲသို့ တစ်ကျော့ပြန်ဆွဲချသွားသည့် စစ်ကောင်စီလက်ထက် ၃ နှစ်နီးပါးအတွင်း ကျောက်ဆင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ဦးထက်မနည်း သတ်ဖြတ်ခံရပြီးနောက်တွင် ထိုရွာ၌ အုပ်ချုပ်ရေးတာဝန်ကို အမည်ခံ၍ ထမ်းဆောင်သူ မရှိတော့ဟု သိရသည်။

တနင်္သာရီကမ်းရိုးတမ်းမှ မျှော်ရစ်သစ်တောကြိုးဝိုင်းမြေ ရယူမှုနှင့် ပတ်သက်၍ Win Hotel & Resorts Co, Ltd ကို တယ်လီဖုန်း၊ အီးမေးတို့ဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေဆိုမှု၊ အကြောင်းပြန်ကြားမှု မရှိသေးပေ။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မျှော်ရစ်သဘာဝကြိုးဝိုင်းဧရိယာတွင် ပါဝင်သည့် ပင်လယ်ကမ်းခြေရှိ မြေ ၁၇၂ ဧကကို ၂၀၁၁ တွင် ကြိုးဝိုင်းမြေအဖြစ်မှ ပယ်ဖျက်ခဲ့သည့် အမိန့်စာ။

စစ်အာဏာရှင်စနစ်၏ စရိုက်လက္ခဏာ

ထွန်းနိုင်ရွှေ၊ ကြိုင်ဆန်းရွှေ၊ သန္တာရွှေ၊ ခင်ပြုံးရွှေ၊ အေးအေးသစ်ရွှေ၊ ကြည်ကြည်ရွှေ၊ ဒေဝါရွှေ၊ သန့်ဇော်ရွှေ အမည်ရ သားသမီး ၈ ဦးရှိသည့် အာဏာရှင်ဟောင်းကြီး ဦးသန်းရွှေ၊ ဒေါ်ကြိုင်ကြိုင်မိသားစု လောဘဇောဆိုင်ရာ အပုပ်နံ့များမှာ အထက်ပါ ကမ်းရိုးတမ်းမြေ ကျိတ်ပုန်းခုတ်မှုတစ်ခုတည်းရှိသည် မဟုတ်ပါ။

လက်ရှိတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ခြောက်လုံးတန်းအိမ်ရာတွင် နေထိုင်သော အသက် ၉၀ ကျော်အရွယ် ဦးသန်းရွှေ၏ သားသမီးများသာမက မြေးများ၏ စီးပွားရေးသောင်းကျန်းမှု၊ ပြည်သူပိုင်ပစ္စည်း ထင်သလိုရယူသည့် ဇာတ်လမ်းများမှာ ပြောမဆုံးပေါင် တောသုံးထောင် ရှိသည်။

သို့သော် အာဏာဆိပ်ပြင်းသော ဦးသန်းရွှေနှင့် မိသားစုဝင်များ၏ တိုင်းပြည်ဘဏ္ဍာ မတော်မတရားရယူမှု သက်သေအထောက်အထားများကို တွေ့ရခဲသည်။ သူကိုယ်တိုင်တည်ခဲ့သည့် နေပြည်တော်ရှိ အချက်အချာကျသော နေရာတိုင်းတွင် ဦးသန်းရွှေမိသားစုနှင့် တပည့်တပန်း စစ်အသိုင်းအဝိုင်းဝင်များ ပိုင်ဆိုင်သော အိုးအိမ်၊ တိုက်တာ၊ ဟိုတယ်၊ ဈေးဝယ်စင်တာ၊ ပွဲရုံတန်းနှင့် လုပ်ငန်းများအကြောင်း မကြားချင်မှ အဆုံးပင်ဖြစ်သည်။

ထိုအထဲမှ လူပြောအများဆုံးတစ်ခုမှာ နေပြည်တော်၊ ပျဉ်းမနားမြို့၊ နှင်းဆီပန်းအဝိုင်းအနီးမှ “သမီးတော်အိမ်ရာ” ဟု ကျော်ဇောသည့် ပုံစံတူ ခေတ်မီဒီဇိုင်းဖြင့် ဆောက်လုပ်ထားသော လုံးချင်းတိုက်အိမ် ၈ လုံးဖြစ်သည်။ ထိုနေအိမ်များကို သားသမီး ၈ ဦးရှိသော နေပြည်တော်မြို့တည် အာဏာရှင်ဟောင်းကြီး ဦးသန်းရွှေခေတ် ၂၀၁၀ ကတည်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုအိမ်များတွင် ယနေ့တိုင် မည်သူမျှ နေထိုင်ခြင်းမရှိ။ ပြုပြင်ထိန်းသိမ်းမှုကိုသာ ပုံမှန်လုပ်နေကြောင်း တွေ့ရသည်။

နေပြည်တော်၊ ပျဉ်းမနားမြို့ နှင်းဆီပန်းအဝိုင်းအနီးမှ သမီးတော်အိမ်ရာဟု ကျော်စောသည့် နေအိမ်များ။

“သူတို့ပိုင်ဆိုင်မှုက ခန့်မှန်းရခက်တယ်လေ။ ဒါက အနိုင်ကျင့်တဲ့သဘောပေါ့။ သူတို့လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး လုပ်တဲ့သဘောမျိုးလေ။ ဒေသခံလူထုဆိုတာ သူတို့ဂရုစိုက်တာမှ မဟုတ်တာ” ဟု ပျဉ်းမနားမြို့ခံ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ဦးသန်းရွှေ အနားယူသွားပြီး ၁၀ နှစ်အကြာ ၂၀၂၁ ဖေဖော်ဝါရီတွင် လက်ရှိစစ်ခေါင်းဆောင် အာဏာငန်းထပ်ဖမ်းပြန်သည့် စစ်ကောင်စီခေတ်တွင်လည်း တိုင်းပြည်ဘဏ္ဍာကို ကုပ်သွေးစုပ်သည့် စစ်တပ်အသိုင်းအဝိုင်းများ၏ အပုပ်နံ့များ အဆက်မပြတ် အူထွက်လာနေသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိသားစု၏ စီးပွားရေးသောင်းကျန်းမှုများမှာ တပ်ချုပ်ရာထူးအမွေဆက်ခံချိန် ၂၀၁၁ နောက်ပိုင်း တဖြည်းဖြည်း ပုတ်လို့ပေါ်၊ ဟုတ်လို့ကျော်နှင့်ပြီးဖြစ်ရာ ထိုခြေရာကို သူ့တပည့်သားသမီးများကလည်း ထက်ကြပ်လိုက်နင်းကြသည်။

သူ၏ ဇနီး ဒေါ်ကြူကြူလှမှာ ခင်ပွန်းဖြစ်သူ၏ တပ်ချုပ်ရာထူးလစာဖြင့် မည်သို့မျှ ထည်လဲ မဝယ်နိုင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး အဝတ်အစားနှင့် အသုံးအဆောင်များ ထုတ်လုပ်သော ဖက်ရှင်ကုမ္ပဏီ Louis Vuitton ၏ ဖောက်သည်ကြီးဖြစ်သည်။

သူတို့၏ သား အောင်ပြည့်စုံသမီး ခင်သီရိသက်မွန်တို့သည်လည်း ဆေးရုံလုပ်ငန်း၊ ပန်းချီပြခန်းမှစ၍ ရုပ်ရှင်ထုတ်လုပ်ရေးအဆုံး ဝင်ငွေ မြိုးမြိုးမြက်မြက်လည်းရ၊ လူပေါင်းလဲ ဆံ့နိုင်သည့် စီးပွားရေးနယ်ပယ်မျိုးစုံတွင် ခြေဆန့်နေကြသည်။ သူတို့ မိသားစုသည်လည်း ဦးသန်းရွှေခေတ်ကနည်းတူ ပြည်သူပိုင်အိုးအိမ်ကို ကိုယ်ကျိုးအတွက် ထင်သလိုယူငင် သုံးစွဲကြပြန်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့ကို ၂၀၂၃ ခုနှစ်က ကျင်းပသည့် ရန်ကုန်မြို့တရုတ်နှစ်သစ်ကူးပွဲ၌ တွေ့ရစဉ်။ ဓာတ်ပုံ – AFP

ခေါင်ကပင် မိုးမလုံဖြစ်နေချိန်တွင် စစ်ကောင်စီဝင် ဗိုလ်ချုပ်ကြီးများအကြား ဝင်ငွေလာဘ်လာဘကို အခြေခံသည့် ဖြုတ်ထုတ်ရှင်းပွဲများ ဘူးပေါ်သလို ပေါ်လာသည်။ ကိုယ့်တာပင် ကိုယ်လုံအောင် မထိန်းနိုင်သည့် စစ်ခေါင်းဆောင်က သူတော်ကောင်းယောင်ဆောင်ကာ သူ့လက်ရုံး၊ သူ့နေရာဆက်ခံမည့်သူဟု သတင်းကြီးသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အရာချလိုက်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ နိုင်ငံခြားငွေကြီးကြပ်မှုကော်မတီ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီတို့တွင် ဥက္ကဋ္ဌတာဝန်ယူကာ စီးပွားရေး၊ ငွေရေးကြေးရေး၊ ကုန်သွယ်ရေးတို့ကို ကြိုးကိုင်ခြယ်လှယ်ခဲ့သူ တပည့်ဖြစ်သူကို မည်သည့်အတွက် ထိုရာထူးများမှ ထုတ်ပယ်လိုက်ကြောင်း စစ်ကောင်စီက ထုတ်မပြောသေးပေ။

Myanmar Now က ရရှိထားသော သတင်းအရ တပ်ချုပ်က သူ့ကို လာဘ်စားမှုဖြင့် အရေးယူခဲ့ခြင်းဖြစ်သည်။ ရှင်းထုတ်ခံရသူများထဲတွင် ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်၊ စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်တို့လည်း ပါဝင်သည်ဟု ဆိုသည်။

ထိုသို့ အသံကောင်းဟစ်နိုင်သည့် လုပ်ရပ်ဖြင့် စစ်ခေါင်းဆောင်က၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာအရေး ကဏ္ဍစုံတွင် ကျဆင်းနိမ့်ပါးနေ၍ အထက်အောက်ရိုကျိုးရသည့် တပ်တွင်း၌ပင် ဂုဏ်သရေပျက်ယွင်းနေသော သူ့ပုံရိပ်ကို အဖတ်ဆယ်နိုင်လိမ့်မည်ဟု မျှော်လင့်ကောင်း မျှော်လင့်နေနိုင်သည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် လပိုင်းအတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူ ဗိုလ်ကြီးဇင်ယော်ကမူ ပြည်သူ့ဘဏ္ဍာကို မြိန်ရေရှက်ရေ စားလေ့ရှိသည့် ဓလေ့မှာ တပ်တွင်း၌ မည်သည့်ရာထူး၊ အဆင့်အတန်းမဆို ယဉ်ပါးပြီးဖြစ်၍ မည်သူက မည်သူ့ကို အရေးယူယူ ထူးခြားရန်မရှိဘဲ တိုင်းပြည်ပျက်ရုံသာရှိမည်ဟု ပြောသည်။

“တပ်ရင်းမှူးတစ်ယောက် ပြောင်းသွားရင် တပ်က ကောင်းလာတာ မရှိဘူး။ အခုလည်း အဲ့လိုပဲ။ တပ်ချုပ်အသစ်တစ်ယောက်ပြောင်းသွားတယ်၊ တိုင်းပြည်ကို အုပ်ချုပ်သွားတယ်ဆိုရင် တိုင်းပြည်ဟာ ဖွတ်ဖွတ်ညက်ညက် ကျန်ခဲ့တာပဲ။ သူတို့တော့ ချမ်းသာသွားတာပေါ့” ဟု စစ်သက်နှစ် ၂၀ ရှိသူ၊ မန္တလေးမြို့အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ကြီးဇင်ယော်က ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button