
ခရီးသွားလုပ်ငန်းများ အမြန်ဆုံးပြန်လည်စတင်ရန် ပြောကြားပြီး နောက်တစ်ရက်တွင် အာဏာသိမ်းစစ်ခေါင်းဆောင်၏ သားပိုင်ဟိုတယ်၌ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွင့်လှစ်ခြင်းအခမ်းအနား ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားကို ဧရာဝတီတိုင်း ချောင်းသာကမ်းခြေရှိ Azura Beach ကျင်းပခဲ့ကြောင်း ယနေ့ (မတ် ၂၂) ထုတ် ကြေးမုံသတင်းစာ၌ ပါရှိပြီး အဆိုပါ ဟိုတယ်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားဖြစ်သူ ဦးအောင်ပြည့်စုံပိုင်ဆိုင်သည့် ဟိုတယ်ဖြစ်သည်။
ခရီးသွားလုပ်ငန်းများ အမြန်ဆုံး ပြန်လည်စတင် သွားရေးကိစ္စများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက အထူးအလေးအနက်ထား မှာကြားထားသ်ဟုလည်း စစ်ကောင်စီ၏ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီး ဦးမောင်မောင်အုန်းက အဆိုပါ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ချောင်းသားကမ်းခြေရှိ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ခရီးသွားလုပ်ငန်းမှ နိုင်ငံ့ဝင်ငွေရှာရေး အစည်းအဝေးကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သားပိုင် ထိုဟိုတယ်၌ပင် ကျင်းပခဲ့သည်ဟု သိရသည်။
ဖေဖော်ဝါရီ ၁ ရက်က စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူများအပေါ် စစ်ကောင်စီလက်နက်ကိုင် များက အကြမ်းပတမ်းပစ်ခတ်သတ်ဖြတ်မှုများ၊ ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်နေသည့်အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားသမီးများနှင့် ၎င်းတို့ပိုင် စီးပွားရေးလုပ်ငန်း ၆ ခုကို အမေရိကန် အစိုးရက ဒဏ်ခတ်အရေးယူခဲ့သည်။
ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံထားရသည့် အစိုးရကိုဖယ်ရှားပြီး အာဏာသိမ်းယူပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ရက်ရက်စက်စက်သတ်ဖြတ်နေသည့်အတွက် ထိုသို့အရေးယူ တုံ့ပြန် လိုက်ခြင်းဖြစ်ကြောင်း အမေရိကန်အစိုးရ ထုတ်ပြန်ကြေညာခဲ့သည်။
ပြည်သူများအား ရက်စက်ကြမ်းတမ်းစွာပစ်သတ်နေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားဖြစ်သူ ပိုင်ဆိုင်သည့် Azura Beach Resort နှင့်ပတ်သက်၍ အမေရိကန်အခြေစိုက် Hotels.com အပါအဝင် ခရီးသွားကြိုတင်လက်မှတ်များ ရောင်းချသည့် Booking Sites များအနေဖြင့် ကြေညာဝန်ဆောင်မှုပေးနေခြင်းကို ချက်ချင်းရပ်ဆိုင်းရန် Justice for Myanmar က မတ် ၁၆ တွင် တောင်းဆိုထားသည်။
စစ်ခေါင်းဆောင်၏ သားဖြစ်သူ အောင်ပြည့်စုံသည် ဖခင်ဖြစ်သူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သည့် ၂၀၁၁ နောက်ပိုင်းမှစ၍ ၎င်း သို့မဟုတ် ၎င်း၏ ဇနီးအမည်ဖြင့် ရောင်းဝယ်ရေး၊ ဆေးပစ္စည်း၊ ဆောက်လုပ်ရေး၊ ဟိုတယ်လုပ်ငန်းများအပြင် ဖျော်ဖြေရေးနှင့်ပတ်သက်သော ကုမ္ပဏီများကို ထူထောင်လုပ်ကိုင်ခဲ့သည်။
အောင်ပြည့်စုံသည် ချောင်းသာကမ်းခြေတွင် အကြီးမားဆုံးဖြစ်သည် Azura beach Resort သာမက Sky One ဆောက်လုပ်ရေးကုမ္ပဏီ၊ ဆေးပစ္စည်းကုမ္ပဏီတစ်ခုဖြစ်သည် A & Mahar ကုမ္ပဏီတို့ကို ပိုင်ဆိုင်ထား သည်။
ထို့အပြင် အောင်ပြည့်စုံသည် ရန်ကုန်မြို့၌ အချက်အချာကျသည် ပြည်သူ့ရင်ပြင် Yangon restaurant နှင့် Yangon Gallery အမည်ဖြင့် အနုပညာပြခန်း၊ စားသောက်ဆိုင်လုပ်ငန်းတို့ကို ဈေးနှုန်းအဆမ တန်သက်သာစွာဖြင့် လုပ်ကိုင်ခွင့် ရခဲ့သည်။
၂၀၁၆ ခုနှစ်အတွက် ဒဂုံမြို့နယ်၏မြေငှားရမ်းခကို တစ်စတုရန်းပေလျှင် ၃၉၆၈ ကျပ်ဟု စည်ပင်က သတ်မှတ်ခဲ့သော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ကုန်သည်အထိ အောင်ပြည့်စုံသည် ပြည်သူ့ယာဉ်ပြင်ကဲ့သို့ နေရာမျိုး၌ တစ်လလျှင် ကျပ် ၁၀ သိန်းနှုန်းမျှဖြင့် ငှားရမ်းခွင့် ရခဲ့သဖြင့် တစ်စတုရန်းပေလျှင် ကျပ် ၁၆ ဒသမ ၆၆ နှုန်းသာ ပေးခဲ့ရသည်။
အောင်ပြည့်စုံသည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာဖြစ်သော Mytel ၌ ရှယ်ယာအများဆုံးပိုင်ဆိုင်သူ တစ်ဦးဖြစ်သည့်အပြင် အင်ယားကန်စောင်း၌ ကန်သာယာဆေးရုံ တည်ထောင်၍ စီးပွားရေးများလုပ်ကိုင်လျက်ရှိသည်။