
ကြံခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ခရိုနီစီးပွားရေးလုပ်ငန်းရှင် ဦးရန်ဝင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် မြန်မာ့ခရီးသွားဘဏ် (MTB) သည် စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးကုမ္ပဏီနှင့် ပူးပေါင်း၍ လုပ်ငန်းများချဲ့ထွင်နေကြောင်း စုံစမ်းသိရှိရသည်။
စစ်ကောင်စီ ထိန်းချုပ်မှုကြောင့် ဘဏ်လုပ်ငန်းကို ယုံကြည်မှုနည်းပါးနေချိန်၊ စစ်တပ်ထုတ်ကုန်များကို ဝိုင်းဝန်းသပိတ်မှောက်နေချိန် ထိုဘဏ်က ထိုသို့ပူးပေါင်းလိုက်ခြင်းဖြစ်သည်။
ငွေပေးချေမှုနှင့် လွှဲပြောင်းမှုများအတွက် အခက်အခဲမရှိဘဲ ကိုယ်တိုင်ထိန်းချုပ်ဆောင်ရွက်နိုင်သည့် ဒစ်ဂျစ်တယ် ငွေပေးချေဝန်ဆောင်မှုပေးရန် Mytel Pay နှင့် ၂၀၂၃ နိုဝင်ဘာတွင် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြောင်း MTB ဘဏ်က ယခုနှစ်ဆန်းတွင် သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်ရှိ မြန်မာ့ခရီးသွားဘဏ် ရုံးချုပ်တွင် ထိုဘဏ်၏ အမှူဆောင်အရာရှိချုပ် ဦးဝင်းလွင်၊ Mytel Pay ၏ Chief Commercial Officer ဖြစ်သူ Mr Pham Manh Hung တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် တွေ့ရသည်။
Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ဘဏ်က မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေကြေးလွှဲပြောင်းခြင်း၊ ဖုန်းဘေဖြည့်ခြင်း၊ ချေးငွေလျှောက်ထားခြင်း စသည့် ဝန်ဆောင်မှုများ ပေးမည်၊ လက်မှတ်ရေးထိုးထားဆဲအဆင့်သာဖြစ်၍ အသုံးပြုနိုင်မည့်အချိန်ကို ထပ်ဆင့်ကြေညာမည်ဟု အကြောင်းပြန်ခဲ့သည်။
မြန်မာခရီးသွားဘဏ်သည် အထင်ကရဘဏ်တစ်ခု မဟုတ်ပေ။
ပုဂ္ဂလိကဘဏ်ပေါင်း ၂၇ ခု ရှိသည့်အနက် မြန်မာခရီးသွားဘဏ်သည် ၂၀၁၈ ဇူလိုင်တွင် လိုင်စင်ရရှိထားပြီး ၂၀၁၉ မေတွင် ပထမဆုံးဘဏ်ဖွင့်လှစ်ခဲ့သည်။ လက်ရှိတွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ကရင်နှင့် ရှမ်းပြည်နယ်တို့တွင် ဘဏ်ခွဲပေါင်း ၁၇ ခုအထိ ဖွင့်လှစ်ထားသည်။
ပြည်တွင်းခရီးသွားလုပ်ငန်းရှင် ၂၆ ဦးက မတည်ငွေ ကျပ် ၂၂ ဘီလျံဖြင့် အစပြုထားသည့် ထိုဘဏ်ကို ထူထောင်သူထဲတွင် ဦးရန်ဝင်းလည်း ပါဝင်သည်။
ခေတ်အဆက်ဆက် စစ်အာဏာရှင်များနှင့် ပုလဲပနံသင့်ခဲ့သူတစ်ဦးဖြစ်သည်ဟု သတင်းထွက်ထားသည့် ဦးရန်ဝင်းသည် စီးပွားရေးဆိုင်ရာ လုပ်ကိုင်ခွင့်အများအပြား ရရှိခဲ့ပြီး မြန်မာ့ခရီးသွားဘဏ်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် နာမည်ကြီး A1 ကုမ္ပဏီအုပ်စု၏ ဥက္ကဋ္ဌလည်းဖြစ်သည်။
သို့သော် မြန်မာ့ခရီးသွားဘဏ်တွင် ဦးရန်ဝင်း၏ ရှယ်ယာပိုင်ဆိုင်မှု မည်မျှရှိသည်ကို မသိရသေးပေ။ ဘဏ်ဝက်ဆိုက်တွင် ဒါရိုက်တာအဖွဲ့ဝင်စာရင်းကို ဖြုတ်ချထားခြင်းကြောင့် နောက်ဆုံးခန့်ထားသည့် ဒါရိုက်တာအဖွဲ့ဝင်များ မည်သူဖြစ်သည်ကိုလည်း အတည်ပြုနိုင်ခြင်းမရှိပါ။
ဦးရန်ဝင်းသည် သတင်းမီဒီယာများတွင် မကြာခဏ ဖော်ပြခံရသူဖြစ်ပြီး တချို့သတင်းများတွင် သူက “မြန်မာ့ခရီးသွားဘဏ် ဥက္ကဋ္ဌ” အဖြစ် မှတ်ချက်ပေး ပြောကြားထားသည်ကို တွေ့ရသည်။
မြန်မာ့ခရီးသွားဘဏ်၏ ၂၀၂၃ မေလ ၂၀ ထိ သတင်းထုတ်ပြန်ချက်တစ်ခုတွင် ဦးရန်ဝင်းကို ဘဏ်ဥက္ကဋ္ဌအဖြစ် ဖော်ပြထားသည်။
ယခုသတင်းနှင့်ပတ်သက်၍ ဦးရန်ဝင်းကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ဘဏ်ဥက္ကဋ္ဌတာဝန် ယူမထားသည်မှာ ကာလကြာပြီဖြစ်ကြောင်း သူ၏ ကိုယ်ရေးအရာရှိက တုံ့ပြန်ပြောဆိုသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် နှစ်ပေါင်း ၂၀ ကျော် လုပ်ကိုင်ခဲ့ပြီးနောက် A1 ကုမ္ပဏီအုပ်စုကို ထူထောင်ခဲ့သည့် ဦးရန်ဝင်းသည် ဆောက်လုပ်ရေး၊ ဟိုတယ်နှင့် အိမ်ခြံမြေလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ သတ္တုနှင့် သယံဇာတတူးဖော်ရေးနှင့် ငွေကြေးလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်နေသည်။
သူသည် စစ်တပ် တည်ထောင်ထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့၏ နာယကအဖြစ် တာဝန်ယူဖူးသည်။ NLD ပါတီ မပါဝင်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် သူ၏ဇာတိမြေ မအူပင်မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု တိုင်းလွှတ်တော်အမတ်ဖြစ်အဖြစ် အရွေးခံခဲ့ရပြီး၊ ၂၀၁၅ ရွေးကောက်ပွဲတွင်မူ ရွေးကောက်ခံရခြင်းမရှိပေ။
၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီက သူ့ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ် ယှဉ်ပြိုင်စေခဲ့သည်။
ထိုနှစ် ရွေးကောက်ပွဲအကြိုကာလ မဲဆွယ်ပွဲတစ်ခုတွင် ဦးရန်ဝင်းနှင့် သူ၏ပါတီမှ အမတ်လောင်းများက အစိုးရဌာနဆိုင်ရာပိုင် မော်တော်ယာဉ်တချို့ကို အသုံးပြုပြီး မဲဆွယ်ခဲ့သည်ဟု ပြိုင်ဘက်တစ်ဦးက RFA သတင်းဌာနကို ပြောသည်။ အဆိုပါ ရွေးကောက်ပွဲဆိုင်ရာအမှု မည်သို့ အဆုံးသတ်ခဲ့သည်ကို မသိရပေ။
ဦးရန်ဝင်းသည် ဌာနဆိုင်ရာစီမံကိန်း၊ ပုဂ္ဂလိက ဆောက်လုပ်ရေးစီမံကိန်းများတွင် လုပ်ပိုင်ခွင့်ရရှိခဲ့ရာ ထိုအထဲတွင် ရန်ကုန်မြို့လယ်ရှိ ဆာကူရာတာဝါ၊ ပန်နိုရာမားဟိုတယ်၊ ဂျပန်သံရုံးအဆောက်အအုံနှင့် အခြားထင်ရှားသည့် အဆောက်အအုံတချို့ကို ၎င်းပိုင် A1 ကုမ္ပဏီက ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။
ဦးရန်ဝင်း၏ အေဝမ်း ဆောက်လုပ်ရေးကုမ္ပဏီသည် နေပြည်တော်တည်ဆောက်ရေး၌ အကျိုးအမြတ်များစွာ ရရှိခဲ့သည့် ကုမ္ပဏီဖြစ်သည်ဟု သိရကြောင်း Eleven သတင်းဌာန၏ ၂၀၁၅ နိုဝင်ဘာ ၂ ရက်နေ့ ရက်စွဲတပ် သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
၂၀၂၁ ဖေဖော်ဝါရီတွင် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး ၃ ရက်အကြာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကုန်သည်အသင်းချုပ်ပေါင်းစုံမှ အကြီးအကဲ ၂၀ ကျော်နှင့် တွေ့ဆုံရာတွင် ဦးရန်ဝင်း တက်ရောက်ခဲ့သည်။ နောက်တစ်နေ့ စစ်ခေါင်းဆောင်က ဘဏ်လုပ်ငန်းရှင် ၂၀ ကျော်နှင့် တွေ့ရာတွင်လည်း ဦးရန်ဝင်း ပါဝင်သည်ကို တွေ့ရသည်။
အကျိုးအမြတ်ကြီးမားသော ဧရာမလုပ်ငန်းများကို လုပ်ပိုင်ခွင့်ရရှိသည့် လုပ်ငန်းရှင်များက စစ်ဗိုလ်ချုပ်များ၏ အစီအမံများတွင် ငွေအလုံးအရင်း ထည့်ဝင်လေ့ရှိရာ ဦးရန်ဝင်းလည်း ထိုသို့ ပေးအပ်ခဲ့သူတစ်ဦး ဖြစ်သည်။ စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေလက်ထက် လုပ်ငန်းရှင်များ ထိုသို့ ထည့်ဝင်သော သတင်းတချို့တွင်လည်း သူ၏ အမည်ကို အလှူရှင်စာရင်း ထိပ်ပိုင်းတွင် တွေ့နိုင်သည်။
နေပြည်တော်ရှိ စစ်ခေါင်းဆောင်တည်သော ကျောက်ဆစ်ဘုရားအတွက် ဦးရန်ဝင်းက ကျပ်သိန်း ၁,၀၀၀ လှူဒါန်းထားသည်။
ပြီးခဲ့သည့်လအနည်းငယ်အတွင်း ဦးရန်ဝင်းနှင့် ဇနီး ဒေါ်လွင်လွင်ဝေက ရန်ကုန်ရှိ ဘုန်းကြီးကျောင်းတချို့တွင် သိန်းရာနှင့်ချီ လှူဒါန်းခဲ့ကြောင်း၊ ၂၀၂၃ သြဂုတ် ၅ ရက်နေ့ မွေးနေ့အတွက်လည်း ဦးရန်ဝင်းက သက်ကြီးဘိုးဘွားတချို့ကို ၅ သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။
Blood Money သွေးစွန်းငွေအဖွဲ့ဝင် ကိုမိုက်က စစ်ခေါင်းဆောင်များနှင့် ဆက်စပ်သည့် လှူဒါန်းမှုဆိုလျှင် သင့်လျော်မှုမရှိဟု ထောက်ပြသည်။
စစ်ကောင်စီထံ စီးဆင်းနေသည့် ဝင်ငွေများကို ဖြတ်တောက်ရန် ကြိုးစားနေချိန် တပ်ပိုင်လုပ်ငန်းနှင့် အကျိူးတူပူးပေါင်းခြင်းမှာ စစ်တပ်ကျူးလွန်နေသည့် ရာဇဝတ်မှုများကို အားပေးရာရောက်ကြောင်း၊ အာဏာရှင်စနစ်သက်ဆိုးရှည်ရန် ထောက်ပံ့နေခြင်းဖြစ်ကြောင်း ကိုမိုက်က Myanmar Now ကို ပြောသည်။
“စစ်ကျွန်သက်ရှည်အောင် လုပ်ပေးတဲ့အတွက်ကြောင့် သူတို့သည် ပြည်သူလူထုရဲ့ရန်သူဖြစ်တယ်လို့ ကျွန်တော်တို့က ပြောနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီသည် ၎င်းတို့ အကျိုးအတွက် မည်သူ့ကိုမဆို ချနင်းမည်ဖြစ်ခြင်းကြောင့် စစ်အုပ်စုနှင့် ပူးပေါင်းသည့် လုပ်ငန်းရှင်များ ပြန်စဉ်းစားသင့်ကြောင်း သူက ဆိုသည်။
စစ်အပ်စုအနေဖြင့် ထွက်ပေါက်ပိတ်လာချိန်တွင် ၎င်းတို့ကို သစ္စာခံခဲ့သည့် စစ်တပ်အရာရှိကြီးများကို ထောင်ချခြင်း၊ ကျားဖြန့်နှင့် ဆက်စပ်သည်ဟု ယူဆရသည့် ကိုးကန့်သူဌေးများကို တရုတ်လက်ထိုးအပ်ခြင်း စသည့် ဖြစ်စဉ်များကို လုပ်ငန်းရှင်များက သာဓကယူသင့်ကြောင်း ၎င်းက ဆိုသည်။
“သူတို့အနာဂတ်မရှိဘူး။ နိုင်ငံတကာက သူတို့ကို အရေးယူလာပြီဖြစ်တယ်။ တစ်နေ့ထက်တစ်နေ့ တစ်ခုပြီးတစ်ခု အရေးယူလာပြီဖြစ်တဲ့အတွက် စစ်အုပ်စုနဲ့ ပူးပေါင်းနေတဲ့ စီးပွားရေးသမားတွေသည် စီးပွားတက်ဖို့၊ ဖြစ်ထွန်းဖို့နေနေသာသာ ရှိပြီးသားလုပ်ငန်းတွေ၊ နဂိုစုဆောင်းထားတာတွေပါ ပျက်စီးဆုံးရှုံးဖို့လမ်းဖြစ်တယ်” ဟု သူက ဆိုသည်။